← Chapters

ကံကြမ္မာ

Vol. 42 Ch. 589

ကံကြမ္မာ

Vol. 42 Ch. 589

ဘာသာပြန်- The Fate

ပိုင်ဟုန်၏စကားကိုကြားလိုက်ရသည့်အခါ ရွှမ်းယွမ်က ခေါင်းကိုခါရမ်းလိုက်ပြီး သက်ပြင်းချလိုက်မိသည်။ဤကျိန်စာကို ထိုလူများသာ အမှန်တကယ်ပြုလုပ်ခဲ့ရိုးမှန်လျှင် မွန်မြတ်ဘုံလောကအတွင်းရှိ ကောင်းကင်မျိုးနွယ်စုသည် ကျိန်းသေပေါက် အရှုံးပေးရလိမ့်မည်။

ထိုလူတစ်စု၏ထိတ်လန့်ဖွယ်ကောင်းပုံကို ရွှမ်းယွမ်တစ်ယောက်ရှင်းရှင်းလင်းလင်း သိထားခြင်းမရှိသော်လည်း ရှေးဟောင်းစာအုပ်များမှတစ်ဆင့် ထိုလူပဂ္ဂိုလ်များကို ဟုန်မာန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူများတောင် ရင်ဆိုင်နိုင်ခဲ့ခြင်းမရှိကြောင်းကို ရွှမ်းယွမ်သိထားလေသည်။သူတို့ဆိုပါက ပြောဖွယ်ရာတောင် မလိုတော့ပါ။

သူ၏အဆင့်အတန်းဟာ ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကအတွင်း၌ ကြီးမြတ်ပုံပေါ်သော်လည်း ထိုလူများ၏မျက်ဝန်းများအတွင်း၌တော့ သူက ပုရွတ်ဆိတ်တစ်ကောင်တောင် ဟုတ်မနေပါချေ။သူတို့ရွှမ်းယွမ်နတ်ဘုရားမျိုးနွယ်စုသည် ထိုလူပဂ္ဂိုလ်များကို မော်ကြည့်နိုင်သည့်အဆင့်အတန်းမျိုးတောင် ရှိမနေပါ။

တစ်ဖက်မှာတော့ ဝမ်ဖုန်းက တည်ငြိမ်နေသေးသည်။ရွှမ်းယွမ်နဲ့ပိုင်ဟုန်တို့၏ ပြောစကားများကြောင့် သူက ထိတ်လန့်သွားခြင်းမရှိပါချေ။သူက ထိုလူပဂ္ဂိုလ်များကို ဒဏ္ဍာရီတစ်ခုအဖြစ်သာ ယူဆထားခဲ့သည်။ ထိုလူများ ဘယ်လောက်အစွမ်းထက်ပါစေ၊ လက်ရှိမှာ သူထိတွေ့နိုင်သည်ထက် ကျော်လွန်နေသည် မဟုတ်ပါလော့။သို့သော်လည်း သူဟာ ကောင်းကင်မျိုးနွယ်စု၏ကျိန်စာနှင့်ပတ်သတ်ပြီး မျှော်လင့်ချက်ရေးရေးမျှ ရှိနေသေးသည်။

သူ့တွင် နှစ်ပေါင်းများစွာကြာအောင် ထွန်းလင်းတောက်ပနိုင်သည့် ကံတရားစိတ်ဝိညာဥ်ကို ပိုင်ဆိုင်ထားသည်မဟုတ်ပါလော့။

လက်ရှိသူဟာ ကံတရားဝိညာဥ်၏ တစ်ဘီလီယံပုံတစ်ပုံကိုတောင် မဖမ်းဆုပ်နိုင်သေးပါ။ထိုလူများက ဘယ်လောက်ပဲအစွမ်းထက်ပါစေ၊ ကောင်းကင်နဲ့ကမ္ဘာမြေအကြားက လျို့ဝှက်ဆန်းကြယ်ဆုံးအရာများအနက် တစ်ခုဖြစ်သည့် ကံတရားဝိညာဥ်ကို နှိုင်းယဥ်နိုင်လိမ့်မည်ဟု သူမယုံပါ !

ထိုလူများက ကောင်းကင်ဘုံ၏ကိုယ်စားလှယ်များဟု မိမိကိုယ်ကိုပြောဆိုနေကြသော်လည်း ထိုပြောဆိုစကားက အမှန်တကယ်ဖြစ်ခဲ့လျှင်တောင်မှ သူတို့က မိုးကောင်းကင်၏ကိုယ်စားလှယ်များသာ ဖြစ်ကြ၏။မဟာတာအို၏ကိုယ်စားလှယ်များကား မဟုတ်ကြချေ။

မဟာတာအိုသည် ကောင်းကင်၏အထက်၌တည်ရှိသော ထိတ်လန့်ဖွယ်ကောင်းသည့် ဖြစ်တည်မှုကြီးတစ်ခုဖြစ်သည်။

ဘုံလောကကြီးများအတွင်း၌ မဟာတာအိုသည် ထိပ်ဆုံး၌တည်ရှိပြီး ကောင်းကင်တာအိုကတော့ မဟာတာအိုထက် တစ်ဆင့်နိမ့်ကျသေးသည်။တနည်းအားဖြင့်ပြောဆိုရပါလျှင် မဟာတာအိုသည် ကောင်းကင်တာအို၏ ပင်မရင်းမြစ်ဖြစ်သည်။၎င်း၏ထိတ်လန့်ဖွယ်ကောင်းပုံနှင့် လျို့ဝှက်ဆန်းကြယ်မှုများက ကောင်းကင်တာအိုရင်ဆိုင်နိုင်တာထက် များစွာကျော်လွန်နေသေးသည်။

" ကျုပ် ကြိုးစားကြည့်ပါမယ် "

ဤကဲ့သို့ စိတ်ပျက်နေသည့်အခါတွင် ဝမ်ဖုန်းက ရုတ်တရက် ပြောဆိုလိုက်သည်။

ထိုစကားများကိုကြားလိုက်ရသည့်အခါ ပိုင်ဟုန်နှင့်ရွှမ်းယွမ်တို့က ထိတ်လန့်သွားပြီး ဝမ်ဖုန်းကို ရုတ်တရက် လှမ်းကြည့်မိလိုက်ကြသည်။သူတို့၏မျက်နှာများအထက်၌ မယုံကြည်နိုင်သောအမူအရာများ ရှိနေခဲ့ကြသည်။

တစ်ဖက်ရှိ လီပိုင်နဲ့အခြားသူများကတော့ အဘယ်သို့သောအမူအရာမျိုးကိုမှ မပြခဲ့ပါ။သူတို့လိုလူသစ်လေးတွေက ဂိုဏ်းချုပ်ရဲ့လျို့ဝှက်ဆန်းကြယ်မှုကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ကောင်းကင်နဲ့ကမ္ဘာမြေပြင်အကြားက လျို့ဝှက်ဆန်းကြယ်ဆုံးတည်ရှိမှုက ငါတို့ရဲ့ဂိုဏ်းချုပ်ကြီးကွ!

သူတို့က ဝမ်ဖုန်းနဲ့အတူ အချိန်ကာလများစွာ နေထိုင်ခဲ့ရသော်လည်း ဝမ်ဖုန်းကိုတော့ဖြင့် ထွင်းဖောက်မမြင်နိုင်ခဲ့ပါ။ဝမ်ဖုန်းက သူတို့အတွက် လျို့ဝှက်ဆန်းကြယ်မှုတစ်ခုလို ဖြစ်နေပြီး မခန့်မှန်းနိုင်သည့်ပြောင်းလဲမှုများကိုလည်း အကြိမ်တိုင်းယူဆောင်ပေးခဲ့သည်။

ရွှမ်းယွမ်က ရှန်ရှန်ကျုံဂိုဏ်းအတွင်းကို ဝင်ရောက်လာခဲ့သော်လည်း ဂိုဏ်းအတွင်းရောက်ရှိလာသည့် သူ၏အချိန်က နည်းပါးလွန်းတာကြောင့် သူက ဝမ်ဖုန်းကို အနည်းငယ်မျှသာ နားလည်ပေသည်။ပိုင်ဟုန်ကတော့ ပြောစရာတောင်မလိုတော့ပါ။သူက ဝမ်ဖုန်း၏ခန္ဓာကိုယ်မှတဆင့် ကောင်းကင်မျိုးနွယ်စု၏ ကြီးမြတ်သောပုဂ္ဂိုလ်များ၏ အရှိန်အဝါကို ခံစားနေရရုံသာဖြစ်ပြီး ဝမ်ဖုန်းအကြောင်းကို ဘာတစ်ခုမှ သိရှိမထားပါ။

သို့ပါသော်လည်း ဝမ်ဖုန်းက ဤမျှလောက်ပြောဆိုရဲသည်အထိ ယုံကြည်မှုရှိနေလိမ့်မည်ဟုတော့ သူတို့ဘယ်တုန်းကမှ တွေးထင်မထားခဲ့ချေ။အဲ့ဒီလူတွေက ဘယ်လောက်တောင်ထိတ်လန့်ဖို့ကောင်းလိုက်သလဲ။သူတို့ အဲ့ဒါကို စကားလုံးနဲ့တောင် ဖော်ပြလို့မရနိုင်ဘူး။

ထိုခန့်မှန်းတွက်ဆမှုအပြီးမှာ ပိုင်ဟုန်ကတောင် စိတ်ပျက်အားလျော့သွားခဲ့ပြီး ကောင်းကင်မျိုးနွယ်စုမှလူများကို ကယ်တင်ရန်ကြိုးပမ်းမှုအား လက်လျော့မိခဲ့သည်။

" မင်း....မင်းတကယ်ပြောနေတာလား "

ပိုင်ဟုန်၏မျက်ဝန်းအိမ်များက ဝမ်ဖုန်းကို စူးစူးရဲရဲစိုက်ကြည့်လိုက်ပြီး သူ၏မျက်နှာထက်၌ မျှောလင့်စောင့်စားနေသောအမူအရာတစ်ခု ဖြစ်ပေါ်လာကာ ထိတ်လန့်တုန်ယင်စွာဖြင့် ပြောဆိုလိုက်သည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးက စိတ်လှုပ်ရှားမှုကြောင့် တစ်ဆက်ဆက်တုန်ယင်နေမိသည်။

သူဟာ ဝမ်ဖုန်းအကြောင်းကို များစွာသိရှိထားခြင်းမရှိသော်လည်း ဝမ်ဖုန်းလိုပါရမီရှင်တစ်ယောက်က သူ့ကို ဟာသလုပ်မှာမဟုတ်ကြောင်း သိရှိထားလေသည်။သေချာရေရာခြင်းမရှိပါက ဝမ်ဖုန်းဟာ ထိုကဲ့သို့စကားမျိုးကို ဘယ်တော့မှ ပြောမှမဟုတ်ပါ။

" ကျုပ် ကြိုးစားကြည့်ပေးလို့တော့ ရပါတယ်။ "

ဝမ်ဖုန်းက ပိုင်ဟုန်ကို တိုက်ရိုက်လှမ်းကြည့်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်သည်။

" ဘယ်လိုအရာတွေကိုပဲ လိုအပ်ပါစေ၊ဒီဧကရာဇ်ပြုမူဆောင်ရွက်ပေးနိုင်သေးသ၍ အားကုန်အင်တိုက်ဆောင်ရွက်ပေးမှာပါ။ "ပိုင်ဟုန်က တုန်ယင်နေသောခန္ဓာကိုယ်ဖြင့် နက်ရှိုင်းစွာ ပြောဆိုလိုက်သည်။

" မလိုပါဘူး...မင်းရဲ့ကတိကို ဖြည်းဆည်းပေးနေသေးသ၍ ရပါပြီ "

" ဒီဂိုဏ်းချုပ်က သူတို့ကို ကယ်တင်နိုင်သလိုမျိုး ပြန်ပြီးတော့လည်း ဖျက်စီးနိုင်တယ်! "

ဝမ်ဖုန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်ကာ ပိုင်ဟုန်ကိုစိုက်ကြည့်လျက် ထူးမခြားနားစွာ ပြောဆိုလိုက်သည်။အဆိုပါခံစားချက်တစ်စုံတစ်ရာမပါဝင်သည့်စကားများက ပိုင်ဟုန်၏အမူအရာကို တုန်ယင်သွားစေခဲ့သည်။သူဟာ ဝမ်ဖုန်း၏စကားလုံးများကို သံသယလုံးဝမဝင်မိပါချေ။

ရှန်ရှန်ကျုံဂိုဏ်းထုတ်ဖော်ပြသခဲ့သော ခွန်အားဖြင့်ဆိုပါက ဝမ်ဖုန်းသာ မွန်မြတ်ဘုံလောကအတွင်းရှိ ကောင်းကင်မျိုးနွယ်စုကို ဖျက်စီးချင်ခဲ့လျှင် သူကိုယ်၌ကတောင် တားဆီးနိုင်မှာမဟုတ်ပါ။ရွှမ်းယွမ်ကသာ သူ့ကို တားဆီးနိုင်ပေလိမ့်မည်။

ဒါ့အပြင် ကောင်းကင်မျိုးနွယ်စု၏စွမ်းအားအပေါ်မှီခိုခဲ့ရင်တောင်မှ သူတို့က ဝမ်ဖုန်းကို လုံးဝတားဆီးနိုင်မှာ မဟုတ်ပါဘူး။

" မစိုးရိမ်ပါနဲ့.....မင်းသာ သူတို့ကို ကယ်တင်ပေးရင် ဒီဧကရာဇ်က ကတိစကားကို ပြောင်းလဲပစ်မှာမဟုတ်ပါဘူး။ "

ပိုင်ဟုန်၏စကားကိုကြားရသည့်အခါ ဝမ်ဖုန်းက ခေါင်းညိတ်လိုက်သည်။

" ကျုပ်ကို ကာကွယ်ပေးထား "

ဝမ်ဖုန်းက ရှိနေကြသောလူများကို ဝေ့ကြည့်ရှူလိုက်ကာ တိုးဖွစွာ ပြောဆိုလိုက်သည်။ထို့နောက် သူက မြေပြင်ပေါ်၌ တင်ပျဥ်ချိတ်ထိုင်လိုက်လေသည်။သူ၏အသိစိတ်သည် အသိစိတ်ပင်လယ်အတွင်းသို့ နစ်မြှပ်သွားခဲ့ကာ ကံတရား၏စိတ်ဝိညာဥ်နဲ့ စတင်ဆက်သွယ်လိုက်သည်။

ဝမ်ဖုန်း၏အမိန့်ပေးသံကိုကြားလိုက်ရသည့်အခါ လီပိုင်တို့တတွေက လျစ်လျူမရှူ့ရဲပါပေ။သူတို့က ဝမ်ဖုန်း၏ပတ်ပတ်လည်၌ထိုင်ချလိုက်ကာ ဝမ်ဖုန်းကို တင်းတင်းကြပ်ကြပ်ကာကွယ်ပေးနေလိုက်သည်။ပိုင်ဟုန်က ပို၍တောင် တက်ကြွနေသေးသည်။ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်၏အစွမ်းထက်သောအရှိန်အဝါများသည် သူ့ထံမှ ပေါက်ကွဲထွက်လာခဲ့ကာ ဝမ်ဖုန်းနှင့်အခြားသူများကို ဖုံးလွှမ်းကာကွယ်ပေးနေခဲ့သည်။

ပိုင်ဟုန်၏ပုံစံက အမျက်ဒေါသထွက်နေသည့် သားရဲတစ်ကောင်အလား ဖြစ်နေခဲ့သည်။တစ်စုံတစ်ယောက်ကသာ ဝမ်ဖုန်းတို့ကို ထိခိုက်အောင်လုပ်ရဲပါက သူ၊ပိုင်ဟုန်က အရူးအမူးစတင်တိုက်ခိုက်ပေလိမ့်မည် !

တချိန်တည်းမှာပင် ဝမ်ဖုန်းတစ်ယောက် သူ၏စိတ်အသိကို အသိစိတ်ပင်လယ်အတွင်း နစ်မြှပ်လိုက်ပြီးသည့်နောက်တွင် မူလက တည်ငြိမ်နေသောစိတ်အစဥ်သည် ရုတ်တရက် လှိုင်းထန်သွားခဲ့သည်။ကံတရားဝိညာဥ်၏လက်ခုပ်အတွင်း၌ရှိနေသော ဇာမဏီဌက်ဥသည် ဝမ်ဖုန်းရောက်ရှိလာမှုကို အာရုံခံလိုက်မိသည့်အလား ရုတ်တရက်တုန်ခါလာခဲ့ကာ နုညံ့နွေးထွေးသော ရောင်စဥ်များကို ဖော်ထုတ်ခဲ့လေသည်။

ဝမ်ဖုန်း၏အသိစိတ်သည် ပုံရိပ်ကလေးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ကာ ဇာမဏီဌက်ဥကို ကြင်နာစွာ ပွတ်သပ်ပေးလိုက်သည်။ဇာမဏီဌက်ဥဟာလည်း ဝမ်ဖုန်း၏နွေးထွေးမှုကို ခံစားလိုက်ရသည့်အလား တဖြည်းဖြည်းတည်ငြိမ်လာခဲ့လေသည်။

ဝမ်ဖုန်းက မျက်မှောက်ရှိ ကံတရားဝိညာဥ်ကို စူးစိုက်ကြည့်လိုက်သည်။ သူ၏မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခု ဖြတ်သန်းသွားလေသည်။ လက်ရှိအချိန်၌ ကံတရားဝိညာဥ်၏ခန္ဓာကိုယ်တစ်ခွင်ပေါ်၌ လျို့ဝှက်ဆန်းကြယ်သော သင်္ကေတများက အဆုံးအစမဲ့စွာ ထွန်းလင်းတောက်ပနေခဲ့သည်။ထိုလျို့ဝှက်ဆန်းကြယ်သော သင်္ကေတများကို လက်ရှိဝမ်ဖုန်းကတောင်မှ ထွင်းဖောက်၍မမြင်နိုင်ခဲ့ပါ။

ရုတ်တရက်ဆိုသလို ဝမ်ဖုန်း၏အသိစိတ်က အသွင်ပြောင်းလဲထားသောပုံရိပ်ကလေးသည် မျက်မှောက်ရှိကံတရားဝိညာဥ်နဲ့ ပေါင်းစပ်လိုက်ချေသည်။

ပေါင်းစပ်လိုက်ပြီးသည်နှင့်တပြိုင်နက် ဝမ်ဖုန်းသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ကံတရား၏ပင်လယ်အတွင်း နစ်မြှပ်နေသလို ခံစားလိုက်ရသည်။သက်ရှိသတ္တဝါတိုင်း၏ကံကြမ္မာများကလည်း သူ၏မျက်ဝန်းများအတွင်း၌ ပြေးလွှားနေခဲ့ကာ သူ့ကို အိမ်မက်တစ်ခုမက်နေသကဲ့သို့ ခံစားမိစေခဲ့သည်။

သူက အံကိုတင်းတင်းကြိတ်လိုက်ပြီး ကံတရားဝိညာဥ်၏ လျို့ဝှက်ဆန်းကြယ်မှုများမှ ရုန်းထလိုက်သည်။ထို့နောက် မြင့်မားသောကံတရားဝိညာဥ်ကို သူ၏အသိစိတ်ဖြင့် တဖြည်းဖြည်းချင်း ထိန်းချုပ်လိုက်လေသည်။

" ဘုန်း...! "

ဝမ်ဖုန်းက ကံတရားဝိညာဥ်ကို စတင်ထိန်းချုပ်လိုက်သည့်အခါ သူ၏အသိစိတ်ပင်လယ်ကြီးတစ်ခုလုံးသည် ပေါက်ကွဲသံကြီးတစ်ခုနဲ့အတူ ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။အဆိုပါအသိစိတ်ပင်လယ်၏ပေါက်ကွဲထွက်လာသော လှိုင်းလုံးများသည် ကံတရားဝိညာဥ်ကို အပြည့်အဝရစ်ပတ်လိုက်ကာ ဝမ်ဖုန်းကို ဆက်လက်၍ထိန်းချုပ်ရန် အကူအညီပေးနေခဲ့သည်။ အဆုံးအစမဲ့၍ ခမ်းနားကြီးကျယ်သောစွမ်းအားများထွက်ရှိလာခြင်းကြောင့် ဝမ်ဖုန်းသည် သူဟာ ကမ္ဘာလောကကြီးကို လက်သီးတစ်ချက်ဖြင့် ဖျက်စီးနိုင်လိမ့်မည်ဟုတောင် ခံစားနေရသည်။ကမ္ဘာလောကကြီးတစ်ခုလုံး၏ နိယာမလမ်းစဥ်များကလည်း သူ၏ဦးနှောက်အတွင်းသို့ အစီအရီဝင်ရောက်နေခဲ့ကာ အင်မတန်မှ လျို့ဝှက်ဆန်းကြယ်နေသည်။

" ဘုန်း....! "

တချိန်တည်းမှာပင် ပြင်ပလောကရှိ ဝမ်ဖုန်း၏ခန္ဓာကိုယ်ကလည်း ရုတ်တရက်တုန်ခါသွားခဲ့ကာ သူ၏ခန္ဓာကိုယ်ထံမှ အဆုံးအစမဲ့သော လျို့ဝှက်တန်းကြယ်သည့်သင်္ကေတများ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။သူ၏ရုပ်ခန္ဓာသည် အဆိုပါသင်္ကေတများ၏ ထောက်ပံ့မှုအောက်တွင် လေထုအထက်၌ ဝဲလွင့်နေခဲ့သည်။မြင့်မားသောကံတရား၏စိတ်ဝိညာဥ်ကလည်း ဝမ်ဖုန်း၏နောက်ကျောဖက်၌ ရုတ်တရက်ထွက်ပေါ်လာခဲ့ကာ ရှေးဟောင်းတောအုပ်ကြီးအတွင်း၌ အဆုံးအစမဲ့သည့် အရှိန်အဝါတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။

ဤအရှိန်အဝါကြီး၏ထွက်ပေါ်လာမှုက ပိုင်ဟုန်နှင့်အခြားသူများကို တုန်ယင်သွားစေခဲ့သည်။သူတို့က ဦးခေါင်းများကို ငုံ့ချမိလိုက်ကြပြီး ဝမ်ဖုန်းကို တိုက်ရိုက်မကြည့်ရှူ့ရဲတော့ပါ။သူတို့၏နှလုံးသားအတွင်း၌ ဝမ်ဖုန်းကို အရှုံးပေးလိုသော စိတ်ဆန္ဒများ ရပ်တန့်မရအောင် ပေါက်ဖွားလာခဲ့သည်။

ပိုင်ဟုန်ထက် အစွမ်းထက်သောရွှမ်းယွမ်ကတောင်မှ ဤအရှိန်အဝါ၏ကန့်သတ်ခြင်းကို ခံလိုက်ရသည်။သူ၏စိတ်ဝိညာဥ်က အဆက်မပြတ်တုန်ခါလာလေတော့သည်။

All Chapters