အခန်း (၅၈၆)
Vol. 42 Ch. 586
ဘာသာပြန်- The Fate
" ကျေးဇူးတင်ပါတယ်...အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ရှန်ရှန်ကျုံဂိုဏ်းက ငါတို့ကောင်းကင်မျိုးနွယ်စုရဲ့ မဟာမိတ်ဖြစ်လာမှာပါ။ "
ဝမ်ဖုန်း၏စကားကိုကြားလိုက်ရသည့်အခါ ပိုင်ဟုန်က မတ်တပ်ရပ်လိုက်ပြီး ဝမ်ဖုန်းကို လေးလေးစားစားဂါရဝပြုလျက် ရိုးသားစွာ ပြောဆိုလိုက်သည်။
ဝမ်ဖုန်းက ပြုံးရယ်လိုက်သော်လည်း ဘာစကားမှ မပြောခဲ့ပါ။ထိုကဲ့သို့သောစကားမျိုးကို အတည်ပေါက်မှတ်ယူပါက ကျိန်းသေပေါက် ဆုံးရှုံးရပေလိမ့်မည်။ဤရက်စက်ကြမ်းကြုတ်သော ကျင့်ကြံရေးလောကကြီးအတွင်း၌ ထာဝရဆက်ဆံရေးကောင်းမွန်သော မဟာမိတ်ဆိုသည်က မရှိပါချေ။အင်အားစုများစုပေါင်းခြင်းက အကျိုးအမြတ်များအပေါ်တွင် မှီခိုနေခြင်းသာဖြစ်ပြီး မိတ်ဆွေအပေါင်းအသင်းများကလည်း သစ္စာဖောက်နိုင်ပေ၏။
ထိုအချိန်က ယဲ့မုချင်၏စကားလုံးများကြောင့်သာမဟုတ်ပါက ဝမ်ဖုန်းက ပိုင်ဟုန်ကို စတင်တွေ့ကတည်းက သတ်ဖြတ်ပြီးလောက်၏။ သူသာ ကံတရားအမှတ်တွေကို ရရှိနိုင်ပါက ပိုင်ဟုန်ကိုသတ်ဖြတ်ဖို့ဆိုသည်က လွယ်ကူသောဆုံးဖြတ်ချက်သာ ဖြစ်ချေသည်။
" 'ရွှမ်ရှ '၊မင်း၊ လီချင်းနဲ့ကျန်တဲ့သူတွေက ဒီနေရာမှာနေရစ်ပြီး မြင့်မြတ်တဲ့စန်းရိမြို့တော်မှာ တပည့်သစ်စုဆောင်းပွဲကို ကျင်းပပါ။ "
" အခမ်းအနားရဲ့နည်းစနစ်က အရင်အချိန်တုန်းကနဲ့ အတူတူပဲ။ ပါရမီစွမ်းအင်က ဘယ်လောက်ပဲဖြစ်ပါစေ၊ စမ်းသပ်ချက်တွေကို ဖြတ်ကျော်နိုင်သေးသ၍ ငါတို့ရဲ့ရှန်ရှန်ကျုံဂိုဏ်းကို ဝင်ရောက်ခွင့်ရမယ်။"
ဝမ်ဖုန်းက တခဏကြာအောင်တွေးတောလိုက်ပြီးနောက် မဟာနတ်ဆိုးရွှမ်ရှကို စိုက်ကြည့်လိုက်ကာ ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
ဤအချိန်၌ သူဟာ လီချင်းနှင့်အခြားသူများကို ခေါ်ဆောင်သွားရန် စိတ်ကူးမရှိခဲ့ပါ။ကောင်းကင်မျိုးနွယ်စု၏ကျိန်စာက အဘယ်အရာကို ဆိုလိုေနကြောင်းကို သူကျိန်းသေပေါက် သိရှိမထားချေ။လီချင်းတို့၏ကျင့်ကြံမှုက ဤအချိန်၌ နိမ့်ကျနေသေး၏။
" ကောင်းပါပြီ ဂိုဏ်းချုပ် "
ဝမ်ဖုန်း၏စကားကိုကြားလိုက်ရသည့်အခါ မဟာနတ်ဆိုးရွှမ်ရှတို့က ဂါရဝပြုလိုက်ပြီး ကျယ်လောင်စွာ တုန့်ပြန်လိုက်ကြ၏။
ရှန်ရှန်ကျုံဂိုဏ်း၏လက်ရှိစွမ်းအားဖြင့်ဆိုပါက မဟာနတ်ဆိုးရွှမ်ရှလို သန်မာသောပျက်သုန်းခြင်းဧကရာဇ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်က ဦးစီးဦးဆောင်ပြုလုပ်ရန် လုံလောက်လေသည်။
ကောင်းကင်မျိုးနွယ်စုသည် ဝမ်ဖုန်း၏တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။ဝမ်ဖုန်းအတွက် ကြိုးစားမကြည့်လို့ မရပါ။မရဏမျိုးနွယ်စုနဲ့အခြားသူများအတွက်ကတော့၊ သူသည် မင်ကုန်းတို့ကို ခေါင်းဖြတ်သတ်ဖြတ်လိုက်ပြီဖြစ်ရာ မရဏမျိုးနွယ်စုနဲ့ကျန်ရစ်သော မျိုးနွယ်စုများကိုလည်း ရန်သူပြုလုပ်ခဲ့ပြီးပြီးဟု ပြောဆို၍ ရသည်။ကြွင်းကျန်ရစ်သော ဟွမ်လျိုမျိုးနွယ်စုကတော့ လျို့ဝှက်ဆန်းကြယ်လွန်းသည်။ဟွမ်လျိုမျိုးနွယ်စု ဘယ်နေရာမှာ တည်ရှိလဲဆိုတာကိုတောင် သူက သိရှိထားခြင်းမရှိပါ။
" သွားကြရအောင်လား "
အမိန့်များကိုချမှတ်လိုက်ပြီးနောက် ဝမ်ဖုန်းက ပိုင်ဟုန်ကို စိုက်ကြည့်လျက် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
ပိုင်ဟုန်ကလည်း တုန့်ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။သူ၏ခန္ဓာကိုယ်က ဝေဝါးပျောက်ကွယ်သွားခဲ့ကာ ဖုန်းဟွာနန်းတော်ကြီးအတွင်းမှ ပျံသန်းထွက်ခွာ၍ ဝမ်ဖုန်းတို့ကို လမ်းပြပေးနေ၏။
ဒါကိုမြင်တော့ ဝမ်ဖုန်းတို့ကလည်း နောက်ကောက်ကျမကျန်ရစ်ဘဲ ပိုင်ဟုန်၏အနောက်သို့ နီးကပ်စွာ လိုက်ပါသွားခဲ့ကြသည်။
ဖုန်းဟွာနန်းတော်ကြီးအတွင်းမှ ဝမ်ဖုန်းတို့ထွက်ခွာသွားသည့်အခါ ကုချိုးတို့ညီအကိုနှစ်ယောက်၏မျက်ဝန်းများက တလက်လက်တောက်ပလာကြကာ တစ်ယောက်မျက်နှာတစ်ယောက် လှမ်းကြည့်လိုက်မိ၏။သူတို့၏ မျက်ဝန်းသူငယ်အိမ်များက စိတ်အားထက်သန်မှုများဖြင့် ရောင်ပြန်ဟပ်လျက် ရှိချေသည်။
ဝမ်ဖုန်းအနားမှာရှိနေပါက သူတို့ဟာ သတိလက်လွတ်မပြုမူရဲပါ။သို့သော်လည်း ဝမ်ဖုန်းထွက်ခွာသွားသည့်အခါ ညီအကိုနှစ်ယောက်က ဆိုးရွားသောအရာများကို ဆက်လက်လုပ်ဆောင်ရန် ကြံစည်နေခဲ့၏။သူတို့၏လက်များက စတင်ယားယံနေပြီဖြစ်ကာ သူတို့လည်း မထိန်းချုပ်နိုင်တော့ပါချေ။သူတို့က ဂိုဏ်းမှ ခိုးထွက်ပြီး အချိန်ကောင်းလေးတစ်ရပ်ကို ပိုင်ဆိုင်ချင်ပေ၏။
" ဘုန်း "
ကုချိုးတို့ညီအကိုနှစ်ယောက် ထိုသို့တွေးတောလိုက်စဥ်မှာပင် မဟာနတ်ဆိုးရွှမ်ရှက ကုချိုးတို့နှစ်ယောက်၏စိတ်ကို ဖတ်ရှူနိုင်ခဲ့ပုံပေါ်သည်။ သူက လက်ကို ဆန့်တန်းလိုက်သည့်အခါ ခမ်းနားကြီးကျယ်သောစွမ်းအားတစ်ရပ် ပြေးထွက်သွားခဲ့ပြီး အနက်ရောင်ချိန်းကြိုးများအသွင် ပြောင်းလဲသွားခဲ့ကာ ကုချိုးတို့နှစ်ယောက်၏ခန္ဓာကိုယ်များကို တုတ်နှောင်လိုက်၏။
" ရွှမ်... အကြီးအကဲ၊ ခင်များဘာလုပ်နေတာလဲ "
ကုချိုးတို့ညီအကိုနှစ်ယောက်သည် သူတို့ကို တင်းတင်းကြပ်ကြပ်တုတ်နှောင်ထားသော အနက်ရောင်ချိန်းကြိုးများကို စိုက်ကြည့်လိုက်ကာ သူတို့၏အမူအရာများက အံ့အားသင့်သွားကြသည်။သူတို့က မဟာနတ်ဆိုးရွှမ်ရှကို ရုတ်တရက်စိုက်ကြည့်လျက် တုန်ယင်နေသောအသံများဖြင့် မေးမြန်းလိုက်သည်။
" ဒီနတ်ဆိုးအိုကြီးက မင်းတို့ရဲ့ အတွေးအခေါ်ထဲကို ထွင်းဖောက်မမြင်နိုင်ဘူးလို့ ထင်နေတာလား။ ဂိုဏ်းချုပ်က ထွက်သွားပြီ၊ မင်းတို့က လုယက်ဖို့အတွက် ထွက်ပြေးချင်နေတာလား။မင်းတို့အတွက် တံခါးပေါက်မရှိဘူး...ကွ "
" ရှန်ရှန်ကျုံအပြင်စည်းဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ ငါနတ်ဆိုးအိုကြီးက မင်းတို့ပြောဆို၊ပြုမူသမျှအတွက် တာဝန်ယူပေးရမယ်။ ရှန်ရှန်ကျုံဂိုဏ်းရဲ့ ဂုဏ်သရေကို ညိုးနွမ်းအောင်ပြုလုပ်ဖို့ လုံးဝ မစဥ်းစားနဲ့။ "
ကုချိုး၏စကားကို ကြားလိုက်ရသည့်အခါ မဟာနတ်ဆိုးရွှမ်ရှက မျက်မှောက်ကျုံ့လိုက်ပြီး မောက်မာစွာ ပြောဆိုလိုက်သည်။
" ဖစ် ! "
မဟာနတ်ဆိုးရွှမ်ရှ၏စကားများက ကုချိုးတို့ညီအကိုနှစ်ယောက်ကို သွေးအန်လုမတတ် ဖြစ်သွားစေခဲ့သည်။သူတို့၏ခန္ဓာကိုယ်များက ရှင်သန်နိုင်စွမ်းများ ကင်းမဲ့သွားပုံပေါ်ကာ ရုတ်တရက်ဆိုသလို ငြိမ်သက်တောင့်တင်းသွားရသည်။သူတို့၌ ချစ်ချင်းမေတ္တာနဲ့ ဘဝ၏အဓိပ္ပါယ်များ ပျောက်ဆုံးသွားချေပြီ။
ဂိုဏ်းချုပ်ရဲ့ စည်းမျဥ်းစည်းကမ်းတွေကတော့ ထားလိုက်ပါတော့။ခင်များလို အပြင်စည်းဂိုဏ်းရဲ့ အကြီးအကဲချုပ်တစ်ယောက်ကတောင် ကျုပ်တို့ညီအကိုနှစ်ယောက်ရဲ့ လွတ်လပ်မှုကို ပိတ်ပင်ချင်နေတာလား။
ဘာကိုများ ဂိုဏ်းသားတွေရဲ့ စည်းမျဥ်းစည်းကမ်းတွေလဲ။
ဒါက လုံးဝကို သောက်ကျိုးနည်းအဓိပ္ပါယ်မရှိတာဗျ!
ပျော်စရာမကောင်းဘူး။ လုံးဝကို ပျော်စရာမကောင်းဘူး..ကွ။
ကုချိုးတို့ညီအကိုနှစ်ယောက်သည် မြေပြင်ပေါ်ဒူးထောက်လျက် ပြိုလဲသွားခဲ့ကာ အသက်ကင်းမဲ့နေသောအမူအရာများဖြင့် တောင့်တောင့်ကြီး ရပ်တည်နေခဲ့ကြသည်။ ဂိုဏ်းချုပ်ထွက်ခွာသွားပြီးနောက် သူတို့နှစ်ယောက်က ပြုံးပျော်ရွှင်နေခဲ့ကြသော်လည်း မဟာနတ်ဆိုးရွှမ်ရှက သူတို့၏မျှော်လင့်ချက်များကို တဖန်ရိုက်ချိုးခဲ့လေသည်။
ကုချိုးတို့ညီအကိုနှစ်ယောက်၏အသွင်အပြင်ကို တွေ့မြင်လိုက်ရသည့်အခါ လီချင်းနဲ့ကျန်တပည့်များက ခပ်ဖွဖွ ရယ်မောမိလိုက်ကြ၏။သူတို့၏မျက်ဝန်းများအတွင်း၌တော့ လှောင်ပြောင်ရိပ်များ ရှိနေခဲ့ကြသည်။
ဒီနှစ်ကောင်က အမြဲတမ်းလုယက်ဖို့ပဲတွေးနေတာ။ဒါပေမဲ့ သူတို့က ဂိုဏ်းချုပ်နဲ့အပြင်ကို ခဏဘဲထွက်သွားလိုက်တာ သူတို့ရဲ့ကျင့်ကြံမှုကတော့ ချန်ခွမ်းဧကရာဇ်အထွတ်အထိပ်ကို ရောက်သွားပါရောလား။
" ရိုးရိုးသားသား ကျင့်ကြံပါ။ မင်းတို့ရဲ့ ရှုပ်ထွေးတဲ့လုပ်ရပ်တွေနဲ့ ဒီအကြီးအကဲချုပ်ကို အလုပ်မရှုပ်စေနဲ့။ "
လက်ကိုဝေ့ရမ်းလိုက်ပြီး မဟာနတ်ဆိုးရွှမ်ရှက ကုချိုးတို့ညီအကိုနှစ်ယောက်ကို သူတို့၏အခန်းအတွင်း ပစ်သွင်းလိုက်သည်။
" အကြီးအကဲချုပ် ဒီဂိုဏ်းသားက လုပ်စရာရှိတာတွေ ပြုလုပ်ပြီးပါပြီ။ "
ကုချိုးတို့ညီအကိုနှစ်ယောက်ကို အခန်းအတွင်းပစ်သွင်းလိုက်ပြီးနောက် တစ်ဖက်တွင်ရှိနေသော ယန်ရှန်းသည် မဟာနတ်ဆိုးရွှမ်ရှကို လက်သီးဆုပ်ဂါရဝပြုလျက် ပြောဆိုလိုက်သည်။
ထိုသို့ပြောလိုက်ပြီးသည်နှင့်တပြိုင်နက် မဟာနတ်ဆိုးရွှမ်ရှ၏စကားပြန်ကိုတောင် မစောင့်တော့ဘဲ သူက ဖုန်းဟွာနန်းတော်အတွင်းမှ ချက်ချင်းပြန်လည်၍ ပျောက်ကွယ်သွားတော့သည်။
" ' လီချင်း '...၊ယန်ရှန်းနဲ့ပတ်သတ်ပြီး တစ်ခုခုမှားယွင်းနေတယ်လို့ ဒီနတ်ဆိုးအိုကြီးက ဘာလို့များ ခံစားနေရပါလိမ့်။ "
မဟာနတ်ဆိုးရွှမ်ရှသည် မျက်ဝန်းများကို မှေးကျဥ်းလျက် ယန်ရှန်း၏ကျောပြင်ကို စိုက်ကြည့်ကာ သံဿယဝင်စွာ ပြောဆိုလိုက်သည်။
" အာ...အကြီးအကဲချုပ်က မသိသေးဘူးလား။ ဒီကောင်ယန်ရှန်းက အခုတလော တော့်တော့်ကို ခြေရှုပ်နေတယ်လေ။ "
မဟာနတ်ဆိုးရွှမ်ရှ၏စကားကို ကြားလိုက်ရသည့်အခါ လီချင်းက ကြီးမားသောလျို့ဝှက်ချက်ကြီးတစ်ခုကို ဦးဆောင်နေခဲ့သလိုမျိုး အေးစက်စွာပြုံးလျက် ပြောဆိုလိုက်၏။
" အို...ဘာလို့များ ဒီလိုမျိုး ပြောရတာတုန်း "
ဒါကိုကြားတော့ မဟာနတ်ဆိုးရွှမ်ရှကလည်း စိတ်ပါဝင်စားသွားခဲ့ကာ လီချင်း၏ဘေးနားသို့ အလျှင်စလိုတိုးကပ်သွားလျက် ကျယ်လောင်စွာ မေးမြန်းလိုက်သည်။သူ၏မျက်ဝန်းများအတွင်း၌ ပြင်းထန်စွာ အတင်းအဖျင်းပြောဆိုလိုစိတ်များ ပြည့်နှက်နေခဲ့သည်။
သူ၏အမြင်၌ ယန်ရှန်းသည် အစဥ်အမြဲဆိုသလို ရေခဲတုံးကြီးတစ်တုံးကဲ့သို့ဖြစ်နေခဲ့ကာ အပြုံးအရယ်ကင်းမဲ့နေခဲ့သည်။
" ဒီကလေးက ဂိုဏ်းတူညီမငယ်လေး လန်လင်းနဲ့ အခုတလော တော်တော့်ကို နီးကပ်နေခဲ့တာ။ "
လီချင်း၏မျက်ဝန်းများအတွင်း၌ နက်ရှိုင်းသောအကြည့်တစ်ခုဖြစ်နေခဲ့ကာ သူက အဓိပ္ပါယ်ရှိသော အပြုံးတစ်ပွင့်ကို ပြုံးရယ်လိုက်လေသည်။
" ဒါဆို ဒီလိုပေါ့။ နောက်ဆုံးတော့ ရေခဲတုံးကြီးလည်း အရည်ပျော်တော့မှာပါလား။ "
" မဆိုးဘူး...မဆိုးဘူး "
မဟာနတ်ဆိုးရွှမ်ရှက ရုတ်တရက်နားလည်သဘောပေါက်သွားကာ သူ၏မျက်နှာထက်၌ ရူးနှမ်းသောအပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။သူက ခေါင်းကို ထပ်ခါထပ်ခါ ညိတ်နေမိ၏။
" အကြီးအကဲချုပ် ကျန်တဲ့လူတွေကို ဒီအကြောင်းကို မပြောပြနဲ့ဦးနော်။ ဒီကလေးက အရှက်အကြောက်ကြီးတယ်။သူ့ရဲ့ကောင်းမွန်တဲ့စိတ်ထားကို မဖျက်စီးလိုက်ပါနဲ့။ "
တစ်ခုခုကိုတွေးတောမိလိုက်သလိုမျိုး လီချင်းက မဟာနတ်ဆိုးရွှမ်ရှကို စိုက်ကြည့်လျက် လေးနက်စွာ ပြောဆိုလိုက်သည်။
" မစိုးရိမ်ပါနဲ့ ဒီနတ်ဆိုးအိုကြီး သိပါတယ်ကွ "
မဟာနတ်ဆိုးရွှမ်ရှကို သူ၏ရင်ဘတ်ကို ပုတ်လိုက်ကာ သေချာသည့်လေသံဖြင့် ပြောဆိုလိုက်၏။
လီချင်းကလည်းခေါင်းညိတ်လိုက်ကာ မဟာနတ်ဆိုးရွှမ်ကို လက်သီးဆုပ်ဂါရဝပြုလျက် ချက်ချင်းထွက်ခွာသွားတော့သည်။
မဟာနတ်ဆိုးရွှမ်ရှကလည်း အားပါးတရ ပြုံးရယ်လိုက်လေ၏။များမကြာမီတွင် သူ၏ခန္ဓာကိုယ်ကလည်း ခန်းမကြီးအတွင်းမှ ဝေဝါးပျောက်ကွယ်သွားခဲ့သည်။
" အကိုကြီး...ဒီမှာ သိပ်ကို ပျင်းစရာကောင်းတာပဲ။"
အခန်းကျဥ်းလေးအတွင်း၌ ကုချိုးသည် ကုတင်ပေါ်၌ ပြိုလဲနေခဲ့ကာ စိတ်ဓာတ်ကျနေသောအမူအရာဖြင့် ရေရွတ်ပြောဆိုလိုက်သည်။
သူသည် အနက်ရောင်ချိန်းကြိုးများထံမှ လွတ်မြောက်အောင် တအားကို ရုန်းခဲ့သော်လည်း မဟာနတ်ဆိုးရွှမ်ရှကိုယ်တိုင်ပြုလုပ်ထားသော မှော်ချိန်းကြိုးများကိုတော့ မဖျက်စီးနိုင်ခဲ့ပါ။
ကုကန်းချိုးကတော့ စကားပြောဖို့တောင် စိတ်မပါတော့ဘဲ အပေါ်ကိုမော့ကြည့်လျက် အသက်ကင်းမဲ့နေသောအမူအရာဖြင့် တွေးတောကြံစည်နေခဲ့သည်။
" ငါတို့လုယက်လို့လဲမရဘူး။ငါတို့ရဲ့ဇနီး၊မယားတွေကလည်း ဒီမှာရှိမနေဘူး။အာလား...ဘယ်လိုများ ကံဆိုးလိုက်ပါလိမ့်။ "
ကုချိုး၏နှုတ်ဖျားမှာ စိတ်အားပျက်နေသော ရေရွတ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ထိုစိတ်ပျက်အားလျော့နေသောအသံကို ကြားယောင်မိသူမှန်သမျှသည် မျက်ရည်များကျလောက်သည်အထိ ဝမ်းနည်းပူဆွေးရလောက်၏။
" ရိုးရိုးသားသားကျင့်ကြံရမယ်ကွ!"။ "
" ငါတို့သာ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ကို ရောက်ရှိသွားရင် အဲ့ဒီအကြီးအကဲချုပ်လောက်က ငါတို့ကို တားဆီးနိုင်မှာ မဟုတ်ဘူး။ " ကုချိုးက ဝမ်းနည်းစွာ သက်ပြင်းချလျက် ကျယ်လောင်စွာ ကျုံးဝါးလိုက်ချေ၏။