← Chapters

ဆီးနှင်းချိပ်စည်း။

Vol. 42 Ch. 587

ဆီးနှင်းချိပ်စည်း။

Vol. 42 Ch. 587

ဘာသာပြန်- The Fate

ကောင်းကင်တာအိုမျိုးနွယ်စုများ ကျူးကျော်မလာခင်က ဟန်သွမ့်တောင်တန်းများ၏ အနောက်ဘက်ပိုင်းသည် ကျယ်ပြောသော လွင်ပြင်ကျယ်ကြီးဖြစ်ခဲ့၏။ သို့ပါသော်လည်း ကောင်းကင်တာအိုမျိုးနွယ်စုများ ကျူးကျော်လာပြီးသည့်နောက်တွင် ၎င်းလွင်ပြင်ကျယ်ကြီးဟာ ကောင်းကင်တာအိုမျိုးနွယ်စုများ၏ အပိုင်သိမ်းခြင်းခံလိုက်ရပြီး မွန်မြတ်ဘုံလောကအတွင်းရှိ ကောင်းကင်တာအိုမျိုးနွယ်စုများ၏ ပြည်နယ်၊ခရိုင်များ ဖြစ်လာခဲ့သည်။

မိုးထိအောင်မြင့်မားနေသော မီးခိုးရောင် ရှေးဟောင်းသစ်ပင်ကြီးများက မြင့်မားစွာ တည်ရှိနေကာ လွင်ပြင်ကျယ်ကြီးတစ်ခုလုံးသည် ကောင်းကင်မျိုးနွယ်စု၏ ရှေးဟောင်းထူးဆန်းသော သစ်တောကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပုံပေါ်သည်။ ဤတောအုပ်ကြီးအတွင်း၌ မီးခိုးရောင်သည်ကား ပင်ကိုအရောင်ဖြစ်နေခဲ့သည်။

ရှေးဦးသားရဲကြီးများနှင့်တူသော ခံတပ်စခန်းများကလည်း ရှေးဟောင်းတောအုပ်ကြီးအတွင်း၌ ရှိနေကြသည်။ အံ့သြဖို့ကောင်းတာက တောအုပ်ကြီးတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေခြင်းပင်။ ခံတပ်များအတွင်း၌တောင် သက်ရှိတို့၏အရိပ်အယောင် ရှိမနေခဲ့သည်က ကျောချမ်းစရာကောင်းလှ၏။

"လာကြ!"

အနှီတိတ်ဆိတ်နေသော တောအုပ်ကြီးအတွင်း၌ လေထုကို ဖြိုခွင်းလိုက်သံများ တရစပ်ထွက်ပေါ်လာခဲ့ကာ လူဒါဇင်ကျော်ခန့်သည် လေထုအတွင်းမှ ရုတ်တရက် ပေါ်ထွက်လာကြ၏။

အဆိုပါလူအုပ်စုမှာ ဝမ်ဖုန်းတို့ပင် ဖြစ်ချေတော့သည်။

ဝမ်ဖုန်းက အသက်ဓာတ်ကင်းမဲ့နေသော ကောင်းကင်မျိုးနွယ်စု၏ တည်နေရာကို စူးစိုက်ကြည့်လိုက်ပြီး သူ၏မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။ ဤကဲ့သို့အခြေအနေကို ခုနစ်ပြည်ထောင်၏မင်းဧကရာဇ်များသာ သိရှိသွားပါက အခွင့်ကောင်းကို အဆုံးရှုံးခံမည်မဟုတ်ဘဲ ကောင်းကင်မျိုးနွယ်စုကို မွန်မြတ်ဘုံလောကအတွင်းမှ မောင်းထုတ်ရန် စတင်ကြိုးစားကြမှာ ဖြစ်၏။

"ဂိုဏ်းချုပ်ဝမ် ကျေးဇူးပြုပြီး။"

ပိုင်ဟုန်က လက်ကို ဆန့်ထုတ်လိုက်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

ဝမ်ဖုန်းကလည်း ခေါင်းငြိမ့်လိုက်ကာ ပိုင်ဟုန်၏အနောက်မှ လိုက်ပါ၍ ကောင်းကင်မျိုးနွယ်စု၏ အဓိကခန်းမကြီးအတွင်း ဝင်ရောက်သွားခဲ့သည်။ လီပိုင်နှင့် ကြွင်းကျန်ရစ်သူများကလည်း ဝမ်ဖုန်း၏အနောက်မှ လိုက်ပါလာခဲ့၏။

လမ်းတစ်လျှောက်တွင် ဝမ်ဖုန်းတို့အုပ်စုသည် များစွာအံ့အားသင့်ခဲ့ရသည်။ သူတို့ဟာ ရေခဲရုပ်ထုများအသွင် နေရာမှာတင် မတ်တပ်ရပ်နေကြသော ကောင်းကင်မျိုးနွယ်စုဝင်များကို တွေ့မြင်ခဲ့ရသည်။ ထိုလူတို့၏မျက်ဝန်းများက တင်းကြပ်စွာ ပိတ်လှောင်ထားကာ အမှန်တကယ် အေးခဲခံထားရပုံပေါ်၏။

သို့သော်လည်း များစွာသော ဇီဝဓာတ်များက ဝမ်ဖုန်းတို့ကို ပြောကြားနေခဲ့သည်။ အဆိုပါကောင်းကင်မျိုးနွယ်စုဝင်များဟာ သံသယဝင်စရာမလိုအောင် အသက်ရှိနေသေးသည်။ သို့ပါသော်လည်း ထူးဆန်းသည့်ကျိန်စာတစ်ရပ်ကြောင့် နက်ရှိုင်းသော အိပ်စက်မှုအတွင်းသို့ ဝင်ရောက်သွားခဲ့ရသည်။

"ဖြစ်နိုင်တာက ဆီးနှင်းချိပ်စည်းများလား။"

ဝမ်ဖုန်းနောက်ကို လိုက်ပါလာသော ရွှမ်းယွမ်သည် ကောင်းကင်မျိုးနွယ်စုဝင်များ၏ အခြေအနေကို တွေ့မြင်လိုက်ရသည့်အခါ အံ့အားတသင့် ရေရွတ်လိုက်မိသည်။

"တာအိုရောင်းရင်းက ဒီကျိန်စာအကြောင်းကို တစ်ခုခုများ သိထားတာလား။"

ရွှမ်းယွမ်၏စကားကို ကြားသိလိုက်ရသည့်အခါ ပိုင်ဟုန်၏မျက်နှာထက်၌ စိတ်လှုပ်ရှားနေသော အမူအယာတစ်ခု ဖြစ်ပေါ်လာသည်။ သူက ရွှမ်းယွမ်ကို ရုတ်တရက် ဆွဲယူလိုက်ပြီး စေ့စေ့စိုက်ကြည့်ကာ မေးမြန်းလိုက်၏။

ဝမ်ဖုန်းနှင့် အခြားသူများကတောင် ရွှမ်းယွမ်ကို အံ့အားသင့်နေသော အမူအယာများဖြင့် လှည့်ကြည့်လိုက်မိ၏။

"ဆီးနှင်းချိပ်စည်းက သူ့ရဲ့အမည်နာမအတိုင်း ရေခဲနဲ့ပတ်သက်တဲ့ ကျိန်စာတစ်ခုပဲ။"

"ကောလဟာလတွေအရတော့ ဆီးနှင်းချိပ်စည်းရဲ့ သက်ရောက်မှုခံရတဲ့ လူတွေက ရေခဲတွေအပြည့်ရှိနေတဲ့ ပုံရိပ်ယောင်တစ်ခုထဲကို အတင်းအကြပ် ဆွဲသွင်းခံလိုက်ရလိမ့်မယ်။ အဲ့ဒီနေရာမှာ သူတို့က အဆုံးစွန်သော အေးခဲမှုတွေနဲ့ နှိပ်စက်မှုအထွေထွေကို ခံစားရလိမ့်မယ်။ နောက်ဆုံးမှာတော့ သူတို့ရဲ့စိတ်ဝိညာဥ်က ရှင်သန်လိုစိတ်ကို ဆုံးရှုံးသွားပြီး ကျိန်စာကိုပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ အစေအပါးတွေ ဖြစ်လာလိမ့်မယ်။"

"ဒါပေမယ့် ပျက်သုဥ်းခြင်းဧကရာဇ်ဘုံလောကမှာတောင် ဆီးနှင်းချိပ်စည်းက ဒဏ္ဍာရီအနေနဲ့ပဲ တည်ရှိတာ။ ဘယ်သူကမှ ကိုယ်ပိုင်မျက်လုံးနဲ့ မတွေ့မြင်ဖူးဘူး။ အခုလို မွန်မြတ်ဘုံလောကအတွင်းမှာ ဘယ်လိုကြောင့်များ ထွက်ပေါ်လာရတာလဲ။"

ရွှမ်းယွမ်က လေးနက်နေသော အမူအယာဖြင့် ပြောဆိုလိုက်သည်။ သူက စိတ်လှုပ်ရှားနေသော ပိုင်ဟုန်ကို လျစ်လျူရှုထားကာ ရေခဲရုပ်ထုအသွင် ပြောင်းလဲနေကြသော ကောင်းကင်မျိုးနွယ်စုများကို စိုက်ကြည့်လျက် တွေးတောဆင်ခြင်နေလိုက်သည်။

ပိုင်ဟုန်၏ပြောစကားများကို ကြားသိလိုက်ရကတည်းက သူက ထိုကဲ့သို့ ခန့်မှန်းမိနေခဲ့တာဖြစ်၏။ သို့သော်လည်း ထိုအချိန်က တိတိပပ ကောက်ချက်မချရသေးပေ။ ယခု ကောင်းကင်မျိုးနွယ်စုများ၏ အခြေအနေကိုတွေ့မြင်လိုက်ရသည့်အခါ ကောင်းကင်မျိုးနွယ်စုက ဆီးနှင်းချိပ်စည်း၏ တိုက်ခိုက်မှုကို ခံထားရကြောင်း သူ သေချာသိသွားခဲ့သည်။ 

ဤသည်မှာ အဆုံးစွန်ထိတိုင် ရက်စက်သော ကျိန်စာတစ်ခုဖြစ်ချေ၏!

ဆီးနှင်းချိပ်စည်းနှင့် တိုက်ခိုက်ခံရတဲ့အထိ မွန်မြတ်ဘုံလောကအတွင်းက ကောင်းကင်လူမျိုးစုက ဘယ်လိုပုဂ္ဂိုလ်မျိုးကိုများ ရန်စခဲ့တာပါလဲ။

ဆီးနှင်းချိပ်စည်းကို သက်ရောက်စေနိုင်သည့် တည်ရှိမှုမျိုးဟာ ပျက်သုဥ်းခြင်းဧကရာဇ်ဘုံလောကအတွင်း၌တောင် ထူးမြတ်သော တည်ရှိမှုကြီးတစ်ခုဖြစ်လေသည်။ 

ထိုလူက ဟုန်မာန်နတ်ဘုရားနယ်ပယ်တွင်ရှိနေသော စွမ်းအားရှင်တစ်ယောက်တောင် ဖြစ်နေနိုင်သည်။ အဲ့ဒီလို စွမ်းအားရှင်တစ်ယောက်က ကမ္ဘာလောကသေးသေးလေးထဲက ကောင်းကင်မျိုးနွယ်စုကို ကိုယ်တိုင်ကိုယ်ကျ ကျိန်စာကို အဘယ့်ကြောင့် အသုံးပြုခဲ့ရတာလဲ။

ဒါက အရမ်းကို လွန်ကဲလွန်းတဲ့ အပြုအမူပဲ မဟုတ်ပေဘူးလား။

ရွှမ်းယွမ်ဟာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော်လည်း သူ ဘယ်လောက်ပင် ခန့်မှန်းပါစေ၊ ကောင်းကင်မျိုးနွယ်စုကို တိုက်ခိုက်ခဲ့သည့် ပုဂ္ဂိုလ်ကိုတော့ မမှန်းဆနိုင်ခဲ့ပါ။

"သေစမ်း!"

ရွှမ်းယွမ်၏စကားကို ကြားလိုက်ရသည့်အခါ ပိုင်ဟုန်၏ အမူအယာမှာ အင်မတန် ဒေါသထွက်သွားခဲ့ကာ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော အမျက်ဒေါသအရိပ်အယောင်များ ပေါက်ကွဲထွက်လာခဲ့သည်။ ဤကျိန်စာက ဤမျှလောက်အထိ ပြင်းထန်နေလိမ့်မည်ဟု သူ တွေးမထားမိခဲ့ပါ။

ရွှမ်းယွမ်၏ရှင်းပြချက်ကို ကြားသိလိုက်ရခြင်းကတောင် ကြောက်လန့်စရာကောင်းလှသည်။ ဒါဖြစ်ရင် ဆီးနှင်းချိပ်စည်းကို တိုက်ရိုက်တွေ့ကြုံခံစားနေရတဲ့ ကောင်းကင်မျိုးနွယ်စုဝင်တွေဆိုရင် ဘယ်လိုများလုပ်ကြမလဲ။

ဒေါသကို ပေါက်ကွဲထုတ်ဖော်လိုက်ပြီးနောက် ပိုင်ဟုန်က မဲမှောင်နေသော အမူအယာဖြင့် ခေါင်းငုံ့ချလိုက်မိသည်။ ဤကျိန်စာကို ဘယ်သူကများ အသုံးပြုခဲ့သလဲဆိုတာကို သူက စဥ်းစားနေခဲ့မိ၏။ 

မွန်မြတ်ဘုံလောကအတွင်းရှိ ကောင်းကင်မျိုးနွယ်စုက ပင်မမျိုးနွယ်စုကြီး၏ အခွဲမျှသာဖြစ်သော်လည်း၊ သူတို့ကို ဆုံးရှုံးလိုက်ရရင်တောင် ဘာမှမဖြစ်သော်လည်း နောက်ဆုံးမှာတော့ ထိုပုဂ္ဂိုလ်များကလည်း ကောင်းကင်မျိုးနွယ်စုသားများသာဖြစ်သည်။ ဒီလူတွေသေဆုံးတာကို သူ ဘယ်လိုစိတ်နဲ့များ ရပ်ကြည့်နေနိုင်မှာလဲ။

ကောင်းကင်မျိုးနွယ်စုကသာ သွေးအေးသောလူမျိုးများဖြစ်ပါက ပျက်သုဥ်းခြင်းဧကရာဇ်ဘုံလောကအတွင်းရှိ ကောင်းကင်မျိုးနွယ်စုက သူ့ကို မွန်မြတ်ဘုံလောကအတွင်းသို့ စေလွှတ်ခဲ့မှာတောင် မဟုတ်ပါ။

"ဒီကျိန်စာကို ဖျက်စီးဖို့ နည်းလမ်းရှိရဲ့လား။"

ပိုင်ဟုန်က စဥ်းစားတွေးခေါ်နေချိန်မှာ ဝမ်ဖုန်း၏မျက်ဝန်းများက ဝင်းလက်တောက်ပသွားပြီး ရွှမ်းယွမ်ကို ရုတ်တရက် စိုက်ကြည့်လျက် မေးမြန်းလိုက်၏။

ကျိန်စာ၏ဇစ်မြစ်အကြောင်း သိရှိလိုက်ရခြင်းက ကျိန်စာကို ဖျက်စီးရန်အတွက် ခြေတစ်လှမ်းပိုမိုနီးကပ်လာစေသည်။ ဒါက ဘာမှန်းမသိတာထက်တော့ ပိုကောင်းတယ်မဟုတ်လား။

ဝမ်ဖုန်း၏အမေးကို ကြားလိုက်ရသည့်အခါ နက်ရှိုင်းစွာ တွေးတောဆင်ခြင်နေသော ပိုင်ဟုန်က ရုတ်တရက် ခေါင်းမော့လာခဲ့ကာ ရွှမ်းယွမ်ကို နီရဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ သူ့မျက်နှာထက်၌ မျှော်လင့်ချက် အရိပ်အယောင်များ ရှိနေခဲ့သည်။

ဆီးနှင်းချိပ်စည်းကို ဖျက်စီးလိုက်ပြီးပါက မွန်မြတ်ဘုံလောကအတွင်းရှိ ကောင်းကင်မျိုးနွယ်စုသည် ဝမ်ဖုန်းကို အညံ့ခံရလိမ့်မည်။ ဒါပေမယ့် အဲ့ဒါက အဆုံးအစမဲ့တဲ့ နှိပ်စက်ခြင်းတွေထက်စာရင် ပိုကောင်းပါသေးတယ်လေ။

ဒါ့အပြင် ဝမ်ဖုန်းကို အညံ့ခံလိုက်ရင်တောင်မှ သူတို့က ကောင်းကင်မျိုးနွယ်စုတွေ ဖြစ်နေတုန်းပဲလေ။

"ဆီးနှင်းချိပ်စည်းက အရမ်းကိုပြင်းထန်တဲ့ ကျိန်စာတစ်ခုပဲ။ အဲ့ဒါရဲ့ ပင်မဇစ်မြစ်ကို ခြေရာခံဖို့လည်း နည်းလမ်းမရှိဘူး။ ကျိန်စာကို အသုံးပြုတဲ့ပုဂ္ဂိုလ် သေဆုံးသွားတာမဟုတ်ရင် ဒီကျိန်စာကို ဖျက်စီးဖို့က အရမ်းကို ခက်ခဲလိမ့်မယ်။"

ဝမ်ဖုန်း၏မေးခွန်းကို ကြားလိုက်ရသည့်အခါ ရွှမ်းယွမ်က တစ်ခဏကြာအောင် တွေးတောလိုက်ပြီးနောက် ခေါင်းကို ခါယမ်းလျက် ပြောဆိုလိုက်သည်။

သူ၏ သာမန်မဟုတ်သော မိသားစုနောက်ခံနှင့် မရေမတွက်နိုင်သော ရှေးဟောင်းစာပေများကို လေ့လာလိုက်စားခဲ့ခြင်းကြောင့်မဟုတ်ပါက ဆီးနှင်းချိပ်စည်းအကြောင်းကိုတောင် သိမြင်နားလည်နိုင်မှာ မဟုတ်ပါ။

ဝမ်ဖုန်းက ခေါင်းငြိမ့်လိုက်သည်။ ဒီအတွက်ကြောင့်နဲ့ သူက စိတ်ပျက်မသွားခဲ့ပါ။ ဆီးနှင်းချိပ်စည်းကသာ ချိုးဖျက်ရန် လွယ်ကူနေပါက ပိုင်ဟုန်က သူ့ကို အကူအညီတောင်းခဲ့မှာတောင် မဟုတ်ချေ။ ဒီလိုဆိုရင် မွန်မြတ်ဘုံလောကအတွင်းက ကောင်းကင်မျိုးနွယ်စုကလည်း သူ့ကို အညံ့ခံလာနိုင်မှာ မဟုတ်တော့ပေ။

"ဘယ်လောက်ပဲ ခက်ခဲပါစေ။ နည်းလမ်းတစ်ခု ရှိနေသေးသ၍ ဒီဧကရာဇ်က ကြိုးစားလိုတယ်။"

တစ်ဖက်တွင်ရှိနေသော ပိုင်ဟုန်က ရုတ်တရက် ထပြောလိုက်သည်။ သူ၏ သွေးနီရောင်မျက်ဝန်းများက စိတ်ပိုင်းဖြတ်မှုများဖြင့် ထင်ဟပ်နေခဲ့သည်။ သူက ကောင်းကင်မျိုးနွယ်စုသားများကို အလွယ်တကူ လက်လွတ်ဆုံးရှုံးခံမှာ မဟုတ်ပါ။

ဆီးနှင်းချိပ်စည်းကို အသုံးပြုခဲ့သည့် ပုဂ္ဂိုလ်အကြောင်းကိုတော့ သူက တွေးဆတောင်မထားပါချေ။ ထိုလူ့ကို သူ သတ်နိုင်မသတ်နိုင်ကိုအသာထား၊ ထိုပုဂ္ဂိုလ်ဘယ်သူလဲဆိုတာကိုတောင် သူ မသိလေရာ ဘယ်လိုများ တိုက်ခိုက်ရပါ့မလဲ။

"ကျိန်စာကို ဖျက်စီးဖို့ နောက်ထပ်နည်းလမ်းတစ်ခုတော့ ရှိသေးတယ်။ အဲ့ဒါက အစွမ်းထက်တဲ့ စိတ်ဝိညာဥ်စွမ်းအားကို အသုံးပြုပြီး အဲ့ဒီလူတွေရဲ့ စိတ်အာရုံကို အတင်းအကြပ် ဆုပ်ကိုင်ဖို့ပဲ။ ပြီးရင် သူတို့ရဲ့ဝိညာဥ်တွေကို ဆီးနှင်းချိပ်စည်းပြုလုပ်ထားတဲ့ ပုံရိပ်ယောင်ထဲကနေ ဆွဲထုတ်ရမယ်။ ဒါပြီးရင်တော့ ဆီးနှင်းချိပ်စည်းရဲ့ကျိန်စာက လုံးဝပျက်စီးသွားလိမ့်မယ်။"

ရွှမ်းယွမ်က တစ်ခဏကြာအောင် တွေးတောလိုက်ပြီးနောက် ဆက်လက်ပြောဆိုလိုက်သည်။

ဤနည်းလမ်းမှာလည်း ကျိန်စာအသုံးပြုသူကို သတ်ဖြတ်ရမည့်နည်းလမ်းထက် များစွာရိုးရှင်းခြင်းမရှိပါ။

All Chapters