← Chapters

သန်မာသော မိမိကိုယ်ကို ယုံကြည်မှု။

Vol. 42 Ch. 583

သန်မာသော မိမိကိုယ်ကို ယုံကြည်မှု။

Vol. 42 Ch. 583

ဘာသာပြန်- The Fate

ယွမ်၏စကားကို ကြားလိုက်ရသည့်အခါ လန်လဲ့၏ တစ်ကိုယ်လုံးဟာ တုန်လှုပ်သွားခဲ့ပြီး အဆုံးအစမရှိသော အံ့အားသင့်မှုများကလည်း သူ၏ နှလုံးသားအတွင်း တလှိုက်လှိုက်ပေါက်ဖွားလာခဲ့သည်။ သူ၏ဆရာက အရမ်းကို ကြောက်လန့်ဖွယ်ကောင်းနေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးထင်ခဲ့မိပါ။

"ရှန်ရှန်ကျုံ့ဂိုဏ်း!"

"ကျစ် ကျစ်"

သူ၏မျက်ဝန်းများအတွင်း၌ အေးစက်သော အလင်းတန်းတစ်ခုရှိနေခဲ့ပြီး သူဟာ လှောင်ပြောင်ရယ်မောလိုက်ချေသည်။

လက်ရှိသူဟာ ရှန်ရှန်ကျုံ့ဂိုဏ်းအပေါ် ဆက်လက်၍ အာရုံစိုက်မနေတော့ပါ။ လက်ရှိသူ၏ ကျင့်ကြံမှုဟာ စကြဝဠာကြီးတစ်ခုလုံးအတွင်း၌ ပြိုင်ဘက်ကင်းဖြစ်နေပြီးသားပင် မဟုတ်ပါလော။

"ထွီ!"

 ယွမ်ဟာ သူ၏ ပါးစပ်ကို ဖွင့်ဟလိုက်ပြီး ထွေးအန်လိုက်သည့်အခါ အလင်းတန်းတစ်ခုသည် သူ့နှုတ်ဖျားမှထွက်လာခဲ့ကာ လန်လဲ့၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။ 

အဆိုပါအလင်းတန်းသည် ရိုးရှင်းရှည်လျားသော ဓားရှည်တစ်ခုအဖြစ်ကို ပြောင်းလဲသွားခဲ့သည်။ အဆိုပါသန်မာသောဓားရှည်သည် လေဟာပြင်အတွင်း၌ ခပ်ဖျဖျ လင်းလက်တောက်ပနေခဲ့ကာ သန်မာသော ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်၏ စွမ်းအားများသည် ဓားရှည်ထံမှ ပေါက်ကွဲထွက်ပေါ်လျက် ရှိလေသည်။ ၎င်းဓားရှည်ကို ထူထပ်သိပ်သည်း၍ လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများဖြင့် ဖုံးကာထားသည်။ အဆိုပါလျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများကို ခပ်ကြာကြာ စူးစိုက်ကြည့်မိပါက လူအများကို တွေဝေမေ့မူးစေနိုင်၏။

"ဒါက ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်ရဲ့ ကောင်းကင်ဘုံနဂါးဧကရာဇ်ဓားပဲ။"

"အခုတော့ အဲ့ဒါရဲ့အဆင့်က ဧကရာဇ်နယ်ပယ်မှာပေါ့။ ဒါပေမယ့် မင်းရဲ့ကျင့်ကြံမှု မြင့်မားလာတာနဲ့တစ်ပြိုင်နက် ဓားရှည်ရဲ့ကျင့်ကြံမှုကလည်း ဆက်လက် မြင့်တက်လာလိမ့်မယ်။"

ယွမ်၏စကားကို ကြားလိုက်ရသည့်အခါ လန်လဲ့ဟာ အပျော်များဖြင့် ပြည့်နှက်သွားပြီး ယွမ်ဘက်ကို ထပ်မံ၍ လေးလေးစားစားဂါရဝပြုကာ ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ်ဆရာ။ ဒီရတနာပစ္စည်းကို ပေးအပ်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်!"

"ထွီ!"

ယွမ်ဟာ သူ၏ပါးစပ်ကို ထပ်မံ၍ ဖွင့်ဟလိုက်ပြီး အလင်းတန်းနှစ်တန်းကို အန်ထုတ်လိုက်ပြန်သည်။ အဆိုပါအလင်းတန်းနှစ်တန်းဟာ လန်လဲ့၏ရှေ့၌ မျောလွင့်နေခဲ့သည်။

အလင်းတန်းနှစ်တန်းအနက် တစ်ခုဟာ လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံတစ်ခုဖြစ်လာခဲ့ပြီး ကျန်တစ်ခုကတော့ ရွှေရောင်တဖိတ်ဖိတ်တောက်ပနေသော ဖိနပ်များဖြစ်၏။

"ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ် မှော်ဝင်ရတနာ၊ ရွှမ်ဖုန်းဧကရာဇ်ဝတ်ရုံနဲ့ရွှေရောင်ဧကရာဇ်ဖိနပ်တွေပဲ။"

"အဲ့ဒါတွေကလည်း ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ် မှော်ဝင်ရတနာတွေ။ မင်းရဲ့ ကျင့်ကြံမှုမြင့်တက်လာခဲ့ရင် ဒီရတနာပစ္စည်းတွေရဲ့ အဆင့်ကလည်း မြင့်တက်လာလိမ့်မယ်။"

ယွမ်၏စကား ဆုံးသွားသည့်အခါ လန်လဲ့ဟာ အရမ်းကို အံ့သြသွားတာကြောင့် ပြောစရာစကားတောင် ကင်းမဲ့သွားခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်လှုပ်နေခဲ့တာကို မရပ်တန့်နိုင်တော့ပါ။

ဤတံဆိပ်ပြားနေရာလွတ်အတွင်းသို့ ဝင်ရောက်လာခြင်းက ဤကဲ့သို့ အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း သူ ကြိုတင်သိရှိထားပါက ဒီနေရာကို လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ဝင်ရောက်လာခဲ့ပြီး ဖြစ်ပေလိမ့်မည်။

ဤတစ်ကြိမ်၌ သူဟာ ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်ကို ရောက်ရှိသွားခဲ့ရုံသာမက ဧကရာဇ်နယ်ပယ်ကို ရောက်ရှိနေသော မှော်ဝင်ရတနာပစ္စည်းသုံးခုကိုလည်း လက်ခံရရှိခဲ့သည်။ ဤကဲ့သို့ ကြီးမားသော အကျိုးအမြတ်များဟာ သူ မျှော်လင့်ထားတာထက် များစွာကျော်လွန်နေလေသည်။

"ဒီတပည့်က ဘဝတစ်ခုလုံးကို ပေးဆပ်ပြီး ဆရာသခင်ရဲ့ ကြင်နာမှုကို အမှတ်ရနေပါ့မယ်။"

အချိန်အတော်ကလေးကြာသည့်အခါမှသာ လန်လဲ့ဟာ သူ့နှလုံးသားအတွင်းရှိ ကသောင်းကနင်းဖြစ်နေမှုကြီးကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး ဒူးထောက်ချလျက် ယွမ်ထံသို့ လေးလေးစားစား ပြောဆိုလိုက်သည်။ သူ၏စကားလုံးများဟာ ကမ္ဘာလောကအတွင်း ပဲ့တင်ထပ်လျက်ရှိချေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး၌လည်း စိတ်ထားခိုင်မာမှုတို့ဖြင့် ပြည့်နှက်လျက်ရှိသည်။

ယွမ်ဟာ ဖြေးလေးစွာ ခေါင်းငြိမ့်လိုက်သည်။ သူဟာ နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ရှင်သန်နေထိုင်ခဲ့ပြီးသူဖြစ်ကာ သူ၏အသိပညာဗဟုသုတများက သာမန်လူများ နှိုင်းဆနိုင်တာထက် ကျော်လွန်နေခဲ့သည်။ ထို့အတွက်ကြောင့် ရတနာပစ္စည်းများစွာကို ပေးအပ်ခဲ့ရသော်လည်း ယွမ်ဟာတော့ အနည်းငယ်မျှသော တွန့်တိုမှုကိုမျှ မပြခဲ့ပါ။

"သွားပါ။ လုပ်စရာရှိတာကို ကောင်းကောင်းသွားလုပ်ပါ။"

"ဟုတ်ကဲ့။ ဒီတပည့် သွားပါတော့မယ်။"

ယွမ်၏စကားကို ကြားလိုက်ရသည့်အခါ လန်လဲ့က လေးလေးစားစား လက်သီးဆုပ် ဂါရဝပြုလိုက်ပြီး နက်ရှိုင်းသော အသံဖြင့် ပြောဆိုလိုက်သည်။

ထိုသို့ ပြောဆိုလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် သူ၏ ပုံရိပ်ဟာလည်း နေရာလွတ်နယ်မြေအတွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ကာ ချိတ်ပိတ်ခံထားရသော ယွမ်တစ်ယောက်တည်းကိုသာ ထားရစ်ခဲ့တော့သည်။

"ဒီလူအိုကြီး ပြန်လည်လွတ်မြောက်လာတဲ့အခါ မင်းတို့အားလုံးကို ကျိန်းသေပေါက် ချေမှုန်းပစ်မယ်။"

အဘိုးအိုယွမ်၏ ကြီးမားသော မျက်ဝန်းအိမ်ကြီးများအတွင်း၌ ရေခဲတစ်မျှအေးစက်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့ကာ ကျယ်လောင်သော ဟိန်းဟောက်သံကြီးသည် နေရာလွတ်နယ်မြေအတွင်း ပဲ့တင်ထပ်သွားခဲ့ကာ နယ်မြေတစ်ခုလုံးကို အချိန်မရွေး ပေါက်ကွဲတော့မည်ကဲ့သို့ အဆက်မပြတ် ခါယမ်းစေခဲ့၏။

.......

မင်းသားလန်လဲ့၏ ပုံရိပ်သည် မူလက ပိန်းပိတ်နေအောင် မှောင်မဲသောခန်းမကြီးအတွင်း၌ ပြန်လည်၍ ထွက်ပေါ်လာခဲ့သည်။ ဤအချိန်၌ သူ၏ အေးစက်ပြီး စိတ်ဓာတ်တက်ကြွနေသော စိတ်ဝိညာဥ်က ကမ္ဘာလောကကြီးကို ငုံ့မိုးကြည့်ရှုနေသည့် အရှိန်အဝါမျိုး ထုတ်ဖော်နေခဲ့ကာ ယခင်ကအမူအယာနှင့် လားလားမျှ မတူညီတော့ပါ။

သူ့ဖခမည်းတော်နှင့် ကျန်လူများ ထောက်လှမ်းသိရှိသွားခြင်းမှ ကာကွယ်ရန်အတွက် မင်းသားလန်လဲ့သည် သူ၏ အရှိန်အဝါများကို အဆုံးစွန်ထိတိုင် ဖိနှိပ်လိုက်သည်။

"ရှန်ရှန်ကျုံ့ဂိုဏ်းလား။ စောင့်နေလိုက်စမ်းပါ။ သိပ်မကြာခင်မှာ ဒီမင်းသားက မင်းတို့ကို ချေမှုန်းပစ်မယ်။"

"လန်လင်း မင်းမျှော်လင့်ခဲ့မိရဲ့လား။ မင်းရဲ့နောက်ခံက ဘယ်ဘောက် အစွမ်းထက်နေပါစေ၊ ဒီမင်းသားကိုတော့ ယှဥ်ပြိုင်နိုင်မှာတဲ့လား။"

လန်လဲ့၏ မျက်ဝန်းများအတွင်း၌ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီး သူဟာ နန်းတော်ကြီးများရှိရာသို့ စူးစိုက်ကြည့်ရှုလိုက်ကာ ပြောဆိုလိုက်သည်။ ရက်စက်သော အပြုံးတစ်ခုသည် သူ၏မျက်နှာထက်၌ ပေါ်ထွက်လာခဲ့ကာ သူ၏အေးစက်သော စကားလုံးများက မဟူရာနန်းတော်ပြီးအတွင်း၌ ဟိန်းလျက်ထွက်ပေါ်လာခဲ့သည်။ ထိုသို့ ရေရွတ်ပြောဆိုလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် သူ၏ ပုံရိပ်ကလည်း ဝေဝါးပျောက်ကွယ်သွားခဲ့လေသည်။

တစ်ဖက်၌ စစ်ထူမိသားစုအိမ်တော်အတွင်းတွင် စစ်ထူရှင်းသည် သူ့ကိုယ်သူ အဓိကခန်းမကြီးအတွင်း၌ ပိတ်လှောင်ထားခဲ့ပြီး သူ၏ နှလုံးသားက ထိန်းချုပ်မရ တုန်လှုပ်နေခဲ့သည်။

သူဟာ ရှန်ရှန်ကျုံ့ဂိုဏ်းနှင့် ကောင်းကင်တာအိုမျိုးနွယ်စုများအကြားမှ တိုက်ပွဲတစ်ခုလုံးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီး ရှန်ရှန်ကျုံ့ဂိုဏ်းထုတ်ဖော်ပြသခဲ့သော ခွန်အားကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။

ဤအချိန်တွင် စစ်ထူရှင်းဟာ လက်စားချေမည့်အကြောင်းကို လုံးဝမတွေးတောနိုင်တော့ပါ။

သား ဟုတ်လား။ သူ့ရဲ့ဘဝက ဘယ်လောက်များ အဖိုးတန်လို့လဲ။ စစ်ထူမိသားစုတစ်ခုလုံးရဲ့ အမွေဆက်ခံသူတစ်ယောက်က ဒီလောက်များ အဖိုးတန်လို့လား။

သူ့သားသေဆုံးသွားရင်လည်း သူ နောက်ထပ်မွေးနိုင်သေးတယ်။ သူ သေဆုံးသွားရင်တော့ သား အများကြီးရှိတာက ဘာများ အသုံးဝင်တော့မှာလဲ။

စစ်ထူရှင်းဟာ သူ ပထမမင်းသားနှင့် တိတ်တဆိတ် သဘောတူညီခဲ့သည့်အကြောင်း တွေးတောမိလိုက်သည့်အခါ ထိတ်လန့်ခြောက်ခြားသွားခဲ့ရသည်။ ဤကဲ့သို့ အစွမ်းထက်သော ရှန်ရှန်ကျုံ့ဂိုဏ်းနှင့်ဆိုပါက သူတို့ ဘယ်လိုမျိုးပြင်းထန်တဲ့ မုန်တိုင်းကို ရင်ဆိုင်ရတော့မှာလဲ။

အဲ့ဒါက သေခြင်းတရားပဲ!

"ဝှစ်!"

စစ်ထူရှင်းတစ်ယောက် ထိတ်လန့်တုန်လှုပ်နေစဥ်မှာပဲ ခန်းမကြီးအတွင်းရှိ လေဟာပြင်က တသိမ့်သိမ့်တုန်လှုပ်သွားခဲ့ပြီး ပထမမင်းသား၏ အေးစက်သော ရုပ်ပုံလွှာသည် လေထုအတွင်းမှ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

"ဘာလဲ။ ဂုဏ်သရေကြီးမြတ်တဲ့ စစ်ထူမိသားစုရဲ့ ခေါင်းဆောင်က သေခြင်းတရားကို ကြောက်ရွံ့နေတာလား။"

ထွက်ပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် လန်လဲ့ဟာ စစ်ထူရှင်း၏ ထိတ်လန့်တုန်လှုပ်နေသော အသွင်အပြင်ကို တွေ့မြင်လိုက်ရသည်။ သူက ချက်ချင်းကို လှောင်ပြောင်ရယ်မောလိုက်ချေသည်။ သူ၏အသံက ခေါင်းလောင်းမြည်သံကြီးကဲ့သို့ စစ်ထူရှင်း၏ စိတ်ဝိညာဥ်ထိတိုင် ထွင်းဖောက်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းကွပ်မရ တုန်ယင်သွားစေခဲ့သည်။

စစ်ထူရှင်းဟာ ပြန်လည်၍ သတိဝင်လာခဲ့ပြီး လန်လဲ့ကို အံ့အားသင့်မှု၊ တုန်လှုပ်မှူများဖြင့် လည်ပြန်လှည့်ကြည့်လိုက်ကာ သံသယများဖြင့် ရေရွတ်လိုက်သည်။

"မင်း ဒါ ဒါက"

အကြောင်းအရင်းတစ်ချို့ကြောင့် စစ်ထူရှင်းသည် လန်လဲ့တစ်ယောက် အကြီးအကျယ် ပြောင်းလဲနေသကဲ့သို့ ခံစားနေရသည်။ သူတော်စင်တစ်ပါးဖြစ်သည့်သူကတောင် ဤအချိန်၌ လန်လဲ့ထံမှ ပြောမရနိုင်သည့် ဖိအားတစ်ရပ်ကို ခံစားနေခဲ့ရသည်။ သူဟာ ထိတ်လန့်ဖွယ်ကောင်းသော တည်ရှိမှုကြီးတစ်ခုနှင့် ရင်ဆိုင်နေခဲ့ရသည့်အလား ဖြစ်နေခဲ့ကာ သူ၏ စိတ်ဝိညာဥ်တစ်ခုလုံးက ရုတ်တရက် အေးခဲသွားခဲ့သည်။

"ဒီမင်းသားက မင်းကို မေးခွန်းတစ်ခုပဲ မေးမယ်။ မင်း ကြီးကျယ်တဲ့ အပြောင်းအလဲတွေပြုလုပ်ဖို့အတွက် ဒီမင်းသားနောက်ကို လိုက်ပါမလား။"

စစ်ထူရှင်း၏ သံသယဝင်နေသော မေးခွန်းကို တွေ့ကြုံလိုက်ရသည့်အခါ ပထမမင်းသားလန်လဲ့သည် အေးစက်စွာရယ်မောလိုက်ပြီး ပြန်လည်၍ ဖြေကြားခြင်းမပြုခဲ့ပါ။ ထိုအစား သူဟာ စစ်ထူရှင်းကို လေးလေးနက်နက်စိုက်ကြည့်လိုက်ပြီး ကျယ်လောင်သောလေသံဖြင့် မေးမြန်းလိုက်သည်။

သူ၏ လက်ရှိကျင့်ကြံမှုဟာ မွန်မြတ်ဘုံလောကတစ်ခုလုံးကို အထက်အောက် ပြောင်းပြန်လှန်ပစ်နိုင်သော်လည်း အစွမ်းထက်သည့်အင်အားတစ်ရပ်ကို သူ ဖန်တီးလိုပါက သူတစ်ယောက်တည်းဖြင့် မဖြစ်နိုင်ပါ။ သူဟာ သူ့လက်အောက်ရှိ အင်အားစုများကို ကိုင်တွယ်ရန်အတွက် မရေမတွက်နိုင်သည့် လက်အောက်ငယ်သားများကိုလည်း လိုအပ်သေး၏။

"မင်း ရူးနေတာလား။"

"ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ ကြောက်လန့်ဖို့ကောင်းတဲ့ စွမ်းအားကို မင်း မတွေ့မြင်လိုက်ရဘူးလား။"

"ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ အထောက်အပံ့နဲ့ဆိုရင် မင်းက လန်လင်းကို ဘယ်လိုလုပ် ရင်ဆိုင်တိုက်ခိုက်နိုင်တော့မှာလဲ။ မင်းတောင် ဝင်မပါရသေးခင် မြင့်မြတ်တဲ့မင်းဆက်က အဲ့ဒီဆန်ကုန်မြေလေးတွေက ငါတို့နှစ်ယောက်ကို ချက်ချင်းသတ်ဖြတ်ပစ်လိုက်နိုင်တယ်။"

အကြီးဆုံးမင်းသား၏ အေးစက်သောစကားများကို ကြားလိုက်ရသည့်အခါ စစ်ထူရှင်းတစ်ယောက် တုန်တုန်လှုပ်လှုပ်ဖြစ်သွားပြီး လေသံတိုးတိုးဖြင့် ပြန်လည်ပြောဆိုလိုက်သည်။ 

လန်လဲ့က ဤမျှလောက်ထိ ရူးနှမ်းနေလိမ့်မည်ဟု သူထင်မထားခဲ့ပါ။ ရှန်ရှန်ကျုံ့ဂိုဏ်း၏ခွန်အားကို သိရှိလိုက်ရပြီးနောက် သူကိုယ်၌ကတောင် တုဖက်ပြိုင်ရန် မဝံ့တော့ပါချေ။ တုဖက်ပြိုင်ခဲ့ပါကလည်း သေဖို့လမ်းသာရှိသည် မဟုတ်ပါလော။

"မင်းက ဒီမင်းသားကို အရူးတစ်ယောက်လို့ ထင်နေတာလား။"

"သေချာရေရာခြင်းမရှိတဲ့ အမှုကို ဒီမင်းသားက ဘာ့ကြောင့်များ ပြုမူရမှာလဲ။ အလဟဿ သေဆုံးဖို့လား။"

လန်လဲ့သည် မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး အေးစက်သော လေသံဖြင့် ပြောဆိုလိုက်သည်။ စစ်ထူရှင်းက သူ၏ ယောက္ခထီးဖြစ်နေခဲ့၍မဟုတ်ပါက၊ သူနှင့် သူ၏ ကြင်ရာတော်တို့က အင်မတန်ချစ်ခင်ကြ၍ မဟုတ်ပါက စစ်ထူရှင်း၏ အော်ငေါက်ပြောဆိုလိုက်သည့် စကားများကြောင့် စစ်ထူရှင်းဟာ ဤအချိန်၌ သေဆုံးသွားပြီး ဖြစ်ပေလိမ့်မည်။

လန်လဲ့၏ စကားများကို ကြားလိုက်ရသည့်အခါ စစ်ထူရှင်း၏မျက်နှာဟာ ရုတ်တရက် တွေဝေသွားခဲ့ကာ လန်လဲ့ကို အထက်အောက် အပြန်ပြန်အလှန်လှန် လေ့လာဆန်းစစ်ကြည့်လိုက်သည်။ သူပို၍ကြည့်ရှုလေလေ သူ၏နှလုံးသားအတွင်း၌ သန်မာသော ဖိအားကို ပိုမို၍ ခံစားရလေလေဖြစ်၏။

"မင်းက ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်ကို ရောက်ရှိသွားပြီလား။"

စစ်ထူရှင်းက တစ်စုံတစ်ခုကို တွေးမိသွားခဲ့ပုံပေါ်ကာ အံ့အားတသင့် ရေရွတ်လိုက်မိသည်။

"အမှန်ပဲ!"

"ဒီမင်းသားက ကောင်းကင်ဘုံကို အံတုနိုင်တဲ့ အခွင့်အရေးတစ်ခုကို ပိုင်ဆိုင်ခဲ့ရတယ်။ ဒီမင်းသားရဲ့ လက်ရှိကျင့်ကြံမှုက မွန်မြတ်ဘုံလောကကြီးတစ်ခုလုံးကို သုတ်သင်ပစ်နိုင်တယ်!"

"ဒီရှန်ရှန်ကျုံ့ဂိုဏ်းသာသာလောက်ကိုတော့ ဒီမင်းသားရဲ့ လက်တစ်ချက်အဝေ့နဲ့တင် ဖျက်စီးပစ်လိုက်နိုင်တယ်။"

စစ်ထူရှင်းက ခန့်မှန်းနိုင်ခဲ့ပြီဖြစ်ရာ လန်လဲ့ကလည်း ဆက်လက်၍ ဖုံးကွယ်မထားတော့ပါ။ သူဟာ လက်နှစ်ဖက်ကို နောက်ပစ်လျက် ကျယ်လောင်သောအသံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။ သူ၏ မျက်ဝန်းများဟာ သန်မာသော ယုံကြည်မှုများဖြင့် တလက်လက်တောက်ပနေခဲ့ပြီး ယင်းပုံရိပ်က စစ်ထူရှင်းကို ထိန်းကွပ်မရ တုန်လှုပ်သွားစေခဲ့သည်။

All Chapters