အစစ်အမှန် လျှို့ဝှက်ချက်
Vol. 92 Ch. 1377
သိပ်သည်းပြင်းထန်သော နာကျင်မှုသည် ဆူဇီမိုကို ထပ်တလဲလဲ ညှင်းပန်းနှိပ်စက်နေ၏။
လတ်ဆတ်သော သွေးများက ရေကန်ထဲသို့ စီးကျနေပြီး ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်ရှိ အစိမ်းရောင် အရိုးများက မျိုးဆက်သွေး အသစ်များကို အဆက်မပြတ် ထုတ်ပေးနေ၏။ ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းနှင့် ပေါင်းစပ်ပြီး သူ၏ခန္ဓာကိုယ်သည် အဆက်မပြတ် ပြုပြင်မွမ်းမံခြင်း ခံနေရ၏။
အန္တိမ ဓမ္မဝိသေသ တစ်ခု၏ စွမ်းအားက အရမ်းကို သန်မာအားကောင်းလေသည်။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် အဲဒါကို ခံနိုင်ရည် မရှိပေ။
ဆူဇီမို၏ အသိစိတ်သည် ဝေဝါးလာပြီး သိပ်သည်းပြင်းထန်သော နာကျင်မှုကြောင့် တစ်ဖန်ပြန်လည် သတိရမလာခင် သူက ကြိမ်ဖန်များစွာ သတိလစ်ခဲ့လေသည်။
မသိလိုက်မသိဘာသာ အချိန်တစ်ခုက ကုန်ဆုံးသွားခဲ့၏။
သူ့ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုသည် တဖြည်းဖြည်း လျော့နည်းလာသည်။ သူ၏ ဒဏ်ရာများ သက်သာပျောက်ကင်းလာပြီးနောက်.. သူတို့က ဆက်လက်၍ စုတ်ပြဲမသွားတော့ဘဲ အနာဖေးများက ကြွေကျလာခဲ့လေပြီ။
ဆူဇီမိုက ပင့်သက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်၏။
နောက်ဆုံးမှာတော့.. သူသည် အဲဒါကို တောင့်ခံနိုင်ခဲ့လေပြီ။
သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးသည် အရမ်းကို နာကျင်ခဲ့ရ၏။ သူ၏ ခိုင်မာသော စိတ်စွမ်းအားနှင့်ပင်လျှင် သူသည် ကြိမ်ဖန်များစွာ သတိလစ်ခဲ့ရ၏။ အဲဒါက အခြားတစ်စုံတစ်ယောက်သာဆိုလျှင် လဲပြိုကျသွားလောက်လေပြီ။
ဒါ့အပြင် သူက အန္တိမ ဓမ္မဝိသေသ နှစ်ခုကိုသာလျှင် ပေါင်းစည်းရသေးလေသည်။
သူသည် ပေါင်းစည်းခန္ဓာအဆင့်သို့ အပြည့်အဝ တက်လှမ်းချင်သည်ဆိုလျှင် သူသည် တတိယမြောက် အန္တိမ ဓမ္မဝိသေသကို ထည့်သွင်းပေါင်းစည်းရပေလိမ့်မည်။
သို့သော်လည်း သူ၏ လက်ရှိ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ၎င်း၏ အကန့်အသတ်ကို ရောက်ရှိနေပြီ ဖြစ်လေသည်။
သူက တတိယမြောက် အန္တိမ ဓမ္မဝိသေသကို အတင်းအကျပ် ထည့်သွင်းပေါင်းစည်းမည်ဆိုလျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ပေါက်ကွဲ၍ သေဆုံးသွားနိုင်ချေများလေသည်။
ဆူဇီမိုသည် အကြောက်အလန့်ကင်းမဲ့ပြီး လုံးဝ တွေဝေတုံ့ဆိုင်းမနေခဲ့ပေ။
သူသည် ယနေ့ ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းနှင့်ပင်လျှင် အဲဒါကို မပေါင်းစည်းနိုင်ပါက သူသည် နောင်တစ်ချိန်မှာ ပေါင်းစည်းခန္ဓာအဆင့်ကို တက်လှမ်းဖို့ အခွင့်အရေးကို ဘယ်တော့မှ ထပ်ရတော့မည် မဟုတ်ပေ။
တတိယမြောက် အန္တိမ ဓမ္မဝိသေသက ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာ ဖြစ်၏။
ဆူဇီမိုသည် အန္တိမ ဓမ္မဝိသေသကို သူ၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူသွင်းလိုက်၏။
ဘုန်း…
ဆူဇီမို၏ စိတ်ထဲတွင် ကျယ်လောင်သော မြည်သံက ထွက်ပေါ်လာ၏။
နောက်ခဏ၌.. သူ၏ အသိစိတ်သည် သူ၏ခန္ဓာကိုယ်ထဲကနေ ထွက်ခွာသွားပြီး သူသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ ပေါက်ကွဲသွားသည်ကို ရှင်းလင်းစွာ တွေ့မြင်လိုက်ရ၏။
သူ၏ အသားများက ကွာကျသွားပြီး သူ၏ ကိုယ်တွင်းအင်္ဂါများက ကြေမွကာ အစိမ်းရောင် အရိုးများသာလျှင် ကျန်ရှိနေခဲ့၏။
ထိုအခိုက်အတန့်တွင် အရိုးများပေါ်တွင် အက်ကွဲကြောင်းများက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီဖြစ်၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ပျက်စီးသွားခဲ့လေပြီ။
ဤတစ်ခေါက် ထိခိုက်ခံစားခဲ့ရသော ဒဏ်ရာများသည် သီဖန်း သူ့ကို တိုက်ခိုက်ခဲ့စဉ်ကထက်ပင် များစွာပို၍ ပြင်းထန်လေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ပျောက်ကွယ်လုနီးပါး ဖြစ်နေလေပြီ။
ထိုသိပ်သည်းပြင်းထန်သော စွမ်းအားအောက်တွင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အသက်ဓာတ် လျင်မြန်စွာ ကျဆင်း၍ အရိုးစုတစ်ခုအဖြစ်သို့ မကြာခင် ကျဆင်းသွား၏။ ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းနှင့်ပင်လျှင် အဲဒါကို ပြန်လည်ရှင်သန်နိုင်စေဖို့ ခဲယဉ်းလေသည်။
ဖန်တီးခြင်းကြာခုံ၏ ကာကွယ်မှုနှင့် အလင်းရောင်ခြည်များစွာ၏ လွှမ်းခြုံမှုအောက်တွင် အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်သာ ချမ်းသာရာရခဲ့၏။
ဆူဇီမိုသည် မှိန်ဖျော့သွားသော အကြည့်နှင့်အတူ အရာရာတိုင်းကို ငေးငိုင်စွာ ကြည့်ရှုနေ၏။
သူက ကျဆုံးသွားပြီလား..။
ဤ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ကျင့်ကြံခဲ့ပြီးကတည်းက သူသည် အန္တရာယ်ပေါင်းစုံကို တွေ့ကြုံဖြတ်ကျော်ခဲ့ရ၏။ နောက်ဆုံးမှာတော့ သူသည် ဓမ္မဝိသေသ အဆင့်မှာသာ ရပ်တန့်သွားပြီး ပေါင်းစည်းခန္ဓာအဆင့်သို့ ရောက်ရှိမလာနိုင်တော့ပေ။
တကယ်တော့ ဆူဇီမိုက သိပ်တော့လည်း ဝမ်းနည်းမနေပေ။
ဘာပဲပြောပြော သူ့မှာ သူ၏ အစစ်အမှန် နဂါးခန္ဓာနှင့် သိုင်းတာအို ပင်မခန္ဓာ ကျန်ရှိနေဆဲဖြစ်၏။
ဒါ့အပြင် သူက အမှန်တကယ် သေဆုံးသွားခြင်း မဟုတ်ပေ။ အနည်းဆုံးတော့ သူ၏ အမြုတေစိတ်ဝိညာဉ်က ကျန်ရှိနေသေးပြီး အနာဂတ်မှာ သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နိုင်သေးလေသည်။
သို့သော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ကို ဆုံးရှုံးရသည်မှာ နှမြောစရာတော့ ကောင်းလေသည်။
ဧရာမ ဘဲဥပုံသဏ္ဌာန်ကျောက်တုံးသည် သူ၏ ကြွင်းကျန်ရစ်သော အရိုးများပတ်လည်ရှိ သွေးမြူများကြားမှာ ကခုန်နေသည်ကို တွေ့လိုက်ရ၏။
ကျောက်တုံးသည် လူတစ်ယောက်၏ အရပ်အမြင့်လောက် ရှိပြီး ကြမ်းတမ်းသော မျက်နှာပြင်ရှိကာ ရှေးကျသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။ ၄င်းပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အင်းကွက်တချို့ ရှိနေပြီး လုံးဝ မတူကွဲပြားသော အော်ရာနှစ်ခုကို ထုတ်ဖော်ပေးနေ၏။
အဲဒါသည် မာကြောမှုနှင့် နူးညံ့မှု၊ ယင်နှင့်ယန် သဘောတရားနှစ်ခုစလုံးကို ခြုံငုံထားသည်ဟု ထင်ရ၏။
ထိုအဆုံးစွန် အော်ရာနှစ်ခုသည် ဧရာမ ကျောက်တုံးနှင့် ထိတွေ့မိသောအခါ အလွန်တရာ ထူးဆန်းသော အသက်ဓာတ်စွမ်းအားက ဖြန့်ကြက်ထွက်ပေါ်လာ၏။ ၎င်းသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ပေါက်ကွဲမှုကနေ ထွက်ပေါ်လာသော အသားစများနှင့် အဆီအနှစ်စွမ်းအင်များကို လောဘတကြီး ဝါးမျိုနေ၏။
ထိုမြင်ကွင်းက ရင်းနှီးနေသည်ဟု ထင်ရ၏။
သို့သော်လည်း ဆူဇီမိုသည် အဲဒါကို ဘယ်နေရာမှာ တွေ့မြင်ဖူးခဲ့သလဲ ချက်ချင်း ပြန်လည်မစဉ်းစားနိုင်ပေ။
“ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းရဲ့ အနက်ပိုင်းထဲမှာ ဒီလိုမျိုး ရတနာတစ်ခု ရှိနေသေးတယ်ဆိုတော့…”
ဆူဇီမိုက သူ့ဘာသာသူ တွေးလိုက်၏။
ဖန်တီးခြင်းကြာခုံက လွင့်မျောနေပြီး အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်က ထိုအပေါ်မှာ ထိုင်ကာ ဧရာမ ကျောက်တုံးကို အနီးကပ် တစ်ချက်သွားကြည့်လိုက်၏။
သူ ချဉ်းကပ်လာသည့် အချိန်မှာပင် ကျောက်တုံးထံမှ အလွန်တရာ သိပ်သည်းပြင်းထန်သော အသက်ဓာတ် အားလှိုင်းတစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။
“ဒါက…”
ဆူဇီမိုက တုန်လှုပ်သွားရ၏။
သူသည် သူ၏ အစစ်အမှန် နဂါးခန္ဓာနှင့်ပင်လျှင် ဤကဲ့သို့ စွမ်းအားကြီးမားသော အသက်ဓာတ်အားတစ်ခုကို တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။
အစစ်အမှန် နဂါးခန္ဓာကသာ အဲဒါနှင့် ယှဉ်နိုင်ပေလိမ့်မည်။
“အဲဒါက ရတနာတစ်ခု မဟုတ်ဘူး.. အဲဒါက ဥတစ်လုံးပဲ”
ဆူဇီမိုက အလျင်အမြန် နားလည်သွား၏။
သို့သော်လည်း သူသည် ပို၍ပင် တုန်လှုပ်သွားရ၏။
သူပင်လျှင် တုန်လှုပ်သွားရအောင် ဤကဲ့သို့သော စွမ်းအားကြီးသော အသက်ဓာတ်အားကို ထုတ်ဖော်ပေးနိုင်သည်က ဘယ်လိုသက်ရှိမျိုး၏ ဥပါလိမ့်။
ပို၍ အရေးကြီးသည်မှာ ပေမင်မြို့အောက်ရှိ လျှို့ဝှက်ချက်ကို မည်သူကမှ မရှာဖွေနိုင်ခဲ့ဘူးဆိုလျှင် ဤဧရာမဥသည် ရှေးဟောင်းခေတ်ကတည်းက ဆင်းသက်လာခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ရလေသည်။
ရုတ်တရက်… ဆူဇီမိုသည် ရှီမန်အိမ်တော်မှ မြင်ကွင်းကို ပြန်လည်မြင်ယောင်လာ၏။
ပေမင်ရွှယ်သည် သူမ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်သောအခါ ဧရာမ သားရဲတောကောင်တစ်ကောင်က ပေါ်ထွက်လာခဲ့၏။
ထိုအတွေးက သူ၏စိတ်ထဲသို့ ဖျတ်ခနဲ ဝင်ရောက်လာပြီး သူက ဝိုးတဝါး ခန့်မှန်းချက်တစ်ခုကို ရရှိလိုက်၏။
ခွန် ဥလား…။
မဟုတ်သေးဘူး။
အဲ့လိုလည်း မဖြစ်နိုင်ပေ။
ခွန်မျိုးနွယ်သည် ကမ္ဘာဦးမျိုးနွယ် ၉စုထဲမှ တစ်စုဖြစ်သော်လည်း သူတို့၏ ဘဝသက်တမ်းသည် နဂါးမျိုးနွယ်နှင့် မတိမ်းမယိမ်းမှာ ရှိလေသည်။ ဥတစ်လုံး၏ အသက်ဓာတ်အားက သေချာပေါက် ဤအဆင့်ထိ ရောက်ရှိလိမ့်မည် မဟုတ်ပေ။
ဒါ့အပြင်.. ထိုဧရာမ ဥကနေ ထွက်ပေါ်လာသော အဆုံးစွန် စွမ်းအားနှစ်ခုက အရမ်းကို သန်မာနေ၏။
အဲဒါက ခွန်ဥ မဟုတ်ဘူးဆိုလျှင် အဲဒီမှာ ဖြစ်နိုင်ချေတစ်ခုသာ ရှိတော့လေသည်။
အဲဒါက ခွန်ဖန်းဥ ဖြစ်ရပေမည်။
ကမ္ဘာဦးတဗူး သုံးမျိုးထဲမှ တစ်မျိုးသည် ခွန်ဖန်း ဖြစ်လေသည်။ ဒဏ္ဍာရီအရဆို.. ခွန်ဖန်းသည် ကီလိုမီတာ ထောင်ချီရှည်လျားသော ငါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲနိုင်ပြီး သမုဒ္ဒရာထဲမှာ လွင့်မျောနေသော ကျယ်ပြောလှသည့် ကျွန်းတစ်ကျွန်းနှင့် တူလေသည်။
၎င်းသည် ငှက်တစ်ကောင်အဖြစ်သို့လည်း အသွင်ပြောင်းလဲနိုင်ပြီး ၎င်း၏ တောင်ပံများကို ဖြန့်ကြက်ကာ ကီလိုမီတာ သိန်းချီ အကွာအဝေးကို တစ်ခါတည်းနှင့် ပျံသန်းနိုင်လေသည်။ ၎င်းသည် အဆုံးစွန် ယင်နှင့်ယန် စွမ်းအားကို ပိုင်ဆိုင်ထားပြီး သမုဒ္ဒရာများကို ဝါးမျိုနိုင်ကာ လောကတစ်ခွင် ပျံသန်းနိုင်လေသည်။
ဆူဇီမိုထင်တာ မမှားဘူးဆိုလျှင် ဧရာမ ဥကနေ ဖြာထွက်နေသော အဆုံးစွန် စွမ်းအားနှစ်ခုသည် အဆုံးစွန် ယင်နှင့်ယန် စွမ်းအားတို့ ဖြစ်ရပေမည်။
ခွန်ဖန်းဥကသာလျှင် ဤကဲ့သို့ သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
သည့်ယခင်က ဆူဇီမိုသည် သံသယတချို့ ရှိနေခဲ့၏။
ပေမင်မြို့အောက်ရှိ ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းသည် အလွန်တရာ အဖိုးတန်သော်လည်း အဲဒါက ပေမင်ရွှယ်၏ မျိုးဆက်သွေးနယ်မြေနှင့် ဘာများ ပတ်သက်လို့လဲ။
သို့သော် ယခုအခါ သူက နားလည်သွားပြီဖြစ်၏။
ပေမင်ရှေးတော်ဝင်မိသားစု စောင့်ထိန်းလာခဲ့သော လျှို့ဝှက်ချက်သည် ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်း မဟုတ်ဘဲ ခွန်ဖန်းဥ ဖြစ်လေသည်။
ယခုအချိန်တွင် ခွန်ဖန်းဥက သူ၏သွေးကို ဝါးမျိုနေ၏။
ဤမြင်ကွင်းကို သူက ရင်းနှီးနေသည်ဟု ခံစားရသည်မှာ အဲဒါသည် ညဝိညာဉ် အကောင်ပေါက်စဉ်က အခြေအနေနှင့် အတော်လေး ဆင်တူနေသောကြောင့်ဖြစ်၏။
ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းသည် သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားကို ပိုင်ဆိုင်ထားသော်လည်း ၎င်းသည် ခွန်ဖန်းဥ၏ အသက်ဓာတ်ကို ထိန်းသိမ်းပေးနိုင်ရုံမျှသာ ရှိလေသည်။
ခွန်ဖန်းဥ ပေါက်ဖွားလာဖို့ဆိုလျှင် အလွန်တရာ ကြီးမားများပြားလှသော အစာအာဟာရဓာတ်ကို လိုအပ်လေသည်။
ထို့ကြောင့်ပင်လျှင် ခွန်ဖန်းဥသည် ဆူဇီမို၏ မျိုးဆက်သွေးကို စတင်ဝါးမျိုလာခဲ့ခြင်း ဖြစ်ပေမည်။
သို့သော်လည်း ခွန်ဖန်းသည် ဟို့နှင့် မတူပေ။
ခွန်ဖန်း၏ အစစ်အမှန်ပုံစံက အပြည့်အဝ ထွက်ပေါ်လာမည်ဆိုလျှင် ၎င်းက အရမ်းကို ကြီးမားလေသည်။ ထို့ကြောင့်ပင်လျှင် ၎င်း၏ ဝါးမျိုနိုင်စွမ်းအားက အရမ်းကို သန်မာလေသည်။ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အသားစအချို့သည် ခွန်ဖန်းအတွက် ပင်လယ်ထဲမှ ရေတစ်ပေါက်နှင့်သာ တူနေလေသည်။
ဤခွန်ဖန်း ပေါက်ဖွားလာဖို့အတွက် လိုအပ်သော အသားဓာတ်ပမာဏသည် မမျှော်မှန်းနိုင်လောက်အောင် ကြီးမားပေလိမ့်မည်။
ဒါ့အပြင်.. ခွန်ဖန်း၏ စွမ်းအားအရ ထိပ်သီးဂိုဏ်းကြီးများပင်လျှင် ၎င်းကို လိုအပ်သည့် အရင်းအမြစ် ထောက်ပံ့ပေးနိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမို၏ စိတ်ဝိညာဉ်အသိစိတ်သည် ခွန်ဖန်းဥနှင့် တစ်ခဏသာ ထိတွေ့ခဲ့ရသော်လည်း သူသည် အထဲမှာ သမုဒ္ဒရာကဲ့သို့ အကန့်အသတ်မဲ့ ကျယ်ပြောလှသည်ကို ခံစားသိရှိခဲ့၏။
“ဒီခွန်ဖန်းဥက ကိုင်တွယ်ရတာ ပြဿနာများမယ့်ပုံပဲ”
ဆူဇီမိုက သူ့ဘာသာသူ တွေးတောလိုက်၏။
ထိုခွန်ဖန်းဥ ထွက်ပေါ်လာမည်ဆိုလျှင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် ဝရုန်းသုန်းကား ဖြစ်လာနိုင်လေသည်။ ထိုအချိန်ကျလျှင် ပညာရှင် ဘယ်လောက်များများကို ဆွဲဆောင်နိုင်မလဲ မသိရပေ။
ထိုစဉ်မှာပင် ဆူဇီမိုသည် ဂမ္ဘီရစိမ့်စမ်း၏ အနက်ပိုင်းထဲမှာ အစက လွင့်မျောနေသော အစိမ်းရောင်ကြာပန်း အလောင်းထံမှ ပြောင်းလဲမှုတစ်ရပ်ကို ရုတ်တရက် ခံစားမိလိုက်၏။