← Chapters

စွဲလမ်းမှု

Vol. 42 Ch. 579

စွဲလမ်းမှု

Vol. 42 Ch. 579

Translator - Hsue Htet 

ဘုန်း!

 မဟာနတ်ဆိုးရွှမ်ရှနှင့်အခြားသူများ၏ တိုက်ခိုက်မှုစွမ်းအင်များသည် မင်ကုန်းနှင့်အခြားသူများသို့ ချွင်းချက်မရှိ ကျရောက်သွားခဲ့သည်။ ‌နားကွဲလုမတတ်သောပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ခမ်းနားထည်ဝါသောစွမ်းအင်များသည် မီးရှူးမီးပန်းများကဲ့သို့ နေရာအနှံ့သို့ ပေါက်ကွဲလွင့်စင်သွားခဲ့သည်။ လေဟာပြင်သည်လည်း ဆုတ်ပြဲသွား၏။

ကြောက်မက်ဖွယ်စွမ်းအင်မုန်တိုင်းသည် မီးတောင်ပေါက်ကွဲသကဲ့သို့ အရပ်မျက်နှာတိုင်းသို့ ရိုက်ခတ်သွားလေရာ ပတ်ဝန်းကျင်ရှိအရာအားလုံးကို သက်ရောက်သွားခဲ့သည်။

တစ်ဖက်ရှိ ကုချိုးသည်လည်း သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ထွက်ပေါ်လာပြီး ဇာမဏီစစ်နတ်ဘုရား၏ နတ်ဘုရားဘုံလောကမှ ရရှိလာသည့် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်ဓားရှည်ကို အသက်သွင်းစေလွှတ်လိုက်သည်။ 

စူးရှကျယ်လောင်သော ကြိမ်းဝါးသံကြီး လောကတစ်ခွင်၌ မြည်ဟီးသွားသည်။

လက်ရွေးစင်ပါရမီရှင်ဟု သတ်မှတ်နိုင်သည့် မျိုးဆက်သစ်လူငယ်၏ကျဆုံးမှုသည် စန်းရိ‌မြို့တော်ကျင့်ကြံသူများကို တုန်လှုပ်စေသည်။

လက်ရွေးစင်ပါရမီရှင်က ဒီလိုပဲသေသွားပြီလား?

မရဏမျိုးနွယ်စုခွဲနဲ့ ကောင်းကင်တာ့အိုမျိုးနွယ်စုခွဲတွေရဲ့ မျိုးနွယ်စုခေါင်းဆောင်တွေက ဒီလိုလွယ်လွယ်ကူကူနဲ့ အသတ်ခံလိုက်ရတာလား?

ပြင်းထန်သည့်ပေါက်ကွဲမှုနှင့် စွမ်းအင်လှိုင်းများ ဆက်လက်မြည်ဟီးပျံ့နှံ့နေဆဲဖြစ်သောကြောင့် မဟုတ်ခဲ့လျှင် သူတို့သည် ဤအဖြစ်အပျက်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့ခြင်းဟု ယုံကြည်နိုင်လိမ့်မည်မဟုတ်ပေ။

ဤသို့သောမြင်ကွင်းမျိုးသည် သူတို့၏ဘဝ၌ ပုံမှန်အားဖြင့် စိတ်ကူးမှန်းဆဝံ့သော အရာမဟုတ်ချေ။ သို့သော် ယနေ့၌ ရှန်ရှန့်ကျုံဂိုဏ်းကြောင့် လက်တွေ့ဖြစ်‌ပျက်သွားခဲ့သည်။

မင်ကုန်းနှင့်အခြားသူများ ရှုံးနိမ့်သွားပြီးနောက်၌ ကောင်းကင်တာ့အိုမျိုးနွယ်စုနှင့် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမသည် ‌ခြိမ်းခြောက်မှုတစ်ရပ် မဟုတ်တော့ပေ။

အချိန်တစ်ခုအထိ စန်းရိမြို့တော်ကျင့်ကြံသူများသည် ကျောက်ဆစ်ရုပ်များအလား ပေါက်ကွဲမှုကြီးကို ‌ကြောင်အ,စွာကြည့်နေခဲ့ကြသည်။ ထို့နောက် သူတို့၏မျက်လုံးအိမ်တို့၌ အလင်းတစ်စ တောက်ပသွား၏။

“ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများနှင့် ဂိုဏ်းတပည့်ရွှမ်းယွမ်တို့မှ ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူ၄ဦးကို သတ်ဖြတ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်၄ထရီလီယံနှင့် ချန်ခွမ်းအထွတ်အမြတ်ဘုံ ကျပန်းဆင့်ခေါ်ခွင့်၁ဝခု ရရှိပါတယ်”

“ရှန်ရှန့်ကျုံဂိုဏ်းတပည့်ကုချိုးမှ ပါရမီရှင်မျိုးဆက်သစ်လူငယ်၁၂ဦးကို ခေါင်းဖြတ်ကွပ်မျက်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ကံကောင်းမှုချီ၂၀၀ဘီလီယံနှင့် ချန်ခွမ်းအထွတ်အမြတ်ဘုံ ကျပန်းဆင့်ခေါ်ခွင့်၃ခု ရရှိပါတယ်”

မင်ကုန်းနှင့်အခြားသူများ၏ သေဆုံးမှုနှင့်အတူ ဝမ်ဖုန်း၏စိတ်ထဲမှ အေးစက်သည့်အသံထွက်ပေါ်လာသည်။

မည်သို့ပင်ဖြစ်စေ ဤမျှသောဆုလာဘ်သည် ဝမ်ဖုန်း၏စိတ်နှလုံးကို မလှုပ်ကိုင်နိုင်ပေ။ မျက်နှာအမူအရာတည်ငြိမ်စွာဖြင့် စစ်မှန်သည့်နတ်ဘုရားတစ်ပါးကဲ့သို့ လေဟာပြင်ထက်တွင်ရပ်၍ လောကတစ်ခွင်ကို အထက်မှအုပ်မိုးကြည့်နေခဲ့သည်။

ထိုအခိုက်အတန့်၌ ကမ္ဘာလောကတစ်ခုလုံးသည် ပေါက်ကွဲသံကြီးမှအပ မည်သည့်အသံမျှ မရှိတော့ပေ။

စန်းရိဧကရာဇ်အပါအဝင် စန်းရိမြို့တော်ကျင့်ကြံသူအားလုံးသည် အသံပျောက်ရှနေကြ၏။ သူတို့အချိန်ကြာမြင့်စွာ တိုက်ခိုက်နေခဲ့သည့် ရန်သူများသည် ရုတ်တရက်ဆန်လှစွာဖြင့် သူတို့၏ရှေ့၌ သေဆုံးသွားခဲ့သည်။

တိုက်ပွဲနေရာကို စန်းရိမြို့တော်ထဲမှ ကြည့်ရှုနေသည့် စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးများသည်လည်း အိပ်မက်,မက်နေသည်ကဲ့သို့ ခံစားနေကြရသည်။ အတိတ်ကာလများ၌ မရဏမျိုးနွယ်စုနှင့် အခြားကောင်းကင်တာ့အိုမျိုးနွယ်စုများသည် ချန်ခွမ်းအထွတ်အမြတ်ဘုံလောကကို ‌ကပ်ဘေးအန္တရာယ်များ ‌ယူဆောင်လာခဲ့သည်။

အတိတ်နှစ်တစ်နှစ်၏တိုက်ပွဲအတွင်း၌ ချန်ခွမ်းအထွတ်အမြတ်ဘုံလောက တစ်ဝက်မျှ ပျက်စီးခဲ့ရသည်။ စွမ်းအားမြင့်ပုဂ္ဂိုလ်များကို အချိန်မီစုစည်း၍ အင်ပါယာတည်ထောင်ခြင်းဖြင့် ခုခံနိုင်ခဲ့သောကြောင့် မဟုတ်ခဲ့လျှင် ၎င်းကောင်းကင်တာ့အိုမျိုးနွယ်စုခွဲများသည် ချန်ခွမ်းအထွတ်အမြတ်ဘုံလောက တစ်ဝက်မျှကို သိမ်းပိုက်ထားပြီး ဖြစ်လောက်ပေမည်။ 

သို့သော်ငြား ထိုမျှအင်အားကြီးမားသော ကောင်းကင်တာ့အိုမျိုးနွယ်စု၏ စွမ်းအားမြင့်ကျင့်ကြံသူများသည် ရှန်ရှန့်ကျုံဂိုဏ်း၏ ကွပ်မျက်ခြင်းကို ခံလိုက်ရသည်။ ပါရမီရှင်မျိုးဆက်သစ်များကိုပါ အမြစ်ဖြတ်သုတ်သင်ပစ်ခဲ့၏။

ဤအခြင်းအရာသည် ချန်ခွမ်းအထွတ်အမြတ်ဘုံလောက၏ လူသားမျိုးနွယ်စုများအနေဖြင့် တန်ပြန်တိုက်ခိုက်နိုင်သည့်တစ်နေ့သို့ ရောက်ရှိခဲ့ပြီဟုလည်း အဓိပ္ပာယ်ရပေသည်။

အချိန်တစ်ခုအထိ ခုနစ်ပြည်ထောင်၏ဧကရာဇ်များမှာ တိတ်ဆိတ်နေကြသည်။ ထို့နောက် အလင်းတစ်စဖြင့် စန်းရိမြို့တော်သို့ ရောက်ရှိလာကြသည်။ ရှန်ရှန့်ကျုံဂိုဏ်းသည် အလွန်တရာအင်အားကြီးမားလွန်းလှရာ အဘယ်ကြောင့်များ အရောက်လာ၍ ဆက်‌ဆံရေးတစ်ခုတည်ဆောက်နိုင်မည့် အခွင့်အရေးကို လက်လွှတ်ရပါအံ့နည်း။

ပြင်းထန်သည့်ပေါက်ကွဲသံကြီး ငြိမ်သက်သွားစေရန် နာရီဝက်ခန့်ကြာမြင့်ခဲ့သည်။ သို့တိုင် ပြင်းထန်သည့်စွမ်းအင်များ ပျံ့နှံ့နေဆဲပင်။ မင်ကုန်းနှင့်အခြားသူများသည်တော့ အရိုးတစ်စပင် မကျန်ရစ်သည်အထိ အစိတ်စိတ်အမွှာမွှာကြေမွသွားခဲ့လေပြီ။ 

ရွှမ်းယွမ်နှင့်အခြားသူများသည် ဝမ်ဖုန်းဆီသို့ ပြန်လာကြသည်။ ဝမ်ဖုန်းသည် မတွေ့တာကြာခဲ့ပြီဖြစ်သော ရှောင်ဝမ်ရွှယ်လေး၏‌ဦးခေါင်း အပြုံးဖြင့်ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်သည်။ ရှောင်ဝမ်ရွှယ်သည်လည်း ပျော်မွေ့နေလေသည်။

“ဂိုဏ်းချုပ်ဝမ်!”

ထိုအခိုက်အတန့်၌ စန်းရိဧကရာဇ်လည်း ရောက်ရှိလာပြီး လေးစားရိုသေသည့်အမူအရာဖြင့် ဝမ်ဖုန်းကို နှုတ်ဆက်သည်။ 

ရှန်ရှန့်ကျုံဂိုဏ်း၏ အင်အားကြီးမားမှုကို မျက်မြင်တွေ့ခဲ့ရလေရာ စန်းရိဧကရာဇ်သည် ဝမ်ဖုန်း၏ရှေ့၌ အဘယ်သို့များ ဧကရာဇ်တစ်ပါးကဲ့သို့ ဝံ့ကြွားပြုမူနိုင်ပါမည်နည်း။

“စန်းရိဧကရာဇ် ယဉ်ကျေးလွန်းနေပါပြီ”

ဝမ်ဖုန်းမှ အပြုံးဖြင့် ပြန်လည်အရိုအသေပြုနှုတ်ဆက်သည်။

မကြာမီကပင် စန်းရိဧကရာဇ်၏လုပ်ဆောင်ပြုမူခဲ့ပုံတို့ကို လီချင်းတို့ထံမှ ဝမ်ဖုန်း သိရှိထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဝမ်ဖုန်းသည် စန်းရိဧကရာဇ်အပေါ်၌ ကောင်းမွန်သည့်အမြင်ရှိပေသည်။

“ချန်ခွမ်းအထွတ်အမြတ်ဘုံ‌လောကကို ကျူးကျော်ဝင်ရောက်နေတာ ကြာမြင့်နေပြီဖြစ်တဲ့ ကောင်းကင်တာ့အိုမျိုးနွယ်စုခွဲခေါင်းဆောင်တွေကို ဒီကကျင့်ကြံသူမိတ်ဆွေတွေက အလွယ်တကူပဲ သုတ်သင်ပစ်နိုင်မယ်လို့ ငါအရှင် တကယ်မျှော်လင့်မထားမိဘူး။ အရမ်းကို ဝမ်းမြောက်ကျေနပ်မိပါတယ်”

“ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ချန်ခွမ်းအထွတ်အမြတ်ဘုံလောကနဲ့ လူသားမျိုးနွယ်အတွက် ဒီတစ်ကြိမ်အကူအညီပေးခဲ့မှုက အရမ်းကိုကြီးမားလွန်းလှပါတယ်”

“ငါအရှင် စားသောက်ပွဲကြီး ပြင်ဆင်ထားပြီးပြီမလို့ ဂိုဏ်းချုပ်ဝမ်ကို တက်ရောက်ဖို့ဖိတ်ခေါ်ချင်ပါတယ်”

စန်းရိဧကရာဇ်သည် စိတ်ရင်းကိုဖော်ထုတ်ပြသ၍ လက်ဟန်ဖြင့်အရိုအသေပြု ဖိတ်ကြားသည်။

“ကောင်းပါပြီ”

ဝမ်ဖုန်း သဘောတူညီလိုက်သည်။ ထို့နောက် ဖိတ်ခေါ်ခံခဲ့ရသည့် ပိုင်ဟုန်အပါအဝင် ဝမ်ဖုန်းတို့လူအုပ်စုသည် စန်းရိဧကရာဇ်၏ဦးဆောင်မှုဖြင့် စန်းရိမင်းဆက်နန်းတော်သို့ ဦးတည်သွားခဲ့သည်။

ပိုင်ဟုန်သည် ကောင်းကင်တာ့အိုမျိုးနွယ်စုဝင်ဖြစ်သော်ငြား ဤတစ်ကြိမ်တွင် ရှန်ရှန့်ကျုံဂိုဏ်းကို ကူညီခဲ့၏။ ထို့ကြောင့် စန်းရိဧကရာဇ်သည် ဝမ်ဖုန်း စိတ်မငြိုငြင်ရစေရန်အတွက် ပိုင်ဟုန်ကို ချန်ရစ်မထားဘဲ ဖိတ်ခေါ်ခဲ့သည်။ 

ဝန်ဖုန်းတို့အားလုံး ထွက်ခွာသွားပြီးနောက်မှ စန်းရိမြို့တော်ကျင့်ကြံသူများသည် ထိတ်လန့်ကြောင်အ,နေရာမှ အသိပြန်ဝင်လာကြပြီး တိုက်ပွဲအကြောင်းကို ကျယ်လောင်စွာ၊ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုဆွေးနွေးကြသည်။

“ရှန်ရှန့်ကျုံဂိုဏ်းက ဒီလောက်ထိ အရမ်းအင်အားကြီးလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ တကယ့်ကို ကြောက်ခမန်းလိလိပါပဲဗျာ”

“ဟုတ်ပဗျာ! ရှန်ရှန့်ကျုံဂိုဏ်းကို ဘယ်လိုနည်းလမ်းနဲ့များ ဝင်လို့ရမလဲမသိဘူး?”

“ဒီတစ်ကြိမ် ရှန်ရှန့်ကျုံဂိုဏ်းက ချန်ခွမ်းအထွတ်အမြတ်ဘုံလောကကို အခြေအနေသစ်တစ်ရပ်အဖြစ် ဖွဲ့စည်းလိုက်ပြီထင်မိတယ်။ အနာဂတ်မှာ ချန်ခွမ်းအထွတ်အမြတ်ဘုံလောကမှာ ဘာအထွေထူးကိစ္စရပ်မှ မရှိရင် ရှန်ရှန့်ကျုံဂိုဏ်းက လုံးဝလေးစားခံရမှာပဲ”

ဆူညံမှုများအကြား၌ စန်းရိမြို့တော်ကျင့်ကြံသူများသည် လူစုခွဲသွားကြသည်။ စန်းရိမြို့တော်အပြင်ဘက်ကွင်းပြင်မှာ ကြောက်မက်ဖွယ်တိုက်ပွဲကြောင့် အပျက်အစီးများသာလျှင် ကျန်ရစ်ခဲ့တော့သည်။

မင်းသားကြီးသည် စန်းရိမြို့တံတိုင်းထက်တွင် အေးစက်စွာရပ်၍ အချိန်အတော်ကြာ အသိစိတ်မကပ်နိုင်ဘဲ ဖြစ်နေလေသည်။

ကနဦး၌ မရဏမျိုးနွယ်စုသည် သူ့ကို ထီးနန်းရယူရန် ကူညီပေးမည်ဟု စီစဉ်ထားခဲ့သည်။ သို့သော် တိုက်ပွဲအပြီး၌ မရဏမျိုးနွယ်စုနှင့် ဆက်လက်ပူးပေါင်းသင့်သည်၊ မသင့်သည်ကို တွေဝေစဉ်းစားနေရန်ပင် မလိုအပ်ခဲ့ပေ။ မရဏမျိုးနွယ်စုခေါင်းဆောင်သည် သေဆုံးသွားခဲ့၏။

လန်လဲ့ ပို၍မခံမရပ်နိုင်ဖြစ်ရသည်မှာ သူ၏အခြားမဟာမိတ်ဖြစ်သည့် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်သည်လည်း အသတ်ခံလိုက်ရပြီး နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမသည်လည်း အချိန်တိုအတွင်း ပျက်စီးသွားခဲ့သည်။

ချန်ခွမ်းအထွတ်အမြတ်ဘုံလောကတစ်ခုလုံးမှာ သူ့အား ထီးနန်းရရှိရန်ကူညီပေးနိုင်မည့် အင်အားစုကို ရှာမတွေ့နိုင်တော့ပေ။

ကောင်းကင်ဘုံကတောင်မှ သူ့အပေါ်ကောင်းကောင်းဆက်ဆံပေးဖို့ မဖြစ်နိုင်တာများလား?

အဲ့လိုမှ မဟုတ်ရင် သူ့အပေါ် ဘာလို့ဒီလိုလုပ်ရတာလဲ? ‌သူ့ရဲ့မျှော်လင့်ချက်တွေ အကောင်အထည်ပေါ်ဖို့ အနီးစပ်ဆုံးဖြစ်လာချိန်မှာမှ နတ်ဘုရားလိုဂိုဏ်းတစ်ဂိုဏ်းထွက်ပေါ်လာပြီး သူ့ရဲ့မျှော်လင့်ချက်တွေကို တစ်စစီဆုတ်ဖြဲပစ်ခဲ့တယ်။

ဒီလိုမဖြစ်သင့်ဘူး!

လန်လဲ့သည် ကံကြမ္မာကိုမယုံကြည်သည့် အေးစက်သည့်လူသားဖြစ်သည်။ ကောင်းကင်ဘုံကိုမယုံကြည်၊ မိမိကိုယ်ကိုသာ ယုံကြည်၏။

ကြိုးစားအားထုတ်မှုနှင့် တန်ကြေးပေးဆပ်လျှင် ထီးနန်းကိုရယူနိုင်မည်ဟု ယုံကြည်ခဲ့သည်။ 

လန်လဲ့၏မျက်လုံးအိမ်များ နီမြန်းလာသည်။ စန်းရိမင်းဆက်၏ထီးနန်းပလ္လင်သည် သူ၏စိတ်နှလုံးတွင် စွဲလမ်းမှုဖြစ်တည်နေခဲ့လေပြီ။ သို့ဖြစ်ရာ ထီးနန်းကို မရယူနိုင်ပါက သူ၏ဤတစ်ဘဝလုံးမှာ ပင်ပန်းဆင်းရဲနေရမည်ဖြစ်၏။ ထီးနန်းကိုရယူနိုင်ခဲ့ပါက သူ၏အနာဂတ်ကျင့်ကြံရေးလမ်းကြောင်းသည် တုနှိုင်းမဲ့ကြီးမြတ်မည်ဖြစ်သည်။

ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားသည် သူ့ကို ကြောက်ရွံ့ထိတ်လန့်စေခဲ့ပါ၏။ သို့သော်ငြား သူ၏စိတ်နှလုံးတွင်းမှ စွဲလမ်းမှုသည် ကြီးမြတ်သည့်ထီးနန်းပလ္လင်ကို လက်မလွှတ်နိုင်ဘဲဖြစ်နေစေခဲ့သည်။

All Chapters