← Chapters

ဒီတော့ မင်းသင်ယူပြီးပြီလား

Vol. 79 Ch. 1216

ဒီတော့ မင်းသင်ယူပြီးပြီလား

Vol. 79 Ch. 1216

ရွှီချင်း၏ အသိစိတ်သည် လှုပ်ခတ်သွားပြီး သူ၏ အသိအမြင်သည် ဗလာနတ္ထိအဖြစ်သို့ ပြိုကွဲသွားသည်။ သူ၏ နတ်ဘုရားစိတ်အာရုံသည်လည်း အင်မော်တယ်အရင်းအမြစ်ထံမှ လွင့်ပြယ်သွားသည်။

ထိုဒုဓလီအစေ့သည်တော့ အနည်းငယ် တုန်ယင်သွားပြီး အနောက်ဆုတ်သွားသည်။ ထို့နောက် ယင်းက မူလလမ်းကြောင်းပေါ်သို့ ပြန်ရောက်သွားပြီး အင်မော်တယ်အရင်းအမြစ်ဆီသို့ ချဉ်းကပ်သွားသည်။ သို့သော်လည်း ဒုဓလီအစေ့၏ အထဲတွင် ပုံရိပ်သည် နှစ်ခုမှ သုံးခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့ပြင် တတိယပုံရိပ်သည် ဝေဝါးနေသည်။ ဤသည်မှာ ၎င်းက အချိန်မရွေး လွင့်ပြယ်သွားတော့မည့်ဟန် ရသည်။

ရွှီချင်း၏ အစစ်အမှန်ခန္ဓာကိုယ်သည် ရှေးဟောင်းဘုရားကျောင်းထဲမှာ မတ်တတ်ရပ်နေသည်။ သူက မီးတောက်ပင်လယ်အောက်နှင့် အင်မော်တယ်အရင်းအမြစ်ဆီသို့ ဦးတည်သွားသော ပြတင်းပေါက်၏ အပြင်ဘက်တွင် မျက်လုံးမှိတ်ထားလျက် လှုပ်ရှားမှုကင်းမဲ့နေသည်။

နွေဦးအင်မော်တယ်နန်းတော်သခင်သည် နောင်တရစွာ သက်ပြင်းချလိုက်သည်။

လိပ်ပြာလေးသည် သူ့ဆရာ သက်ပြင်းချရသည့် အကြောင်းအရင်းကို နားလည်ဟန် ရသည်။ ထို့ကြောင့် ၎င်း၏ အသံက ချက်ချင်း ပဲ့တင်ထပ်လာသည်။

“ ရွှီချင်းက အရမ်းလောဘကြီးတယ်… ပြန်ရောက်လာတဲ့ အဲ့ဒီအစေ့က အင်မော်တယ်အရင်းအမြစ်ရဲ့ သန့်စင်တာကို မခံရသေးဘူး… ဒါကြောင့် အဲ့ဒါကို ဆင်ခြင်နားလည်ဖို့က အရမ်းခက်ခဲတယ်… အဲ့ဒါက အင်မော်တယ်အရင်းအမြစ်ရဲ့ သန့်စင်ခံရပြီး ဗလာအခြေအနေကို ပြောင်းလဲသွားမယ်ဆိုရင် ဆင်ခြင်နားလည်ဖို့ ပိုပြီးလွယ်ကူလာလိမ့်မယ် ”

လိပ်ပြာလေး၏ အသံထဲမှာ ဘဝင်မြင့်ခြင်းနှင့် ဝမ်းသာပျော်ရွှင်သော အရိပ်အယောင် ပါရှိသည်။ ၎င်းက သူ့ဘာသာ တွေးတောလိုက်သည်။

‘ အဲ့လိုဖြစ်တာ ကောင်းတယ်… အဲ့ရွှီချင်းက အပြင်မှာ ငါ့ကို အကြိမ်ပေါင်းများစွာ သတ်ခဲ့တယ်… ဒါကြောင့် အဲ့ဒီလျှို့ဝှက်ချက်ကို စောစောက ငါသူ့ကို ပြောမပြခဲ့တာ ’

လိပ်ပြာလေးသည် ဝမ်းသာပျော်ရွှင်နေရင်း ဆက်လက် ပြောသည်။

“ ဆရာက အသက်ဆယ်ခါရှူချိန်ကြာအောင် အချိန်ဆွဲပေးပေမဲ့ သူက အဲ့ဒီအခွင့်အရေးကို မဖမ်းဆုပ်နိုင်ခဲ့ဘူး… ဒါက သူ့ရဲ့ ကံကြမ္မာပဲ… ဆရာ သက်ပြင်းချနေစရာ မလိုပါဘူး ”

“ ကိစ္စမရှိပါဘူး… ငါ့ရဲ့ နားလည်နိုင်စွမ်းက သူ့ထက် ပိုပြီးသာတယ်… ငါသာ ဒီထက်ပိုပြီး ကြိုးစားမယ်ဆိုရင် သူ့ထက် ပိုပြီးသန်မာလာလိမ့်မယ် ”

“ အစေ့ထဲမှာ ရွှီချင်းချန်ထားခဲ့တဲ့ ပုံရိပ်က သူ့ဘာသာ လွင့်ပြယ်သွားဖို့ ရာခိုင်နှုန်းများတယ်… အဲ့ဒီအခါကျရင် သူ့ရဲ့ ဆင်ခြင်နားလည်မှုက ကျရှုံးသွားလိမ့်မယ်… သူ့ရဲ့ နားလည်နိုင်စွမ်းက ငါ့ထက် နည်းနည်း နိမ့်ကျတယ်ဆိုပေမဲ့ ဒီလောက် အချိန်တိုလေးအတွင်းမှာ ဘာရနိုင်မှာလဲ ”

“ အမှတ်အသားမရှိတဲ့ အစေ့က မူလကိုယ်ထည်ဆီ ပြန်ရောက်သွားပြီး သန့်စင်ခံရလိမ့်မယ် ”

“ ဒီတော့ ဆရာ… အဲ့ဒါကို နောင်တရမနေပါနဲ့ ”

လိပ်ပြာလေးသည် ဝမ်းသာပျော်ရွှင်စွာ ပြောသည်။ သို့သော်လည်း နွေဦးအင်မော်တယ်နန်းတော်သခင်က ခေါင်းယမ်းလိုက်သည်။

“ ငါနောင်တရတာက ရွှီချင်းကြောင့်မဟုတ်ဘူး… နင့်ကို ငါ့တပည့်အဖြစ် စောစောစီးစီး လက်ခံခဲ့မိတာကို နောင်တရနေတာ ”

ထိုသို့ပြောပြီးနောက် နွေဦးအင်မော်တယ်နန်းတော်သခင်၏ အကြည့်သည် ရွှီချင်းနားလည်ဆင်ခြင်နေသော ဒုဓလီအစေ့ပေါ်သို့ ကျရောက်သွားသည်။

လိပ်ပြာလေးသည် သူ့ဆရာ၏ စကားကို နားမလည်သောကြောင့် ဆွံ့အသွားသည်။ ၎င်းက သူ့ဆရာ၏ အကြည့်နောက်သို့ လိုက်ပြီး ဒုဓလီအစေ့ကို ကြည့်လိုက်သည်။ ၎င်းက စကားပြောတော့မည့်အချိန် ၎င်း၏ အတောင်ပံပေါ်မှ မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။

အင်မော်တယ်အရင်းအမြစ်၏ ဟင်းလင်းပြင်ထဲတွင် ရွှီချင်းအာရုံခံမိသော ဒုဓလီအစေ့သည် ၎င်း၏ မူလကိုယ်ထည်ဆီသို့ ပြန်သွားနေသည်။ အကွာအဝေးသည် သိပ်မကြီးမားချေ။ ၎င်း၏ မူလကိုယ်ထည်ဆီသို့ ပြန်မရောက်ခင် အသက်ရှူချိန်ဒါဇင်ခန့်မျှသာ ကြာလိမ့်မည်ဟု မည်သူမဆို ခန့်မှန်းနိုင်ပေသည်။

သို့သော်လည်း ဒုဓလီအစေ့က ထိုသို့ပြန်သွားနေစဉ် မူလက ဝေဝါးနေသော တတိယပုံရိပ်သည် မယုံကြည်နိုင်စရာကောင်းသော အမြန်နှုန်းဖြင့် ကြည်လင်လာနေသည်။

ပုံရိပ်သည် ပိုပြီးတည်မြဲလာသည်။

နောက်ဆုံးမှာတော့ ထိုပုံရိပ်ထဲမှာ ရွှီချင်း၏ အသွင်အပြင်က ထွက်ပေါ်လာသည်။

ထိုသို့အမြန်နှုန်းသည် လိပ်ပြာလေး စိတ်ကူးကြည့်နိုင်သောအရာ မဟုတ်ပေ။ အတိတ်တွင် ၎င်းသည် အပြင်ဘက်သို့ ပျံ့နှံ့သွားနေသော သန့်စင်ပြီးသား အစေ့များကို ဆင်ခြင်နားလည်ခဲ့သည်။ ထို့ကြောင့် ၎င်းက ဆင်ခြင်နားလည်ရန် အချိန်အလုံအလောက် ရရှိခဲ့သည်။

ယေဘုယျအားဖြင့်ဆိုရလျှင် အမှတ်အသားတစ်ခုကို ချန်ထားရန် တစ်ရက် သို့မဟုတ် နှစ်ရက် အချိန်ယူရလိမ့်မည်။

သို့ဖြစ်၍ ရွှီချင်းက အောင်မြင်နိုင်လိမ့်မည်မဟုတ်ဟု ၎င်းက စောစောက ပြောခဲ့ခြင်း ဖြစ်သည်။ ၎င်းက ရွှီချင်းကို သူ့ကိုယ်သူဖြင့် ခိုင်းနှိုင်းပြီး သုံးသပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခု ၎င်းမြင်လိုက်ရသော မြင်ကွင်းက ၎င်း၏ နားလည်မှုကို ကပြောင်းကပြန် ဖြစ်သွားစေသည်။ ၎င်းက ဆွံ့အသွားသည်။

“ ဝါး… ”

တစ်ချိန်တည်းမှာ ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲတွင် ကမ္ဘာတုန်လှုပ်စေနိုင်သော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။

သူက ကြယ်ဂြိုလ်များဖြင့် တအိအိလှိုင်းထနေသော အလွန်ကျယ်ပြောသည့် ကြယ်တာရာကောင်းကင်ကို မြင်သွားသည်။ ယင်းက ရေမျက်နှာပြင်နှင့် ဆင်တူသည်။

စကြာဝဠာနှင့် နှိုင်းယှဉ်လျှင် ထိုကြယ်တာရာကောင်းကင်သည် ရေတွင်းတစ်ခုဖြစ်ဟန် တူသည်။

“ ရေတွင်းထဲမှာ အရာအားလုံးတည်ရှိတယ်… နတ်ဘုရားစွမ်းရည်အားလုံး၊ ဓမ္မရတနာအားလုံးနဲ့ စိတ်ကူးနိုင်စွမ်းအားလုံး ပါဝင်တယ်… ”

ရှေးဟောင်းအသံသည် တိုးညင်းသော်လည်း ပဲ့တင်ထပ်နေဆဲပင်။

အစပိုင်းတွင် ရွှီချင်းသည် ယင်းထဲမှာ စိတ်နှစ်ထားလိုက်သည်။ ထို့နောက် သူ၏ အသိစိတ်သည် အသံနှင့် ပေါင်းစပ်သွားပြီး ဤရေတွင်း၏ အနက်ပိုင်းထဲသို့ နစ်မြုပ်သွားသည်။

အင်မော်တယ်အရင်းအမြစ်တည်ရှိသော ဟင်းလင်းပြင်ထဲ၌ သူ၏ အသိအမြင်က ပြိုကွဲသွားပြီး သူ၏ နတ်ဘုရားစိတ်အာရုံက လုံးဝ လွင့်ပြယ်သွားသော်လည်း ဒုဓလီအစေ့နှင့် ထိတွေ့မှုမှ ခံစားမှုသည် အမွေအနှစ်ကို သူ၏ အသိစိတ်ထဲသို့ တိုက်ရိုက် တံဆိပ်ရိုက်နှိပ်ခဲ့သည်။

ယင်းက အမျှင်တန်းတစ်ခုမျှသာ ဖြစ်သော်လည်း လုံလောက်သည်။ ရွှီချင်း၏ နားလည်နိုင်စွမ်းသည် အလွန်ကြောက်စရာကောင်းလေရာ သတ္တမသခင်ကြီးနှင့် အိမ်ရှေ့စံမင်းသားသည်ပင် အကြိမ်ကြိမ် ဆွံ့အသွားခဲ့ရသည်။ ထို့ကြောင့် သူ၏ အသိစိတ်ပင်လယ်ထဲမှ အမွေအနှစ်အမျှင်တန်းတစ်ခုသည် သူ့အတွက် ဆင်ခြင်နားလည်ရန် လုံလောက်သည်ထက် ပိုသည်။

သို့ဖြစ်၍ ထိုသို့စိတ်နှစ်ထားမှုအောက်မှာ ရွှီချင်း၏ မျက်လုံးထဲတွင် ကြယ်တာရာကောင်းကင်သည် လှိုင်းဂယက်များ ပျောက်ကွယ်သွားသည့်အလား တည်ငြိမ်သွားသည်။ တစ်ချိန်တည်းမှာ ယင်း၏ အပေါ်မှာ အရာအားလုံးကို ပုံရိပ်ပြန်နေသည်။

ရွှီချင်းသည် ကြယ်တာရာကောင်းကင်မှ ဖြစ်ပေါ်လာသော ရေတွင်းထဲမှာ သူ့ကိုယ်သူ ပြန်မြင်သွားသည်။

ရေကန်၏ မျက်နှာပြင်ပေါ်တွင် သူ၏ နတ်ဘုရားအသွင်သဏ္ဍာန်အားလုံး၊ ကောင်းကင်ဘုံတာအို၊ ဓမ္မရတနာအားလုံးနှင့် သူ၏ ရွှေအမြူတေများထဲမှ အရာအားလုံးကို မြင်တွေ့သွားသည်။

နတ်ဘုရားလက်ချောင်း၊ တစ္ဆေအင်ပါယာတောင်ကုန်း၊ (ဃ၁၃၂)၊ ကျောက်ရှာအလင်း…

ထိုမျှသာ မကပေ။ ကျင့်ကြံခြင်းအတတ်ပညာများ၊ မန္တန်များနှင့် ကျင့်ကြံခြင်းခရီးကို ပထမဆုံး သူစတင်လျှောက်လှမ်းခဲ့စဉ်က ကျင့်ကြံခဲ့သော နတ်ဘုရားအတတ်ပညာများပင် ပါရှိသည်။

ရွှေကျီးကန်းအသက်ဓာတ်သန့်စင်အတတ်၊ အောက်လမ်းတာအိုအတတ် အစရှိသဖြင့် ကျင့်ကြံခြင်းအတတ်ပညာအားလုံးက ပုံရိပ်ပြန်နေကြသည်။ သူ၏ ပုံရိပ်သည်ပင် ထုတ်ဖော်ခံထားရသည်။

ပထမဆုံးအကြိမ် ကြည့်လျှင် ရေမျက်နှာပြင်ပေါ်မှာ ထွက်ပေါ်နေသော အရာများက အစစ်အမှန်လော သို့မဟုတ် အစစ်အမှန်က ရေမျက်နှာပြင်အောက်မှာ ရှိနေခြင်းလော သဲသဲကွဲကွဲ သူမပြောနိုင်ပေ။

“ အဲ့ဒါက ငါပဲ… ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ ယင်းက အလွန်သိမ်မွေ့နက်နဲသည့် ခံစားမှုကို ပေးသော်လည်း စစ်မှန်လွန်းသည်။

ထိုဝေဝါးမှုကြားတွင် သူ၏ လှုပ်ရှားနိုင်စွမ်းကို ဆုံးရှုံးသွားကြောင်း ရွှီချင်း ခံစားမိသွားသည်။ ဤသည်မှာ သူက ကျောက်ရုပ်ဖြစ်သွားသည့်အလား သူ၏ ဝိညာဉ်က ရေမျက်နှာပြင်၏ စုပ်ယူခံလိုက်ရဟန် ရသည်။

သို့သော်လည်း ရေမျက်နှာပြင်ပေါ်တွင် ခရမ်းသလင်းကျောက်က ပုံရိပ်မပေါ်ခဲ့ပေ။

ထိုရှာဖွေတွေ့ရှိမှုက ရွှီချင်းကို နှလုံးတုန်သွားစေခဲ့သည်။ ထို့နောက် သူက ဂုဏ်သိက္ခာကြီးမားသော ရှေးဟောင်းအသံကို ထပ်မံ ကြားလိုက်ရသည်။

“ ငါ့ရဲ့ ဒီနတ်ဘုရားစွမ်းရည်ကို… ရေတွင်းထဲက လကို မျှားခြင်းလို့ ခေါ်တယ် ”

ထိုစကားများကို ပြောလိုက်သည့်အခါ မရှင်းလင်းသော လက်တစ်ဖက်သည် ဟင်းလင်းပြင်ထဲမှာ ဒြပ်ထည်ဖြစ်ပေါ်လာသည်။ ၎င်းက ရေမျက်နှာပြင်ကို ညင်သာစွာ ခပ်ယူလိုက်သည်။ ထိုအခါ လှိုင်းဂယက်များက ရေမျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ထိုလှိုင်းဂယက်များကြားတွင် ပုံရိပ်ပြန်နေသော ရွှီချင်း၏ ပုံရိပ်က ထွက်ပေါ်လာသည်။ အံ့အားသင့်ဖွယ်ကောင်းသည်မှာ ထိုလက်၏ ခပ်ယူမှုကြောင့် ရွှီချင်း၏ ပုံရိပ်က လေထဲသို့ မြှောက်တတ်သွားသည်။

“ ရေတွင်းထဲက လက ထူးခြားဆန်းကြယ်ပြီး ပိုင်ဆိုင်ရရင် ကောင်းမှာပဲလို့ ငါဆန္ဒပြုမိတယ်… အခု ငါ့မှာ တစ်ခုရှိသွားပြီ ”

ရွှီချင်း၏ ပုံရိပ်သည် ဝေဝါးသော လက်ထဲမှာ ထွက်ပေါ်လာသည်။ တင်းကျပ်သော ဖမ်းဆုပ်မှုနှင့်အတူ လက်သည် ရွှီချင်း၏ ပုံရိပ်ကို ချုပ်နှောင်လိုက်သည်။

“ သူက မင်းပဲ ”

“ မင်း သင်ယူပြီးပြီလား ”

ထိုအသံပဲ့တင်ထပ်လာသည့်အခါ ဝေဝါးသော ပုံရိပ်တစ်ခုသည် ကြီးမားသော လက်နှင့်အတူ ဖြည်းညင်းစွာ ဖွဲ့စည်းသွားပြီး နောက်ဆုံးမှာတော့ ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှာ သူ့ဘာသာ ထွက်ပေါ်လာသည်။

ထိုလူသည် မီးခိုးရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ မျက်နှာသည် ဖြူဖျော့ပြီး သူ၏ အကြည့်သည် တည်ငြိမ်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ စစ်ချပ်ဝတ်သည် ကြမ်းတမ်းခက်ထန်ပုံပေါ်သည်။ ဤသည်မှာ စစ်ချပ်ဝတ်က သူ၏ အသွေးအသားထဲမှ ကြီးထွားလာသည့်အလား စစ်ချပ်ဝတ်နှင့် အသွေးအသားက တစ်သားတည်းဖြစ်နေသည်။

ထိုလူက ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်နေပြီး လွှမ်းမိုးဖိနှိပ်မှုကို ပေးသည်။ ထိုနှစ်ခုက တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်ဖြစ်မနေဘဲ သဟဇာတဖြစ်သည်။

ဤအခိုက်အတန့်မှာ သူကြည့်ရှုနေသည်မှာ သူ၏ လက်ဖဝါးထဲမှ ရွှီချင်းကိုသာ ဖြစ်သည်။

ရွှီချင်းသည် မလှုပ်ရှားနိုင်ပေ။ သူ၏ ခန္ဓာကိုယ်ဖြစ်စေ သို့မဟုတ် သူ၏ မန္တန်များဖြစ်စေ သူ၏ နတ်ဘုရားအသွင်သဏ္ဍာန်များသည်ပင် ဤအခိုက်အတန့်မှာ ဆွဲထုတ်ခံလိုက်ရဟန် ရသည်။ သို့သော်လည်း သူ၏ အတွေးနှင့် နားလည်နိုင်စွမ်းသည်တော့ သက်ရောက်မှုမခံရပေ။

“ ဒီတော့ ဒီနတ်ဘုရားစွမ်းရည်ကို ရေတွင်းထဲက လကို မျှားခြင်းလို့ ခေါ်တာပေါ့ ”

“ ဘယ်လောက်အစွမ်းထက်တဲ့ နတ်ဘုရားစွမ်းရည်လဲ… အစက ရေတွင်းထဲမှာ လမရှိဘူး… တကယ်လို့ လရှိရင်တောင် အဲ့ဒါက ကောင်းကင်ပေါ်က လရဲ့ ပုံရိပ်ပြန်မှုပဲ ဖြစ်လိမ့်မယ်… ဒါပေမဲ့ ဒီလူရဲ့ လက်ထဲမှာတော့ အဲ့ဒါက ကမ္ဘာတုန်ဟီးစေတဲ့ အတတ်ပညာတစ်ခု ဖြစ်လာတယ် ”

“ သူလုပ်ဆောင်သွားတဲ့ သရုပ်ပြမှုကို ကြည့်မယ်ဆိုရင် အတုအယောင်နဲ့ အစစ်အမှန်ကြားက ခြားနားမှုကို အသုံးချသွားတာပဲ… အဲ့ဒီထဲမှာ အချိန်စွမ်းအားနဲ့ ကြေးမုံရဲ့ ပုံရိပ်ပြန်တဲ့ စွမ်းရည်လည်း ပါရှိတယ်… အဲ့ဒါက ဗလာနတ္ထိကနေ တစ်စုံတစ်ခုကို ဖန်တီးလိုက်တဲ့ သဘောတရားပဲ… ပြီးတော့ အဲ့ဒါကို ပုံရိပ်ယောင်ကနေ အစစ်အမှန်ဖြစ်လာစေတယ် ”

“ အဲ့လိုလုပ်ဆောင်ဖို့အတွက် အကြွင်းမဲ့ယုံကြည်မှု၊ အကြွင်းမဲ့လွှမ်းမိုးမှုနဲ့ အကြွင်းမဲ့စိတ်ဆန္ဒကို လိုအပ်တယ် ”

ရွှီချင်းသည် နားလည်သဘောပေါက်သွားသည်။ ဒုဓလီအစေ့ထဲမှ ပုံရိပ်သည် ပိုပြီးကြည်လင်လာသည်။ နောက်ဆုံးမှာတော့ ၎င်းက အပြည့်အဝ ပုံရိပ်ဖွဲ့စည်းသွားပြီး တခြားပုံရိပ်နှစ်ခု၏ ဘေးမှာ ရပ်လိုက်သည်။

အတိုင်းအတာတစ်ခုထိဆိုရလျှင် ရွှီချင်းက ရေတွင်းထဲမှ လကို မျှားခြင်းကို နားလည်သဘောပေါက်သွားပြီဟု သတ်မှတ်နိုင်ပေသည်။

နောက်အခိုက်အတန့်မှာ ရွှီချင်း၏ နှလုံးသည် တုန်လှုပ်သွားသည်။

“ မဟုတ်သေးဘူး ”

“ အင်မော်တယ်အရင်းအမြစ်ရဲ့ အမွေအနှစ်က အဲ့လောက်ထိ မရိုးရှင်းနိုင်ဘူး… ဒါတွေအားလုံးက အပေါ်ယံပဲ ဖြစ်ရမယ်… ငါ့အတွေးတွေက နည်းနည်း တစ်ဖက်စွန်းရောက်နေတယ်… တစ်စုံတစ်ယောက်ရဲ့ တိုးတတ်မှုကို သူ့ရဲ့ စိတ်ကူးနိုင်စွမ်းက ကန့်သတ်ထားတယ်လို့ အိမ်ရှေ့စံမင်းသားနဲ့ မင်းသမီးမင်မိန်က ငါ့ကို ပြောဖူးတယ် ”

“ ဒါဆိုရင် ရေတွင်းထဲက လကို မျှားခြင်းက ငါထင်ထားသလို မရိုးရှင်းနိုင်ဘူး… အဲ့ဒါရဲ့ အသုံးပြုပုံက ဒီထက်ပိုပြီး နက်နဲသိမ်မွေ့ရမယ်… ငါ့ရဲ့ အသိအမြင်နဲ့ စွမ်းရည်ကန့်သတ်မှုကြောင့် အဲ့ဒါကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးတာ ဖြစ်ရမယ် ”

ရွှီချင်းသည် တွေးတောစဉ်းစားလိုက်သည်။ သူက တွေးတောနေစဉ် ဒုဓလီအစေ့ထဲမှ ပုံရိပ်သည် ရုတ်တရက် ပြိုကွဲသွားပြီး စတင်လွင့်ပြယ်သွားသည်။ ထိုမြင်ကွင်းသည် ရွှီချင်းကို အာရုံစိုက်နေသော လိပ်ပြာလေးကို ထပ်မံ အံ့ဩသွားစေသည်။

အစောနက ရွှီချင်း၏ အောင်မြင်မှုကြောင့် ၎င်း၏ နှလုံးသည် ပရမ်းပတာ လှုပ်ခတ်သွားခဲ့သည်။ သို့သော်လည်း ယခု ရွှီချင်း၏ ပုံရိပ်က ပြိုကွဲသွားကြောင်း ၎င်းမြင်တွေ့သွားသည်။

“ ဆရာ… အဲ့ဒါက ဘာဖြစ်သွားတာလဲ ”

လိပ်ပြားလေးသည် ဘာမှနားမလည်တော့ပေ။

နွေဦးအင်မော်တယ်နန်းတော်သခင်သည် ထပ်မံ သက်ပြင်းချလိုက်သည်။ သူ၏ နောင်တရသော ခံစားမှုသည် ပိုပြီးပြင်းထန်လာသည်။

“ နွေဦးအင်မော်တယ်နန်းတော်က မျိုးဆက်တစ်ဆက်မှာ တပည့်တစ်ယောက်ကိုပဲ လက်ခံနိုင်တယ်လို့ စည်းမျဉ်းသတ်မှတ်ထားတာ စိတ်မကောင်းစရာပဲ ”

လိပ်ပြာလေးသည် ထိတ်လန့်သွားသည်။

နွေဦးအင်မော်တယ်နန်းတော်သခင်က ဆက်ပြီး ပြောသည်။

“ သူက နတ်ဘုရားစွမ်းရည်ရဲ့ အမွေအနှစ်ကို မကျေနပ်သေးဘူး… အဲ့ဒါကြောင့် အနှစ်သာရကို စူးစမ်းရှာဖွေနေတယ် ”

“ အနှစ်သာရလား ”

လိပ်ပြာလေးသည် မျက်လုံးပြူးကျယ်သွားသည်။

နွေဦးအင်မော်တယ်နန်းတော်သခင်၏ ခန့်မှန်းမှုသည် မမှားပေ။ ဤအခိုက်အတန့်မှာ ရွှီချင်းက ထိုအတတ်ပညာ၏ အနှစ်သာရကို တွေးတောနေခြင်း ဖြစ်သည်။

ဒုဓလီအစေ့ကို သူမြင်လိုက်စဉ် သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းလစွမ်းအား၏ တုံ့ပြန်မှုကို ပြန်အမှတ်ရသွားသည်။ ထို့ပြင် ဤနတ်ဘုရားစွမ်းရည်၏ နာမည်ကို စဉ်းစားလိုက်သည့်အခါ ရူးမိုက်သော အတွေးတစ်ခုသည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

“ ရေတွင်းထဲကနေ မျှားလိုက်တာက လူတစ်ယောက် ဒါမှမဟုတ် လူတစ်အုပ်စုရဲ့ ဝိညာဉ်ပဲ မဟုတ်ဘူး ”

“ ရေတွင်းထဲမှာ ပုံရိပ်ပြန်တာက နတ်ဘုရားစွမ်းရည်တွေ၊ မန္တန်တွေ၊ ဓမ္မလက်နက်တွေချည်းပဲ မဟုတ်ဘူး ”

“ အဲ့ဒါတွေက ရိုးရှင်းလွန်းတယ် ”

“ ရေတွင်းထဲမှာ လရှိနေမှတော့ ကောင်းကင်ပေါ် လကို ဘာလို့စဉ်းစားနေမှာလဲ ”

“ အဲ့ဒါကို ရန်သူ့အပေါ်မှာ အသုံးပြုဖို့ မလိုဘူး… ငါက ဒီအတတ်ပညာကို အသုံးပြုပြီး ငါ့နှလုံးသားထဲက လကို မျှားနိုင်တယ် ”

ရွှီချင်း၏ နှလုံးသည် တုန်ယင်သွားသည်။ သူ၏ အတွေးများက မှန်ကန်သည်ဟု သူခံစားမိသည်။

“ ငါနားလည်သွားပြီ… အဲ့ဒါကြောင့် မီးခိုးရောင်စစ်ချပ်ဝတ်နဲ့ ကျင့်ကြံသူက လကို ထူးခြားဆန်းကြယ်တယ်လို့ ပြောပြီး ပိုင်ဆိုင်ချင်တယ်လို့ ပြောတာကို… သူက ငါ့ကို သတိပေးနေတာပဲ ”

“ သူက ငါ့ကို သင်ယူပြီးပြီလားလို့တောင် မေးတယ်… အဲ့ဒါကလည်း သတိပေးမှုပဲ ”

“ တကယ်တော့ ‘ သူက ငါပဲ ’လို့ ပြောသွားခဲ့တယ်… အဲ့ဒီစကားက ငါ့ကို ရည်ညွှန်းတာပဲ ”

“ ဒီအတတ်ပညာရဲ့ အနှစ်သာရကို သင်ယူပြီးပြီလားလို့ ငါ့ကို မေးနေတာပဲ ”

ရွှီချင်း၏ အတွေးများသည် ရှင်းလင်းလာပြီး ချောမွေ့သွားသည်။ အတွေးတစ်ချက်နှင့်အတူ ထိုလက်ဖဝါးထဲမှ သူ၏ ပုံရိပ်သည် စူရှတောက်ပသော ခရမ်းရောင်အလင်းကို ထုတ်လွှတ်လာသည်။

ထိုအလင်းသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး သူ၏ ပုံရိပ်သည် ပျောက်ကွယ်သွားသည်။ ယင်းက ကြီးမားကျယ်ပြောသော ခရမ်းလသို့ အသွင်ပြောင်းလဲသွားသည်။

လက်ဖဝါးထဲမှ ခရမ်းလဂြိုလ်သည် ကြီးမားသော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ချက်ချင်းဆိုသလို လက်ဖဝါးသည် ဝုန်းခနဲမြည်သံကို ထုတ်လွှတ်လာပြီး တိုက်ရိုက် ပြိုကွဲသွားသည်။ မီးခိုးရောင်စစ်ချပ်ဝတ်နှင့် ပုံရိပ်သည်ပင် ထိုခရမ်းရောင်အလင်းအောက်မှာ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။

ခရမ်းလသည်သာ ရေတွင်း၏ မျက်နှာပြင်ပေါ်မှ မြှောက်တတ်သွားသည်။

ထိုလသည် ပုံရိပ်ယောင်မဟုတ်ပေ။ တကယ့်အစစ်အမှန်ဖြစ်သည်။

ဤသည်မှာ လီဇီဟွားက ကြယ်တာရာကောင်းကင်၏ အနက်ပိုင်းဆီသို့ ယူဆောင်သွားခဲ့သော လမဟုတ်ပေ။ ယင်းအစား ဝမ်ကူးကုန်းမြေထဲမှာ ရွှီချင်းကြောင့် ဖြစ်ပေါ်လာသော ဒုတိယခရမ်းလဂြိုလ် ဖြစ်သည်။

ယင်းက လီဇီဟွားနှင့် တူညီသော ဇစ်မြစ်ထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။ သို့သော်လည်း ယင်းကို ရွှီချင်းတစ်ယောက်သာ ပိုင်ဆိုင်သည်။

ရွှီချင်း၏ ပုံရိပ်သည် ခရမ်းလဂြိုလ်ပေါ်မှာ ထွက်ပေါ်လာသည်။ သူက လက်သီးဆုပ်လိုက်ပြီး ပျောက်ကွယ်သွားသော မီးခိုးရောင်စစ်ချပ်ဝတ်နှင့် ပုံရိပ်ကို အရိုအသေပေးလိုက်သည်။

အပြင်ဘက် ဟင်းလင်းပြင်ထဲတွင် ဒုဓလီအစေ့သည် မူလကိုယ်ထည်နှင့် နီးကပ်သွားပြီ ဖြစ်သည်။ ၎င်းက ဒုဓလီပန်းနှင့် ပေါင်းစပ်သွားသည့်အခါ ဒုဓလီအစေ့ထဲမှ ပုံရိပ်နှစ်ခုသည် လုံးဝပျောက်ကွယ်သွားသည်။ ထိုနေရာတွင် ပုံရိပ်တစ်ခုသာ ကျန်နေခဲ့သည်။

ထိုပုံရိပ်က ရွှီချင်းဖြစ်သည်။

All Chapters