← Chapters

ဆုတ်ခွာရခြင်း

Vol. 92 Ch. 1379

ဆုတ်ခွာရခြင်း

Vol. 92 Ch. 1379

အဆင့် ၇ ဖန်တီးခြင်းကြာပဒုမ္မာကို တွေ့မြင်လိုက်သည့် အချိန်မှာပင် ဒေါင်ဖန်နှင့် ရှီမန်ရှေးတော်ဝင်မိသားစု နှစ်ခုကြားမှာ အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်လာ၏။

ရှေးတော်ဝင်မိသားစုနှစ်စုသည် ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းကို အညီအမျှ ခွဲဝေယူနိုင်ကြ၏။

သို့သော်လည်း အဆင့် ၇ ဖန်တီးခြင်းကြာပဒုမ္မာက တစ်ခုတည်းသာလျှင် ဖြစ်၏။

“ဟဲဟဲ”

ဒေါင်ဖန်မိသားစုသခင်က ရယ်မောလိုက်၏။

“ညီအစ်ကို ရှီမန်… ကျုပ်တို့က နဂိုအစီအစဉ်အတိုင်းပဲ ဆက်လုပ်ကြတာပေါ့.. တာအိုအရှင် အထီးကျန်သိုင်းသခင်ကို အရင်ဖိနှိမ်ကြမယ်.. အဆင့် ၇ ဖန်တီးခြင်းကြာပဒုမ္မာကို ဘယ်သူရနိုင်မလဲ ဆိုတာကတော့.. နောက်ပြီးကျမှ ဆွေးနွေးဆုံးဖြတ်ကြတာပေါ့”

“ကိစ္စမရှိဘူးလေ.. ရတယ်”

ရှီမန်မိသားစုသခင်ကလည်း ခေါင်းညိတ်ပြလိုက်၏။

ရှေးတော်ဝင်မိသားစုနှစ်စုသည် အထီးကျန်သိုင်းသခင်ကို မဖိနှိမ်ရသေးခင်မှာ လောကဆိုင်ရာ အဆုံးစွန်ရတနာအတွက် အချင်းချင်း တိုက်ခိုက်ကြမည်ဆိုလျှင် ဟာသတစ်ခု ဖြစ်သွားပေလိမ့်မည်။

ဒေါင်ဖန်မိသားစုသခင်၏ အကြည့်က ခန်းမဝင်ပေါက်ဝရှိ ကျောက်သားရုပ်သေးရုပ်များပေါ်သို့ ရောက်ရှိသွားပြီး သူက လှောင်ရယ်လိုက်၏။

“ကလေးမ.. နင်က ရုပ်သေးရုပ်လေး နည်းနည်းပါးပါးနဲ့ ငါတို့ကို တားဆီးနိုင်မယ် ထင်နေရင်တော့ တကယ်ကို နုံအလွန်းတာပဲ”

“ညီအစ်ကို ဒေါင်ဖန်.. အဲဒီရုပ်သေးရုပ်တွေကို သိပ်ပြီးတော့ အထင်မသေးနဲ့.. သူတို့က ကျုပ်ရဲ့ စက္ခုနည်းစနစ်ကို ခုခံနိုင်တယ်ဆိုတော့ နည်းနည်းတော့ ထူးခြားတယ်”

ရှီမန်မိသားစုသခင်က ပြောလိုက်၏။

“သူတို့က အမြုတေစိတ်ဝိညာဉ်လည်း မရှိ.. ဓမ္မပညာရပ်တွေလည်း အသုံးမပြုနိုင်တဲ့ သုံးစားမရတဲ့ ကျောက်တုံးတွေပါပဲ.. ဘာများ ရေးကြီးခွင်ကျယ် လုပ်စရာလိုလဲ”

ဒေါင်ဖန်မိသားစုသခင်က လက်ကာပြပြီး အမိန့်ပေးလိုက်၏။

“တိုက်ကြ”

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် အဲဒါကို ဆက်လက်၍ မချုပ်တည်းနိုင်တော့ဘဲ ရှေ့သို့ တက်လှမ်းသွားကြ၏။

“သွားစမ်း”

ဒေါင်ဖန်ရှေးတော်ဝင်မိသားစုမှ စွမ်းအားကြီးပုဂ္ဂိုလ်သည် ဧရာမ လှံတစ်လက်ကို ကိုင်ဆွဲထား၏။ လှံထိပ်ဖျားက တုန်ခါသွားပြီး ဓမ္မစွမ်းအားများက တလိပ်လိပ်တက်ကာ လေထုကို တွန့်လိမ်သွားစေ၏။

ခန်းမထဲတွင် ပေမင်ရွှယ်၏ မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်လာ၏။

သူမသည် ခန်းမထဲမှာ မတ်တတ်ရပ်နေသော်လည်း ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ တိုက်ခိုက်မှုကနေ ထွက်ပေါ်လာသော တုန်ခါလှိုင်းသည် သူ့ကို မအီမသာ ဖြစ်စေလေသည်။ တကယ်ဆို သူမ၏ ခန္ဓာကိုယ်ကိုပင် မထိန်းချုပ်နိုင်တော့ဘဲ နောက်သို့ ဒယီးဒယိုင် ဆုတ်ခွာသွားရပြီဖြစ်၏။

ပေါင်းစည်းခန္ဓာတစ်ယောက်၏ စွမ်းအားက အရမ်းကို သန်မာလေသည်။

ပေမင်ရွှယ်သည် ဘာပဲပြောပြော ရွှေအမြုတေအဆင့်မှာသာ ရှိနေသေး၏။

ရုတ်တရက်ဆိုသလို…

ပေမင်ရွှယ်၏ နောက်ဘက်ရှိ အဆင့် ၇ ဖန်တီးခြင်းကြာပဒုမ္မာသည် ညင်သာစွာ ယိမ်းထိုးသွားပြီး အလင်းရောင်ခြည်အချို့ကို ဖြာထုတ်ပေးကာ သူမကို လွှမ်းခြုံသွားစေ၏။ အဲဒါက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်၏ စွမ်းအားကို ချေဖျက်ပေးလိုက်လေသည်။

ပေမင်ရွှယ်သည် အလောတကြီး နောက်သို့ ဆုတ်လာခဲ့ပြီး ကျောက်သားရုပ်သေးရုပ် ၁၈ရုပ်ကိုသာ ခန်းမ၏ ဝင်ပေါက်ဝကို စောင့်ကြပ်ဖို့ အမိန့်ပေးခဲ့နိုင်၏။

“အဲဒါက တကယ့်ကို လောကဆိုင်ရာ အဆုံးစွန်ရတနာတစ်ခုပဲ… ဒီလိုမျိုး လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားပြီး သူ့သခင်ကို အလိုအလျောက် ကာကွယ်ပေးနိုင်တယ်ဆိုတော့..”

ထိုသည်ကို ကြည့်ရင်း ရှေးတော်ဝင်မိသားစုနှစ်စုမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အကြည့်များသည် ပို၍ပင် တောက်လောင်ပြင်းပြလာကြ၏။

လှံတစ်လက်ကို ကိုင်ဆွဲထားသော ကျောက်သားရုပ်သေးရုပ်တစ်ရုပ်သည် တစ်ချိန်တည်းမှာပင် တိုက်ခိုက်လိုက်ပြီး သူ၏လှံကို ရှေ့သို့ ပစ်သွင်းလိုက်၏။

အဲဒီမှာ မည်သည့် ဓမ္မစွမ်းအား သို့မဟုတ် လျှို့ဝှက်ဆန်းကြယ်သော လှုပ်ရှားမှုမှ မပါရှိပေ။ သို့သော်လည်း ၎င်းက တိုက်ခိုက်လိုက်သည့် အချိန်မှာပင် အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ထွက်ပေါ်လာ၏။

ဘုန်း…

လှံနှစ်လက်က ကျယ်လောင်သော မြည်သံဖြင့် ထိတွေ့ရိုက်ခတ်သွား၏။

ကျောက်သားရုပ်သေးရုပ်သည် လုံးဝ နောက်ဆုတ်ခြင်း မရှိဘဲ ဒေါင်ဖန်ရှေးတော်ဝင်မိသားစုမှ စွမ်းအားကြီးပုဂ္ဂိုလ်၏ တိုက်ခိုက်မှုကို ခုခံရင်ဆိုင်လိုက်နိုင်၏။

ရှီမန်ရှေးတော်ဝင်မိသားစုမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကလည်း ရောက်ရှိလာခဲ့လေပြီ။

သူသည် သိုလှောင်အိတ်ကို ပုတ်ပြီး အေးစက်စက် ဓားပျံတစ်လက်ကို ဆင့်ခေါ်ထုတ်လိုက်၏။ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ၎င်းသည် ကျောက်သားရုပ်သေးရုပ်တစ်ရုပ်ရှေ့သို့ ချက်ချင်းပင်​ ရောက်ရှိလာ၏။

ချွမ်း…

ဓားသည် အလွန်တရာ မြန်ဆန်ပြီး ကျောက်သားရုပ်သေးရုပ်၏ ရင်ဘတ်ကို ချက်ချင်းပင် ထိခတ်သွား၏။ သို့သော်လည်း အဲဒါက ကျောက်သားရုပ်သေးရုပ်ကို လုံးဝ ထိုးဖောက်နိုင်ခြင်း မရှိပေ။

ဆန့်ကျင်ဘက်အနေဖြင့်… ကျောက်သားရုပ်သေးရုပ်သည် လျင်မြန်စွာ တုံ့ပြန်ပြီး သူ့လက်ထဲရှိ ကြီးမားသော ဓားတစ်လက်ကို ကိုင်မြှောက်ကာ ဝင်ရောက်လာသော ဓားပျံကို အဝေးသို့ စင်ထွက်သွားစေ၏။

ထိုသည်ကို ကြည့်ရှုရင်း.. မိသားစုသခင်နှစ်ယောက်ကလွဲလျှင် အခြားသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များက ဝင်ရောက်တိုက်ခိုက်လိုက်ကြ၏။

တိုက်ပွဲနယ်မြေသည် အတော်အတန် ကျယ်ဝန်းသည်ဟု ဆိုရမည်ဖြစ်ပြီး ကျောက်သားရုပ်သေးရုပ် ၁၈ရုပ်သည် ခန်းမ၏ ဝင်ပေါက်ဝကို စောင့်ကြပ်နေကြ၏။ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ တိုက်ခိုက်မှုသည် ကြမ်းကြုတ်ခက်ထန်သော်လည်း အထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိကြပေ။

မိသားစုသခင်နှစ်ယောက်သည် အလောတကြီး မရှိဘဲ သူတို့၏လက်များကို နောက်သို့ပစ်ကာ မတ်တတ်ရပ်နေကြ၏။

ထိုကျောက်သားရုပ်သေးရုပ်များသည် အမှန်တကယ်ပင် အလွန်တရာ ထူးခြားပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားက စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် ယှဉ်နိုင်လေသည်။ လက်ရှိ ရုပ်သေးဂိုဏ်းမှာပင်လျှင် ထိုကဲ့သို့သော ရုပ်သေးရုပ်များက အရမ်းကို ရှားပါးလေသည်။

ဒါ့အပြင် ထိုကျောက်သားရုပ်သေးရုပ်များသည် လက်နက်များကို မမှုဘဲ သိပ်သည်းပြင်းထန်သော ခွန်အားကို ပိုင်ဆိုင်ထား၏။ စွမ်းအားကြီးပုဂ္ဂိုလ် ဓမ္မလက်နက်အချို့ပင်လျှင် သူတို့၏ အခြေခံအုတ်မြစ်ကို မဖျက်ဆီးနိုင်ပေ။

တကယ်တော့ မိသားစုသခင်နှစ်ယောက်သည် အချိန်တိုအတွင်းမှာပင် ကျောက်သားရုပ်သေးရုပ်များ၏ အားနည်းချက်များကို ရှာဖွေတွေ့ရှိသွားကြပြီဖြစ်၏။

ပထမတစ်ချက်အနေဖြင့် ကျောက်သားရုပ်သေးရုပ်များကို ဤနေရာမှာ မြှုပ်နှံခံထားရသည်မှာ အတော်ကြာခဲ့လေပြီ။

ရှေးဟောင်းခေတ်ကနေ ယခုအချိန်ထိ ဖြတ်သန်းလာခဲ့ပြီး အကောင်းဆုံးကျောက်များပင်လျှင် အချိန်ကာလ၏ တိုက်စားမှုဒဏ်ကို မလွဲမသွေ ခံရကာ သူတို့၏ အရည်အသွေးက ကျဆင်းလာပေလိမ့်မည်။

မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ ဘဝသက်တမ်းပင်လျှင် နှစ်တစ်သိန်းသာ ရှိ၏။

ရှေးဟောင်းခေတ်ကနေ ယခုအချိန်ထိ နှစ်သိန်းပေါင်းများစွာ ဖြတ်ကျော်လာခဲ့လေပြီ။

မိသားစုသခင်နှစ်ယောက်သည် ဂရုတစိုက် စောင့်ကြည့်နေကြ၏။ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ကျောက်သားရုပ်သေးရုပ်များကို အပြင်းအထန် ဒဏ်ရာမရရှိစေသော်လည်း ထပ်တလဲလဲ ထိတွေ့ရိုက်ခတ်ပြီးနောက်.. ကျောက်သားအပိုင်းအစများက ကွာကျလာခဲ့လေသည်။

ရုပ်သေးရုပ်များသည် သက်ရှိများကဲ့သို့ လှုပ်ရှားနိုင်သည်မှာ ချိပ်စည်းများ၏ တည်ရှိမှုကြောင့်ဖြစ်၏။

ရုပ်သေးရုပ်များပေါ်ရှိ ချိပ်စည်းများက ပျက်စီးသွားမည်ဆိုလျှင် ရုပ်သေးရုပ်များသည် မည်သည့် တိုက်ခိုက်ရည်ခွန်အားမှ မကျန်ရှိတော့ဘဲ သုံးစားမရသော ကျောက်တုံးများကဲ့သို့ ဖြစ်လာပေလိမ့်မည်။

ဒါ့အပြင် ကျောက်သားရုပ်သေးရုပ်များသည် ဓမ္မပညာရပ်များကို အသုံးမပြုနိုင်ဘဲ သူတို့သည် ကျင့်ကြံသူများလောက် ပေါ့ပါးဖျတ်လတ်ခြင်း မရှိပေ။

သိပ်မကြာခင်.. ကျောက်သားရုပ်သေးရုပ်များသည် ဒဏ်ရာများဖြင့် ပြည့်နှက်လာ၏။

သူတို့၏ ကြီးမားသော ခန္ဓာကိုယ်များပေါ်တွင် အက်ကွဲကြောင်းများကလည်း တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာ၏။

ကျောက်သားရုပ်သေးရုပ်များပေါ်ရှိ ရှေးဟောင်းချိပ်စည်းတချို့သည် ပျက်စီးသွားခဲ့ပြီဖြစ်ပြီး သူတို့၏ လှုပ်ရှားမှုများက ပို၍ လေးကန်လာကာ အရင်ကထက် ပို၍အားနည်းလာ၏။

“ညီအစ်ကို ရှီမန်.. ဆက်ပြီးတော့ အချိန်ကြာမနေအောင် ကျုပ်တို့လည်း ဝင်ပြီး တိုက်ခိုက်လိုက်ကြတာပေါ့”

ဒေါင်ဖန်မိသားစုသခင်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။

“ကောင်းပြီလေ”

ရှီမန်မိသားစုသခင်ကလည်း ခေါင်းညိတ်ပြလိုက်၏။ ဖျတ်ခနဲဆို သူ၏ အင်္ကျီလက်စကို လှုပ်ခါပြီး သူ၏ လက်ဖဝါးက ပြိုးပြိုးပြက်ပြက် အရောင်အဝါတစ်ခုဖြင့် တောက်ပလာ၏။

ရှီမန်မိသားစုသခင်၏ လက်နက်သည် သံမဏိလက်အိတ်တစ်စုံ ဖြစ်လေသည်။ သူတို့ကို ကောင်းကင်ထက်က ကြွေကျလာသော ဥက္ကာခဲများကနေ ပြုလုပ်ထားပြီး ဖျက်ဆီး၍ မရနိုင်ပေ။

အဲဒါက အစစ်အမှန် မူလအဆင့် စွမ်းအားကြီးပုဂ္ဂိုလ် ဓမ္မလက်နက်တစ်ခု ဖြစ်၏။

ဘန်း…

ရှီမန်မိသားစုသခင်က ကျောက်သားရုပ်သေးရုပ်တစ်ရုပ်ရှေ့သို့ ရောက်ချလာပြီး သူ၏လက်ကို မြှောက်ကာ ၎င်း၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။

ထိုကျောက်သားရုပ်သေးရုပ်သည် လွင့်စင်ထွက်သွားပြီး မြေပြင်နှင့် ပြင်းထန်စွာ ပစ်ရိုက်ကျသွား၏။ ၎င်း၏ ဦးခေါင်းပေါ်တွင် အက်ကွဲကြောင်းများက ထွက်ပေါ်လာ၏။

ကျောက်သားရုပ်သေးရုပ်၏ မျက်လုံးထဲရှိ နတ်ဘုရားဆန်ဆန် အလင်းကလည်း တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့လေပြီ။ ထိုကျောက်သားရုပ်သေးရုပ်သည် ရုန်းကန်၍ မတ်တတ်ထလာနိုင်ဆဲ ဖြစ်သော်လည်း ၎င်းသည် တိုက်ခိုက်ရည်ခွန်အား ဆက်လက်၍ မကျန်ရှိတော့ပေ။

ဒေါင်ဖန်မိသားစုသခင်သည်လည်း ကျောက်သားရုပ်သေးရုပ်တစ်ရုပ်ကို ဖျက်ဆီးပစ်လိုက်ပြီဖြစ်၏။

သူတို့နှစ်ယောက် ဝင်ရောက်လာပြီးနောက်.. တိုက်ပွဲ၏ မျှချေက ပျက်စီးသွားခဲ့လေ​ပြီ။

ကျောက်သားရုပ်သေးရုပ် ၁၈ရုပ်သည်လည်း ဟာကွက်များကို ထုတ်ဖော်လာကြ၏။

ကျန်ရှိနေသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် မာန်သွင်းအော်ဟစ်၍ စွမ်းအားကြီးမားသော တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြ၏။ သိပ်မကြာခင်.. ကျောက်သားရုပ်သေးရုပ်များကြားမှာ အပေါက်တစ်ပေါက် လစ်လပ်လာပြီး သူတို့က အထဲသို့ ဝင်ရောက်လိုက်ကြ၏။

ပေမင်ရွှယ်က ရင်တစ်ချက်ထိတ်သွားလေသည်။

တစ်ခဏအတွင်းမှာပင်.. ကျောက်သားရုပ်သေးရုပ် ၁၈ရုပ်ထဲမှ ၅ရုပ်သည် ပျက်စီးသွားခဲ့ပြီဖြစ်ပြီး ကျန်ရှိနေသော အရုပ် ၁၃ရုပ်ကလည်း ဒဏ်ရာများဖြင့် ပြည့်နှက်နေ၏။ သူတို့ထဲမှ အချို့သည် ကောင်းကောင်းပင် မရပ်တည်နိုင်ကြတော့ပေ။

သူတို့သည် ခန်းမ၏ ဝင်ပေါက်ဝကို မစောင့်ကြပ်နိုင်တော့ဘဲ ကျန်ရှိနေသော ကျောက်သားရုပ်သေးရုပ်များသည် ခန်းမထဲသို့ နောက်ဆုတ်လာကြ၏။

မိသားစုသခင်နှစ်ယောက်သည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် အယောက် ၃၀ကျော်ကို ဦးဆောင်ကာ ဝင်ရောက်လာကြ၏။

“ဟဲဟဲ”

ဒေါင်ဖန်မိသားစုသခင်က ညင်သာစွာ ပြုံး၍ အေးစက်ခက်ထန်စွာ ပြောလိုက်၏။

“ကလေးမ.. ငါ နင့်ကို ပြောသားပဲ.. အဲဒီ ဂျီးတက်နေတဲ့ ကျောက်တုံးတွေက ငါတို့ကို တားနိုင်မှာ မဟုတ်ဘူးလို့”

“အထီးကျန်သိုင်းသခင်.. ဘယ်မှာလဲ”

ရှီမန်မိသားစုသခင်က အေးစက်စွာ မေးလိုက်၏။

ပေမင်ရွှယ်သည် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ စွမ်းပကားနှင့် ရင်ဆိုင်ရာမှာ ချွေးများဖြင့် စိုရွှဲနေခဲ့ပြီဖြစ်၏။ သူမသည် ဖိအားဒဏ်ကို ကောင်းကောင်း မခုခံနိုင်တော့ဘဲ မြေပြင်ပေါ်မှာ ဒူးထောက်ကျချင်နေ၏။

သို့သော်လည်း သူမက ခေါင်းမာလွန်းပြီး အလျှော့မပေးတတ်သော စိတ်နေစရိုက်ရှိကာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ မေးခွန်းတွင် နှုတ်ဆိတ်နေလေသည်။

“မပြောဘူးလား”

ရှီမန်မိသားစုသခင်၏ အမူအရာက အေးစက်လာပြီး ခက်ထန်စွာဖြင့် ပြောဆိုလိုက်၏။

“နင်က မပြောဘူးဆိုလည်း.. နင်ပြောလာအောင် ငါက လုပ်ပေးရတာပေါ့”

သူက တိုက်ခိုက်တော့မည့်ဆဲဆဲမှာပင်.. ဘေးဘက်တွင်ရှိသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ရုတ်တရက် အံ့အားတသင့် ရေရွတ်လိုက်၏။

“အား.. ဖန်တီးခြင်းကြာပဒုမ္မာက ဘယ်ရောက်သွားတာလဲ”

လူတိုင်းက လှည့်ကြည့်လိုက်ကြ၏။

ဖန်တီးခြင်းကြာပဒုမ္မာသည် ဘယ်တုန်းကမှ ပေါ်ထွက်မလာခဲ့သည့်အလား.. ရွှေရောင်ရေကန်ထက်ကနေ အမှန်တကယ်ပင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

“အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ”

ကျင့်ကြံသူများက ကြောင်တိကြောင်တောင် ဖြစ်သွားကြ၏။

မိသားစုသခင်နှစ်ယောက်ကလည်း မျက်မှောင်ကြုတ်လိုက်ကြ၏။

ရုတ်တရက်ဆိုသလို..

သူတို့၏စိတ်ထဲသို့ ဖြစ်နိုင်ချေတစ်ခုက ဝင်ရောက်ာလာ၏။

ဗွက်.. ဗွက်..

ထိုစဉ်မှာပင်.. ရွှေရောင်ရေမျက်နှာပြင်ထက်ကနေ ပူဖောင်းတချို့ ထွက်ပေါ်လာ၏။ ကျင့်ကြံသူများ၏ အကြည့်အောက်မှာပင် ပုံရိပ်တစ်ခုသည် ရေပြင်ထက်သို့ ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။

All Chapters