← Chapters

။တပည့်ဖြစ်လာရခြင်း

Vol. 42 Ch. 581

။တပည့်ဖြစ်လာရခြင်း

Vol. 42 Ch. 581

ဘာသာပြန်- The Fate

ရှေးဟောင်းဘီလူးကြီး၏ စကားလုံးများကို ကြားလိုက်ရသည့်အခါ သူက တစ်ခဏကြာအောင် တွေးတောလိုက်ပြီးနောက် အံကို တင်းတင်းကြိတ်လျက် ပြောဆိုလိုက်သည်။

"ဂျူနီယာက စီနီယာရဲ့တပည့် ဖြစ်ချင်ပါတယ်။ စီနီယာ ခွင့်ပြုပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်!"

သူဟာအင်မတန်မှ ထက်မြက်လေသည်။ သူသည် ရှေးဟောင်းဘီလူးကြီးနှင့် အပေးအယူလုပ်ရန် မရွေးချယ်ခဲ့ဘဲ သူကိုယ်၌က ရှေးဟောင်းဘီလူးကြီးနှင့် အပြည့်အဝ နှီးနှောဆက်နွယ်ရန် ကြံစည်ခဲ့လေသည်။

သူ ပထမဆုံးအကြိမ် ဤနေရာသို့ ဝင်ရောက်ခဲ့သည့်အခါ၌ ရှေးဟောင်းဘီလူးကြီးသည် ရုတ်တရက် နိုးထလာခဲ့ကာ ၎င်း၏ အရှိန်အဝါကို ထိန်းသိမ်းမထားခဲ့တာကြောင့် သူ့ကို အပြင်းအထန် ထိတ်လန့်သွားစေခဲ့သည်။

ဒါ့အပြင် ထိုအချိန်၌ ရှေးဟောင်းဘီလူးကြီးသည် အနည်းငယ် ဒေါသထွက်နေပုံပေါ်ကာ လန်လဲ့ကို သူ၏ စိတ်ဝိညာဥ်အား အပ်နှင်းရန် အဆက်မပြတ် အလောဆော်နေခဲ့သည်။ ထို့အတွက်ကြောင့် လန်လဲ့ဟာ သေလုမတတ် ကြောက်လန့်ခဲ့ရလေသည်။

ထိုအချိန်၌ လန်လင်းသည် အင်မတန် ငယ်ရွယ်သေးတာကြောင့် မွန်မြတ်မှုခုနစ်ပါးစေတီ၏ စမ်းသပ်မှုအတွင်းသို့ မဝင်ရောက်ရသေးပါ။ ထို့ကြောင့် လန်လဲ့၏ နှလုံးသားအတွင်း၌ မျှော်လင့်ချက်များ ရှိနေဆဲဖြစ်ကာ သူဟာ ရှေးဟောင်းဘီလူးကြီး၏ တောင်းဆိုမှုကို ကျိန်းသေပေါက် သဘောမတူညီခဲ့ချေ။ ရှေးဟောင်းဘီလူးကြီးက အင်မတန် အစွမ်းထက်သည်ကို သိရှိသော်လည်း သူသာ သဘောတူညီလိုက်ပါက သူဟာ ဘီလူးကြီးတစ်ကောင် ဖြစ်လာနိုင်ပေလိမ့်မည်။ အမြင့်မားဆုံး အဆင့်အတန်းသည် သူ၏ လက်ခုပ်အတွင်း၌ ရှိနေခဲ့ပါသည်။

သို့ပါသော်လည်း ဘီလူးကြီး၏ တောင်းဆိုမှုကို သဘောတူညီလိုက်သည်နှင့်တစ်ပြိုင်နက် သူဟာ အဆိုပါ ရှေးဟောင်းဘီလူးကြီး၏ အစေအပါးဖြစ်သွားမည်မှန်းကို လန်လဲ့ ကျိန်းသေပေါက် သိလေသည်။ ထို့အတွက်ဖြစ်ရာ အမြင့်မားဆုံး အဆင့်အတန်းကို ရရှိတော့ရော ဘာလုပ်ရမည်နည်း။ မင်းက အဆုံးမှာတော့ တစ်စုံတစ်ယောက်ရဲ့ အစေခံပဲလေ။

ထိုအချိန်က သူဟာ အင်မတန်မှ မောက်မာခဲ့သည်ဖြစ်ရာ ထိုကဲ့သို့ အခြေအနေမျိုးကို အဘယ်မှာ သည်းခံနိုင်မည်နည်း။

သို့ပါသော်လည်း ယခုအချိန်မှာတော့ လန်လဲ့သည် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံခဲ့ရတာကြောင့် သူ၏ နှလုံးသားက မာကျောမှုမရှိတော့ပါ။ ဒါ့အပြင် သူ၏ ကိုယ်ပိုင်စွမ်းဆောင်ရည်ဖြင့် မြင့်မားသော အဆင့်အတန်းကို ရရှိဖို့လည်း မဖြစ်နိုင်ပါပေ။ ကြီးမြတ်တဲ့ အရှင်သခင်တွေတောင် ရှန်ရှန်ကျုံ့ဂိုဏ်းစွမ်းအားရှင်တွေရဲ့ လက်ထဲမှာ သေဆုံးသွားကြတာလေ။ သူက ချန်ခွမ်းဧကရာဇ်အဆင့်သာသာလောက်ပါပဲ။ ရှန်ရှန်ကျုံ့ဂိုဏ်းနဲ့ ဘယ်လိုလုပ် ရင်ဆိုင်နိုင်မှာလဲ။

ရှန်ရှန်ကျုံ့ဂိုဏ်း၏ အကူအညီမရှိခဲ့ရင်တောင် မြင့်မြတ်သော စန်းရိအင်ပါယာ၏ အဆင့်မြင့်အရာရှိများက သူ့ကို ရှင်လျက်ဖြင့် မြေမြှုပ််ပစ်လိုက်နိုင်သည်။

ရှန်ရှန်ကျုံ့ဂိုဏ်းနှင့် ရင်ဆိုင်လိုသည့် စိတ်ဆန္ဒကို သူ ထုတ်ဖော်ပြသလိုက်သည်နှင့်တစ်ပြိုင်နက် သူဟာ ချက်ချင်းဆိုသလို အငွေ့ပျံ့သွားမှာ ဖြစ်လေသည်။ဤကနေ့ ရှန်ရှန်ကျုံ့ဂိုဏ်း၏ စွမ်းအားကြောင့် သူတွေးထင်ထားသည့် ဖြစ်ရပ်ဆိုးများသည် ကျိန်းသေပေါက် ဖြစ်ပေါ်လာလိမ့်မည်။

သူ၏ မင်းသားတစ်ပါးတည်းဟူသော အဆင့်အတန်းကလည်း ရှန်ရှန်ကျုံ့ဂိုဏ်းလို ထိတ်လန့်ဖွယ်အင်အားစုကြီးနှင့် ယှဥ်ပြိုင်ရာ၌ အကျိုးသက်ရောက်မှု မရှိခဲ့ပါ။ စန်းရိအင်ပါယာကသူ့ကို ရှင်လျက်ဖြင့် သတ်ဖြတ်ခဲ့ရင်တောင် သူ၏ ဖခမည်းတော်က ဘာတစ်ခုမှ အထွေအထူးမပြောဘဲ အကြည်အသာ ကျေအေးပေးလိမ့်မည့်ပုံပေါ်သည်။

တော်ဝင်မိသားစု၏ ရက်စက်မှုတည်းဟူသော စကားလုံးများသည် သေမျိုးလောကအတွင်း၌သာ အကျုံးဝင်သည်မဟုတ်ဘဲ ကျင့်ကြံရေးလောကအတွင်း၌လည်း အကျုံးဝင်လေသည်။ 

ဟုတ်ပါပေ၏။ ဤအတွေးအခေါ်များအားလုံးသည် သူ၏ အေးစက်သော ကောက်ချက်ချမှုများသာ ဖြစ်၏။ သူ၏ ကိုယ်ပိုင်အယူအဆများအတွင်း၌ သူဟာ သူ၏ခမည်းတော်ကို ရက်စက်သော လူသားတစ်ယောက်အဖြစ် ထင်မှတ်လေသည်။ မူလက ခမည်းတော်သည် သူ့ကို အလေးအနက်ထားခဲ့သော်လည်း လန်လင်းထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့အား ချက်ချင်း စွန့်ပစ်ခဲ့သည်။ တစ်ဖက်မှာတော့ လန်လင်းဟာ ခမည်းတော်၏ အနှစ်သက်ခံရဆုံး မင်းသမီးတစ်ပါး ဖြစ်လာခဲ့သည်။

အမှန်တရားမှာ ထိတ်လန့်ဖွယ်ကောင်းသလို ကူကယ်ရာလည်း မဲ့လှချေသည်။

ကြီးမြတ်သော ဧကရာဇ်စန်းရိကသာ သူ့ကို ဧကရာဇ်တစ်ပါးဖြစ်စေလိုသည့် စိတ်ဆန္ဒအနည်းငယ်ကို ထုတ်ဖော်မပြခဲ့ပါလျှင် မင်းသားလန်လဲ့ဟာလည်း လက်ရှိ အခြေအနေထိတိုင် ရောက်ရှိလာခဲ့မှာ မဟုတ်ပါ။

ထို့အတွက်ကြောင့် သူဟာ ကျိန်းသေပေါက် နားလည်ထားပါသည်။ ထိုလူပုဂ္ဂိုလ်သည် သူ့ကို အမြင့်မားဆုံးအဆင့်အတန်းကို ရောက်ရှိအောင် ဆောင်ကျဥ်းပေနိုင်သလို သူ၏ ကျော်ဇောမှုဂုဏ်သတင်းများကိုလည်း စကားတစ်ခွန်းဖြင့် ပြန်လည်ရုတ်သိမ်းနိုင်စွမ်းရှိလေသည်။ လန်လင်းတို့ကိုသာ အသူရာချောက်နက်ထဲ ဆွဲခေါ်နိုင်မယ်ဆိုလျှင် သူ အစေအပါးဖြစ်ရတော့ရော ဘာအရေးလဲ။

ဤရှေးဟောင်းဘီလူးကြီးသည် ဤနေရာလွတ်အတွင်း၌ အမည်မသိအကြောင်းအရင်းကြောင့် ချုပ်နှောင်ခံထားရသော်လည်း ထိုဘီလူးကြီးက အကြွင်းမဲ့ ကြောက်လန့်ဖို့ ကောင်းလေသည်။ ၎င်း၏ အကူအညီဖြင့်ဆိုပါက ရှန်ရှန်ကျုံ့ဂိုဏ်းကိုရော ဘာများ အရေးစိုက်ရမည်နည်း။

ထို့အတွက်ကြောင့် သူဟာ ဤနေရာသို့ ရောက်ရှိလာရခြင်း မဟုတ်ပါလော။

"မင်းက ထက်မြက်တဲ့ လူတစ်ယောက်ပါ။"

လန်လဲ့၏စကားကို ကြားလိုက်ရသည့်အခါ ရှေးဟောင်းဘီလူးကြီး၏ ကြီးမားသောမျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူက တိုးညှင်းစွာ ရေရွတ်ပြောဆိုလိုက်သည်။ သူ၏ မျက်ဝန်းများအတွင်း၌ မနှစ်မြို့သော အရိပ်အယောင်များမရှိခဲ့ဘဲ လန်လဲ့ကို လေးစားစွာ စိုက်ကြည့်နေခဲ့သည်။

လန်လဲ့က တုန့်ဆိုင်းနေပြီးမှ သူ၏ ဖိတ်ခေါ်မှုကို လိုက်ပါခဲ့ပါက ရှေးဟောင်းဘီလူးကြီးသည် လန်လဲ့အပေါ် စိတ်ပျက်သွားမှာဖြစ်ပြီး လန်လဲ့ကို ကိရိယာတစ်ခုအဖြစ်တောင် အသုံးပြုနိုင်သည်။

သို့ပါသော်လည်း လက်ရှိ လန်လဲ့၏ မျက်ဝန်းများအတွင်း၌ရှိနေသော အေးစက်မှုများနှင့် တွက်ချက်သော အရိပ်အယောင်များက ဘီလူးကြီး၏ စိတ်ထားကို ဆွဲဆောင်လိုက်လေသည်။ ဤသည်မှာ သူ လိုလားတောင်းတနေသည့် ပုဂ္ဂိုလ်တစ်ယောက်ပင်မဟုတ်ပါလော။ ဤကမ္ဘာလောကအတွင်း၌ သူ သဘောကျရလောက်သည့် ပါရမီရှင်များဆိုသည်က လက်ချိုးရေတွက်၍တောင် ရပါသည်။ သူက ပါရမီရှင်များအကြားမှ ပါရမီရှင်ကို အလိုရှိနေခြင်း မဟုတ်ဘဲ ခက်ထန်ကြမ်းတမ်းသော နှလုံးသားဖြင့် သန်မာသော စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသည့် လူငယ်တစ်ယောက်ကိုသာ လိုအပ်နေခြင်းဖြစ်သည်!

"မင်းက ဒီလူအိုကြီးရဲ့ တပည့်ဖြစ်ချင်တယ်ဆိုရင်လည်း ရပါတယ်လေ!"

"ဒါပေမယ့် ဒီလူအိုကြီးက မင်းရဲ့ စိတ်ဝိညာဥ်ထဲမှာ မျိုးစေ့တစ်ခုကို ချထားပေးမယ်။ ဒီလူအိုကြီးကို မင်း သစ္စာဖောက်လိုက်တာနဲ့တစ်ပြိုင်နက် ဒီလောကကြီးထဲက အနာကျင်ရဆုံးဘေးဒုက္ခကို မင်းရင်ဆိုင်ရမယ်။" 

ရှေးဟောင်းဘီလူးကြီးက လန်လဲ့ကို စိုက်ကြည့်ပြီး ပြောဆိုလိုက်သည်။ 

သူ၏ အသံက နူးညံ့ညင်သာနေသော်လည်း ၎င်းစကားလုံးများက လန်လဲ့၏ စိတ်ဝိညာဥ်တစ်ခုလုံးကို ထိန်းကွပ်မရ တုန်ယင်သွားစေခဲ့သည်။

"ဆရာ စိတ်အေးအေးထားပါ။ ဒီတပည့်က ဆရာသခင်ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး။"

လန်လဲ့က ရုတ်ချည်း ဒူးထောက်ချလိုက်ပြီး ရိုးသားစွာဖြင့် ပြောဆိုလိုက်သည်။

ဤအချိန်၌ သူဟာ အေးစက်၍ စိတ်အားတက်ကြွနေလေသည်။ ရှေးဟောင်းဘီလူးကြီးက သူ၏ တောင်းဆိုမှုကို အလွယ်တကူ လက်ခံလိုက်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ တွေးထင်မထားခဲ့ပါ။ နှလုံးသားအတွင်း၌ မျိုးစေ့ချမှတ်ခံရဦးမှာ ဖြစ်သော်လည်း တပည့်တစ်ယောက်ဖြစ်ခြင်းက အစေအပါးတစ်ယောက်ဖြစ်ခြင်းထက် ပို၍ ကောင်းမွန်သည် မဟုတ်ပါလော။

သည်လို ထိတ်လန့်ဖွယ်တည်ရှိမှုကြီးကို ဆရာသခင်အဖြစ် ရရှိထားမှတော့ သူ့ရဲ့အနာဂါတ်ကလည်း အဆုံးအစမဲ့ တောက်ပနေတော့မှာ။ ဘာကို ရှန်ရှန်ကျုံ့ဂိုဏ်းလဲ။ ဘာကို ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်လဲ။ သူ့ရဲ့လက်ခုပ်ထဲမှာ မကြာခင် ခြေမွနိုင်တော့မှာကွ!

ဤအချိန်၌ မင်းသားလန်လဲ့သည် သူ၏ တောက်ပသော အနာဂါတ်ကို တွေ့မြင်လိုက်ရပုံပေါ်သည်။ သူဟာ မရေမတွက်နိုင်သော လူပုဂ္ဂိုလ်များစွာ၏ လေးစားအားကျခြင်းကို ခံနေရကာ ကြီးမြတ်သော ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့သည်။

အရာအားလုံး ဤကဲ့သို့ ချောမွေ့စွာဖြစ်လာမည်မှန်းသိပါက သူဟာ ဤနေရာလွတ်အတွင်းသို့ စောစီးစွာဝင်ရောက်ခဲ့ပြီး ယခုအချိန်ထိတောင် စောင့်ဆိုင်းနေခဲ့မှာ မဟုတ်ပါ။

ရှေးဟောင်းဘီလူးကြီးသည် အသံတစ်ခုမျှ မပြုဘဲ သူ၏ကြီးမားသောခေါင်းကြီးကို တဆက်ဆက်ငြိမ့်လိုက်သည်။ သူဟာ ခက်ခက်ခဲခဲဖြင့် ဧရာမလက်ကြီးကို မြှောက်လိုက်သည်။

"ဘုန်း!"

ရှေးဟောင်းဘီလူးကြီးက လက်ကို မြှောက်လိုက်သည်နှင့်တစ်ပြိုင်နက် နေရာလွတ်နယ်မြေအတွင်း၌ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ပဲ့တင်ထပ်ထွက်လာခဲ့ကာ ရှေးဟောင်းဘီလူးကြီး၏ ပတ်ပတ်လည်၌ သံကြိုးများသဖွယ် ရစ်တွယ်လျက်ရှိသော ခရမ်းရောင် နဂါးကြီးကလည်း ခရမ်းရောင်လှိုင်းလုံးတစ်ခုကို ပြင်းထန်စွာ ဖော်ထုတ်လိုက်လေသည်။ နေရာလွတ်နယ်မြေကြီးတစ်ခုလုံးသည် ခါယမ်းသွားခဲ့သည်။

အဆိုပါ ထိတ်လန့်ဖွယ်ကောင်းသော အသံကြီးက လန်လဲ့၏ ခန္ဓာကိုယ်ကို သေလုမတတ် ဖြူဖျော့သွားစေခဲ့သည်။ သူက ကြီးမားသော နဂါးကြီးကို ထိတ်လန့်ခြောက်ခြားစွာ စိုက်ကြည့်နေခဲ့ပြီး သူ၏ ခန္ဓာကိုယ်က အဆက်မပြတ် တုန်ယင်နေခဲ့သည်။

အဆိုပါ ခရမ်းရောင်နဂါးကြီးက အဘယ်မျှလောက် ကြောက်မက်ဖွယ်ကောင်းကြောင်းကို သူ မတွေးဆနိုင်ခဲ့ပါ။ အဆိုပါနဂါးကြီး၏ ဟိန်းသံတစ်ချက်ကတောင် ကမ္ဘာလောကကြီးကို ဖျက်စီးလုမတတ် ပြင်းထန်သော အရှိန်အဝါကို ပေါက်ကွဲစေခဲ့သည်။

ဒီလိုနဂါးကြီးလေးကောင်ရဲ့ ပိတ်ဆို့ခြင်းခံထားရတဲ့ သူ့ရဲ့ဆရာက ဘယ်လောက်တောင် ထိတ်လန့်ဖို့ကောင်းမှာလဲ။

ရှေးဟောင်းဘီလူးကြီးသည် နဂါးကြီး၏ ဟိန်းဟောက်သံကို လျစ်လျူရှုထားခဲ့သည်။ သူက လက်တစ်ဖက်ကို ပင့်မြှောက်လျက် လက်တစ်ချောင်း ဆန့်ထုတ်လိုက်သည်။ သူ၏ လက်ညိုးထံမှ အလင်းတန်းတစ်ခု ရုတ်တရက် ပြေးထွက်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း၌ လန်လဲ့၏ မျက်ဝန်းများအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ထူးဆန်းသော သင်္ကေတလှိုင်းလုံးများသည် လန်လဲ့၏ စိတ်အာရုံအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ကာ ချိန်းကြိုးများကဲ့သို့ လန်လဲ့၏ စိတ်ဝိညာဥ်ကို တွယ်ပတ်လိုက်လေသည်။ သို့ပါသော်လည်း အလင်းလှိုင်းလုံးများ၏ အောက်တွင် လန်လဲ့သည် မသက်မသာဖြစ်မှု တစ်ခုကိုမှ မခံစားရပါ။ သူသည် နွေးထွေးသော ရောင်ခြည်အတွင်း၌ ကျရောက်နေသလို ခံစားခဲ့ရကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အင်မတန် သက်တောင့်သက်သာ ဖြစ်နေခဲ့လေသည်။

"ဘုန်း!"

အဆိုပါ ချိန်းကြိုးများကို အေးစက်သော စိတ်ဝိညာဥ်အတွင်း နှစ်မြှုပ်ပြီးသည်နှင့်တစ်ပြိုင်နက် ရှေးဟောင်းဘီလူးကြီးသည် ရပ်တန့်မနေခဲ့ဘဲ တောက်ပသော အလင်းရောင်တစ်ခုကို ဆက်လက် ဖော်ထုတ်ခဲ့လေသည်။ အဆိုပါ တောက်ပသော အလင်းရောင်အတွင်း၌ အင်မတန် ခမ်းနားကြီးကျယ်သောစွမ်းအားများနှင့် သိပ်သည်းစွာ တည်ရှိသော လျှို့ဝှက်ဆန်းကြယ်သည့် သင်္ကေတများ ကိန်းဝပ်နေလေသည်။

မျက်တောင်တစ်ခတ်အတွင်း၌ အဆိုပါအလင်းတန်းသည်လည်း လန်လဲ့၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

လန်လဲ့သည် သူ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသည့် ထူးခြာဆန်းကြယ်သော ခွန်အားတစ်ရပ်ကို ခံစားလိုက်ရကာ ၎င်းစွမ်းအားက သူ၏ သွေးကြောများအတွင်း၌ လှည့်ပတ်နေခဲ့ပြီး သူ၏ကျင့်ကြံမှုအတားအဆီးကို အဆက်မပြတ် ရိုက်ခတ်နေခဲ့သည်။

တစ်ချိန်တည်းမှာပဲ လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများကလည်း သူ၏ စိတ်အာရုံအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ကာ လန်လဲ့၏ စိတ်အာရုံတစ်ခုလုံးကို အမျိုးအစားစုံလင်သော ဉာဏ်အလင်းပွင့်မှုများဖြင့် ပြည့်နှက်သွားစေခဲ့၏။

All Chapters