ရှေးဟောင်းဘီလူးကြီး
Vol. 42 Ch. 580
Translator - Hsue Htet
အမှောင်ထုထဲ၌ မင်းသားကြီးလန်လဲ့သည် ရွှေရောင်နဂါးထိုင်ခုံထက်တွင် ခမ်းနားတောက်ပသော နဂါးဝတ်ရုံကိုဝတ်ဆင်၍ အေးစက်တိတ်ဆိတ်စွာ ထိုင်နေသည်။ သူ၏မျက်နှာမှာ အမျက်ဒေါသဖြင့် လွှမ်းခြုံနေ၏။
သူ၏လက်ဝဲလက်ဖဝါးထက်၌ မည်းနက်ရိုးရှင်းသည့်တံဆိပ်ပြားတစ်ခု ရှိနေပြီး လက်ယာလက်သည် ၎င်းတံဆိပ်ပြားကို အသာအယာပွတ်သပ်ပေးနေသည်။
“နောက်ဆုံးတော့လည်း ဒီအဆင့်ထိ ရောက်သွားခဲ့ရတာပဲ”
ကြမ်းရှသောအသံသည် အမှောင်ထုထဲတွင် ပဲ့တင်ထပ်သွားခဲ့ရာ ရှင်းပြ၍မရနိုင်သော ကြောက်ရွံ့မှုတစ်မျိုးကို ခံစားရစေသည်။
မင်းသမီးလန်လင်း မထွက်ပေါ်မီက လန်လဲ့သည် သွေးအေးခက်ထန်ခဲ့ပြီး စန်းရိမင်းဆက်၏ဂုဏ်ဆောင်လည်း ဖြစ်ခဲ့သည်။ စန်းရိမင်းဆက်၏ အနာဂတ်ဧကရာဇ်ဟုလည်း ကျော်ကြားခဲ့သည်။
အဲဒီ့အချိန်ကာလတွေတုန်းက သူက ဘယ်လိုလူမျိုးဖြစ်ခဲ့ရလဲ?.. လောကကြီးမှာ ဘယ်လောက်တောင် ဂုဏ်ယူဝံ့ကြွားခဲ့ရသလဲ?
သို့သော် မင်းသမီးလန်လင်းထွက်ပေါ်လာပြီးနောက်၌ အရာအားလုံးပြောင်းလဲသွားခဲ့သည်။ တစ်ချိန်က အနာဂတ်လှပခဲ့သော မင်းသားတစ်ပါးသည် လောကကြီး၏မေ့လျော့ခြင်းကို ခံခဲ့ရသည်။ ခမည်းတော်ဧကရာဇ်အပါအဝင် အားလုံးသည် မင်းသမီးလန်လင်းကို လေးစားချစ်ခင်ကြသည်။
လန်လဲ့သည် အနာဂတ်လှပသော မင်းသားတစ်ပါးမှ တည်ရှိမှုကိုပင် မခံစားရသော တော်ဝင်မိသားစုဝင်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားရပြီး မင်းသမီးလန်လင်းနှင့် အချိန်တိုင်းတွင် နှိုင်းယှဉ်ခံခဲ့ရသည်။
ထိုခံစားချက်ကို ကိုယ်တ်ိုင်မကြုံတွေ့ဖူးပါက နားလည်နိုင်မည်မဟုတ်ချေ။
သို့ဖြင့် သူ၏စိတ်နှလုံးတွင်းမှ စွဲလမ်းမှုသည် တဖြေးဖြေးချင်း နက်ရှိုင်းကြီးထွားလာခဲ့ပြီး ယခု၌ နည်းစနစ်တကျလှုပ်ရှားနေရန်အတွက် အခြေအနေမပေးတော့ပေ။ ရှုံးနိမ့်ခဲ့လျှင် မိမိအတွက် ဘာမျှအကျိုးရှိတော့မည်မဟုတ်ပေ။
လန်လဲ့သည် ကြီးကျယ်ခမ်းနားဆုံးသော သြဇာအာဏာကို ပိုင်ဆိုင်လိုသည်။ အင်အားအကြီးမားဆုံးသောသူ ဖြစ်လိုသည်။ ချန်ခွမ်းအထွတ်အမြတ်ဘုံတစ်ခုလုံး၏ ရိုသေလေးစားမှုကို ရရှိလိုသည်။ ထိပ်ဆုံးသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း တက်လှမ်းသွားလိုသည်။
ကမ္ဘာလောက၏အထက်၌ ရပ်တည်သည့် အနှိုင်းမဲ့သောဧကရာဇ်တစ်ပါးအဖြစ် သက်ရှိသတ္တဝါအားလုံးကို အထက်မှ အုပ်မိုးကြည့်ရှုလိုသည်။
သာမန်လူတစ်ဦးဖြစ်ပါက ဤသို့သောစွဲလမ်းမှုမျိုးရှိနေသည့်တိုင် ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားနှင့် ရှန်ရှန့်ကျုံဂိုဏ်းနှင့်လန်လင်း၏ ဆက်ဆံရေးကို မြင်တွေ့ပြီးနောက်၌ လက်လျှော့လိုက်ဖို့ကိုသာ ရွေးချယ်ခဲ့မည်ဖြစ်သည်။
မျှော်လင့်ချက်ရေးရေးလေးတောင် ရှိမနေတာ လက်မလျှော့တော့ရော ဘာများလုပ်နိုင်ဦးမှာလဲ?
သို့သော် လန်လဲ့သည် သွေးအေးသည်။ မျှော်လင့်ချက်မရှိဟုထင်ရသော်ငြား ရှုံးနိမ့်မှုကို အောင်မြင်မှုအဖြစ် ပြောင်းလဲရန် အခွင့်အရေးရှိသေးသည်ကို သူတစ်ဦးတည်းသာ သိထား၏။
လန်လဲ့၏မျက်လုံးအစုံ၌ ခိုင်ကြည်မှုများ တောက်ပနေသည်။ လက်ဖဝါးထက်ရှိ မည်းနက်သောတံဆိပ်ပြားကို ကြည့်နေ၏။ တံဆိပ်ပြားသည် လက်တဖဝါးခန့်အရွယ်အစားဖြစ်ပြီး ကိုယ်ထည်တစ်ခုလုံး မည်းနက်နေသည်။ ကိုယ်ထည်ထက်တွင် သိပ်သည်းဆန်းကြယ်သောအက္ခရာများ ဖုံးလွှမ်းနေလေရာ မြင်ရသူကို မူးဝေသွားစေနိုင်သည်။
ဤတံဆိပ်ပြားသည် လေ့ကျင့်ရန်ထွက်သွားချိန်တွင် ရရှိခဲ့သည့် ရတနာဖြစ်သည်။ ခမည်းတော်ဧကရာဇ်သည်ပင် သူ့တွင် ဤတံဆိပ်ပြားရှိနေသည်ကို မသိပေ။
ဤသည်မှာ သူ၏နောက်ဆုံးဝှက်ဖဲဖြစ်၏။
လန်လဲ့သည် ကနဦး၌ သူ၏အစီအစဉ်သည် ဤတံဆိပ်ပြားကို မလိုအပ်လောက်ဟု တွေးထားခဲ့သည်။ သို့သော် ရှန်ရှန့်ကျုံဂိုဏ်းကြောင့် သူ၏အစီအစဉ်သည် ပျက်စီးသွားခဲ့ရပြီး ချောက်ကမ်းပါးထဲသို့ ကျဆင်းသွားခဲ့ရသည်။ တစ်ခုတည်းသော မှီခိုစရာဟူ၍ သူ၏လက်ထဲမှ ဤတံဆိပ်ပြားတစ်ခုသာ ကျန်ရစ်တော့သည်။
အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက်၌ လန်လဲ့သည် လက်ချောင်းများကိုဆန့်ထုတ်၍ တံဆိပ်ပြားပေါ်သို့ သွေးစက်အချို့ သွန်းလောင်းခဲ့သည်။
တုန်ခါ!
သွေးစက်များကျဆင်းသွားပြီးနောက် တံဆိပ်ပြားအတွင်းသို့ ရုတ်ချည်းစီးဝင်သွားသည်။ တံဆိပ်ပြားသည် ရုတ်တရက်တုန်ခါလာပြီး မှိန်ဖျော့ဖျော့အလင်းဖြာလာပုံမှာ အာကာသတွင်းနက်ကြီးကဲ့သို့ အလွန်တရာ ထူးခြားဆန်းကြယ်ပေသည်။
ထို့နောက် ချက်ချင်းပင် တံဆိပ်ပြားမှ အားကောင်းသည့်ဝဲဂယက်ကြီး ထွက်ပေါ်လာပြီး လန်လဲ့ကို ၎င်းဝဲဂယက်မှ ရုတ်ချည်းဝန်းရံလိုက်သည်။ မျက်တောင်တစ်ခတ်မျှသော အချိန်အတွင်း၌ ဝဲဂယက်၏စုပ်ယူခြင်းကို ခံလိုက်ရပြီး ခန်းမထဲမှ ပျောက်ကွယ်သွားခဲ့သည်။
ခန်းမထဲ၌ မှိန်ဖျော့ဖျော့အလင်းဖြာနေသည့် တံဆိပ်ပြားတစ်ခုသာလျှင် ဝဲလွင့်ကျန်ရစ်နေခဲ့လေသည်။
…..
မီးခိုးရောင်လွှမ်းသော ပျက်သုဉ်းခြင်းနယ်ပယ်အတွင်း၌ အေးစက်သည့်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်သည် ပတ်ဝန်းကျင်ကို မစူးစမ်းဘဲ လက်နှစ်ဖက်ကိုနောက်ပစ်လျက် ရှေ့တူရူသို့ တောက်ပသည့်မျက်လုံးအစုံဖြင့် ငေးမျှော်ကြည့်နေသည်။
တံဆိပ်ပြားကိုရရှိပြီးနောက်တွင် လန်လဲ့သည် ဤပျက်သုဉ်းခြင်းနယ်ပယ်အတွင်းသို့ ဆွဲခေါ်ခံခဲ့ရသည်။ ဆွဲခေါ်ခံခဲ့ရချိန်တွင် မကြုံစဖူးသောအံ့ဩတုန်လှုပ်မှုတစ်မျိုးကို ခံစားခဲ့ရသည်။ သို့သော် မိမိ၏အစီအစဉ်ဖြင့် ထီးနန်းကိုရယူလိုသောကြောင့် အပေးအယူမလုပ်ခဲ့ခြင်းဖြစ်သည်။
“ရောက်လာပြီပဲ”
ပျက်သုဉ်းခြင်းနယ်ပယ်အတွင်း၌ ကံကြမ္မာအပြောင်းအလဲများကို ဖြတ်ကျော်ကြုံတွေ့ခဲ့ပြီးဟန်သော အသံအိုတစ်ခု ပဲ့တင်ထပ်သွားသည်။ ကောင်းကင်ဘုံ၏ ကြီးကျယ်ခမ်းနားသောအသံကဲ့သို့ လူ၏ဝိဉာဉ်ထိတိုင် ထိုးဖောက်သွားပြီး လန်လဲ့ တစ်ကိုယ်လုံးတုန်ယင်သွားရသည်။
ထိုအသံနှင့်အတူ ပတ်ဝန်းကျင်ရှိ မီးခိုးရောင်မြူခိုးထုသည် မန္တာန်စီရင်ခံလိုက်ရသည့်အလား တဖြေးေဖြးပျောက်ကွယ်သွားပြီး လန်လဲ့၏မြင်ကွင်းသည်လည်း ရှင်းလင်းသွားခဲ့သည်။
မကွာဝေးလှသည့်နေရာတွင် ရေဝဲသဏ္ဍာန်ကဲ့သို့ ခရမ်း၊ အပြာ၊ အနီ၊ ရွှေရောင်တို့ဖြင့် ရောင်ခြည်လေးသွယ်တောက်ပသော ဧရာမယဇ်ပလ္လင်ကြီး တည်ရှိနေပြီး ၎င်းယဇ်ပလ္လင်သည် အလွန်တရာအိုဟောင်းနေပေသည်။
အထွတ်အမြတ်သော ရှေးဟောင်းအရှိန်အဝါသည် ယဇ်ပလ္လင်မှ စိမ့်ထွက်နေပြီး လန်လဲ့၏နှလုံးအိမ်ကို မထိန်းချုပ်နိုင်စွာ တဒုတ်ဒုတ်ခုန်လှုပ်စေသည်။
ဧရာမယဇ်ပလ္လင်ကြီးအောက်၌ ရပ်နေရသောကြောင့် လန်လဲ့သည် မိမိမှာ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းယဇ်ပလ္လင်ထက်မှ ထိုက်တောင်တန်း၏ ကြောက်မက်ဖွယ်ဖိအားကြီးကို ထုတ်လွှတ်နေသည့်အလား လန်လဲ့ လှုပ်ရှားမရတော့ပေ။
အပေါ်သို့ ဆက်လက်ကြည့်ရှုလျှင် အံ့ဩထိတ်လန့်ဖွယ်မြင်ကွင်းကို မြင်တွေ့ရမည်ဖြစ်၏။
ယဇ်ပလ္လင်ထက်၌ အလွန်တရာကြီးမားသော မီတာတစ်ရာခန့်မြင့်မားသော ရှေးဟောင်းဘီလူးကြီးရပ်နေသည်။ ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုဘီလူးကြီး၏ခြေလက်များ၌ နဂါးသဏ္ဍာန်ကဲ့သို့သောသံကြိုးများရှိနေခြင်းပင်။ ၎င်းရှေးဟောင်ဘီလူးကြီးကို ယဇ်ပလ္လင်ထက်တွင် တင်းကြပ်စွာ ချုပ်နှောင်ထားသည်။
ရောင်ခြည်လေးသွယ်သည် နဂါးသဏ္ဍာန်များမှ တောက်ပနေခြင်းဖြစ်သည်။
လန်လဲ့သည် ဤမြင်ကွင်းကို ယခင်က မြင်တွေ့ဖူးသည်။ တံဆိပ်ပြားကို သူ၏ဝှက်ဖဲအဖြစ် စောင့်ကြည့်ခဲ့သည့်အချိန်မှစ၍ ဤဘီလူးကြီးကို မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။
ယခုထိတိုင် လန်လဲ့သည် တုန်လှုပ်မိဆဲဖြစ်ပြီး ရောင်ခြည်လေးသွယ်သည် သူ၏ဝိဉာဉ်ကိုသက်ရောက်နေသည်။
လန်လဲ့သည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်သို့ မရောက်ရှိသေးသော်ငြား ခံစားသိနိုင်ပါ၏။ ဘီလူးကြီးကိုချုပ်နှောင်ထားသည့် နဂါးလေးကောင်သည် သေချာပေါက် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်ဖြစ်နိုင်၏။ သူစိတ်ကူးမှန်းဆမရနိုင်သည့် အဆင့်တစ်ခုသို့ ရောက်ရှိနေခြင်းလည်း ဖြစ်နိုင်ပေသည်။
အဲဒီ့နဂါးကြီးလေးကောင်နဲ့ ချုပ်နှောင်ထားရတဲ့ ရှေးဟောင်းဘီလူးကြီးက ဘယ်လောက်တောင် အင်အားကြီးမားလိုက်မလဲလေ။
နတ်သားရဲဖြစ်သည့်နဂါးများသည် အလွန်တရာ အင်အားကြီးမား၏။ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကို ဖျက်ဆီးနိုင်စွမ်းပြီး အကြွင်းမဲ့အာဏာရှိကြသည်။ ဇာမဏီနတ်သားရဲနှင့် အဆင့်တူညီကြ၏။ စစ်မှန်သော နဂါးနတ်သားရဲများသည် ပုံမှန်အားဖြင့် ဟုန်မန်နတ်ဘုရားနယ်ပယ်များ ဖြစ်ကြပေသည်။
သို့သော် ဤနဂါးလေးကောင်သည် နဂါးစင်စစ်မှန်ကန်သည်၊ မမှန်ကန်သည်ကို ဒီတိုင်းကြည့်ရုံဖြင့် မသိရှိနိုင်ပေ။ သို့သော် နဂါးစင်စစ်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဤရှေးဟောင်းဘီလူးကြီး၏ ကြောက်မက်ဖွယ်ကောင်းမှုကို လုံလုံလောက်လောက် ထင်ဟပ်စေနိုင်ပေသည်။
လန်လဲ့ မင်သက်နေစဉ်တွင် ရှေးဟောင်းဘီလူးကြီး၏ မီးပုံးအရွယ်အစားရှိ မျက်လုံးကြီးနှစ်လုံးသည် လန်လဲ့ကို ကြည့်လာသည်။ ထိုအကြည့်တစ်ချက်သည်ပင် လန်လဲ့ကို ခန္ဓာကိုယ်တစ်ခုလုံး ကျိုးပဲ့သွားလုမတတ် ခံနိုင်ရည်မရှိဖြစ်စေသည်။
“ဆရာ ကျွန်တော် အကူအညီလိုတယ်”
လန်လဲ့ အံကြိတ်လျက် ကြောက်မက်ဖွယ်ဖိအားကို အံတုကာ ရှေးဟောင်းဘီလူးကြီးကို လက်ဟန်ဖြင့် အရိုအသေပေးလိုက်သည်။
“မင်းက အတော်လေးတောင့်ခံနိုင်သားပဲ။ ဒါပေမဲ့ နောက်ဆုံးမှာ ဒီလူအိုကြီးကို လာတွေ့တယ်ဆိုတော့ အရမ်းတော်ပါတယ်လေ”
ရှေးဟောင်းဘီလူးကြီးထံမှ ခေါင်းလောင်းသံကဲ့သို့အသံကြီး ထွက်ပေါ်လာသည်။ ထိုအသံကြောင့် နားစည်ကွဲလုမတတ် ခံစားလိုက်ရပြီး အချိန်ခဏမျှ မူးနောက်သွား၏။
“ဆရာ ကျွန်တော့်ရဲ့အခြေအနေကို သိနေတယ်လား”
အချိန်အတော်ကြာပြီးနောက်မှ လန်လဲ့ ပြန်လည်ကောင်းမွန်လာပြီး မေးမြန်းလိုက်သည်။
“မသိဘူး”
“ဒါပေမဲ့ မင်းရဲ့စိတ်နှလုံးက စွဲလမ်းမှုက ပျောက်ကွယ်မသွားဘူး။ ဒီလူအိုကြီး ခံစားနိုင်တယ်”
ရှေးဟောင်းဘီလူးကြီး၏စကားကို လန်လဲ့ ခေါင်းညိတ်ထောက်ခံသည်။ တစ်စုံတစ်ရာပြောလိုသော်ငြား စကားလုံးများသည် နှုတ်ခမ်းဝသို့သာ ထွက်လာခဲ့ပြီး မည်သို့ပြောရမည်ကို မသိတော့ချေ။
“ဒီနေရာမှာ လုပ်လို့မရတဲ့အရာဆိုတာ မရှိဘူး။ မင်းဘယ်လိုတန်ကြေးပေးဆပ်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်”
လန်လဲ့ ခံနိုင်ရည်မရှိသည်ကို သတိထားမိသောကြောင့်ဖြစ်မည်ထင်၏။ ရှေးဟောင်းဘီလူးကြီး၏စကားလုံးများသည် ယခင်ထက် များစွာပိုမိုပေါ့ပါးသွားခဲ့သည်။ ဖိနှိပ်နေသည့် အရှိန်အဝါသည်လည်း များစွာလျော့နည်းသွားခဲ့သောကြောင့် လန်လဲ့သည်လည်း ခက်ခက်ခဲခဲဖြင့် ခံနိုင်ရည်ရှိလာခဲ့သည်။