← Chapters

ကောင်းကင်ဘုံ၏ကိုယ်စား ဆောင်ရွက်ခြင်း။

Vol. 42 Ch. 588

ကောင်းကင်ဘုံ၏ကိုယ်စား ဆောင်ရွက်ခြင်း။

Vol. 42 Ch. 588

ဘာသာပြန်- The Fate

" ဒီလိုကျိန်စာကို ချိုးဖျက်နိုင်ဖို့ဆိုရင် ကျိန်စာအသုံးပြုသူရဲ့ ဝိညာဥ်ခွန်အားနဲ့ ယှဥ်ပြိုင်နိုင်စွမ်းရှိတဲ့ တစ်စုံတစ်ယောက်ကို ရှာဖွေရမယ်။ ဒီလိုမှမဟုတ်ရင်လည်း ကျိန်စာအသုံးပြုသူထက် ပိုမိုသန်မာတဲ့ စိတ်ဝိညာဥ်စွမ်းအားပိုင်ဆိုင်သူတစ်ယောက်ကိုပေါ့လေ။ "

တစ်ယောက်မှမမေးနိုင်သေးခင်မှာ ရွှမ်းယွမ်က ဆက်လက်ပြောဆိုလိုက်သည်။

ရွှမ်းယွမ်၏စကားကိုကြားလိုက်ရသည့်အခါ ပိုင်ဟုန်၏အမူအရာက စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။အခု ကျိန်စာအသုံးပြုသူကိုတောင် သူသိမထားမှတော့ ကျိန်စာအသုံးပြုသူထက် ပိုမိုသန်မာတဲ့ စိတ်ဝိညာဥ်စွမ်းအားပိုင်ရှင်ကို သူဘယ်လိုများ သွားရှာရတော့မလဲ။

တစ်ဖက်မှာတော့ ရွှမ်းယွမ်၏စကားကို ကြားသိလိုက်ရသည့်အခါ ဘေးတစ်ဖက်တွင်ရှိနေသောဝမ်ဖုန်းသည် တစ်စုံတစ်ခုကို စဥ်းစားမိသွားပုံပေါ်သည်။သူ၏မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခုတောက်ပလာခဲ့သည်။

" တခြားနည်းလမ်းမရှိတော့ဘူးလား "

ပိုင်ဟုန်က စိတ်ပျက်စွာ ရေရွတ်လိုက်သည်။ 

" ကောင်းကင်မျိုးနွယ်စုမှာ ရာကျော်၊ထောင်ကျော်တဲ့လူတွေ နေထိုင်ကြတယ်။သူတို့တွေကို တကယ်ကြီး စွန့်လွှတ်လိုက်ရတော့မှာလား။ "

" ခင်များတွေးကြည့်ပါဦး....ခင်ဗျားတို့ရဲ့ကောင်းကင်မျိုးနွယ်စုကို တိုက်ခိုက်တဲ့လူက ဘယ်သူလဲဆိုတာကိုပေါ့။ "

ရွှမ်းယွမ်က ပိုင်ဟုန်ကိုစိုက်ကြည့်ကာ ကျယ်လောင်စွာ ပြောဆိိုလိုက်သည်။

လုပ်ဆောင်ခဲ့သူကိုသာသိရှိပါက ကောင်းကင်မျိုးနွယ်စုဝင်များကို ကယ်တင်ရန်အတွက် ဖြစ်နိုင်ခြေအနည်းငယ်ရှိလေသည်။လုပ်ဆောင်သူကိုတောင် မသိရှိပါက ထိုအကြောင်းကို တွေးနေစရာတောင် မလိုတော့ပါချေ။

" ဒီဧကရာဇ်မှာ မှန်းဆချက်တစ်ခု ရှိပါတယ်လေ။ဒါပေမဲ့ အဲ့ဒီမှန်းဆချက်က တကယ်သာမှန်ကန်နေမယ်ဆိုရင်တော့ ဒီလူတွေကို စွန့်လွှတ်လိုက်ဖို့ပဲ တတ်နိုင်တော့တယ်။ "

ရွှမ်းယွမ်၏စကားများကိုကြားလိုက်ရသည့်အခါ ပိုင်ဟုန်၏မျက်ဝန်းများက မှိုင်းညှိုးသွားခဲ့သည်။သူက အေးခဲနေကြသော ကောင်းကင်မျိုးနွယ်စုဝင်များကို ဝေ့ဝဲကြည့်ရှူ့လိုက်ပြီး မလိုလားသောလေသံတိုးတိုးဖြင့် ပြောဆိုလိုက်သည်။

အမှန်တကယ်ထိုပုဂ္ဂိုလ်သာဆိုပါက ကောင်းကင်မျိုးနွယ်စု၏ ကြီးမြတ်သောတည်ရှိမှုများကလွဲ၍ ဘယ်သူကမှ ကျိန်စာကို ဖျက်စီးနိုင်မှာမဟုတ်တော့ချေ။

" ဝိုး....? ဘယ်သူများလဲ "

ပိုင်ဟုန်၏စကားကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်းက အံ့သြသင့်သွားပြီး အလျှင်စလို မေးမြန်းလိုက်သည်။

ရွှမ်းယွမ်နဲ့အခြားသူများကတောင် ပိုင်ဟုန်ကို စူးစိုက်ကြည့်ရှူ့လိုက်မိသည်။သူတို့၏မျက်ဝန်းများက တစ်စုံတစ်ခုကို ဖွေရှာနေခဲ့ကြပုံပေါ်သည်။ပိုင်ဟုန်လိုလူကတောင် စိတ်ပျက်လက်ပျက်ပြောဆိုရတယ်ဆိုတော့ သူခန့်မှန်းနေတဲ့လူက ဘယ်လောက်တောင်များ ကြောက်ဖို့ကောင်းနေလို့လဲ။

" မင်းက ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကကြီးက ရောက်ရှိလာတာမဟုတ်လား။ တွေးကြည့်ရရင် မင်းရဲ့အဆင့်အတန်းက လုံးဝကို သာမန်မဖြစ်နိုင်ဘူး။မင်းလည်းပဲ ကောင်းကင်မျိုးနွယ်စုနဲ့ လူသားမျိုးနွယ်စုအကြားက လျို့ဝှက်ချက်တစ်ချို့ကို သိရှိထားလောက်ပါတယ်။ ဟုတ်တယ်မဟုတ်လား။ "

ပိုင်ဟုန်က ထိုလူ့ကို အင်မတန်စိုးရိမ်ကြောင့်ကြနေပုံပေါ်ကာ တိုက်ရိုက်မပြောဆိုဘဲ ရွှမ်းယွမ်ကိုစိုက်ကြည့်လျက် ပြောဆိုလိုက်သည်။

" နည်းနည်းတော့ ကြားဖူးပါတယ် "

ရွှမ်းယွမ်ကခေါင်းညိတ်လိုက်သည်။ သူက ဝမ်ဖုန်းတို့၏ မေးမြန်းခြင်းကို မစောင့်ဆိုင်းတော့ဘဲ ချက်ချင်း ရှင်းပြလိုက်သည်။

" ပြောကြတာတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအကြာက ကောင်းကင်တာအိုမျိုးနွယ်စုတွေနဲ့ လူသားမျိုးနွယ်စုတွေက ပြင်းထန်တဲ့တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ကြတယ်။ကောင်းကင်တာအိုမျိုးနွယ်စုတွေက လူသားမျိုးနွယ်ပိုင်ဆိုင်တဲ့နယ်မြေတွေကို အုပ်စိုးချင်နေကြပြီး လူသားတွေကတော့ သူတို့ရဲ့မူရင်းမြေတွေကို ကောင်းကင်တာအိုမျိုးနွယ်စုတွေရဲ့ရန်ကနေ ကာကွယ်ချင်ကြတယ်။ "

" ဒီရန်လိုတဲ့တိုက်ပွဲနဲ့ ခုခံတဲ့တိုက်ပွဲက နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ကြာမြင့်ခဲ့တယ်။ နှစ်ဖက်စလုံးကလည်း အရေအတွက် မသိနိုင်တော့တဲ့အထိ စွမ်းအားရှင်များစွာကို ဆုံးရှုံးခဲ့ရတယ်။ ဒါပေမဲ့ အဆုံးထိတိုင်အောင် ဘယ်သူက အနိုင်ရသူလဲဆိုတာ မပြောနိုင်ခဲ့ဘူး။ နောက်ဆုံးမှာတော့ လူသားမျိုးနွယ်စုရဲ့ ကြီးမြတ်တဲ့တည်ရှိမှုနဲ့ ကောင်းကင်တာအိုမျိုးနွယ်စုရဲ့ ကြီးမြတ်တဲ့တည်ရှိမှုတို့က အတူတကွ တွေ့ဆုံဖို့ ဆုံးဖြတ်လိုက်ရတယ်။အဲ့ဒီအခါကပဲ အတိတ်နဲ့ပစ္စပ္ပန်မှာရှိနေခဲ့တဲ့ ဝမ်းနည်းဖွယ်စစ်ပွဲကြီးရဲ့ အဆုံးသတ်ဖြစ်လာခဲ့တယ်။ "

" ကြီးမြတ်တဲ့တည်ရှိမှုနှစ်ပါးရဲ့ တိုက်ပွဲမှာ ကောင်းကင်တာအိုမျိုးနွယ်စုဖက်ကစွမ်းအားရှင်က ရှုံးနိမ့်ခဲ့ရတယ်။ ဒါပေမဲ့ လူသားမျိုးနွယ်စုရဲ့ ကြီးမြတ်တဲ့ပုဂ္ဂိုလ်ကလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်။ညှိနှိုင်းဆောင်ရွက်မှုတွေအပြီးမှာ အသက်ရှင်ကျန်ရစ်ခဲ့ဖို့အတွက် ဘုံလောကကြီးရဲ့ နယ်မြေတစ်စိတ်တစ်ပိုင်းကို ကောင်းကင်တာအိုမျိုးနွယ်စုတွေဆီ ပေးအပ်ဖို့ သဘောတူခဲ့ရတယ်။ "

ဝမ်ဖုန်းနှင့်အခြားသူများက ရွမ်းယွမ်၏ရှင်းပြမှုကို ဂရုတစိုက် နားဆင်ခဲ့ကြသည်။ရွှမ်းယွမ်၏လျို့ဝှက်ချက်ကို ဖော်ပြမှုကြောင့်သာမဟုတ်ပါက လက်ရှိသူတို့၏ကျင့်ကြံမှုများဖြင့် ထိုကဲ့သို့ကြီးမားသည့်ဖြစ်ရပ်ကို ထိတွေ့နိုင်မှာမဟုတ်ပါ။

" နောက်ပိုင်းမှာတော့ အကြောင်းအရင်းတချို့ကြောင့် ကောင်းကင်တာအိုမျိုးနွယ်စုရဲ့ ကြီးမြတ်တဲ့ပုဂ္ဂိုလ်က လူသားမျိုးနွယ်စုရဲ့ကြီးမြတ်တဲ့ပုဂ္ဂိုလ်နဲ့ ချစ်ကျွမ်းဝင်ခဲ့ကြတယ်။ဒါ့ကြောင့်ပဲ ကောင်းကင်တာအိုမျိုးနွယ်စုတွေနဲ့ လူသားမျိုးနွယ်စုတွေအကြားက ဆက်ဆံရေးကလည်း ပိုမိုကောင်းမွန်လာခဲ့တယ်။နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်တဲ့အခါမှာတော့ မျိုးနွယ်စုနှစ်စုက မိသားစုတစ်စုလိုမျိုး စည်းရုံးလာခဲ့ကြတယ်။ "

ဒါကိုကြားတော့ ဝမ်ဖုန်းနှင့်အခြားသူများ၏မျက်ဝန်းများက တုန်လှုပ်မှုကို ဖော်ပြနေခဲ့ကြသည်။ကောင်းကင်တာအိုမျိုးနွယ်စုများနှင့် လူသားမျိုးနွယ်စုများ၏အကြား၌ ဤကဲ့သို့ လေးနက်သော လျို့ဝှက်ချက်တစ်ခု တည်ရှိနေလိမ့်မည်ဟု သူတို့ဘယ်တုန်းကမှ တွေးထင်မထားခဲ့ပါ။

ဒါဆိုရင် ဘာလို့များ ကောင်းကင်တာအိုမျိုးနွယ်စုတွေက လူသားမျိုးနွယ်စုတွေရဲ့ ပိုင်နက်နယ်မြေကို ထပ်ပြီးတော့ ကျူးကျော်လာရပြန်တာလဲ။ဖြစ်နိုင်တာက နှစ်တွေအများကြီးကြာသွားပြီးတဲ့နောက်မှာ ကောင်းကင်တာအိုမျိုးနွယ်စုတွေရဲ့ ရည်မှန်းချက်တွေကလဲ ထပ်မံအုံကြွလာခဲ့တာလား။

" ဒါပေမဲ့ ဒီလိုသာယာဖွယ်ကောင်းတဲ့ဘဝကလေးကို လူပုဂ္ဂိုလ်တစ်စုက ဖျက်စီးခဲ့ကြတယ်။ "

" မျိုးနွယ်စုနှစ်စု သဟဇာတဖြစ်နေစဥ်မှာ အရမ်းကိုအစွမ်းထက်တဲ့လူတွေက ဟုန်မာန်နတ်ဘုရားနယ်မြေမှာ ထွက်ပေါ်လာခဲ့ကြတယ်။ သူတို့က သူတို့ကိုယ်သူတို့ ကောင်းကင်ဘုံနဲ့အမှန်တရားရဲ့ ကိုယ်စားလှယ်တွေလို ခံယူခဲ့ကြတယ်။သူတို့က ကောင်းကင်တာအိုရဲ့ကိုယ်စား၊ လူသားမျိုးနွယ်နဲ့ ကောင်းကင်တာအိုမျိုးနွယ်စုတွေကို တိုက်ခိုက်စေချင်ခဲ့တယ်။ "

" စစ်ပွဲတွေဖြစ်လာမှပဲ မျိုးနွယ်စုနှစ်စုက အကြီးအကဲတွေလည်း သူတို့ရဲ့သက်တမ်းကို ဆုံးရှုံးကြရတယ်လေ။ဒါကိုပဲ သူတို့က မိုးကောင်းကင်ရဲ့ စိတ်ဆန္ဒလို့ သတ်မှတ်ခဲ့ကြတယ်။ "

" သူတို့က ဒီသီအိုရီကို မိုးကောင်းကင်ရဲ့ ပြန်လည်ဝင်စားခြင်းလို့တောင် ပြောဆိုခဲ့ကြသေးတယ်။ကမ္ဘာလောကကြီးအတွင်းမှာရှိတဲ့ မရေမတွက်နိုင်တဲ့ သက်ရှိတွေက ဘယ်လောက် အဆင့်အတန်းမြင့်မားပါစေ၊ ပြန်လည်ဝင်စားခြင်းရဲ့ ကံတရားကိုတော့ မလွဲဖယ်နိုင်ဘူးလို့ သူတို့က ဆိုကြတယ်။ ဒီလိုမှမဟုတ်ရင် ကောင်းကင်နဲ့ကမ္ဘာမြေပြင်အတွင်းက နိယာမတရားတွေကို ဖျက်စီးပစ်လိမ့်မည်ဟု သူတို့က ဝါဒဖြန့်ခဲ့ကြတယ်။ "

ထိုသို့ပြောဆိုလိုက်ပြီးနောက် ရွှမ်းယွမ်က တခဏကြာ ရပ်တန့်လိုက်သည်။သူက ရှေးဟောင်းလျို့ဝှက်ချက်ကို ဝမ်ဖုန်းတို့နားလည်စေရန် အချိန်ခဏပေးလိုက်ခြင်း ဖြစ်သည်။

ဤလျို့ဝှက်ချက်ကြောင့် ဝမ်ဖုန်းနှင့်အခြားသူများက ပိုမို၍ ထိတ်လန့်သွားခဲ့ရသည်။ရွှမ်းယွမ်ကြောင့်သာမဟုတ်ပါက သူတို့က ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကကို ရောက်ရှိသွားရင်တောင် ဤရှေးဟောင်းလျို့ဝှက်ချက်ကြီးကို ရှာဖွေတွေ့ရှိနိုင်မှာ မဟုတ်ပါ။

တနည်းအားဖြင့်ပြောရပါလျှင် ရွှမ်းယွမ်သည် ဧကရာဇ်တစ်ပါး၏ ဒုတိယမျိုးဆက်ဖြစ်ပြီး သူ၏အဆင့်အတန်းက ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကအတွင်း၌ ကြီးမြတ်လေသည်။ သာမန်လူသားတစ်ယောက်က ဒီလိုလျို့ဝှက်ချက်မျိုးကို ဘာကြောင့်များ သိရှိနေနိုင်မှာလဲ။

" လူသားမျိုးနွယ်စုရော ကောင်းကင်တာအိုမျိုးနွယ်စုရောက ဒီလူတွေရဲ့သဘောဆန္ဒကို လက်ခံပေးဖို့မဖြစ်နိုင်ဘူးလေ။ "

" ကျင့်ကြံသူတွေက မိုးကောင်းကင်ကို ဆန့်ကျင်ကြတယ်။သူတို့က အဆုံးအစမဲ့တဲ့သက်တမ်းကို ရရှိဖို့အတွက် ကောင်းကင်ရဲ့အလိုဆန္ဒကိုတောင် ဆန့်ကျင်ခဲ့ကြတာ။ဘယ်လိုကြောင့်များ ဒီလူတွေရဲ့စကားကိုလိုက်နာပြီး ပြန်လည်မွေးဖွားခြင်းသံသရာထဲကို ဝင်ရောက်ချင်ပါ့မလဲ။ "

" ကောင်းကင်တာအိုမျိုးနွယ်စုတွေနဲ့ လူသားမျိုးနွယ်စုတွေရဲ့ ကြီးမြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ ဦးဆောင်မှုနဲ့အတူ မျိုးနွယ်စုနှစ်စုက အဲ့ဒီပုဂ္ဂိုလ်တွေကို တိုက်ခိုက်ဖို့အတွက် သန်မာတဲ့ပုဂ္ဂိုလ်တွေ၊ သန်မာတဲ့စစ်အင်အားတွေ တစ်စုပြီးတစ်စု စေလွှတ်ခဲ့ကြတယ်။ "

" အဲ့ဒီတိုက်ပွဲကြီးအတွင်းမှာ ကောင်းကင်နဲ့ကမ္ဘာမြေပြင်တောင် တစစီဖြစ်ခဲ့ရတယ်။မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေကိုလည်း ဆုံးရှုံးခဲ့ရတယ်။ဒဏ္ဍာရီတွေအရတော့ ဟုန်မာန်နတ်ဘုရားဘုံလောကကြီးတောင် ထက်ခြမ်းပိုင်းသွားခဲ့တယ်တဲ့။ "

" လူသားမျိုးနွယ်စုတွေနဲ့ ကောင်းကင်တာအိုမျိုးနွယ်စုတွေရဲ့ ကြီးမြတ်တဲ့တည်ရှိမှုတွေလည်း တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ရတယ်။လူပေါင်းများစွာသေဆုံးခဲ့ပေမဲ့ အသက်ရှင်ကျန်ရစ်ခဲ့သူတွေလည်း ရှိခဲ့တယ်။ "

ရွမ်းယွမ်၏စကားဆုံးသွားသည့်အခါ ပိုင်ဟုန်၏မျက်ဝန်းများက လှုပ်ရှားသွားခဲ့ပြီး ကြားဝင်ပြောဆိုလိုက်သည်။

 " လက်ရှိကောင်းကင်တာအိုမျိုးနွယ်စုက လူသားမျိုးနွယ်စုရဲ့ပိုင်နက်ကို ကျူးကျော်နေရတာက အဲ့ဒီလူတွေရဲ့ ကြားဝင်ကြိုးကိုင်မှုကြောင့်ပဲ။ "

" ကောင်းကင်တာအိုမျိုးနွယ်စုရဲ့ ပင်မမျိုးနွယ်စုခွဲကြီး (5) ခုအနက်က မရဏ၊ ဖျက်စီးခြင်း၊ ရွှမ်ဟိုင်းမျိုးနွယ်စုတို့က လုံးဝကို ကြိုးကိုင်ခံရလုနီးပါး ဖြစ်နေပြီ။လူအနည်းစုလောက်ကသာ ခေါင်းမာစွာနဲ့ ဆက်လက်တောင့်ခံနေကြတာ။ဒါပေမဲ့ အခုကျုပ်တို့ကောင်းကင်မျိုးနွယ်စုနဲ့ ဟွမ်လျိုမျိုးနွယ်စုတို့ကတော့ ဒီဖြစ်စဥ်ကနေ ခွဲထွက်နိုင်ခဲ့ကြတယ်။ဘာလို့ဆို ကျုပ်တို့ရဲ့ ကြီးမြတ်တဲ့ တည်ရှိမှုတွေကြောင့်ပေါ့။ ကျုပ်တို့ပိုင်ဆိုင်ထားတဲ့ ရတနာကြောင့်မလို့ အဲ့ဒီလူတွေက ကျုပ်တို့ဖက်ကို စိတ်ရှိသလို ဝင်ရောက်မထိုးဖောက်နိုင်ကြဘူး။ "

ပိုင်ဟုန်၏စကားကိုကြားလိုက်ရသည့်အခါ ယဲ့မုချင်က ကောင်းကင်တာအိုမျိုးနွယ်စုများက သနားစရာကောင်းသောလူများဖြစ်သည်ဟု အဘယ့်ကြောင့်ပြောဆိုခဲ့ကြောင်းကို နောက်ဆုံးမှာ နားလည်သွားခဲ့သည်။ဤကနေ့ ရွှမ်းယွမ်နဲ့ ပိုင်ဟုန်တို့၏ပြောစကားများကြောင့်မဟုတ်ပါက ဝမ်ဖုန်းဟာ ယဲ့မုချင်ပြောဆိုခဲ့သော စကားလုံးများ၏ အစစ်အမှန်အဓိပ္ပါယ်ကို နားလည်နိုင်ခဲ့မှာ မဟုတ်ပါချေ။

ကြည့်ရတာ ယဲ့မုချင်ရဲ့အဆင့်အတန်းက သူမျှော်လင့်ထားတာထက်ပိုပြီး ရှုပ်ထွေးတဲ့ပုံပဲ။ဒီလိုမှမဟုတ်ရင် သူမက ဘယ်လိုလုပ်ရှေးဟောင်းလျို့ဝှက်ချက်ကြီးကို ထိတွေ့နိုင်မှာလဲ။

" ခင်များခန့်မှန်းမိခဲ့တယ်ဆိုတဲ့ ဆီးနှင်းကျိန်စည်းကျိန်စာကို ပြုလုပ်ခဲ့တယ်ဆိုတဲ့ လူက... "

ရွှမ်းယွမ်က တစ်စုံတစ်ခုကို တွေးတောမိသွားပုံပေါ်ကာ ပိုင်ဟုန်ကို ရုတ်တရက်စိုက်ကြည့်လိုက်ပြီး ကျယ်လောင်စွာ ရုတ်တရက် မေးမြန်းလိုက်သည်။

ထိုအသံကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်းနှင့်အခြားသူများကလည်း ထိတ်လန့်သွားကြကာ ပိုင်ဟုန်ကို အတူတကွ စိုက်ကြည့်မိလိုက်သည်။

" ဟုတ်တယ်! "

" ကျုပ်တို့ရဲ့ကောင်းကင်မျိုးနွယ်စုက အချိန်ကာလကြာမြင့်တဲ့တိုင်အောင် ခုခံခဲ့ကြတယ်။ သူတို့ကလည်း ဒါကို ဆက်လက်ပြီး သည်းမခံနိုင်တော့ဘူး။ သူတို့က ကျုပ်တို့ရဲ့ကောင်းကင်မျိုးနွယ်စုကိုလည်း သူတို့နဲ့အတူ ရေနက်ထဲအထိ ဆွဲသွင်းချင်နေတာ။ဒါမှပဲ ကောင်းကင်တာအိုမျိုးနွယ်စုတစ်စုလုံးက လူသားမျိုးနွယ်စုကို ဆန့်ကျင်ကြမှာလေ။ "

" ဒီလိုလျို့ဝှက်ဆန်းကြယ်တဲ့ ဆီးနှင်းချိပ်စည်းကျိန်စာကို အဲ့ဒီလူအုပ်စုကလွဲပြီးတော့ လူသားမျိုးနွယ်နဲ့ကောင်းကင်တာအိုမျိုးနွယ်စုတွေထဲမှာ ဘယ်သူကများ ပြုလုပ်နိုင်မှာမလို့လဲ။ "

" အနည်းဆုံးတော့ ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကနဲ့မွန်မြတ်ဘုံလောကထဲမှာရှိတဲ့ လူသားမျိုးနွယ်ရော ကောင်းကင်တာအိုမျိုးနွယ်စုရော ဘယ်သူကမှ ဒီကျိန်စာကို အသုံးမပြုနိုင်ကြဘူး။ "

ပိုင်ဟုန်က မဲမှောင်နေသောအမူအရာဖြင့် ခေါင်းညိတ်ပြောဆိုလိုက်သည်။

All Chapters