← Chapters

နွေဦးအင်မော်တယ်နန်းတော်

Vol. 79 Ch. 1213

နွေဦးအင်မော်တယ်နန်းတော်

Vol. 79 Ch. 1213

လောကသည် တိတ်ဆိတ်ငြိမ်သတ်နေသည်။

ကောင်းကင်ပေါ်မှ တောက်ပသော ဖိုးလမင်း၏ အရှေ့တွင် မြူခိုးငွေ့တချို့ လွင့်မျောသွားပြီး သိမ်မွေ့ညင်သာသော ခံစားမှုကို ပေးသည်။

လမ်းရှည်ပေါ်မှ လရောင်ခြည်သည်တော့ ခရမ်းရောင်ဖြစ်သည်။ ခရမ်းရောင်လရောင်ခြည်၏ ဇစ်မြစ်ဖြစ်သော ရွှီချင်းသည် လိပ်ပြာ၏ စကားကို ကြားပြီးနောက် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။ သူက အနောက်သို့ လှည့်လိုက်ပြီး လိပ်ပြာကို စိုက်ကြည့်လိုက်သည်။

နွေဦးအင်မော်တယ်နန်းတော်…

ရွှီချင်းသည် ထိုအဖွဲ့အစည်းအကြောင်းကို တစ်ကြိမ်ထက်မနည်း ကြားဖူးသည်။ နန်းမြို့တော်သို့ သူရောက်ရှိလာသည့်အချိန်မှာ မင်းသမီးအန်းဟိုင်သည် သူ့အား ထိုအကြောင်းကို ပထမဆုံးအကြိမ် ပြောပြခဲ့သည်။

ထိုနန်းတော်သည် လူသားမျိုးနွယ်ထဲမှာသာ တည်ရှိခြင်းမဟုတ်ပေ။ ယင်းက ဝမ်ကူးကုန်းမြေ၏ မျိုးနွယ်စုတိုင်းမှာ တည်ရှိသည်။

ထိုနန်းတော်၏ ရှေးကျမှုကို ခြေရာခံမည်ဆိုလျှင် ဝမ်ကူးကုန်းမြေအား စတင်ဖွဲ့စည်းခဲ့သည့် အချိန်ကာလကို ရှာတွေ့နိုင်လိမ့်မည်။

အမှန်မှာ ဝမ်ကူးကုန်းမြေ၏ ရှေးဟောင်းကောင်းကင်ဘုံတာအို(၉၉)ခုကို ထိုနန်းတော်၏ အရှင်သခင်များက ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။ ဤလောကအတွက် စည်းမျဉ်းများကို ရေးဆွဲခဲ့သူများနှင့် နတ်ဘုရားများအတွက် နယ်နိမိတ်စည်ကို သတ်မှတ်ခဲ့သူများပင် ထိုနန်းတော်၏ အဖွဲ့သားများ ဖြစ်ကြသည်။

သူတို့သည် အောက်နယ်မြေဟု လူများသိထားကြသော ရွှမ်ကမ္ဘာမြေမှ ရောက်ရှိလာကြခြင်း ဖြစ်သည်။

ရွှီချင်း၏ အကြည့်သည် လေးနက်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက နူးညံ့စွာ ပြောသည်။

“ လူသားမျိုးနွယ်ရဲ့ နွေဦးအင်မော်တယ်နန်းတော်က နှစ်တစ်ထောင်ကြာပြီးသွားတိုင်း တပည့်တစ်ယောက်ကို အပြင်စေလွှတ်လေ့ ရှိတယ်… မင်းက ဒီမျိုးဆက်ရဲ့ တပည့်လား ”

လိပ်ပြာ၏ အတောင်ပံသည် တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။ တလက်လက် တောက်ပသော ကြယ်အလင်းမှုန်များသည် ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ ပြန့်ကျဲသွားပြီး ဟင်းလင်းပြင်ထဲမှာ ပျောက်ကွယ်သွားသည်။ ထို့နောက် ကြည်လင်သော အသံသည် ဘေးပတ်ဝန်းကျင်သို့ ပဲ့တင်ထပ်သွားသည်။

“ ငါနင့်ကို မပြောပြနိုင်ဘူး… တကယ်လို့ နင်သိချင်တယ်ဆိုရင်… ”

ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချည်မျှင်များက ပျံသန်းထွက်လာကြပြီး လိပ်ပြာ၏ ခန္ဓာကိုယ်ထဲသို့ တစ်ဟုန်ထိုး တိုးဝင်သွားကြသည်။

ဗုန်းဟူသော မြည်သံနှင့်အတူ လိပ်ပြာ၏ ခန္ဓာကိုယ်သည် ပျက်စီးသွားပြီး မြန်ဆန်စွာ ပြန်ဖွဲ့စည်းသွားသည်။ သို့သော်လည်း နောက်တစ်စက္ကန့်မှာ ၎င်းက ဝိညာဉ်ချည်မျှင်များဖြင့် ထပ်မံဖျက်ဆီးခံလိုက်ရသည်။

အကြိမ်ပေါင်းဒါဇင်ခန့် ထပ်ခါထပ်ခါ လုပ်ဆောင်ပြီးမှသာ ရွှီချင်းက ရပ်တန့်လိုက်သည်။

လိပ်ပြာသည် ထပ်မံဖွဲ့စည်းသွားသည်။ ၎င်း၏ အတောင်ပံပေါ်မှ သင်္ကေတများသည် မျက်လုံးတစ်လုံးသဖွယ် စုဝေးသွားပြီး ရွှီချင်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ထို့နောက် အကူအညီမဲ့သော အသံက ၎င်းထံမှ ထွက်ပေါ်လာသည်။

“ နင်က စိတ်ဆိုးနေတုန်းပဲ… ဒါပေမဲ့ နင်အရမ်းလွန်သွားပြီ… ငါ့ကို ထပ်မသတ်နဲ့တော့ ”

“ ကောင်းပြီ… နင့်မေးခွန်းကို ငါဖြေပေးမယ်… တကယ်တော့ ငါလည်းပဲ အပြင်ကို ခရီးထွက်သွားချင်တယ်… ဒါပေမဲ့ နန်းတော်သခင်က ငါ့စွမ်းရည်က မလုံလောက်သေးဘူးလို့ ပြောတယ်… ဟုတ်တယ်… ဆရာပြောတာ မှန်တယ်… ငါက နင့်ကိုတောင် အနိုင်မတိုက်နိုင်ဘူး… ”

လိပ်ပြာသည် နူးညံ့စွာ သက်ပြင်းချလိုက်သည်။

“ ဒီတော့ နင်သွားမှာလား မသွားဘူးလား… နင်မသွားဘူးဆိုရင်တော့ နင့်နောက်ကို ငါဆက်လိုက်နေရလိမ့်မယ်… ငါ့မှာလည်း တခြားရွေးချယ်စရာ မရှိဘူး… နန်းတော်သခင်က နင့်ကို ဖိတ်ခေါ်ခိုင်းလိုက်တယ်… အဲ့ဒါကို ပြီးမြောက်အောင် မလုပ်နိုင်ဘူးဆိုရင် ငါ့အတွက် မကောင်းဘူး ”

“ ဘာမှမကြောက်နဲ့… ဆရာက နင့်ကို ထိခိုက်အောင် မလုပ်ပါဘူး… ပြီးတော့ ငါတို့နှစ်ယောက် စတိုက်ခိုက်ကတည်းက ဒီနေရာက စည်းချအစီအရင်က အသက်မဝင်လာသလို ဒီကို ဘယ်သူမှ ရောက်မလာတာကို နင်သတိထားမိတယ်မလား… အဲ့ဒီအကြောင်းအရင်းကိုလည်း နင်ခန့်မှန်းမိတယ်မလား ”

“ ဘာဖြစ်လို့လဲဆိုတော့ ငါက နွေဦးအင်မော်တယ်နန်းတော်ကို ကိုယ်စားပြုလို့ပဲ… နွေဦးအင်မော်တယ်နန်းတော်က ဘယ်မျိုးနွယ်စုမှာပဲဖြစ်ဖြစ် လောကီကိစ္စတွေမှာ ဝင်မပါဘူး… ငါတို့က သမိုင်းကြောင်းတွေကို မှတ်တမ်းတင်ရုံပဲ… ငါတို့က ဘယ်သူနဲ့မှ ရန်သူမလုပ်ဘူး ”

“ ဒါပေမဲ့ နန်းတော်သခင်က ဘာဖြစ်လို့ နင့်ကို ဖိတ်ခေါ်ခိုင်းလဲဆိုတာ ငါလည်းပဲ တကယ်မသိဘူး ”

“ ဒီတော့ နင်သွားမှာလား မသွားဘူးလား ”

ရွှီချင်းသည် အတော်လေး စိတ်အနှောင့်အယှက်ဖြစ်လာသည်။ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက လိပ်ပြာအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် အတော်လေး စကားများလာကြောင်း သူရှာတွေ့သွားသည်။ စကားလုံးများသည် ၎င်း၏ ပါးစပ်ထဲမှ လုံးဝအဆုံးမရှိသည့်အလား တရစပ် ထွက်ပေါ်လာသည်။

သို့သော်လည်း ရွှီချင်းသည် နွေဦးအင်မော်တယ်နန်းတော်ကို အမှန်တကယ် စိတ်ဝင်စားသည်။

ယခု နန်းမြို့တော်ထဲတွင် လူအများအပြားသည် သူ့ကို အာရုံစိုက်လာကြသည်။ ထို့ကြောင့် နွေဦးအင်မော်တယ်နန်းတော်ထဲမှာ ကြီးမားသော အန္တရာယ်ဖြင့် တွေ့ကြုံရမည်ကို သူမစိုးရိမ်ပေ။

သို့ဖြစ်၍ တစ်ခဏကြာ စဉ်းစားပြီးနောက် သူက ခေါင်းငုံ့လိုက်ပြီး သူ၏ ခါးပေါ်တွင် ချည်နှောင်ထားသော ရှေးဟောင်းနေလုံးကို ကြည့်လိုက်သည်။ သူက ပိုပြီး စိတ်သက်သာရာရသွားသည်။

“ လမ်းပြပါ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

လိပ်ပြာသည် ဝမ်းသာပျော်ရွှင်သွားပြီး အရှေ့သို့ ပျံသန်းသွားလေရာ ရောင်စုံအလင်းစီးကြောင်းတစ်ခုက ၎င်းနောက်မှာ ကျန်နေခဲ့သည်။ ယင်းက ကြယ်တာရာကောင်းကင်သဖွယ် လှပသည်။

ရွှီချင်းသည် ၎င်း၏ အနောက်မှ လိုက်ပါသွားသည်။

သူက အရှေ့သို့ ဆက်လက် ရွေ့လျားသွားပြီး နန်းမြို့တော်၏ မြောက်ဘက်ပိုင်းဆီသို့ ရောက်ရှိသွားသည်။

နန်းမြို့တော်သည် ရှေးဘုရင်ဂြိုလ်၏ အတွင်းဘက်ကျဆုံး နယ်မြေစက်ဝန်းဖြစ်ပြီး အလွန်တရာ ကျယ်ပြောသည်။

ဤနေရာတွင် အမျိုးအစားစုံလင်သော တောင်တန်းဒေသများနှင့် လွင်ပြင်များ ရှိသည်။

တခြားဧရိယာများနှင့် နှိုင်းယှဉ်လျှင် မြောက်ဘက်ပိုင်းသည် အနည်းငယ် ချောင်ကျပြီး အဆောက်အဦးနည်းပါးသည်။ ညအချိန်တွင် ယင်းက ကျက်တီးမြေဟူသော ခံစားမှုကို ပေးသည်။

တစ်ခဏကြာပြီးနောက် လိပ်ပြာသည် လွင်ပြင်တစ်ခုပေါ်မှာ ရပ်တန့်သွားသည်။ ၎င်း၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော သက်တံ့အလင်းရောင်နှင့် လရောင်ခြည်က ပေါင်းစပ်သွားသည့်အခါ ဤနေရာသည် ရှင်းလင်းထင်ရှားလာသည်။

ထိုအလင်းရောင်အောက်မှာ ဘုရားကျောင်းတစ်ခုသည် ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။

ဘေးပတ်ဝန်းကျင်တွင် မည်သည့်အဆောက်အဦးမှ မရှိပေ။ ဤလွင်ပြင်ပေါ်တွင် ထိုဘုရားကျောင်းတစ်ခုတည်းသာ ထီးထီးမားမား တည်ရှိနေသည်။

ဘုရားကျောင်းသည် ယိုယွင်းပျက်စီးနေပြီး အချိန်စီးဆင်းမှု၏ လေးနက်မှုဖြင့် ပြည့်နှက်နေသည်။ ၎င်း၏ တည်ရှိမှုသည် အတော်လေး ထူးဆန်းသည်။ ဤသည်မှာ ၎င်းက အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြားမှာ တည်ရှိနေသည့်အလားပင်။

ရွှီချင်းသည် ဤနေရာကို ယခင်က ဖြတ်သန်းသွားဖူးသည်။ သို့ဖြစ်၍ ဤနေရာမှာ မည်သည့်ဘုရားကျောင်းမှ မရှိကြောင်း ရှင်းလင်းစွာ သူမှတ်မိသည်။

‘ အဲ့ဒါက အင်မော်တယ်အမှန်တရားခေါင်းလောင်းနဲ့ ဆင်တူပုံရတယ် ’

ရွှီချင်းက လေးနက်စွာ တွေးတောလိုက်သည်။

“ ဘာမှစဉ်းစားမနေနဲ့… ဘယ်မျိုးနွယ်စုက နွေဦးအင်မော်တယ်နန်းတော်မဆို တည်ရှိနေတာ ဟုတ်သလို မတည်ရှိနေတာလည်း ဟုတ်တယ်… နင်က နွေဦးအင်မော်တယ်နန်းတော်ကို ရှာဖွေချင်တယ်ဆိုရင် ရှာတွေ့မှာမဟုတ်ဘူး ”

“ နွေဦးအင်မော်တယ်နန်းတော်က ဖိတ်ခေါ်မှပဲ နင်က အဲ့ဒါကို မြင်နိုင်လိမ့်မယ် ”

လိပ်ပြာထံမှ အသံက ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းသည် အတောင်ပံတဖျပ်ဖျပ်ခတ်ပြီးနောက် ဘုရားကျောင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ မကြာမီ ၎င်းသည် ဘုရားကျောင်းဆီသို့ လမ်းကြောင်းပေါ်မှာ မည်သည့်သဲလွန်စမှ မကျန်ဘဲ ပျောက်ကွယ်သွားသည်။ ၎င်းက ပျောက်ကွယ်သွားပြီးနောက် ဘုရားကျောင်း၏ ဂိတ်တံခါးသည် ဖြည်းညင်းစွာ ပွင့်သွားသည်။

ဂိတ်တံခါးသည် လေဒဏ်မိုးဒဏ်ကို တွေ့ကြုံထားရကြောင်း ရှင်းလင်းသည်။ ထို့ပြင် ရှေးကျပြီး သက်တမ်းကြာမြင့်သော ခံစားမှုသည် ဘုရားကျောင်း၏ အတွင်းနှင့် အပြင်မှာ ပျံ့နှံ့နေသည်။ ယင်းကို အဝေးမှကြည့်လျှင် တစ်စုံတစ်ယောက်သည် သမိုင်းကြောင်းကို မြင်နိုင်လိမ့်မည်။

ရွှီချင်းသည် မျက်လုံးမှိတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ နေနာရီများကို ဖြည်းညင်းစွာ လှည့်ပတ်လိုက်သည်။ သူက မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ ဘုရားကျောင်း၏ အပြင်ဘက်တွင် အချိန်မြစ်က စီးဆင်းနေကြောင်း ဝေဝေဝါးဝါး သူမြင်သွားသည်။

ယင်းက ဤဘုရားကျောင်းကို ပိုပြီး လျှို့ဝှက်ဆန်းကြယ်စေသည်။

အချိန်အတန်ကြာပြီးနောက် ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ အင်္ကျီကို သပ်သပ်ရပ်ရပ် ပြုပြင်လိုက်သည်။ ထို့နောက် သူက ဘုရားကျောင်း၏ အပြင်ဘက်မှာ ဦးညွတ်လိုက်သည်။

ထို့နောက် သူက ဘုရားကျောင်း၏ ဝင်ပေါက်ဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။ သူက ရပ်တန့်ခြင်းမရှိဘဲ ဘုရားကျောင်းထဲသို့ တိုက်ရိုက် ခြေချလိုက်သည်။

သူက အထဲသို့ ဝင်ရောက်သွားသည့်အခိုက် အပြင်ပန်းမှာကဲ့သို့ ယိုယွင်းပျက်စီးနေသော ဘုရားကျောင်း၏ အသွင်အပြင်က ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ဘုရားကျောင်းသည် သာမန်သာ ဖြစ်သည်။ ယင်းက အပြင်လောကမှ တခြားဘုရားကျောင်းများနှင့် အတူတူသာ ဖြစ်သည်။ ၎င်းသည် ဟာလာဟင်းလင်းဖြစ်ပြီး တိတ်ဆိတ်သည်။ မီးတောက်နေသော ဖယောင်းတိုင်၏ လောင်ကျွမ်းနေသော အသံသည်သာ မထင်မရှား ပဲ့တင်ထပ်နေသည်။

ထိုအသံ၏ ဇစ်မြစ်သည် သူ့အရှေ့ရှိ ယဇ်ပလ္လင်တစ်ခုထံမှ ဖြစ်သည်။ ယဇ်ပလ္လင်ပေါ်တွင် ဖယောင်းတိုင်ကိုးတိုင်ကို စိုက်ထူထားသည်။ ဖယောင်းတိုင်သုံးတိုင်သည် မီးငြိမ်းသတ်နေပြီး ကျန်ခြောက်တိုင်သည် ဆက်လက် လောင်ကျွမ်းနေဆဲပင်။ ယင်းက ဘုရားကျောင်းတစ်ခုလုံးထံသို့ ခပ်မှိန်မှိန် မီးအလင်းရောင်ကို ပေးသည်။

ယဇ်ပလ္လင်၏ အောက်တွင် ကောက်ရိုးဖြာသုံးခု ရှိသည်။ ကောက်ရိုးဖြာများသည် အနည်းငယ် စုတ်ပြဲနေလေရာ ယင်းတို့ကို တရားထိုင်ရန်နှင့် ဝတ်ပြုဆုတောင်းရန်အတွက် နှစ်ပေါင်းများစွာကြာအောင် အသုံးပြုထားခဲ့ကြောင်း ထင်ရှားပေသည်။

ဘုရားကျောင်း၏ ကိုးကွယ်ပူဇော်ခံများသည် နတ်ဘုရားရုပ်တုများ မဟုတ်ကြပေ။ ယင်းအစား ရှေးဟောင်းပန်းချီကားကိုးချပ်ဖြစ်သည်။

ထိုရှေးဟောင်းပန်းချီကားများသည် ဝေဝါးနေပြီး မထင်မရှားဖြစ်နေသည်။ ပန်းချီကားပေါ်မှ လူပုံသဏ္ဍာန်ကိုသာ မသဲမကွဲ မြင်နိုင်ပေသည်။

ထို့ပြင် ဘုရားကျောင်း၏ ဘေးပတ်ပတ်လည်မှ နံရံများပေါ်တွင် ဆေးပန်းချီလက်ရာများလည်း ရှိသည်။ ယင်းတို့က ဖယောင်းတိုင်မီး၏ အလင်းရောင်အောက်မှာ အစက်အပြောက်များသဖွယ် ပုံရိပ်ထင်ပေါ်နေကြသည်။

ထိုဆေးပန်းချီများထဲမှာ လူသားမျိုးနွယ်၏ သမိုင်းကြောင်း ပါရှိသည်။

ထိုဆေးပန်းချီများထဲတွင် လူသားဧကရာဇ်ရွှမ်ကျန်း နန်းတတ်စဉ်က မြင်ကွင်းကို ရွှီချင်း မြင်တွေ့သွားသည်။

ဆေးပန်းချီသည် အလွန်ရှင်းလင်းပြီး ကြီးကျယ်ခမ်းနားသော အငွေ့အသက်ကို ပေးသည်။ သူက ယင်းကို ကြည့်ရှုလိုက်သည့်အခါ သူကိုယ်တိုင်က ထိုနေရာမှာ ရှိနေသကဲ့သို့ ခံစားမိသွားသည်။

အချိန်အတော်ကြာပြီးနောက် ရွှီချင်း၏ အကြည့်သည် တခြားဆေးပန်းချီပေါ်သို့ ရွှေ့ပြောင်းသွားသည်။ ထီးနန်းဆက်ခံနေသော နောက်ထပ်လူသားဧကရာဇ်တစ်ပါးကို သူမြင်သွားသည်။

ထိုလူသားဧကရာဇ်၏ အသွင်အပြင်ကို သူမရင်းနှီးပေ။ သို့သော်လည်း သူ၏ ဘေးမှာ စကားလုံးတချို့ကို ရေးသားထားသည်။

လူသားဧကရာဇ်တာအိုရှီကျဲ…

ရွှီချင်းသည် အနီးကပ် ကြည့်ရှုပြီးနောက် အရှေ့သို့ ဆက်လျှောက်သွားသည်။ ထို့နောက် သူက တာအိုရှီကျဲမတိုင်ခင် လူသားမျိုးနွယ်ကို အုပ်ချုပ်ခဲ့သော လူသားဧကရာဇ်ကျင့်ယွင်ကို မြင်သွားသည်။

လူသားဧကရာဇ်ကျင့်ယွင်၏ ဆေးပန်းချီအရှေ့တွင် ရွှီချင်းက တစ်ခဏ ရပ်တန့်လိုက်သည်။ သူက ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားကို မစဉ်းစားမိဘဲ မနေပေ။ အဘယ့်ကြောင့်ဆိုသော် လူသားဧကရာဇ်ကျင့်ယွင်နှင့် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက ခေတ်တစ်ခေတ်တည်းမှာ ရှင်သန်ခဲ့သူများဖြစ်ကြောင်း သူသိထားသောကြောင့် ဖြစ်သည်။

တစ်ချိန်တည်းမှာ ယင်းကို လူသားမျိုးနွယ်၏ ရွှေခေတ်ဟုလည်း ဆိုနိုင်သည်။

ဧကရာဇ်များ၏ ထီးနန်းဆက်ခံသော မြင်ကွင်းများသည် သူတို့၏ ခေတ်ကာလပေါ်မူတည်ပြီး ကွဲပြားခြားနားကြသည်။ ထိုထဲတွင် ကြီးကျယ်ခမ်းနားဆုံးမှာ လူသားဧကရာဇ်ဒုန်းရှန့်၏ ထီးနန်းဆက်ခံသော အခမ်းအနားဖြစ်သည်။ ထိုဆေးပန်းချီထဲတွင် ကောင်းကင်ဘုရင်များသည် မတ်တတ်ရပ်နေကြပြီး အုပ်ချုပ်သူအများအပြားလည်း ရှိနေကြသည်။ ယင်းက ကြီးကျယ်ခမ်းနားသော အငွေ့အသက်နှင့် လူသားမျိုးနွယ်၏ ပြိုင်ဘက်ကင်းသော ကမ္မအရှိန်အဝါကို ထုတ်လွှတ်နေသည်။

လူသားဧကရာဇ်ဒုန်းရှန့်ခေတ်မှာ လူသားမျိုးနွယ်၏ အခြေခံအုတ်မြစ်သည် အလွန်ကြောက်စရာကောင်းပြီး ရှေးဘုရင်၏ ဂုဏ်သတင်းသည်လည်း ကျန်ရှိနေဆဲပင်။

ရွှီချင်းက လူသားဧကရာဇ်ရွှမ်ကျန်း၏ နန်းတတ်ပွဲကို ပြန်ကြည့်လိုက်သည့်အခါ လူသားမျိုးနွယ်က မည်မျှနိမ့်ကျသွားကြောင်း ထင်ရှားစွာ မြင်တွေ့သွားသည်။

ထိုမြင်ကွင်းများထဲမှ သမိုင်းကြောင်းသည် မြစ်တစ်စင်းနှယ် ပြောင်းလဲသွားပြီး ရွှီချင်း၏ အရှေ့မှာ စီးဆင်းသွားသည်။ ရှေးဘုရင်ရွှမ်ယုံထွက်သွားပြီးနောက် လူသားမျိုးနွယ်၏ အနိမ့်အမြင့်အတတ်အကျသည် ထိုဆေးပန်းချီများမှတဆင့် ရွှီချင်း၏ မျက်စိရှေ့မှာ ထင်ရှားစွာ ပုံရိပ်ထင်ပေါ်လာသည်။

“ ဒါဆိုရင် လူသားဧကရာဇ်ဒုန်းရှန့်ရှေ့က ရှေးဘုရင်ရွှမ်ယုံကရော… ”

လှိုင်းလုံးများသည် ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက ဘုရားကျောင်း၏ နံရံကို လှည့်ပတ်လိုက်ပြီး ဆက်လျှောက်သွားသည်။ နောက်ဆုံးမှာတော့ သူက အနာဂတ်လူသားဧကရာဇ်အားလုံး၏ ကြီးကျယ်ခမ်းနားမှုထက် အများကြီးသာလွန်သော မြင်ကွင်းတစ်ခုကို မြင်တွေ့သွားသည်။

ဤသည်မှာ ရှေးဘုရင်ရွှမ်ယုံ၏ နန်းတတ်ပွဲဖြစ်သည်။

ရှေးဘုရင်ဂြိုလ်သည် အလင်းရောင်ဖြင့် လင်းလက်တောက်ပနေပြီး မရေမတွက်နိုင်သော ကောင်းချီးမင်္ဂလာနိမိတ်များကို ထုတ်ဖော်နေသည်။ လောကကြီး၏ အရောင်သည် မှေးမှိန်သွားပြီး ရှေးဟောင်းကောင်းကင်ဘုံတာအို(၉၉)ခုစလုံး ထွက်ပေါ်လာကြသည်။ ၎င်းတို့အားလုံးသည် နန်းတော်၏ ဦးတည်ရာဆီသို့ ဂါရဝပြုထားကြသည်။

ကျယ်ပြောလှသော နန်းတော်ပေါ်တွင် ကောင်းကင်ဘုံအစွမ်းထက် သာလွန်သော ပုဂ္ဂိုလ်တစ်ဦးက မတ်တတ်ရပ်နေသည်။

ထိုလူ၏ အောက်တွင် ဝမ်ကူးကုန်းမြေမှ မျိုးနွယ်စုအားလုံးနှင့် မရေမတွက်နိုင်သော ဧကရာဇ်များက ဖော်မပြနိုင်သော ရိုသေလေးစားမှုနှင့်အတူ သူ့ကို အရိုအသေပေးနေကြသည်။

ထိုပုဂ္ဂိုလ်သည် ဝမ်ကူးကုန်းမြေကို ဖိနှိပ်နိုင်ခဲ့သည်။

ထိုပုဂ္ဂိုလ်သည် လောကတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။

“ ရှေးဘုရင်ရွှမ်ယုံ ”

ရွှီချင်းသည် အချိန်အတော်ကြာ ကြည့်ရှုပြီးနောက် သူ၏ အကြည့်ကို ဖြည်းညင်းစွာ ပြန်ရုပ်သိမ်းလိုက်သည်။ သူ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် သူက အရှေ့သို့ ဆက်လျှောက်သွားသည်။ သူက ရှေးဘုရင်ရွှမ်ယုံခေတ်မတိုင်ခင်က လူသားမျိုးနွယ်ကို မြင်ချင်သေးသည်။

ရှေးဘုရင်ရွှမ်ယုံ၏ အရှေ့တွင်လည်း လူသားမျိုးနွယ်ထဲမှာ ဧကရာဇ်များ ပေါ်ထွန်းခဲ့ဖူးသည်။ သူတို့သည် မတူညီသော အချုပ်အခြာအာဏာများနှင့် အခွင့်အာဏာများကို ပိုင်ဆိုင်ခဲ့ကြသည်။

(၃၁)ယောက်မြောက် ပုဂ္ဂိုလ်ပြီးနောက် ရွှီချင်းသည် ရှေးဘုရင်ရွှမ်ယုံ၏ နန်းတတ်ပွဲနှင့် တုယှဉ်နိုင်သော ကြီးကျယ်ခမ်းနားသည့် နောက်ထပ်မြင်ကွင်းတစ်ခုကို မြင်တွေ့သွားသည်။

ဤသည်မှာ နောက်ထပ်ရှေးဘုရင်တစ်ပါး ဖြစ်သည်။

ရွှမ်ယုံသည် ဝမ်ကူးကုန်းမြေကို စည်းလုံးညီညွတ်စေခဲ့သော လူသားမျိုးနွယ်၏ ပထမဆုံး ရှေးဘုရင်မဟုတ်ပေ။ သူ့အရှေ့မှ ရှေးဘုရင်ကို ဖန့်ကျူးအင်မော်တယ်ဟု ခေါ်သည်။

ထိုရှေးဘုရင်သည် ဧကရီဖြစ်သည်။

ဧကရီသည် တုနှိုင်းမဲ့အောင် လှပပြီး လူတိုင်း၏ အာရုံစိုက်မှုအလယ်မှာ ရှိသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ကိုယ်ရောင်ကိုယ်ဝါသည် မိုးကောင်းကင်အထိ ပျံတတ်နေသည်။

ရွှီချင်းသည် နှလုံးတုန်လှုပ်သွားသည်။ ဤသည်မှာ သူမသိထားသော သမိုင်းကြောင်းဖြစ်သည်။ သို့ဖြစ်၍ သူက ယင်းကို ပိုပြီးဂရုတစိုက် လေ့လာလိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက နေရာမှ ထွက်ခွာသွားသည်။ ထို့နောက် နောက်ထပ်ဧကရာဇ်(၅၀)ကျော်ကို သူမြင်တွေ့သွားသည်။

ဘုရားကျောင်းထဲမှ နံရံဆေးပန်းချီများ၏ အဆုံးသတ်တွင် နောက်ဆုံးမှာတော့ ရွှီချင်းသည် လူသားမျိုးနွယ်၏ ပထမဆုံး ရှေးဘုရင်ကို မြင်တွေ့သွားသည်။

ရှေးဘုရင်သည် လူငယ်တစ်ယောက်ဖြစ်သည်။ သူက ရှေးဟောင်းနန်းတော်တစ်ခု၏ အရှေ့မှာ မတ်တတ်ရပ်နေသည်။ သူက ဧကရာဇ်ဝတ်ရုံကို မဝတ်ဆင်ထားပေ။ ယင်းအစား ရိုးရှင်းသော တာအိုဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။

လူငယ်သည် အောက်ဘက်မှာ သူ့ကို အရိုအသေပေးနေကြသော အသင်္ချေမျိုးနွယ်စုများကို မကြည့်ပေ။ ယင်းအစား သူက ကြယ်တာရာကောင်းကင်ကို စိုက်ကြည့်နေသည်။

သူ၏ အမူအရာသည် အနည်းငယ် ညှိုးငယ်နေပြီး စိတ်ရှုပ်ထွေးနေဟန် ရသည်။ သူ၏ ဘေးပတ်ပတ်လည်မှာ လိုအင်တောင့်တသော စိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။

သူ၏ ဘေးတွင် စကားလုံးလေးလုံးကို ရေးသားထားသည်။

ရှေးဘုရင်ထျန်းကျင့်…

“ ရှေးဘုရင်ထျန်းကျင့်က လူသားမျိုးနွယ်ရဲ့ ပထမဆုံးဧကရာဇ်ဖြစ်သလို ပထမဆုံး ရှေးဘုရင်လည်း ဟုတ်တယ် ”

ဂုဏ်ကျက်သရေဖြင့် ပြည့်နှက်နေသော စကားသံသည် ရွှီချင်း၏ အနောက်မှာ ထွက်ပေါ်လာသည်။

ဤသည်ကို ရွှီချင်းကြားသောအခါ သူက ခေါင်းလှည့်လိုက်ပြီး ယဇ်ပလ္လင်၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။ ကောက်ရိုးဖြာသုံးခုအနက် အလယ်မှတစ်ခုပေါ်တွင် အမျိုးသမီးတစ်ယောက်သည် ရွှီချင်းကို ကျောပေးလျက် ထိုင်နေသည်။

ဖယောင်းတိုင်မီး၏ အလင်းရောင်အောက်မှာ သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်ရှိကြောင်း မြင်နိုင်ပေသည်။ သူက ရွှီချင်း၏ အရှေ့မှာ ရှေးကျသော ပန်းချီကားတစ်ချပ်နှယ် ထွက်ပေါ်လာပြီး မသဲမကွဲပေ။

ပန်းချီကားထဲမှ လူသည် အချိန်ကာလထဲမှာ တည်ရှိနေဟန် ထင်ရသော်လည်း ရွှီချင်း၏ မျက်လုံးထဲမှာတော့ သူက ပစ္စုပ္ပန်ကာလထဲမှာ ရှိနေခြင်းလော သို့မဟုတ် အတိတ်ကာလထဲမှာ ရှိနေခြင်းလော သေချာခွဲခြားပြောရန် အလွန်ခက်ခဲပေသည်။

ထိုအမျိုးသမီး၏ အရှိန်အဝါသည် နတ်ဘုရားတစ်ပါးနှင့် ဆင်တူသော်လည်း နတ်ဘုရားတစ်ပါးမဟုတ်သလို ကျင့်ကြံသူတစ်ယောက်နှင့် ဆင်တူသော်လည်း ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။

‘ အင်မော်တယ်… ’

ရွှီချင်း၏ ခန္ဓာကိုယ်ထဲတွင် အချိန်အတော်ကြာ အိပ်မောကျနေခဲ့သော နတ်ဘုရားလက်ချောင်းသည် ထိတ်လန့်ချောက်ချားသော အသံကို ထုတ်လွှတ်လိုက်သည်။

‘ ငါက ခဏလေးပဲ မှေးလိုက်ပါတယ်… မင်းက ငါ့ကို အင်မော်တယ်တစ်ပါးဆီ ခေါ်ဆောင်သွားတယ်… ’

နတ်ဘုရားလက်ချောင်းသည် တုန်ယင်သွားပြီး ချက်ချင်း မျက်လုံးမှိတ်လိုက်သည်။ ၎င်းက ဆက်လက် အိပ်လိုက်သည်။ အကယ်၍ ၎င်းက နှစ်ချိုက်စွာ အိပ်မောကျသွားမည်ဆိုလျှင် မည်သူ့ကိုမှ မကြောက်တော့ပေ။

ရွှီချင်းသည် နတ်ဘုရားလက်ချောင်း၏ နိုးထလာမှုကို အရေးမထားပေ။ ယင်းအစား သူက ဝတ်ရုံဖြူအမျိုးသမီးကို အာရုံစိုက်ထားသည်။

ရှေးဟောင်းဘုရားကျောင်းထဲတွင် ဝတ်ရုံဖြူပုံရိပ်သည် မှေးမှိန်သော မီးအလင်းရောင်အောက်မှာ ထင်ရှားစွာ တည်ရှိနေသည်။

ထိုအခိုက်အတန့်မှာ လိပ်ပြာတစ်ကောင်သည် လေထဲမှာ ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်တွင် လှည့်ပတ်ပျံသန်းလိုက်သည်။ နောက်ဆုံးမှာတော့ ၎င်းက ဝတ်ရုံဖြူအမျိုးသမီး၏ ပခုံးပေါ်တွင် ရပ်နားလိုက်သည်။ ၎င်း၏ အတောင်ပံပေါ်မှ သင်္ကေတများသည် မျက်လုံးတစ်လုံးအသွင် စုဝေးသွားပြီး ရွှီချင်းကို ကြည့်လိုက်သည်။

“ ရွှီချင်း… ဒါက ငါ့ဆရာပဲ… ဆရာက နွေဦးအင်မော်တယ်နန်းတော်ရဲ့ နန်းတော်သခင်လည်း ဟုတ်တယ် ”

ရွှီချင်း၏ အမူအရာသည် တည်ကြည်လေးနက်သွားပြီး အရိုသေပေးလိုက်သည်။

“ နန်းတော်သခင်ကို နှုတ်ဆက်ပါတယ် ”

ရှေးဟောင်းဘုရားကျောင်းသည် တစ်ခဏကြာ တိတ်ဆိတ်သွားသည်။

“ မင်းရဲ့ ကိုယ်ပေါ်မှာ နွေဦးအင်မော်တယ်ရဲ့ အရှိန်အဝါရှိတယ် ”

ဝတ်ရုံဖြူအမျိုးသမီး၏ အသံသည် ကျောက်တုံးပေါ်သို့ ကျဆင်းသွားသော ရေစက်များသဖွယ် နူးညံ့သော အသံကို ထုတ်လွှတ်နေပြီး ရှေးဟောင်းဘုရားကျောင်းထဲမှာ အချိန်အတန်ကြာ ရစ်ဝဲသွားသည်။

All Chapters