မိုးကောင်းကင်၏ ကျိန်စာ။
Vol. 42 Ch. 585
ဘာသာပြန်- The Fate
"ဒီဧကရာဇ် ဘာကြောင့် မွန်မြတ်ဘုံလောကကို ရောက်လာရသလဲဆိုတာ မင်းသိလား။"
ပိုင်ဟုန်က ဝမ်ဖုန်း၏စကားလုံးများကို တိုက်ရိုက်ဖြေဆိုခြင်းမရှိဘဲ ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
"မင်းက ဒီမွန်မြတ်ဘုံလောကကို ကျူးကျော်ဖို့ ရောက်လာတာ မဟုတ်ဘူးလား။"
ပိုင်ဟုန်၏မေးခွန်းကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏မျက်လုံးများမှာ မှေးကျဥ်းသွားပြီး နက်ရှိုင်းသောအသံဖြင့် မေးမြန်းလိုက်သည်။
သူသိထားရသလောက်ဆိုပါက မွန်မြတ်ဘုံလောကအတွင်းရှိ ကောင်းကင်တာအိုမျိုးနွယ်စုများသည် မွန်မြတ်ဘုံလောကကို သူတို့မအုပ်စိုးနိုင်ဘူးဆိုတာကို သိရှိလိုက်ပြီးနောက် ပျက်သုဥ်းခြင်းဧကရာဇ်ဘုံလောကအတွင်းရှိ ကောင်းကင်တာအိုမျိုးနွယ်စုများထံ အကူအညီတောင်းခံခဲ့သည်။ သို့ပါသော်လည်း အကြောင်းအရင်းတစ်ချို့ကြောင့် ပိုင်မျိုးနွယ်စုတစ်စုကသာ ရောက်ရှိလာခဲ့ကြသည်။ ကြွင်းကျန်ရစ်သော ကောင်းကင်တာအိုမျိုးနွယ်စုများကတော့ မွန်မြတ်ဘုံလောကကို ဆင်းသက်မလာခဲ့ကြပါ။
အခြားသော ကောင်းကင်တာအိုမျိုးနွယ်စုမှ စွမ်းအားရှင်များ ဆင်းသက်လာခဲ့ပါက သူဟာလည်း မင်ကုန်းတို့ကို လွယ်ကူစွာ သတ်နိုင်ခဲ့မှာ မဟုတ်ပါချေ။
ဝမ်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ ပိုင်ဟုန်က ရယ်မောလိုက်ပြီး ခေါင်းကို ခါယမ်းလိုက်သည်။
မွန်မြတ်ဘုံလောကကို ကျူးကျော်ပိုင်စိုးဖို့ဆိုပါက သူ့လိုလူတစ်ယောက် ဆင်းသက်လာဖို့ အကြောင်းအရင်းမလိုအပ်ပါချေ။ ဘုံနန်းရှင်ဧကရာဇ် အထွတ်အထိပ်တွင်ရှိသော စွမ်းအားရှင်ရာကျော်ကို စေလွှတ်လိုက်ခြင်းကတောင် မွန်မြတ်ဘုံလောကကြီးတစ်ခုလုံးကို လှုပ်ကိုင်ရန် လုံလောက်ပေလိမ့်မည်။
ပျက်သုဥ်းခြင်းဧကရာဇ်ဘုံလောကအတွင်း၌ ကောင်းကင်တာအိုမျိုးနွယ်စုများသည် အင်မတန်မှ သန်မာကြကာ လူသားမျိုးနွယ်များထက်တောင် ခွန်အားကြီးသေး၏။ ထိုထိပ်တန်းအင်အားစုများ အတူတကွစုပေါင်းမှသာလျှင် ကောင်းကင်တာအိုမျိုးနွယ်စုများနှင့် ရင်ဆိုင်နိုင်ကြ၏။
ထိုသို့ဖြစ်ရာ ဘုံနန်းရှင်ဧကရာဇ် အထွတ်အထိပ်စွမ်းအားရှင် ရာကျော်ခန့်ဟာ ကောင်းကင်တာအိုမျိုးနွယ်စုအတွက်တော့ ဘာမှမဟုတ်ဘဲ ရေခဲတောင်ကြီး၏ ထိပ်ဖျားမျှသာ ဖြစ်လေသည်။ သို့ပေသော်ငြားလည်း ၎င်းက မွန်မြတ်ဘုံလောကအတွက် ကပ်ဘေးဆိုးကြီး ဖြစ်သွားနိုင်၏။
"ဒါဖြင့်ရင် ဘာကြောင့်လဲ။"
ပိုင်ဟုန်၏အမူအယာကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်း၏မျက်နှာဟာ ခဲတောင့်သွားပြီး ကျယ်လောင်စွာ မေးမြန်းလိုက်သည်။
"ကျိန်စာကြောင့်ပေါ့။"
ပိုင်ဟုန်၏မျက်နှာဟာ လေးနက်နေခဲ့ပြီး သူဟာ နက်ရှိုင်းသော အသံဖြင့် ပြောဆိုလိုက်သည်။ ဘယ်တုန်းကမှ ပြောင်းလဲဖူးခြင်းမရှိသော သူ၏မျက်ဝန်းများဟာလည်း ဤအခိုက်အတန့်၌ မှိုင်းညို့သွားခဲ့ရသည်။
"ကျိန်စာလား။"
ဝမ်ဖုန်း၏မျက်နှာထက်၌ သံသယဖြစ်နေသော အမူအယာတစ်ခုဖြစ်ပေါ်လာခဲ့ကာ ပိုင်ဟုန်ကို စူးစမ်းလေ့လာသလို ကြည့်ရှုလိုက်သည်။ မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများကတောင် ပဟေဠိဖြစ်သွားကြ၏။
ရွှမ်းယွမ်တစ်ယောက်တည်းကသာ တစ်ခုခုကို တွေးတောမိသွားပုံပေါ်ကာ သူ၏ မျက်ဝန်းများက ရုတ်တရက် လှုပ်ရှားသွားခဲ့သည်။ ထိတ်လန့်နေသော အကြည့်တစ်ခုသည် သူ၏ ချောမောခန့်ညားသော မျက်နှာထက်၌ ပေါ်ထွန်းလာခဲ့၏။
"ဟုတ်တယ်။ ကျိန်စာတွေက ကောင်းကင်မျိုးနွယ်စုနဲ့ မွန်မြတ်ဘုံလောကအတွင်းက အခြားမျိုးနွယ်စုတွေဆီမှာ ထွက်ပေါ်လာခဲ့တယ်။"
"ပျက်သုဥ်းခြင်းဧကရာဇ်ဘုံလောက က ဆင်းသက်လာခဲ့တဲ့ ဒီဧကရာဇ်ကလွဲရင် ကောင်းကင်မျိုးနွယ်စုရဲ့ အခြားဘယ်သူကမှ ကျိန်စာတွေကနေ မလွတ်မြောက်နိုင်ခဲ့ဘူး။"
"ဒါ့ကြောင့်ပဲ ဒီဧကရာဇ်က ပိုင်ရွှမ်ကို ခေါ်ဆောင်သွားမှာကို အလွယ်တကူ ခွင့်ပြုခဲ့ရတာဘဲ။"
ပိုင်ဟုန်က ခေါင်းငြိမ့်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်သည်။
သူဟာ ဝမ်ဖုန်းနှင့် သဘောတူညီချက်များ ပြုလုပ်ခဲ့သော်လည်း အရာအားလုံးမှာ သူ့သမီးကလေးအတွက်သာ ဖြစ်လေသည်။ ကောင်းကင်မျိုးနွယ်စု၏ ကျိန်စာကြောင့်သာမဟုတ်ပါက သူဟာလည်း သူ၏သမီးလေးကို ဝမ်ဖုန်းအား အဘယ်ကြောင့် ခေါ်ဆောင်သွားခွင့်ပြုနိုင်မည်နည်း။
ပိုင်ဟုန်၏စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းနှင့် အခြားသူများ၏ မျက်ဝန်းများမှာ လှုပ်ရှားသွားခဲ့ကာ မယုံကြည်နိုင်သော အမူအယာများ ဖြစ်ပေါ်လာကြ၏။
ဘယ်လိုကျိန်စာကများ ကောင်းကင်မျိုးနွယ်စုရဲ့ လူတွေကို မခုခံနိုင်ဘဲ ရှုံးနိမ့်သွားစေခဲ့ရတာလဲ။
ပိုင်ဟုန်လို ပျက်သုဥ်းခြင်းဧကရာဇ်ဘုံလောကကြီးက ဆင်းသက်လာတဲ့ သန်မာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကတောင် ကျိန်စာကို မချိုးဖျက်နိုင်ခဲ့ဘူးလား။
မွန်မြတ်ဘုံလောကအတွင်းရှိ ကောင်းကင်မျိုးနွယ်စုသည် ပင်မကောင်းကင်မျိုးနွယ်စုကြီး၏ အခွဲကလေးမျှသာ ဖြစ်သော်လည်း သူတို့က အရမ်းကို အစွမ်းထက်ကြပါသည်။ ဒီလိုမှမဟုတ်ရင် မွန်မြတ်ဘုံလောကရဲ့ နယ်မြေတွေကို လူသားမျိုးနွယ်စုလက်ထဲက ဘယ်လိုများ အပိုင်သိမ်းနိုင်ခဲ့မှာလဲ။
ကောင်းကင်မျိုးနွယ်စု၏ စွမ်းအားသည် မရဏမျိုးနွယ်စုများနှင့် ရွှမ်ဟိုင်းမျိုးနွယ်စုများထက်တောင် သာလွန်နေခဲ့ကာ ဟွမ်လျိုနှင့် ဖျက်စီးခြင်းမျိုးနွယ်စုထက်တောင် တစ်ဆင့်သာ နိမ့်ကျ၏။ ဒါပေမယ့် ဒီလိုမျိုးအစွမ်းထက်တဲ့ အင်အားစုကြီးက ကျိန်စာဆိုးတစ်ခုကို ခံစားနေခဲ့ရတာလား။
"အဲ့ဒါက ဘယ်လို ကျိန်စာမျိုးလဲ။ မင်းတို့ကောင်းကင်မျိုးနွယ်စုကတောင် မချေပနိုင်ဘူးလား။"
ဝမ်ဖုန်းသည် သူ၏မျက်ဝန်းများကို မှေးကျဥ်းလိုက်ကာ ပိုင်ဟုန်ကို ရုတ်တရက် မေးမြန်းလိုက်၏။
"ဒီဧကရာဇ်လည်းပဲ တိတိပပ မသိဘူး။ ဒီဧကရာဇ် မွန်မြတ်ဘုံလောကကို ဆင်းသက်လာပြီးကတည်းက စတင်ပြီး စုံစမ်းစစ်ဆေးခဲ့တာပဲ။ ဒါပေမယ့် ဘယ်အရာကိုမှ ရှာမတွေ့ခဲ့ဘူး။"
"ကောင်းကင်မျိုးနွယ်စုရဲ့ အဖွဲ့ဝင်တိုင်းက နက်ရှိုင်းစွာ အိမ်မောကျသွားရတယ်။ ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်တွေကလည်း ရေခဲထဲမှာ အေးခဲသွားကြတယ်။ သူတို့က ရှင်းရှင်းလင်းလင်းကို အသက်ရှင်နေကြပေမယ့် ပြန်ပြီး မနိုးထနိုင်ကြတော့ဘူး။"
"ဒီဧကရာဇ်က တတ်နိုင်သမျှ အရာအားလုံးကို ပြုလုပ်ခဲ့ပြီးပြီ။ သူတို့ရဲ့ ခန္ဓာကိုယ်ေပါ်က ရေခဲတွေကို ချေမွဖျက်စီးဖို့တောင် ကြိုးစားခဲ့သေးတယ်။ ဒါပေမယ့် ဘယ်အရာကမှ အလုပ်မဖြစ်ခဲ့ဘူး။ ဒီဧကရာဇ် သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ချေမွခဲ့ရင်တောင်မှ သူတို့တွေ ပြန်လည်ပြီး အေးခဲသွားကြတယ်။"
ပိုင်ဟုန်က ခေါင်းကို ခါယမ်းလိုက်ပြီး စိတ်ဓာတ်ကျနေသော အမူအယာဖြင့် ဆိုလိုက်၏။ သူဟာ အစွမ်းထက်သော ဧကရာဇ်တစ်ပါးဖြစ်သော်လည်း ဤအခြေအနေနှင့် ရင်ဆိုင်နေရသည့်အခါ စွမ်းအားမဲ့နေခဲ့သည်။
သူ ဘယ်လောက်ပဲ ကြိုးစားအဖြေရှာပါစေ၊ ကျိန်စာရဲ့သတင်းအချက်အလက်ကို မရရှိနိုင်ခဲ့ပါ။ သူသာ စိတ်ပျက်အားလျော့နေ၍ မဟုတ်ပါက ကောင်းကင်မျိုးနွယ်စုကို ဦးဆောင်ပြီး ဝမ်ဖုန်းထံအညံ့ခံရမည့် သဘောတူညီချက်ကို လက်ခံခဲ့မှာ မဟုတ်ပေ။
"ဒါဆိုရင် မင်းက ငါအရှင်ကို၊ ကျိန်စာကို ဖျက်စီးပေးစေချင်နေတာလား။"
ဝမ်ဖုန်းကလည်း အခြေအနေတွေကို နားလည်သွားပြီး ပိုင်ဟုန်ကို စိုက်ကြည့်ကာ မေးမြန်းလိုက်သည်။
"အမှန်ပဲ။"
"မင်းရဲ့ မူလဇစ်မြစ်က ဆန်းကြယ်လွန်းပြီး ဒီဧကရာဇ်တောင်မှ ဖောက်ထွင်းမမြင်နိုင်ဘူး။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မင်းက ကြီးမားတဲ့ ရှန်ရှန်ကျုံ့ဂိုဏ်းကိုတောင် ဦးဆောင်နိုင်နေပြီ။ မင်းကလွဲပြီးတော့ ဒီဧကရာဇ်က ကောင်းကင်မျိုးနွယ်စုကို ကယ်တင်ပေးနိုင်မယ့် အခြားဘယ်သူ့ကိုမှ စဥ်းစားမရဘူး။"
ပိုင်ဟုန်က ခေါင်းငြိမ့်လိုက်ပြီး ဘယ်အရာကိုမှ ထိန်ချန်မထားဘဲ တိုက်ရိုက်ပြောဆိုလိုက်သည်။
"မင်းသာ မွန်မြတ်ဘုံလောကထဲက ကောင်းကင်မျိုးနွယ်စုကို ကယ်တင်ပေးနိုင်ရင် ဒီဧကရာဇ်က မင်းကို အညံ့ခံဖို့အတွက် သူတို့ကို စည်းရုံးပေးပါ့မယ်။"
"ဒီဧကရာဇ်ကိုယ်တိုင်အတွက်ကတော့ မင်းက ဒီဧကရာဇ်ကို လက်ရှိမှာ အညံ့ခံခိုင်းဖို့ အဆင့်မမှီသေးဘူး။"
ဝမ်ဖုန်းတစ်ယောက် ပါးစပ်မဖွင့်ရသေးခင်မှာဘဲ ပိုင်ဟုန်က ဆက်လက်ပြောဆိုလိုက်သည်။ သူဟာ ယုံကြည်မှုပြင်းထန်သော စိတ်ထားဖြင့် ပြောဆိုခဲ့ခြင်းဖြစ်၏။ ရှန်ရှန်ကျုံ့ဂိုဏ်း၏ ခွန်အားကို တွေ့မြင်ခဲ့ပြီးတာတောင် သူဟာ အံ့အားသာသင့်ခဲ့ပြီး ရှန်ရှန်ကျုံ့ဂိုဏ်းကိုတော့ မကြောက်လန့်ခဲ့ပါချေ။
နိယာမဧကရာဇ်အဆင့်၏ အထွတ်အထိပ်တွင်ရှိနေလေရာ သူသည် ရွှမ်းယွမ်လို အဆင့်တူစွမ်းအားရှင်တစ်ယောက်က ရှန်ရှန်ကျုံ့ဂိုဏ်းအတွင်းရှိနေကြောင်း သိထားသော်လည်း အလွယ်တကူ အရှုံးပေးလိုစိတ် မရှိပါ။
"ကျစ် ကျစ်"
ပိုင်ဟုန်၏ စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းက ဘားမှ မပြောရသေးခင်မှာဘဲ မဟာနတ်ဆိုးရွှမ်ရှတို့က စတင်လှောင်ပြောင်လိုက်ကြသည်။ ဒီပုဂ္ဂိုလ်က အဘယ့်ကြောင့်များ ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ နယ်နိမိတ်အတွင်းမှာ မောက်မာနေနိုင်ရတာလဲ။
မဟာနတ်ဆိုးရွှမ်ရှတို့အုပ်စု၏ ခန္ဓာကိုယ်ထံမှ ပြင်းထန်သော ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်၏ စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ ပိုင်ဟုန်ကို ကျယ်ပြောသောပင်လယ်ပြင်ကြီးကဲ့သို့ ဖိနှိပ်ထားခဲ့သည်။ သို့ပါသော်လည်း မဟာနတ်ဆိုးရွှမ်ရှတို့ကို ထိတ်လန့်သွားစေခဲ့သည်က သူတို့များစွာ ခွန်အားစုပေါင်းထားခဲ့တာကတောင် ပိုင်ဟုန့်အပေါ်၌ အဘယ်သို့သော သက်ရောက်မှုကိုမျှ မဖြစ်စေခဲ့ပါ။ သူတို့၏ စွမ်းအားများအောက်၌တောင် ပိုင်ဟုန်က တည်ငြိမ်အေးဆေးသော အမူအယာဖြင့် ရှိနေခဲ့သေးသည်။
ဝမ်ဖုန်းက သူ၏လက်ကို ဆန့်တန်း၍ ဝေ့ယမ်းလိုက်သည့်အခါ မဟာနတ်ဆိုးရွှမ်ရှတို့က ရပ်တန့်လိုက်ကြသည်။ ပိုင်ဟုန်၏ ကျင့်ကြံမှုအကြောင်းကို ကောင်းစွာသိမြင်ထားလေရာ ဝမ်ဖုန်းအနေဖြင့် ပိုင်ဟုန်ကို သူ့အား အလွယ်တကူ အညံ့ခံလာလိမ့်မည်ဟု တွေးတောထားခြင်း မရှိပါချေ။
မွန်မြတ်ဘုံလောကအတွင်းရှိ ကောင်းကင်မျိုးနွယ်စုက သူ့ကို အညံ့ခံလာသ၍ ဒါက ဝမ်ဖုန်းအတွက် လုံလောက်လေသည်။ ပြောရပါလျှင် အဆင့်ဆယ့်ငါးသို့ မြင့်တင်ရန် စနစ်၏လိုအပ်ချက်မှာ မွန်မြတ်ဘုံလောကအတွင်းရှိ ကောင်းကင်တာအိုမျိုးနွယ်စုငါးစုအနက်မှ တစ်စုက အညံ့ခံရန်ဖြစ်လေသည်။
သူ၏ စနစ်နှင့်ဂိုဏ်းအဆင့်ကို အဆင့်ဆယ့်ငါးသို့ မြင့်တင်နိုင်သေးသ၍ ပိုင်ဟုန်အညံ့ခံခြင်း၊ မခံခြင်းက ဝမ်ဖုန်းအပေါ် အကျိုးသက်ရောက်မှု မရှိပါ။
ဆင့်ခေါ်နိုင်သည့် အခွင့်အရေးကိုရရှိလာပါက သူဟာ ပိုင်ဟုန်လို သန်မာသော လူတစ်ယောက်ကိုတောင် ဂရုမပြုဘဲ ပြုမူနိုင်၏။ စနစ်၏အဆင့် တိုးတက်လာခြင်းနှင့်ဆိုပါက သူ၏ ရှန်ရှန်ကျုံ့ဂိုဏ်းတွင် ပိုမိုသန်မာသော စွမ်းအားရှင်များ များပြားလာလိမ့်မည်။ ဒါက ပိုင်ဟုန်ထက်တောင် ပိုကောင်းမနေဘူးလား။
"ဒီထူးဆန်းတဲ့ကျိန်စာကို ဖျက်စီးနိုင်မလားဆိုတာကို ငါ မင်းနဲ့အတူ လိုက်ပါကြည့်ရှုပေးမယ်။ မကြည့်ရှုရသေးခင်မှာတော့ ငါလည်း ကျိန်းသေပေါက် မပြောနိုင်ဘူး။"
တစ်ခဏကြာအောင် တွေးတောလိုက်ပြီးနောက် ဝမ်ဖုန်းက ပြောဆိုလိုက်၏။
ကျိန်စာက ဘယ်လောက်ပဲ ထူးဆန်းပါစေ၊ သူဟာ တစ်ကြိမ်တစ်ခါတော့ ကြိုးစားကြည့်ရမည်။ ဤသည်က သူ စနစ်ကို အဆင့်ဆယ့်ငါးသို့ မြင့်တင်နိုင်၊ မမြင့်တင်နိုင်နှင့် ပတ်သက်နေသည်မဟုတ်ပါလော။