အင်မော်တယ်အရင်းအမြစ်ထံမှ ရိတ်သိမ်းခြင်း
Vol. 79 Ch. 1215
ရွှီချင်း၏ နှလုံးသည် တုန်လှုပ်သွားသည်။ ဤလောကထဲမှာ အင်မော်တယ်အရင်းအမြစ်ကဲ့သို့ အံ့ဖွယ်ကောင်းသော အရာက တည်ရှိနေလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
ကောင်းကင်ဘုံတာအိုထက် သာလွန်သော အင်မော်တယ်အရင်းအမြစ်၏ အကျိုးသက်ရောက်မှုသည် မယုံကြည်နိုင်စရာကောင်းလှသည်။
“ ရွှမ်ကမ္ဘာမြေက ကျင့်ကြံခြင်းအတတ်ပညာအားလုံးရဲ့ အရင်းအမြစ်လား… ”
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ ခြေဖဝါးအောက်မှ မြေပြင်ကို ကြည့်လိုက်သည်။ ဤမတိုင်ခင် ဝမ်ကူးကုန်းမြေအောက်မှာ ဟွမ်ကောင်းကင်ဘုံက ချိပ်ပိတ်ခံထားရကြောင်း သူသိသည်။ ဝမ်ကူးကုန်းမြေ၏ အပြင်ဘက်မှ ကြယ်တာရာကောင်းကင်ကိုလည်း ဟွမ်ကောင်းကင်ဘုံက ပိုင်ဆိုင်ကြောင်း သူသိထားသည်။
ဝမ်ကူးကုန်းမြေက ဖိနှိပ်ထားသည်မှာ ဟွမ်ကောင်းကင်ဘုံနတ်ဘုရားလောက၏ ကမ္ဘာများစွာထဲမှ တစ်ခုသာ ဖြစ်သည်။
ရွှမ်ကမ္ဘာမြေသည်တော့ နွေဦးအင်မော်တယ်များ၏ မွေးရပ်မြေဖြစ်သည်။ ယင်းက ဝမ်ကူးကုန်းမြေမှ အသင်္ချေမျိုးနွယ်စုများ၏ မူလဇစ်မြစ်လည်း ဟုတ်သည်။ ယင်းက အောက်နယ်မြေမှာ တည်ရှိသည်။
ထိုနေရာသည် အဆုံးမဲ့ပြီး အလွန်အမင်း ကျယ်ပြောသည်။ ထိုနေရာမှာ မရေမတွက်နိုင်သော သက်ရှိများက နေထိုင်ကြသည်။ သူတို့၏ ကျင့်ကြံခြင်းအတတ်ပညာများ၊ နတ်ဘုရားအတတ်ပညာများနှင့် မန္တန်များသည် နွေဦးအင်မော်တယ်ကိုးပါးက ပူးပေါင်းဖန်တီးခဲ့သော အင်မော်တယ်အရင်းအမြစ်မှ ဆင်းသက်လာကြခြင်း ဖြစ်သည်။
၎င်းက အတတ်ပညာများကို စုဆောင်းပြီး ဖြန့်ဝေပေးသည်။
ရလဒ်အနေဖြင့် ရွှမ်ကမ္ဘာမြေ၏ အသင်္ချေကမ္ဘာများထဲမှာ ကျင့်ကြံခြင်းစနစ်သည် ကျယ်ကျယ်ပြန့်ပြန့် တွင်ကျယ်လာပြီး ထာဝရ တည်မြဲလာသည်။ ဤလောကထဲတွင် အတတ်ပညာများသည် မရေမတွက်နိုင်အောင် များပြားသည်။ လူအများအပြားသည် အတတ်ပညာများကို နည်းလမ်းအမျိုးမျိုးဖြင့် ရရှိခဲ့ကြသည်။ သို့သော်လည်း ထိုအတတ်ပညာအားလုံး၏ မူလဇစ်မြစ်သည် အင်မော်တယ်အရင်းအမြစ်သာ ဖြစ်သည်။
ဤကိစ္စ၏ သက်ရောက်မှုသည် ရွှီချင်းကို အကြီးအကျယ် အံ့ဩသွားစေသည်။ ယင်းကို သူက စကားလုံးများဖြင့် မဖော်ပြနိုင်ပေ။ သူ၏ စိတ်ထဲမှာ ကြီးကျယ်မြင့်မြတ်သော ခံစားမှုသာ ဖြစ်ပေါ်နေသည်။
တစ်ချိန်တည်းမှာ ရွှီချင်းသည် လိပ်ပြာလေးက လူသားအသွင်ဖြင့် သူ့အား တိုက်ခိုက်ခဲ့သော အတတ်ပညာများကို ပြန်တွေးတောလိုက်သည်။ ညှိုးနွမ်းမီးလျှံမိစ္ဆာ ဓမ္မအစစ်အမှန်ကိုယ်ပိုင်တာအိုဖြစ်စေ သို့မဟုတ် စိမ့်တောတိုင်းပြည်ဖြစ်စေ ယင်းတို့က အင်မော်တယ်အရင်းအမြစ်ထံမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
‘ တစ်ယောက်ယောက်က အဲ့လိုနတ်ဘုရားစွမ်းရည်ကို ကျွမ်းကျင်ပြီး စွမ်းအင်အပြည့်အဝကို ထုတ်လွှတ်နိုင်မယ်ဆိုရင် ရွှမ်ကမ္ဘာမြေရဲ့ လက်ရွေးစင်တစ်ယောက်ဖြစ်လာလိမ့်မယ်ဆိုတာ ဘယ်သူမဆို စိတ်ကူးကြည့်နိုင်တယ် ’
‘ ဝမ်ကူးကုန်းမြေမှာရော အဲ့လိုတူညီတဲ့အရာတွေ ရှိနေမလားဆိုတာ ငါသိချင်တယ်… ’
ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်သည်။ လိပ်ပြာလေးသည် ရွှီချင်း၏ အတွေးများကို ခန့်မှန်းမိဟန် ရသည်။ ထို့ကြောင့် ၎င်း၏ အသံက ပဲ့တင်ထပ်လာသည်။
“ ဝမ်ကူးကုန်းမြေမှာ အဲ့လိုတူညီတဲ့ အင်မော်တယ်အရင်းအမြစ်တွေရှိလားလို့ နင်တွေးနေတာမဟုတ်လား… ဒီမှာ ငါနင့်ကို ပြောပြမယ်… ဟွမ်ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒကြောင့် အင်မော်တယ်အရင်းအမြစ်ရဲ့ အကျိုးသက်ရောက်မှုက ဝမ်ကူးကုန်းမြေထဲမှာ ကန့်သတ်ခံထားရတယ်… အဲ့ဒါက စုဆောင်းတာကိုပဲ လုပ်ဆောင်နိုင်တယ်… အဲ့ဒါက ဆင့်ကဲပြောင်းလဲတာနဲ့ ဖြန့်ဝေတာကို မလုပ်ဆောင်နိုင်ဘူး ”
“ မျိုးနွယ်တစ်ခုစီက နွေဦးအင်မော်တယ်နန်းတော်ရဲ့ အမွေဆက်ခံသူတွေမှာပဲ တချို့အခြေအနေမှာ အင်မော်တယ်အရင်းအမြစ်ဆီကနေ ဆင်ခြင်နားလည်ဖို့ အခွင့်အရေးရရှိကြတယ်…. အပြင်လူတွေမှာ အဲ့လိုအခွင့်အရေးမရှိဘူး ”
“ ငါတောင်မှ အဲ့ဒီအခွင့်အရေးကို ရရှိဖို့ တန်ဖိုးတစ်ခု ပေးချေရတယ်… အင်မော်တယ်အရင်းအမြစ်ထဲမှာ တူညီတဲ့ အလဲအလှယ်အတွက် စည်းမျဉ်းတစ်ခု သတ်မှတ်ထားတယ် ”
“ အရင်တစ်ခေါက်က ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းခွဲထဲမှာ ငါ့အသက်ကို စတေးပြီး ရတနာတစ်ခုကို ခိုးယူခဲ့တာက အင်မော်တယ်အရင်းအမြစ်အတွက်ပဲ… ဒါပေမဲ့ နင်ကတော့ အဲ့ဒီအခွင့်အရေးကို အလွယ်တကူပဲ ရရှိခဲ့တယ် ”
ရှေးဟောင်းဘုရားကျောင်းထဲမှာ လိပ်ပြာလေး၏ အသံက ပဲ့တင်ထပ်သွားသည်။ ၎င်း၏ အသံသည် တင်းမာနေပြီး မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်နေသည်။ ၎င်း၏ စကားသံများက တိတ်ဆိတ်ငြိမ်သက်နေသော ဤဘုရားကျောင်းကို သက်ဝင်လှုပ်ရှားစေသည်။
ရွှီချင်းသည် နွေဦးအင်မော်တယ်နန်းတော်သခင်နှင့် လိပ်ပြာလေးကို ကြည့်လိုက်သည်။ မယုံကြည်နိုင်စရာကောင်းသော အတွေးတစ်ခုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ဖြစ်နိုင်သည်မှာ အတိတ်တွင် နွေဦးအင်မော်တယ်နန်းတော်သခင်က ဤလိပ်ပြာကို သူ၏ တပည့်အဖြစ် ရွေးချယ်ခဲ့ခြင်းမှာ သူ၏ ဖျတ်လတ်တတ်ကြွမှုကြောင့် ဖြစ်နိုင်သည်။
ဤနေရာသည် အချိန်မြစ်ထဲမှာ နစ်မြုပ်နေပြီး ရှေးခေတ်သမိုင်းကြောင်းထဲမှာ တည်ရှိသည်။ ဘုရားကျောင်း၏ အရောင်သည် အလွန်ရိုးရှင်းပြီး ငြီးငွေ့ဖွယ်ကောင်းသည်။ ထို့ပြင် အထီးကျန်ဆန်မှုနှင့် လောကဓံ၏ စိန်ခေါ်မှုများက ဤနေရာမှာ အတိုင်းအတာတစ်ခုထိ ကိန်းဝပ်နေသည်။
ထိုအချက်အားလုံးက ဤနေရာမှ သက်ဝင်လှုပ်ရှားမှုပေါ် နက်ရှိုင်းစွာ သက်ရောက်မှုရှိသည်။ ယင်းက ဤနေရာမှ လူများကို အရွယ်အိုမင်းသော ခံစားမှုအား ပေးသည်။
သို့တိုင် သူတို့၏ ဘဝပေးတာဝန်ကြောင့် နွေဦးအင်မော်တယ်နန်းတော်သည် ယင်းကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သည်းခံခဲ့ကြသည်။
‘ တစ်နေ့ကျရင် ဒီလိပ်ပြာလေးက နွေဦးအင်မော်တယ်နန်းတော်သခင်ဖြစ်လာလိမ့်မယ်… အဲ့ဒီအချိန်ကျရင် သူက ငါ့အရှေ့က လက်ရှိနန်းတော်သခင်လိုမျိုး ပစ္စုပ္ပန်မှာ မွေးဖွားပေမဲ့ အတိတ်မှာ နေထိုင်လိမ့်မယ်… တာဝန်ဆိုတဲ့ အချုပ်အနှောင်ကြားမှာ အချိန်ကာလရဲ့ တိုက်စားမှုဒဏ်ကို တွေ့ကြုံခံစားရင်း ဘဝကို ဖြတ်သန်းလိမ့်မယ် ’
ရွှီချင်းသည် လိပ်ပြာလေးထံမှ အကြည့်ရွှေ့ပြောင်းလိုက်သည်။ သူက တစ်ဖက်လူ၏ တင်းမာနေသော လေသံကို ဂရုမစိုက်တော့ပေ။ ယင်းအစား သူက နွေဦးအင်မော်တယ်နန်းတော်သခင်ကို ကြည့်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။
“ စီနီယာ… ကျွန်တော်နားလည်ပါပြီ ”
“ အဲ့ဒါက အဆင်ပြေပါတယ်… ဒါပေမဲ့ အင်မော်တယ်အရင်းအမြစ်ကို ကျွန်တော့်မျက်စိနဲ့ ကိုယ်တိုင်မြင်ချင်ပါတယ် ”
နွေဦးအင်မော်တယ်နန်းတော်သခင်သည် စကားမပြောပေ။ သူက ကျောက်စိမ်းသဖွယ် လက်ကို မြှောက်တင်လိုက်ပြီး သူ့အရှေ့ရှိ ယဇ်ပလ္လင်ပေါ်မှ ဖယောင်းတိုင်အလင်းဆီသို့ ညင်သာစွာ ညွှန်လိုက်သည်။ ချက်ချင်းဆိုသလို လောင်ကျွမ်းနေသော ဖယောင်းတိုင်ခြောက်တိုင်မှ မီးတောက်များသည် အပေါ်သို့ မြှောက်တတ်သွားကြပြီး ပျံ့ပွားသွားကြသည်။
ယင်းက ဖယောင်းတိုင်မှ သာမန်မီးတောက်ဖြစ်သည်မှာ ထင်ရှားသည်။ သို့သော်လည်း မီးတောက်များက ပျံ့ပွားသွားကြသည့်အခါ ယင်းက လှည့်ပတ်နေသော မီးတောက်ပင်လယ်တစ်ခုသို့ ပြောင်းလဲသွားပြီး ရှေးဟောင်းဘုရားကျောင်း၏ နယ်မြေတစ်ဝက်ကို လွှမ်းခြုံသွားသည်။ မီးတောက်ပင်လယ်က လှည့်ပတ်နေစဉ် ဝုန်းခနဲမြည်သံများကို ထုတ်လွှတ်လာသည်။ တစ်ချိန်တည်းမှာ မီးတောက်သည် ယခင်ကထက် ပိုပြီးအားကောင်းလာသည်။ ယင်းက မှေးမှိန်နေသော ဘုရားကျောင်းကို လင်းထိန်သွားစေသည်။
ဘေးပတ်ဝန်းကျင်မှ ဆေးပန်းချီနံရံများပေါ်တွင် ရှေးဘုရင်များက ထိုအလင်းရောင်အောက်မှာ အသက်ဝင်လာကြဟန် ရသည်။ သူတို့က လူသားမျိုးနွယ်၏ တော်ဝင်အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြသည်။
ထိုအရှိန်အဝါသည် မီးတောက်ပင်လယ်နှင့် ပေါင်းစပ်သွားပြီး နောက်ဆုံးမှာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
ထိုမြင်ကွင်း၏ တည်နေရာကို မသိရပေ။ သို့သော်လည်း ယင်းက တခြားလောကဆီသို့ ဦးတည်နေသော ပြတင်းပေါက်တစ်ခုနှင့် ဆင်တူပြီး အထဲမှာ လေဟာနယ်လှိုင်းအတတ်အကျများက ထွက်ပေါ်နေသည်။
ထိုဟင်းလင်းပြင်ထဲတွင် အလွန်ကြီးမားသော ဧရာမအပင်တစ်ပင် ရှိသည်။
ယင်းက ဒုဓလီပန်းပင်ဖြစ်သည်။
ဒုဓလီပန်း၏ ပင်စည်ပေါ်တွင် မရေမတွက်နိုင်သော မှော်သင်္ကေတများကို တံဆိပ်ရိုက်နှိပ်ထားသည်။ မှော်သင်္ကေတတစ်ခုစီသည် ကြောက်စရာကောင်းပြီး အံ့ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်နေကြသည်။ ယင်းတို့က အတူတကွ စုဝေးသွားသည့်အခါ ထိုမှော်သင်္ကေတများသည် ဒုဓလီပန်း၏ အရောင်အသွေး၊ လျှို့ဝှက်ဆန်းကြယ်မှုနှင့် သာလွန်ထူးခြားမှုကို ငှားယူသွားကြသည်။
ဒုဓလီပန်း၏ အောက်တွင် မြေဆီလွှာရှိပြီး အပင်၏ ရှင်သန်ကြီးထွားမှုကို အာဟာရဖြည့်ပေးနေသည်။ သို့သော်လည်း အနီးကပ် သေချာကြည့်မည်ဆိုလျှင် ထိုမြေဆီလွှာကို မရေမတွက်နိုင်သော နတ်ဘုရားများ၏ အသွေးအသားများ၊ အရိုးများနှင့် အကြွင်းအကျန်အစိတ်အပိုင်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း မြင်နိုင်လိမ့်မည်။
ဤသည်မှာ အတိတ်တွင် နွေဦးအင်မော်တယ်ကိုးပါးက ဤဟွမ်ကောင်းကင်ဘုံနတ်ဘုရားကမ္ဘာကို ပြောင်းပြန်လှန်ပြီးနောက် သူတို့သတ်ဖြတ်ခဲ့ကြသည့် နတ်ဘုရားအများစု၏ အလောင်းများကို ဤနေရာတွင် မြှုပ်နှံထားခဲ့ကြဟန် ရသည်။
၎င်းတို့ကို ဒုဓလီပန်းအတွက် ထာဝရ အာဟာရဓာတ်စာ ဖြစ်စေခဲ့သည်။
တစ်ချိန်တည်းမှာ ထိုနတ်ဘုရားများ၏ နတ်ဝိညာဉ်များသည်လည်း ဤနေရာမှာ ချုပ်နှောင်ခံထားကြရသည်။ ၎င်းတို့သည် အတင်းအဓမ္မ ဒူးထောက်နေကြပြီး နှလုံးကွဲကြေသော အော်သံကို ထုတ်လွှတ်နေကြသည်။ ၎င်းတို့၏ နတ်ဘုရားအသံများသည် ဒုဓလီပန်းအတွက် အကာအကွယ်အလွှာတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
ဤသည်မှာ အင်မော်တယ်အရင်းအမြစ် ဖြစ်သည်။
ယင်းက နတ်ဘုရားကမ္ဘာတစ်ခုကို မြှုပ်နှံပြီးနောက် နွေဦးအင်မော်တယ်ကိုးပါးက ဖန်တီးခဲ့သော အင်မော်တယ်အရင်းအမြစ် ဖြစ်သည်။
နတ်ဘုရားများ၏ အသွေးအသားများဖြင့် ဖွဲ့စည်းထားသော မြေဆီလွှာထဲတွင် ယိုယွင်းမပျက်စီးသေးသော နတ်ဘုရားအလောင်းများက တစ်ရာကျော်ခန့် ကျန်ရှိနေဆဲပင်။ ဤသည်မှာ ၎င်းတို့၏ တည်ရှိမှုက အလွန်အံ့ဖွယ်ကောင်းသောကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်ကို ယိုယွင်းပျက်စီးစေရန် ထာဝရနီးပါးဟူသော အချိန်တိုက်စားမှုကို လိုအပ်လိမ့်မည့်သဘောရ၏။
၎င်းတို့ထဲတွင် ရွှီချင်းက နတ်ဘုရားအလောင်းတစ်လောင်းကို တစ်ချက်ကြည့်လိုက်လေရာ သူ၏ အသိစိတ်သည် ရုတ်တရက် လှုပ်ခတ်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် ယိုယွင်းပျက်စီးမည့် လက္ခဏာများပြလာပြီး သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအရင်းအမြစ်များသည် တုန်လှုပ်သွားကြသည်။
ထိုမြင်ကွင်းသည် ရွှီချင်း၏ အသက်ရှူမှုကို ရပ်တန့်သွားသည်။
ထိုအလောင်းသည် ဤမြေဆီလွှာထဲမှ အလောင်းအားလုံးထဲမှာ အကြီးမားဆုံး ဖြစ်သည်။ သူ့မှာ ၎င်းကို ခိုင်းနှိုင်းရန် မည်သည့်အရာမှ မရှိသောကြောင့် ၎င်း၏ အရွယ်အစားကို အတိအကျ မဖော်ပြနိုင်ပေ။
သို့သော်လည်း ၎င်း၏ ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် ရွှီချင်းမြင်ဖူးသမျှထဲမှာ အသန်မာဆုံး ဖြစ်သည်။ ၎င်းနှင့် နှိုင်းယှဉ်လျှင် နီလာနတ်သမီးသည် ယင်ကောင်သာသာမျှသာ ရှိသည်။ ဓားကိုင်ဧကရာဇ်သည်ပင် ယင်ကောင်အဆင့်မျှသာ ရှိသည်။
ထိုနတ်ဘုရားမှာ အင်ပါယာချီလည်း ရှိသည်။
“ အဲ့ဒါက ဒီနတ်ဘုရားကမ္ဘာရဲ့ အရင်နတ်ဧကရာဇ်ပဲ ”
နွေဦးအင်မော်တယ်နန်းတော်သခင်၏ အသံသည် သိမ်မွေ့နူးညံ့စွာ ပဲ့တင်ထပ်လာသည်။
ရွှီချင်းသည် နှလုံးတုန်သွားသည်။ နောက်ဆုံးမှာတော့ သူက အကြည့်ပြန်ရုပ်လိုက်ပြီး ဒုဓလီပန်းကို သေချာကြည့်လိုက်သည်။
ဒုဓလီပန်းသည် အပြည့်အဝ ဖူးပွင့်နေပြီး မရေမတွက်နိုင်သော အမွှေးအစေ့များကို ထုတ်လွှတ်နေသည်။ ယင်းတို့က အဖြူရောင်မဟုတ်ပေ။ ယင်းအစား အနီရောင်၊ အဝါရောင်နှင့် အပြာရောင်ကို ပေါင်းစပ်ထားသော သုံးရောင်ခြယ်ဖြစ်သည်။ ဤအခိုက်အတန့်မှာ ထိုသုံးရောင်ခြယ်အစေ့များသည် ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်ထဲမှာ လွင့်မျောနေကြသည်။ ယင်းတို့က တဖြည်းဖြည်း အဝေးသို့ ပျံ့နှံ့သွားကြသည်။
ထိုအစေ့များက ကျင့်ကြံခြင်းအတတ်ပညာများနှင့် နတ်ဘုရားအတတ်ပညာများဖြစ်ပြီး ရွှမ်ကမ္ဘာမြေ၏ အသင်္ချေကမ္ဘာများဆီသို့ ပျံ့နှံ့သွားနေကြောင်း မည်သူမဆို စိတ်ကူးကြည့်နိုင်ပေသည်။
တစ်ချိန်တည်းမှာ တချို့အစေ့များသည် ဟင်းလင်းပြင်ထဲမှ ပြန်ရောက်လာကြပြီး ဒုဓလီပန်းထဲသို့ ပေါင်းစပ်သွားကြသည်။ ဒုဓလီပန်းသည် ယင်းတို့ကို စုပ်ယူပြီးနောက် ဆင့်ကဲပြောင်းလဲသွားပြီး အစေ့များကို ထပ်မံ ထုတ်လွှတ်လိုက်သည်။
ထိုလုပ်ငန်းစဉ်သည် သံသရာစက်ဝန်းတစ်ခုပမာ လှည့်ပတ်နေသည်။
ရွှီချင်းသည် ထိုမြင်ကွင်းကို မြင်ပြီးနောက် အင်မော်တယ်အရင်းအမြစ်ပေါ် ပိုပြီးရိုသေလေးစားလာသည်။ သူက သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်မျိုးစေ့တစ်ခုကို ထုတ်လွှတ်လိုက်ပြီး သူ့အရှေ့မှာ လွင့်မျောသွားစေသည်။
ထိုဝိညာဉ်မျိုးစေ့သည် ခရမ်းရောင်အလင်း တောက်ပနေသည်။ ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံအောက်မှာ ယင်းက ပြတင်းပေါက်ကို ဖြတ်ကျော်သွားပြီး ဒုဓလီပန်းရှိနေသော ဟင်းလင်းပြင်ဆီသို့ ပျံသန်းသွားသည်။ ယင်းက ဟင်းလင်းပြင်ထဲသို့ ရောက်ရှိသွားသည့်အခါ သုံးရောင်ခြည်ဒုဓလီအစေ့သို့ ပြောင်းလဲသွားပြီး ဒုဓလီပန်းဆီသို့ ချဉ်းကပ်သွားသည်။
နောက်အခိုက်အတန့်မှာ ယင်းက ဒုဓလီပန်းနှင့် ပေါင်းစပ်သွားသည်။
ဝိညာဉ်မျိုးစေ့ထဲမှာ ပါရှိသော ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံသည်တော့ ချက်ချင်း ပယ်ဖျက်ခံရသင့်ပေသည်။ သို့မှသာ ဝိညာဉ်မျိုးစေ့သည် လွတ်လပ်သော တည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ နွေဦးအင်မော်တယ်နန်းတော်သခင်သည် လက်ဝှေ့ယမ်းလိုက်ပြီး ဖယောင်းတိုင်မီး၏ လောင်ကျွမ်းမှုကို ကြားဖြတ်နှောင့်ယှက်လိုက်ကာ ထိုလုပ်ငန်းစဉ်ကို နှေးကွေးသွားစေသည်။
“ အပြင်လူတွေက အင်မော်တယ်အရင်းအမြစ်ကို တိုက်ရိုက် ဆင်ခြင်နားလည်ဖို့ အခွင့်အရေးမရကြဘူး… သူတို့က အကျိုးဆောင်မှပဲ အဲ့ဒီအခွင့်အရေးကို ရရှိနိုင်ကြလိမ့်မယ်… ဒါပေမဲ့ အဲ့ဒီအတွက် အချိန်က အရမ်းတိုတောင်းတယ်… ဒါပေမဲ့ ငါ့ရဲ့အခွင့်အာဏာနဲ့ဆိုရင် မင်းရဲ့ ဝိညာဉ်မျိုးစေ့ထဲက နတ်ဘုရားစိတ်အာရုံက အသက်ဆယ်ခါရှူချိန်ကြာအောင် တည်မြဲနိုင်လိမ့်မယ်… မင်းက အဲ့ဒီအခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီး ဘယ်လိုနတ်ဘုရားစွမ်းရည်မျိုးကို ရယူနိုင်မလဲ ကြိုးစားကြည့်ပါ ”
နွေဦးအင်မော်တယ်နန်းတော်သခင်၏ အသံသည် ရွှီချင်း၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။ ရွှီချင်းသည် ယင်းကို ကြားသော်လည်း ပြန်မတုံ့ပြန်နိုင်ပေ။
အဘယ့်ကြောင့်ဆိုသော် ဤအခိုက်အတန့်မှာ သူ၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်နေသောကြောင့် ဖြစ်သည်။ မရေမတွက်နိုင်သော ကောင်းကင်ဘုံမိုးခြိမ်းသံများက သူ၏ နားနှင့် စိတ်အာရုံထဲမှာ ဆက်တိုက် ပေါက်ကွဲသွားနေပြီး သူက ဖော်ပြရန် ခဲယဉ်းသော အခြေအနေဆီသို့ ကျရောက်သွားသည်။
ဤသည်မှာ သူက ဒုဓလီပန်းတည်ရှိသော ဟင်းလင်းပြင်ထဲသို့ ရောက်ရှိသွားသည့်အလားပင်။ သူ၏ အောက်တွင် နတ်ဘုရားများ၏ အသွေးအသားများဖြင့် ဖွဲ့စည်းထားသော မြေဆီလွှာရှိပြီး သူ၏ အရှေ့တွင် ကောင်းကင်တမျှ ကြီးမားကျယ်ပြောသော ဒုဓလီပန်းရှိသည်။
သူ၏ အရွယ်အစားသည်တော့ ဒုဓလီပန်း၏ အစေ့များနှင့် အတူတူပင်။
သူ၏ ဘေးပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော ဒုဓလီအစေ့များ ရှိသည်။ ဝေဝါးသော ပုံရိပ်များသည် မည်သည့်ဒုဓလီအစေ့ထဲမှာမဆို တည်ရှိကြပြီး နတ်ဘုရားစွမ်းရည်အမျိုးမျိုးနှင့် မန္တန်အမျိုးမျိုးကို ထုတ်ဖော်နေကြသည်။
ယင်းတို့က အဆုံးမရှိသည့်အလား မရေမတွက်နိုင်အောင် များပြားသည်။
သူက ယင်းတို့အားလုံးကို သင်ယူနိုင်ဟန် ရ၏။ သို့သော်လည်း ကျင့်ကြံခြင်းအတတ်ပညာများသည် လွန်စွာများပြားပြီး တစ်ခုနှင့်တစ်ခု အရည်အသွေး မတူညီကြချေ။ ထို့ပြင် ယင်းတို့က အတူတကွ ရောထွေးနေကြသည်။ သို့ဖြစ်၍ ယင်းတို့ကို တစ်ခုချင်းစီ လိုက်စစ်ဆေးခြင်းက ယုတ္တိမရှိပေ။
အသက်ဆယ်ခါရှူချိန်အတွင်းမှာ ထိုနည်းဖြင့် သူ့အတွက် အသင့်တော်ဆုံး အတတ်ပညာတစ်ခုကို ရှာဖွေရန် မည်သို့မှ မဖြစ်နိုင်ပေ။ သို့ဖြစ်၍ ရွှီချင်းသည် ယင်းတို့ကို တစ်ခုချင်းစီ လိုက်မစစ်ဆေးပေ။
ယင်းအစား သူက ကြည့်ရှုလေ့လာလိုက်သည်။ သူ၏ အရှေ့မှာဖြစ်စေ သူ၏ ဘေးပတ်ဝန်းကျင်မှာဖြစ်စေ သူ၏ နတ်ဘုရားစိတ်အာရုံ၏ နယ်နိမိတ်အတွင်းမှာရှိသော ဒုဓလီအစေ့အားလုံးကို ကြည့်ရှုလေ့လာလိုက်သည်။
အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် ရွှီချင်း၏ မျက်လုံးသည် ရုတ်တရက် ကျဉ်းမြောင်းသွားသည်။
သူက ဒုဓလီအစေ့တစ်ခုကို မြင်တွေ့သွားသည်။ ယင်းက တခြားဒုဓလီအစေ့များနှင့် ခြားနားသည်။ ယင်းက အပြင်သို့ ပျံ့နှံ့သွားနေခြင်းမဟုတ်ဘဲ အပြင်မှ ပြန်ရောက်လာခြင်း ဖြစ်သည်။
ယင်းထဲမှာ ဝေဝါးသော ပုံရိပ်များရှိသော်လည်း တခြားဒုဓလီအစေ့များထဲမှ ပုံရိပ်အများအပြားနှင့် နှိုင်းယှဉ်လျှင် အလွန်နည်းပါးသည်။ ယင်းထဲမှာ ဘယ်ဘက်နှင့် ညာဘက်တွင် တင်ပျဉ်ခွေထိုင်နေကြသော ပုံရိပ်နှစ်ခုတည်းသာ ရှိကြသည်။
ထို့ပြင် ရွှီချင်းက ထိုအစေ့ကို ကြည့်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းလစွမ်းအားသည် အမှန်တကယ် လှုပ်ရှားသွားသည်။
အချိန်သည် အကန့်အသတ်ရှိပြီး ရွှီချင်းမှာ စဉ်းစားနေရန် အချိန်အများကြီး မရှိပေ။ သူက စိတ်ဆုံးဖြတ်လိုက်ပြီး သူ၏ နတ်ဘုရားအသိစိတ်ကို ထိန်းချုပ်လိုက်ကာ ထိုဒုဓလီအစေ့ဆီသို့ မြန်ဆန်စွာ ချဉ်းကပ်သွားသည်။ သို့သော်လည်း ထိုလုပ်ငန်းစဉ်သည် မချောမွေ့ပေ။
ထိုဒုဓလီအစေ့သည် သူနှင့် အတန်ငယ် ဝေးကွာနေသည်။
အရေးကြီးဆုံးမှာ ၎င်းလွင့်မျောနေသော တည်နေရာက နတ်ဧကရာဇ်အလောင်း၏ အပေါ်မှာ ဖြစ်သည်။ ၎င်းက အလောင်းနှင့် အတန်ငယ် ဝေးကွာနေသော်လည်း ဖိအားသည် အလွန်ကြီးမားသည်။
သို့သော်လည်း အကယ်၍ ဒုဓလီအစေ့က ထိုအလောင်းကို ဖြတ်ကျော်သွားပြီးမှသာ သူက ယင်းကို ယူဆောင်မည်ဆိုလျှင် အချိန်အလုံအလောက်ရလိမ့်မည် မဟုတ်ချေ။
သူ၏ နတ်ဘုရားစိတ်အာရုံက လွင့်ပြယ်သွားတော့မည့် လက္ခဏာများကို ဖော်ပြနေပြီဖြစ်ကြောင်း ရွှီချင်း အာရုံခံနိုင်သည်။ သူ့မှာ အချိန်အများကြီး မကျန်တော့ကြောင်း သိသည်။
“ ငါစွန့်စားမှပဲ ရတော့မယ် ”
ရွှီချင်းသည် အရှေ့သို့ ပျံသန်းသွားပြီး သူ၏ အလျင်ကို အမြင့်ဆုံးထိ မြှင့်တင်လိုက်သည်။ သူက သူ၏ လမ်းကြောင်းရှေ့မှာရှိသော တခြားဒုဓလီအစေ့များကို ရှောင်တိမ်းလိုက်ပြီး မြန်ဆန်စွာ ချဉ်းကပ်သွားသည်။ တစ်ချိန်တည်းမှာ သူ့အောက်မှ နတ်ဧကရာဇ်၏ အလောင်းသည်လည်း ကြည်လင်ရှင်းလင်းလာသည်။
နောက်ဆုံးမှာတော့ သူက နတ်ဧကရာဇ်၏ အရွယ်အစားကို ခိုင်းနှိုင်းနိုင်မည့်အရာကို စဉ်းစားမိသွားသည်။ ၎င်းနှင့် နှိုင်းယှဉ်လျှင် ရွှီချင်းသည် ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးတစ်မျှင်မျှသာ ရှိသည်။
နတ်ဧကရာဇ်အလောင်းထံမှ ဖိအားသည် ပိုပြီးကြောက်စရာကောင်းလာသည်။ သူက ၎င်းနှင့် အလွန်ဝေးကွာသော အပေါ်မှာ တည်ရှိနေသော်လည်း ထိုဖိအားဖြင့် သက်ရောက်ခံနေရဆဲပင်။ သူ၏ စိတ်ထဲမှ ကောင်းကင်ဘုံမိုးခြိမ်းသံသည် အဆုံးစွန်ထိ ရောက်ရှိသွားပြီး နတ်ဘုရားစိတ်အာရုံမှ ဖွဲ့စည်းထားသော သူ၏ ခန္ဓာကိုယ်သည်လည်း ပြိုကွဲပျက်စီးတော့မည့် လက္ခဏာများကို ဖော်ပြလာသည်။
ရွှီချင်းသည် သူ၏ စိတ်ဆုံးဖြတ်ချက်ကို ခိုင်မြဲစေသည်။ သူက နတ်ဧကရာဇ်အလောင်းထံမှ ဖိအားကြောင့် မပျက်စီးသွားခင် သူ၏ နတ်ဘုရားစိတ်အာရုံကို လောင်ကျွမ်းပစ်လိုက်သည်။ ဝုန်းခနဲ မြည်သံများကြားမှာ သူ၏ နတ်ဘုရားစိတ်အာရုံ၏ ခန္ဓာကိုယ်သည် ပျက်စီးသွားသည်။ သို့သော်လည်း ယင်းကို လောင်ကျွမ်းပစ်ခဲ့သော အရှိန်အဟုန်ကြောင့် သူက အဝေးသို့ မြန်ဆန်စွာ ရောက်ရှိသွားသည်။
နောက်ဆုံးမှာတော့ သူက လွင့်မျောနေသော ထိုဒုဓလီအစေ့နှင့် ထိတွေ့သွားသည်။
ထိုနှစ်ခု ထိတွေ့သွားသည့်အခိုက် ဂုဏ်သိက္ခာကြီးမားသော ရှေးခေတ်အသံသည် ရွှီချင်း၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
“ ကောင်းကင်နဲ့မြေပြင်ရဲ့ လောကကြီးဟာ ရေတွင်းတစ်ခုနဲ့ ဆင်တူတယ်… ”