ကူယွဲ့ချင်းကျီ
Vol. 79 Ch. 1220
စည်းချအစီအရင်ထဲတွင် ပြင်းထန်သော သွေးနံ့ဖြင့် ပြည့်နှက်နေပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် စစ်သည်တော်များ၏ ခန္ဓာကိုယ်ပေါ်မှာ တွယ်ကပ်နေသည်။
ယင်းက သူတို့၏ စစ်ချပ်ဝတ်များ၊ အရေပြား၊ အသွေးအသားနှင့် ဝိညာဉ်ထဲမှာ ကိန်းအောင်းနေခြင်း ဖြစ်သည်။ လူတိုင်းထံမှ ထိုသတ်ဖြတ်ခြင်းအရှိန်အဝါက အတူတကွ စုဝေးသွားပြီး တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားသည့်အခါ ကောင်းကင်နှင့် မြေပြင်သည် တုန်လှုပ်သွားသည်။
ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး လေတဟူးဟူး တိုက်ခတ်လာကာ တိမ်တိုက်များက အဝေးသို့ လွင့်မျောသွားကြသည်။ ဤအခိုက်အတန့်မှာ သူတို့၏ တည်ရှိမှုကြောင့် ဘေးပတ်ဝန်းကျင်သည် မည်းမှောင်သွားသည်။ လျှပ်စီးတန်းများနှင့် မိုးကြိုးသွားများသည် နေရာတိုင်းမှာ ရုတ်တရက် ထွက်ပေါ်လာကြပြီး ကောင်းကင်တခွင် ဖြတ်သန်းသွားကြသည်။
မိုးခြိမ်းသံနှင့်အတူ နန်းမြို့တော်ထဲမှ ခေါင်းလောင်းမြည်သံက ပဲ့တင်ထပ်လာပြီး လူတိုင်း၏ နှလုံးသားထဲသို့ ဝင်ရောက်သွားသည်။
စစ်တပ်ထဲတွင် အားအနည်းဆုံးကျင့်ကြံသူသည် ဝိညာဉ်နတ်သူငယ်အဆင့်မှာ ရှိသည်။ သူတို့သည် အဆင့်တူတွင် ပြိုင်ဘက်ကင်းသော လက်ရွေးစင်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့သည် လူသားမျိုးနွယ်၏ နယ်စပ်တွင် တစ်နှစ်ပတ်လုံး ကာကွယ်စောင့်ကြပ်ပေးနေရင်း တိုက်ပွဲပေါင်းများစွာကို တွေ့ကြုံခဲ့ကြသူများ ဖြစ်ကြသည်။
သူတို့၏ နေထိုင်မှုဘဝသည် နန်းမြို့တော်ထဲမှ ကျင့်ကြံသူအများစုနှင့် ခြားနားသည်။ သူတို့ထဲတွင် အများစုသည် စစ်မြေပြင်မှ ဆယ်စုနှစ်တစ်ခုကြာအောင် မထွက်ခွာဖူးသူများ ဖြစ်ကြသည်။
ထို့ကြောင့် တစ်နှစ်ပတ်လုံး သေခြင်းရှင်ခြင်းအခြေအနေများကို တွေ့ကြုံခဲ့သူများအနေဖြင့် သူတို့၏ မျက်နှာသည် ခံစားချက်ကင်းမဲ့နေကြသည်။
သို့သော်လည်း သူတို့က ထိုသို့ခံစားချက်ကင်းမဲ့လေ သူတို့၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပိုပြီးအားကောင်းလေ ဖြစ်သည်။ ဤသည်မှာ ယင်းက သူတို့၏ ပင်ကိုယ်ဗီဇတစ်ခုကဲ့သို့ ဖြစ်လာသည်။ သူတို့က နန်းမြို့တော်၏ အရှေ့မှာ မတ်တတ်ရပ်နေသည့်တိုင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို မဖိနှိပ်နိုင်ကြပေ။
ဤသည်မှာ တော်ဝင်အခွင့်အာဏာသည်ပင် သူတို့၏ နှလုံးသားထဲမှာ အရေးသိပ်မပါဟန် ရသည်။ သူတို့၏ နှလုံးသားကို လှိုင်းထစေနိုင်သည့် တစ်ခုတည်းသော အရာမှာ စစ်တပ်၏ အရှေ့တွင် တလွင့်လွင့် လှုပ်ယမ်းနေသော အလံတိုင်များသာ ဖြစ်ကြသည်။
စစ်တပ်၏ အရှေ့တွင် အလံတိုင်နှစ်ခု ရှိသည်။ တစ်ခုသည် ရွှေရောင်ဖြစ်ပြီး ‘ ကူယွဲ့ ’ဟူသော စာလုံးကို ရေးသားထားသည်။
တခြားအလံတိုင်သည် အနက်ရောင်ဖြစ်ပြီး အလံတိုင်ပေါ်တွင် ‘ ကျန်းယန် ’ဟူသော စာလုံးကို သွေးဖြင့် ရေးသားထားပုံပေါ်သည်။
ကျန်းယန်ဟူသည်မှာ လူသားမျိုးနွယ်၏ ပထမကောင်းကင်ဘုရင်၏ ဘွဲ့နာမည်ဖြစ်သည်။
အလံတိုင်များ၏ အောက်တွင် အနက်ရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ပဉ္စမမင်းသားသည် နန်းမြို့တော်၏ ဦးတည်ရာသို့ တည်ငြိမ်စွာ ကြည့်နေသည်။ သူက ထိုနေရာသို့ ပြန်မရောက်ဖြစ်သည်မှာ ဆယ့်ခုနစ်နှစ်ရှိသွားပြီ ဖြစ်သည်။
“ မြင်ကွင်းက အရင်ကအတိုင်း ရှိနေတုန်းပဲ… ဒါပေမဲ့ လူတွေကတော့ ပြောင်းလဲသွားပြီ ”
ပဉ္စမမင်းသားက နူးညံ့စွာ တီးတိုးရေရွတ်လိုက်စဉ် ကိုးကြိမ်မြောက် ခေါင်းလောင်းမြည်သံက ပဲ့တင်ထပ်လာသည်။ ထို့နောက် နန်းမြို့တော်၏ အရှေ့ဘက်ဂိတ်တံခါးသည် ပွင့်သွားပြီး အောက်ရွှမ်နန်းတော်ငါးခုမှ အရာရှိများက ထွက်ပေါ်လာကြသည်။ သူတို့အများစုသည် အရှေ့သို့ ထွက်လာကြပြီး ပဉ္စမမင်းသားကို အရိုအသေပေးလိုက်ကြသည်။
“ ပဉ္စမမင်းသားကို ကြိုဆိုပါတယ် ”
ထို့ပြင် လက်သည်းလေးခု ရွှေရောင်နဂါးဝတ်စုံကို ဝတ်ဆင်ထားသော စတုတ္ထမင်းသားသည်လည်း အရှေ့ထွက်လာသည်။
လူသားဧကရာဇ်၏ အမိန့်တော်ကြောင့် သူက တော်ဝင်မိသားစု၏ ကိုယ်စားပြုသူအနေဖြင့် သူ၏ ညီတော်ငါးကို နန်းမြို့တော်ထဲသို့ ကြိုဆိုရန် ရောက်ရှိလာခြင်းဖြစ်သည်။ သူက တည်ကြည်လေးနက်သော အမူအရာဖြင့် ပဉ္စမမင်းသား၏ စစ်တပ်နှင့် ပေတစ်သောင်းအကွာအဝေးမှာ ရပ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ကူယွဲ့ချင်းကျီ အမိန့်တော်ကို နာခံပါ ”
ထိုစကားသံက ပဲ့တင်ထပ်လာသောအခါ ခေါင်းနှစ်လုံးအနက်ရောင်နဂါးပေါ်တွင် တည်ငြိမ်စွာ ထိုင်နေသော ပဉ္စမမင်းသားသည် နန်းမြို့တော်ထံမှ သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး စတုတ္ထမင်းသားကို ကြည့်လိုက်သည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး စီးတော်ယာဉ်နဂါးပေါ်မှ ဆင်းသက်လိုက်ကာ မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်လိုက်သည်။
သူ့အနောက်မှ စစ်တပ်သည်လည်း တစ်ပြိုင်နက် ဒူးထောက်လိုက်ကြသည်။
စတုတ္ထမင်းသားသည် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက အင်ပါယာအမိန့်တော်ကို ထုတ်ပြန်ရန် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။
“ ပဉ္စမမင်းသားချင်းကျီဟာ နယ်စပ်ကို စောင့်ကြပ်ပြီး လူသားမျိုးနွယ်အတွက် စွမ်းစွမ်းတမံ အကျိုးဆောင်ပေးခဲ့တဲ့အပြင် သူရသတ္တိနဲ့ သူတော်ကောင်းအကျင့်ကို ပိုင်ဆိုင်ထားတယ်… ဒါ့အပြင် ရွှမ်မျိုးဆက်သွေးရဲ့ ဂုဏ်သတင်းကို ထွန်းတောက်စေတယ်… တိုင်းပြည်နဲ့ လူမျိုးအတွက် ရန်သူတွေကို နှိမ်နင်းပြီး မင်းသားတစ်ပါးအနေနဲ့ တာဝန်ကျေပွန်ခဲ့တယ်… သူ့ရဲ့ အကျိုးဆောင်မှုက ငါကိုယ်တော်ရဲ့ အသိအမှတ်ပြုတာခံရဖို့ ထိုက်တန်တယ် ”
“ ဒါကြောင့် ပဉ္စမမင်းသားချင်းကျီကို တော်ဝင်စံအိမ်တော်ထဲမှာ ဌာနတစ်ခု ဖွင့်လှစ်ဖို့ ဆုလာဘ်အဖြစ် ငါကိုယ်တော် ချီးမြှင့်မယ်… ဒါ့အပြင် နောက်လိုက်တစ်သောင်းကို ထပ်မံ စုဆောင်းခွင့်ရရှိစေမယ် ”
အင်ပါယာအမိန့်တော်ကို ထုတ်ပြန်ပြီးနောက် ပဉ္စမမင်းသားသည် မတ်တတ်ရပ်လိုက်သည်။ သူ့အနောက်မှ စစ်သည်တော်များသည်လည်း တိတ်ဆိတ်စွာ မတ်တတ်ရပ်လိုက်ကြသည်။
“ ဂုဏ်ပြုပါတယ်… ညီတော်ငါး ”
စတုတ္ထမင်းသား၏ မျက်နှာသည် အစောနကကဲ့သို့ တည်ကြည်လေးနက်ခြင်း မရှိတော့ပေ။ ယင်းအစား နွေထွေးသော အပြုံးတစ်ခုကို ထုတ်ဖော်ထားသည်။
“ ခမည်းတော်က မင်းကို စောင့်နေတယ်… ခမည်းတော်ဆီသွားပြီး မင်းရဲ့ ကျေးဇူးတင်မှုကို ဘာလို့ မဖော်ပြတာလဲ ”
ပဉ္စမမင်းသားသည် အမူအရာကင်းမဲ့စွာ ရှိနေဆဲပင်။ သူက မည်သည့်စကားမှ မပြောဘဲ အရှေ့သို့ လျှောက်သွားသည်။ သူက စတုတ္ထမင်းသားကို ဖြတ်ကျော်သွားစဉ် သူ့ကို တစ်ချက်လေးပင် လှည့်မကြည့်သွားခဲ့ပေ။ ထို့နောက် သူက နန်းမြို့တော်၏ အရှေ့ဘက်ဂိတ်တံခါးဆီသို့ ဝင်ရောက်သွားပြီး သက်တံ့လမ်းကြောင်းပေါ်သို့ ခြေချလိုက်သည်။
သူ့အနောက်မှ စစ်သည်တော်များသည်တော့ စည်းချအစီအရင်ပေါ်မှာ ယာယီစခန်းချရန် ရွက်ဖျင်တဲများကို ဆောက်လုပ်ကြသည်။
ယင်းက စတုတ္ထမင်းသားကို မျက်မှောင်ကြုတ်သွားစေသည်။ သို့သော်လည်း မကြာမီ အပြုံးတစ်ခုက သူ၏ မျက်နှာပေါ်မှာ ထပ်မံ ထွက်ပေါ်လာသည်။ သူက ရိုးသားစွာ ပြုံးထားပြီး နန်းတော်ဆီသို့ ဦးတည်သွားနေသော ပဉ္စမမင်းသား၏ အနောက်သို့ လိုက်သွားသည်။
သက်တံ့လမ်းကြောင်းပေါ်မှ ကိုယ်ရံတော်အစောင့်အကြပ်များသည် ပဉ္စမမင်းသားကို မြင်တွေ့သွားသောအခါ ခေါင်းငုံ့လိုက်ကြပြီး သူတို့၏ ရိုသေလေးစားမှုကို ဖော်ပြလိုက်ကြသည်။
သက်တံ့လမ်းကြောင်း၏ အောက်ဘက်တွင် နန်းမြို့တော်ထဲမှ အရေအတွက်များပြားသော ပြည်သူပြည်သားများက စုဝေးရောက်ရှိနေကြသည်။ ပဉ္စမမင်းသားက သက်တံ့လမ်းကြောင်းပေါ်တွင် လမ်းလျှောက်နေသည်ကို သူတို့မြင်သွားကြသောအခါ မည်သူက အစပြု၍ အော်ဟစ်ချီးမြှောက်လိုက်မှန်း မသိရသော်လည်း မကြာမီ အော်ဟစ်ချီးမြှောက်သံများသည် ဆူညံပွက်လောရိုက်သွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
အကြောင်းအရင်းကို ကောင်းမွန်စွာ မသိထားသူများအတွက် ဤသည်မှာ စစ်တပ်က အောင်ပွဲရ၍ ပြန်ရောက်လာခြင်းဖြစ်မည်ဟု သူတို့စဉ်းစားမိကြလိမ့်မည်။ ထိုလူများ၏ သဘောထားသည် အလွန်ထင်ရှားသည်။
ပဉ္စမမင်းသားသည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး လူအုပ်ကြီးထံသို့ ကြည့်လိုက်သည်။ အသက်ရှူချိန်အနည်းငယ်ကြာ နှုတ်ဆိတ်နေပြီးနောက် သူက ပြည်သူပြည်သားများထံသို့ အရိုအသေပေးလိုက်သည်။ ထို့နောက် သူက အရှေ့သို့ ဆက်လျှောက်သွားသည်။
သူက သက်တံ့လမ်းကြောင်း၏ အဆုံးသို့ လျှောက်သွားပြီး နန်းတော်၏ အဓိကဂိတ်တံခါးအရှေ့သို့ ရောက်ရှိသွားသည့်အခါ ထပ်မံ ရပ်တန့်လိုက်သည်။ သူက ထိုနေရာတွင် စိုက်ထူထားသော ဧရာမအမွှေးတိုင်(၁၁)တိုင်ကို ကြည့်လိုက်သည်။ အထူးသဖြင့် သူ၏ အကြည့်က အလယ်တွင် ပျောက်ဆုံးနေသော အမွှေးတိုင်တစ်တိုင်၏ ဧရိယာပေါ်သို့ ကျရောက်နေခြင်း ဖြစ်သည်။
ဝမ်းနည်းသော အရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ ညီတော်ခုနစ်ရဲ့ သေဆုံးမှုက ငါတို့အားလုံးကို အံ့အားသင့်စေခဲ့တယ်… အဲ့ဒီအချိန်တုန်းက သူက အင်မော်တယ်အမှန်တရားခေါင်းလောင်းနဲ့ သူ့ကိုယ်သူ သက်သေပြဖို့ တောင်းဆိုခဲ့တယ်… ဒါပေမဲ့… ”
သိမ်မွေ့ညင်သာသော အသံသည် ပဉ္စမမင်းသား၏ အနောက်မှ ထွက်ပေါ်လာသည်။ ထိုလေသံထဲမှာ နောင်တရမှုဖြင့် ပြည့်နှက်နေသည်။
ထိုစကားကို ပြောလိုက်သူသည် စတုတ္ထမင်းသား ဖြစ်သည်။ သူက ခေါင်းယမ်းလိုက်ပြီး အရှေ့သို့ လျှောက်သွားကာ ပဉ္စမမင်းသား၏ ဘေးတွင် ရပ်လိုက်သည်။
ပဉ္စမမင်းသားသည် နှုတ်ဆိတ်သွားသည်။ သူ၏ အကြည့်သည် ပျောက်ဆုံးနေသော အမွှေးတိုင်ဧရိယာထံမှ ရွှေ့ပြောင်းသွားပြီး အတွင်းဘက်ဂိတ်တံခါးထဲမှ ကျယ်ပြောလှသော နန်းတော်ဆီသို့ ရောက်ရှိသွားသည်။
“ ဝင်သွားပါ… ခမည်းတော်ရယ်၊ ဝန်ကြီးတွေရယ်၊ ကောင်းကင်ဘုံအမတ်တွေနဲ့ ကောင်းကင်ဘုရင်တွေက အထဲမှာ ရှိကြတယ်… ပြီးတော့ ဒေသအရှင်သခင်လည်း ရှိတယ် ”
စတုတ္ထမင်းသားက နူးညံ့စွာ ပြောသည်။
“ မင်းရဲ့ ခေါင်းထဲက အတွေးတွေကို ဖယ်ထားလိုက်စမ်းပါ ”
ပဉ္စမမင်းသားက တည်ငြိမ်စွာ ပြောသည်။
ဤသည်မှာ ပဉ္စမမင်းသားသည် နန်းမြို့တော်သို့ ရောက်ရှိလာပြီးနောက် စတုတ္ထမင်းသားကို ပထမဆုံး စကားပြောခြင်း ဖြစ်သည်။
“ ညီတော်ခုနစ်ရဲ့ သေဆုံးမှုက ငါ့ကိစ္စပါ… မင်းက မီးလောင်ရာလေပင့်ဖို့ မလိုပါဘူး ”
“ ပြီးတော့ ပြည်သူပြည်သားတွေကို အော်ဟစ်ချီးမြှောက်ဖို့ စီစဉ်ခိုင်းတယ်… အဲ့ဒါက ပိုပြီးတော့ ကလေးဆန်သေးတယ် ”
“ ငါက အောင်ပွဲရပြီး ပြန်ရောက်လာတာမဟုတ်ဘူး… ဧကရာဇ်က အထွတ်အထိပ်အခြေအနေမှာ ရှိနေတုန်းပဲ… ငါ့ကို သံသယဝင်ခံရအောင် လုပ်ချင်တာလား… အဲ့လောက်မလွယ်ဘူး… ဒါက မင်းရဲ့ အကြံပဲဖြစ်ဖြစ် ဒါမှမဟုတ် တခြားလူတွေရဲ့ အကြံပဲဖြစ်ဖြစ် ဒီအပေါစားလှည့်ကွက်တွေက မင်းတို့ရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီမှုမရှိဘူး ”
ပဉ္စမမင်းသားသည် စကားဆုံးအောင် ပြောပြီးနောက် ခေါင်းမော့လိုက်ပြီး နန်းတော်ဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။
ဤအခိုက်အတန့်မှာ နန်းတော်၏ အဓိကခန်းမထဲတွင် လူသားဧကရာဇ်သည် ခါးမတ်စွာ ထိုင်နေသည်။ သူ၏ အောက်တွင် ကောင်းကင်ဘုရင်(၁၃)ပါးသည်လည်း ရောက်ရှိနေကြပြီး ထိုင်နေကြသည်။ နန်းမြို့တော်ထဲမှာရှိသော ကောင်းကင်ဘုံအမတ်အားလုံးသည် ယနေ့ညီလာခံကို တတ်ရောက်လာကြသည်။
သူတို့၏ အောက်တွင် တရားဝန်ကြီးချုပ်နှင့် အထက်ရွှမ်နန်းတော်ငါးခုမှ အရာရှိများက အစီအစဉ်တကျ ရပ်နေကြသည်။ သူတို့အားလုံး၏ အမူအရာသည် တည်ကြည်လေးနက်နေကြသည်။
ရွှီချင်းသည်လည်း အဓိကခန်းမထဲမှာ ရှိနေသည်။ သူက ထိုင်ခုံပေါ်မှာ အမူအရာကင်းမဲ့စွာ ထိုင်နေပြီး အဓိကဂိတ်တံခါးဆီသို့ ကြည့်နေသည်။
သူက မနေ့ညတွင် အင်ပါယာအမိန့်တော်ကို ရရှိခဲ့သည်။ ဤနံနက်ခင်းညီလာခံတွင် ပဉ္စမမင်းသားပြန်ရောက်လာမည်ဖြစ်ကြောင်း သူသတင်းရခဲ့သည်။ နင်ယန်ထံမှတဆင့် ပဉ္စမမင်းသားနှင့် သတ္တမမင်းသား၏ ဆက်ဆံရေးကို ကောင်းမွန်စွာ သူနားလည်ထားသည်။
‘ ညီအကိုအရင်း ’
အတိအကျဆိုရလျှင် ထိုသို့ဆက်ဆံရေးသည် တော်ဝင်မိသားစုထဲမှ အရာအားလုံးထက် သာလွန်သည်။ အချက်အလက်များဖြင့် ပြောရလျှင် တစ်ခါတစ်ရံမှာ ညီအကိုအရင်းများကြားမှ ဆက်ဆံရေးသည် မိဘနှင့် သားသမီးကြားမှ ဆက်ဆံရေးထက် သာလွန်ပေသည်။
‘ ပဉ္စမမင်းသားက ပထမကောင်းကင်ဘုရင်ရဲ့ အသက်ရှင်နေသေးတဲ့ တစ်ဦးတည်းသော တပည့်ဖြစ်တယ်… သူက ကောင်းကင်ဘုရင်နောက်ကိုလိုက်ပြီး တစ်နှစ်ပတ်လုံး နယ်စပ်ဒေသကို ကာကွယ်စောင့်ကြပ်ပေးနေတယ်… မင်းသားတွေထဲမှာ သူက အကျိုးဆောင်မှုအများဆုံးလူပဲ ’
‘ သူ့ရဲ့ တိုက်ပွဲစွမ်းအားက မင်းသားတွေထဲမှာ မီးလျှံလသွေးမျိုးဆက်တစ်ဝက်ကို ပိုင်ဆိုင်ထားတဲ့ မင်းသားကြီးပြီးရင် အသန်မာဆုံးပဲ… သူက ရဲစွမ်းသတ္တိနဲ့ ပြည့်စုံပြီး တိုက်ခိုက်ရေးမှာလည်း ထူးချွန်တယ် ’
ထိုသတင်းအချက်အလက်များသည် မင်းသမီးအန်းဟိုင်နှင့် နင်ယန်ထံမှ သူရရှိလာခြင်း ဖြစ်သည်။ ရွှီချင်းက ထိုအကြောင်းကို တွေးတောနေစဉ် အပြင်ဘက်မှ အော်ဟစ်ချီးမြှောက်သံများကို ကြားလိုက်ရသည်။ ထိုအသံများသည် အဓိကခန်းမထဲထိ ပဲ့တင်ထပ်လာပြီး လူတိုင်း၏ နားထဲသို့ ဝင်ရောက်သွားသည်။
သို့သော်လည်း မည်သူမှ အမူအရာမပြောင်းလဲသွားကြချေ။ ဤသည်မှာ သူတို့က ထိုအသံကို မကြားသည့်အလားပင်။
‘ ကြည့်ရတာ သူက တခြားမင်းသားတွေနဲ့ ဆက်ဆံရေးမကောင်းတဲ့ပုံပဲ ’
ရွှီချင်း၏ မျက်လုံးသည် တည်ငြိမ်နေသည်။
မကြာမီ ပုံရိပ်တစ်ခုသည် သူ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာပြီး ခန်းမထဲမှ လူတိုင်း၏ အကြည့်ထဲမှာလည်း ပုံရိပ်ပြန်လာသည်။
သူက အရပ်ရှည်ပြီး ဖြောင့်မတ်သည်။ သူ၏ မျက်နှာသည် ချောမောခန့်ညားပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်စစ်ချပ်ဝတ်သည် သူ့အား သူရဲကောင်းဆန်သော အသွင်အပြင်ကို ပိုပြီးပေါ်လွင်စေသည်။ အထူးသဖြင့် သူ၏ ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်နေသော ကျင့်ကြံခြင်းအားလှိုင်းအတတ်အကျများသည် ပိုပြီးထိတ်လန့်ဖွယ်ကောင်းသည်။
ဤသည်မှာ ဗလာနတ္ထိတတိယအဆင့်၏ စိတ်ဆန္ဒဖြစ်သည်။
သူ၏ ဘေးပတ်ဝန်းကျင်တွင် ဥပဒေသချည်မျှင်များနှင့် နိယာမချည်မျှင်များသည် ဝေဝေဝါးဝါး ထွက်ပေါ်နေကြပြီး လေနှင့်လျှပ်စီး၏ အသံသို့ ပြောင်းလဲသွားသည်။ ထိုလူသည် ပဉ္စမမင်းသားမှလွဲ၍ တခြားလူမဟုတ်ပေ။
လူတိုင်း၏ အကြည့်အောက်မှာ သူက ဝန်ကြီးများကို တစ်လှမ်းချင်း ဖြတ်ကျော်သွားပြီး အရှေ့သို့ ရောက်သွားသည်။ ထို့နောက် သူက ဒူးထောက်လိုက်ပြီး နက်ရှိုင်းသော အသံဖြင့် လူသားဧကရာဇ်ကို ပြောသည်။
“ ခမည်းတော်ကို နှုတ်ဆက်ပါတယ် ”
လူသားဧကရာဇ်သည် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
“ မင်းပင်ပန်းသွားပြီ ”
ပဉ္စမမင်းသားသည် မတ်တတ်ရပ်လိုက်ပြီး ကောင်းကင်ဘုရင်များကို ကြည့်လိုက်သည်။ ထို့နောက် သူက ကောင်းကင်ဘုံအမတ်များကို ကြည့်လိုက်သည်။ သူ၏ အကြည့်က ရွှီချင်းကို ဖြတ်ကျော်သွားသော်လည်း သူက မည်သည့်စိတ်ခံစားချက်ကိုမှ မထုတ်ပြခဲ့ပေ။ သူက လူသားဧကရာဇ်ကို ဆက်လက် အရိုအသေပေးလိုက်သည်။
“ ခမည်းတော် ဒီဆယ့်ခုနစ်နှစ်အတွင်းမှာ မီးလျှံလနယ်စပ်ဒေသက အနည်းနဲ့အများ တည်ငြိမ်လာပါပြီ ”
“ အဲ့ဒီအတောအတွင်း သေးငယ်တဲ့ တိုက်ပွဲ(၉၇)ခု ဖြစ်ပွားခဲ့ပါတယ်… မီးလျှံလရဲ့ အဖွဲ့ဝင်တွေက ထွက်ပေါ်မလာခဲ့ပါဘူး… ပြဿနာလာရှာတဲ့ လူတွေက သူတို့ရဲ့ လက်အောက်ခံမျိုးနွယ်စုတွေပါပဲ ”
“ ဘုရင်ကျန်းယန်ရဲ့ ကာကွယ်ပေးမှုအောက်မှာ အားလုံးကို ဖြေရှင်းပြီးပါပြီ ”
“ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က လောလောဆယ် မဟာအမဲလိုက်ပွဲတော်နဲ့ အလုပ်ရှုပ်နေကြပါတယ်… ဒါကြောင့် သူတို့က တခြားမျိုးနွယ်စုတွေအပေါ် အာရုံမစိုက်နိုင်သေးပါဘူး ”
“ လာရောက်တိုက်ခိုက်ကြတဲ့ လက်အောက်ခံမျိုးနွယ်စုတွေကတော့ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က စစ်သည်တော်တွေကို လေ့ကျင့်ပေးဖို့နဲ့ အခြေအနေကို စူးစမ်းချင်လို့ပါ… တခြားကြီးမားတဲ့ ပြဿနာတော့ မရှိပါဘူး ”
“ သေကြေပျက်စီးမှုတွေအနေနဲ့ ကျုပ်တို့ဘက်က စစ်သည်တော်တွေက ဒီဆယ်ခုနစ်နှစ်အတွင်းမှာ (၃၇၉၀၀၀)ကျော် သေဆုံးသွားခဲ့ပါတယ်… သူတို့ရဲ့ နာမည်စာရင်းက ဒီမှာပါ ”
ပဉ္စမမင်းသားသည် စကားပြောပြီးနောက် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်ပြီး ကိုယ်ရံတော်အစောင့်အကြပ်တစ်ယောက်ဆီသို့ ကမ်းပေးလိုက်သည်။ ထိုအစောင့်အကြပ်သည် ပဉ္စမမင်းသားထံမှ ကျောက်စိမ်းပြားကို ယူဆောင်ပြီးနောက် လူသားဧကရာဇ်ဆီသို့ လွှဲပြောင်းပေးလိုက်သည်။
“ အရင်တုန်းကနဲ့စာရင် ကျူးကျော်မှုအကြိမ်ရေပဲဖြစ်ဖြစ် ဒါမှမဟုတ် သေကြေပျက်စီးမှုအရေအတွက်ပဲဖြစ်ဖြစ် တစ်ဝက်လောက်ထိ လျော့ကျသွားပါတယ်… အဲ့ဒါက ခမည်းတော် ထုတ်ပြခဲ့တဲ့ အာရုဏ်ဦးနေမင်းရဲ့ ခြိမ်းခြောက်မှုကြောင့်ပါ ”
ထိုစကားများကို ပြောလိုက်သည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ ဝန်ကြီးများသည် ပြုံးလိုက်ကြသည်။
“ ဒါပေမဲ့… သတင်းဆိုးတချို့ ရှိပါသေးတယ် ”
ပဉ္စမမင်းသားက လေးနက်စွာ ပြောသည်။
“ ပထမသတင်းကတော့ မီးလျှံလရဲ့ လက်အောက်ခံမျိုးနွယ်စုတွေရဲ့ အလုံးစုံအင်အားက အနည်းငယ် မြင့်တတ်သွားပါတယ်… ဒါ့အပြင် အဲ့ဒါက မျိုးနွယ်စုတစ်စုရဲ့ တိုက်ပွဲစွမ်းအားပဲ တိုးမြှင့်သွားတာ မဟုတ်ပါဘူး… သူတို့က အဘက်ဘက်ကနေ မယုံကြည်နိုင်တဲ့ အမြန်နှုန်းနဲ့ ပိုပြီးသန်မာလာနေကြပါတယ် ”
“ ရေရှည်ကို ကျွန်တော်တို့ကြည့်မယ်ဆိုရင် အဲ့ဒါက ကျုပ်တို့မျိုးနွယ်အတွက် ကောင်းမွန်တဲ့ကိစ္စမဟုတ်ပါဘူး… ဒီကိစ္စက မသင်္ကာစရာကောင်းပါတယ်… အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အထူးအမိန့်ပေးနန်းတော်ကို စုံစမ်းခိုင်းသင့်ပါတယ် ”
“ ဒုတိယသတင်းကတော့ မဟာအမဲလိုက်ပွဲတော်ကို ကျင်းပပြီးတဲ့အခါတိုင်း မီးလျှံလက လက်အောက်ခံမျိုးနွယ်စုတစ်စုကို ရွေးချယ်ပြီး အဆင့်မြှင့်တင်ပေးလေ့ ရှိပါတယ်… ဒါကြောင့် မီးလျှံလရဲ့ အာရုံစိုက်မှုကို ရရှိဖို့ လက်အောက်ခံမျိုးနွယ်စုတွေက စစ်ပွဲစတင်လာမှာကို ကျွန်တော်စိုးရိမ်ပါတယ် ”
“ ဒီတစ်ကြိမ် ကျွန်တော်ပြန်ရောက်လာတာက စစ်တပ်အင်အားကို တိုးချဲ့ပေးဖို့ ခမည်းတော်ဆီကနေ ခွင့်ပြချက်လာတောင်းခံတာပါ… မီးလျှံလရဲ့ အသန်မာဆုံး လက်အောက်ခံမျိုးနွယ်စုသုံးစုထဲက စီအဲမျိုးနွယ်စုဟာ စတင်လှုပ်ရှားဖို့ ပြင်ဆင်နေတဲ့ လက္ခဏာတွေ ပြလာပါတယ်… သူတို့က ကျုပ်တို့လူသားမျိုးနွယ်ကို စစ်ပွဲဆင်နွှဲပြီးတော့ မီးလျှံလရဲ့ အာရုံစိုက်မှုကို ရယူချင်နေပါတယ် ”
“ တတိယသတင်းကတော့ မီးလျှံလဒေသကြီးထဲမှာ ဒြပ်နှောတွေက မနှစ်ကထက် သုံးဆခန့် ပိုပြီးတိုးမြှင့်သွားပါတယ်… ဘုရင်ကျန်းယန်က အဲ့ဒီကိစ္စကို အာရုံစိုက်ပြီးတဲ့နောက်မှာ မီးလျှံလက စတုတ္ထမြောက်နတ်ဘုရားကို ကြိုဆိုဖို့ ပြင်ဆင်နေတာဖြစ်နိုင်တယ်ဆိုပြီး သူသံသယရှိတယ်လို့ ပြောပါတယ် ”
ပဉ္စမမင်းသား၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ခန်းမသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဝန်ကြီးများသည် နှလုံးတုန်သွားကြသည်။ နယ်စပ်ဒေသမှ သတင်းများသည် ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သောကြောင့် လူအများအပြားက မသိထားကြချေ။
လူအများစုသည် အခြေအနေကို အကြမ်းဖျဉ်းသာ နားလည်ထားကြသည်။ ဤသည်မှာ သူတို့က ပထမဆုံးအကြိမ် ထိုမျှအသေးစိတ် ကြားဖူးခြင်း ဖြစ်သည်။
ဝန်ကြီးများက တွေးတောနေကြစဉ် ပဉ္စမမင်းသားသည် အစီအရင်ခံပြီးသည်နှင့် လူသားဧကရာဇ်ကို ထပ်မံ ဦးညွတ်လိုက်သည်။
ပုံမှန်အခြေအနေမှာဆိုလျှင် သူက အစီအရင်ခံပြီးသည်နှင့် သူ့ကိုယ်ပိုင်ထိုင်ခုံဆီသို့ ပြန်သွားသင့်ပေသည်။ သို့သော်လည်း ပဉ္စမမင်းသားသည် အရိုအသေပေးပြီးနောက် မထွက်သွားခဲ့ပေ။ ယင်းအစား သူက နူးညံ့စွာ ပြောသည်။
“ ခမည်းတော်… ညီတော်ခုနစ်က မိစ္ဆာဆန်တဲ့ ပြစ်မှုကို ကျူးလွန်ခဲ့ပြီး ဧကရာဇ်ဓားရဲ့ သုတ်သင်ခံခဲ့ရပါတယ်… သူက အပြစ်ကျူးလွန်ခဲ့တာဖြစ်လို့ သူ့ရဲ့ သေဆုံးမှုက ထိုက်တန်ပါတယ် ”
“ ဒါပေမဲ့ သားတော်က သူ့ရဲ့ အကိုအရင်းဖြစ်ပါတယ် ”
“ တကယ်လို့ သားတော်က ငြိမ်နေမယ်ဆိုရင် အပြစ်ရှိစိတ်ကို ခံစားရပါလိမ့်မယ်… ကျုပ်တို့လူသားတွေက သွေးမျိုးဆက်နဲ့ မိသားစုဆက်နွယ်မှုကို အလေးထားပါတယ်… ဒါကြောင့် ကျွန်တော်တို့က အခုလို စည်းစည်းလုံးလုံး ရှိနေနိုင်တာပါ ”
“ တကယ်လို့ သားတော်က မိသားစုဆက်နွယ်မှုကို လျစ်လျူရှုထားမယ်ဆိုရင် နောင်ကျရင် သားတော်မှာ ဆွေမျိုးသားချင်းတစ်ယောက်မှ ရှိတော့မှာမဟုတ်ပါဘူး… အဲ့ဒါက သားတော်ရဲ့ ကိုယ်ကျင့်တရားနဲ့ ဆန့်ကျင်နေပါတယ် ”
“ အဲ့ဒီအတွက်ကြောင့် ခမည်းတော်… ဒေသအရှင်သခင်ရွှီနဲ့ တိုက်ခိုက်ဖို့ သားတော်က တောင်းဆိုပါတယ်… ရလဒ်က နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ သားတော်ရဲ့ စိတ်နှလုံးနဲ့ အတွေးတွေကို ရှင်းလင်းသွားစေပါလိမ့်မယ် ”
ထိုသို့ပြောပြီးနောက် ပဉ္စမမင်းသား၏ အကြည့်သည် ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။
အေးတိအေးစက် အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ဒေသအရှင်သခင်ရွှီ ကျေးဇူးပြုပြီး ”