အလောင်းမီးတောက်
Vol. 79 Ch. 1221
ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
မည်သူမှ စကားမပြောကြချေ။ ပဉ္စမမင်းသား၏ အသံသည်သာ ခန်းမထဲတွင် ပဲ့တင်ထပ်နေသည်။
ပဉ္စမမင်းသား၏ လုပ်ရပ်သည် မကျေနပ်မှုကို မဖြစ်ပေါ်စေပေ။ သူက ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့ခြင်း ဖြစ်သည်။ သူ၏ အမူအရာသည် တည်ငြိမ်ပြီး သူ့မှာ မကောင်းကြံစည်လိုသော မည်သည့်ဆန္ဒမှမရှိပေ။ သူက လူကြီးလူကောင်းတစ်ယောက်သဖွယ် တိုက်ရိုက် စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။
သူ၏ စကားသည် အကျိုးအကြောင်းဆီလျော်သည်။ သတ္တမမင်းသားက သူ့ကိုယ်ပိုင်အမှားကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သူက လက်ခံထားသည်။ ထို့ပြင် သူက ရွှီချင်းကို ကလဲ့စားပြန်ချေချင်သောကြောင့် စိန်ခေါ်ခြင်း မဟုတ်ပေ။
ယင်းအစား သတ္တမမင်းသား၏ အကိုရင်းတစ်ယောက်အနေဖြင့် ညီတော်တစ်ယောက်၏ သေဆုံးမှုကို တည်ငြိမ်စွာ လျစ်လျူမရှုနိုင်သောကြောင့် သူ၏ အတွင်းမိစ္ဆာကို နှိမ်နင်းရန် တောင်းဆိုခဲ့ခြင်းသာ ဖြစ်သည်။
အထူးသဖြင့် သူက မိသားစုဆယ်နွယ်မှုအကြောင်းကို ပြောကြားခဲ့သည်။ ထို့ကြောင့် သူ၏ တောင်းဆိုမှုက ဘောင်ကျော်သည်ဟုဆိုရန် ခဲယဉ်းသည်။
သို့ဖြစ်၍ လူသားဧကရာဇ်သည်ပင် မည်သည့်စကားမှ မပြောပေ။ ရှင်းလင်းစွာပင် သူက ရွှီချင်းကို ရွေးချယ်ခွင့်ပေးထားခြင်း ဖြစ်သည်။
ရွှီချင်းသည် ပဉ္စမမင်းသားကို ကြည့်လိုက်သည်။
ပဉ္စမမင်းသား၏ မျက်လုံးသည် ထွန်းလင်းတောက်ပသည်။ သူ၏ အကြည့်က ရွှီချင်း၏ အကြည့်နှင့် တွေ့ဆုံသွားသည့်အခိုက် အနက်ရောင်မီးတောက်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထိုမီးတောက်သည် မကောင်းဆိုးဝါးနိမိတ်နှင့် သေခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။ ဤသည်မှာ ၎င်းတို့က အပြင်ဘက်သို့ ပေါက်ကွဲထွက်လာချင်နေဟန် ရ၏။
သို့သော်လည်း ပဉ္စမမင်းသားသည် သူ့ကိုယ်သူ ထိန်းချုပ်ထားကြောင်း ရှင်းလင်းသည်။ သူက ရွှီချင်းကို ကြည့်လိုက်ပြီး ပြောသည်။
“ ဒီတိုက်ပွဲက ငါတို့ရဲ့ သရုပ်တွေနဲ့ ဘာမှမသက်ဆိုင်ဘူး… ငါက ညီလေးအတွက် တိုက်ခိုက်မယ့် အကိုတစ်ယောက်ပါပဲ ”
“ သူငယ်ငယ်တုန်းက တခြားမင်းသားတွေရဲ့ အနိုင်ကျင့်ခံရတိုင်း ငါကပဲ သူ့အတွက် ဖြေရှင်းပေးခဲ့တယ် ”
“ ရွှီချင်း… ငါ့ညီက အမှားကျူးလွန်ခဲ့တယ်… အဲ့ဒီအတွက် သူက သေသင့်တယ် ”
“ ပြီးတော့ မင်းက သူ့ကို သတ်ခဲ့တယ်… အဲ့ဒါကြောင့် ငါမင်းနဲ့ တိုက်ခိုက်ရလိမ့်မယ် ”
သူ၏ စကားဆုံးသွားသည့်အခါ သူက ရွှီချင်း၏ အဖြေကို စောင့်ဆိုင်းနေရင်း သူ၏ ခန္ဓာကိုယ်ပေါ်မှ တိုက်ပွဲစိတ်ဆန္ဒက ပိုပြီးအားကောင်းလာသည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ရွှီချင်း၏ နှလုံးသည် အနည်းငယ် လှုပ်ခတ်သွားသည်။ သူငယ်ငယ်တုန်းက မြင်ကွင်းတချို့ကို ပြန်စဉ်းစားမိသွားသည်။ ယခင်တုန်းက သူ့မှာလည်း ထိုသို့အကိုတစ်ယောက် ရှိခဲ့ဖူးသည်။
ထို့ကြောင့် သူက မျက်လုံးမှိတ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ကောင်းပြီ ”
ရွှီချင်း၏ စကားသံက ထွက်ပေါ်လာသည်နှင့်ချက်ချင်း ပဉ္စမမင်းသားသည် သူ၏ မျက်လုံးထဲမှ တိုက်ပွဲစိတ်ဆန္ဒကို ဆက်လက် မဖိနှိပ်ထားနိုင်တော့ပေ။ ယင်းက ပေါက်ကွဲထွက်လာပြီး အနက်ရောင်မီးတောက်ပင်လယ်တစ်ခုသို့ ပြောင်းလဲသွားကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
နယ်မြေတစ်ခုလုံးသည် ဤအခိုက်အတန့်မှာ ပြောင်းလဲသွားသည်။ ဤအခိုက်အတန့်မှာ မြင်ကွင်းက ပြောင်းရွှေ့ခံလိုက်ရသည့်အလားပင်။ ဤနေရာသည် စောစောတုန်းက နေရာ မဟုတ်တော့ပေ။
ဤနေရာတွင် ထိုင်ခုံပေါ်မှာ ထိုင်နေသော ရွှီချင်းနှင့် အောက်ဘက်မှာ မတ်တတ်ရပ်နေသော ပဉ္စမမင်းသားသာလျှင် ကျန်ရှိတော့သည်။
ဤသည်မှာ သူတို့ရှိနေသော နေရာက လွတ်လပ်စွာ ဖွင့်လှစ်သွားသည့်အလား အဆုံးမဲ့စွာ ကျယ်ပြောသွားသည်။
ယင်းက ပဉ္စမမင်းသား၏ အနက်ရောင်မီးတောက်ကို အလွန်ဝေးကွာသော ဧရိယာဆီသို့ ချက်ချင်း ပျံ့နှံ့သွားစေသည်။ ဘေးပတ်ဝန်းကျင်သည် အဆုံးမဲ့သော အနက်ရောင်မီးတောက်ပင်လယ်အဖြစ် ပြောင်းလဲသွားသည်။
အပူချိန်သည် တစ်ဟုန်ထိုး မြင့်တတ်သွားပြီး မီးတောက်များသည် တဟုန်းဟုန်း တောက်လောင်လာသည်။ ပဉ္စမမင်းသား၏ ပုံရိပ်သည်လည်း ကြီးထွားလာသည်။ သူက ရွှီချင်းဆီသို့ တန်းမတ်စွာ လျှောက်သွားစဉ် သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါနှင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားသည် အဆုံးစွန်အထိ ရောက်ရှိသွားသည်။
ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ စစ်ချပ်ဝတ်သည်လည်း လောင်ကျွမ်းနေသည်။ သူက ပြင်းထန်သော အရှိန်အဟုန်ကို ထုတ်လွှတ်နေသည့် မီးတောက်ဘီလူးတစ်ကောင်နှင့် ဆင်တူသည်။
သူ၏ ခြေလှမ်းတိုင်းမှာ လေဟာနယ်သည် တုန်လှုပ်သွားသည်။ နောက်ဆုံးမှာတော့ သူက မြန်သထက် ပိုပြီးမြန်ဆန်လာသည်။ သူက မီးတောက်ဥက္ကာပျံတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပြီး ရွှီချင်းဆီသို့ ပျံသန်းသွားသည်။
သူက နီးကပ်လာသည်နှင့်ချက်ချင်း ဝိညာဉ်ချည်မျှင်များသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်လာကြပြီး သူ၏ ခန္ဓာကိုယ်အပြင်ဘက်မှာ ရက်လုပ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ယင်းတို့က တတိယနတ်ဘုရားအသွင်သဏ္ဍာန်ကို ဖွဲ့စည်းလိုက်သည်။ သူ၏ အရိုးများသည် ခရမ်းရောင်သလင်းကျောက်များနှင့် ဆင်တူပြီး သူ၏ အသွေးအသားများသည် ဝိညာဉ်ချည်မျှင်များမှ ဖွဲ့စည်းဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။ သူ၏ အနက်ရောင်ဝတ်ရုံက တဖျပ်ဖျပ်လွင့်မျောသွားစဉ် ခရမ်းလသည် သူ၏ အနောက်မှာ ထွက်ပေါ်လာသည်။
နတ်ဘုရား၏ တည်ရှိမှုက ပိုပြီးထင်ရှားလာသည်နှင့်အမျှ ဒြပ်နှောများသည် ပျံ့နှံ့ထွက်လာပြီး ဘေးပတ်ဝန်းကျင်သည် ဝေဝါးလာသည်။ နတ်ဘုရားအသွင်သဏ္ဍာန်သည် လွတ်လပ်သော တည်ရှိမှုတစ်ခုဖြစ်လာပြီး ရွှီချင်းဆီမှ ထွက်ခွာသွားသည်။ ခြေတစ်လှမ်းနှင့်အတူ ၎င်းက ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာပြီး မီးတောက်ဥက္ကာပျံတစ်ခုပမာ ပျံသန်းလာနေသော ပဉ္စမမင်းသားနှင့် တွေ့ဆုံသွားသည်။
ကမ္ဘာတုန်လှုပ်စေနိုင်သော ပေါက်ကွဲသံက မြည်ဟိန်းထွက်လာသည်။
မီးတောက်ဘီလူးတစ်ကောင်နှင့် ဆင်တူသော ပဉ္စမမင်းသားသည် အနောက်သို့ အတင်းအကျပ် ဆုတ်သွားရသည်။
ရွှီချင်း၏ နတ်ဘုရားအသွင်သဏ္ဍာန်သည်လည်း တူညီစွာ အနောက်ဆုတ်သွားရသည်။
ပဉ္စမမင်းသား၏ ကျင့်ကြံခြင်းသည် ဗလာနတ္ထိတတိယအဆင့်မှာ ဖြစ်သည်။
ရွှီချင်း၏ တတိယနတ်ဘုရားအသွင်သဏ္ဍာန်သည်လည်း ဗလာနတ္ထိတတိယအဆင့် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူတို့နှစ်ယောက်၏ တွေ့ဆုံမှုသည် သရေကျသွားခဲ့သည်။
သူက ပေတစ်ထောင်အကွာအဝေးသို့ အနောက်ဆုတ်သွားနေစဉ် ပဉ္စမမင်းသားသည် ရုတ်တရက် အရှိန်သတ်လိုက်ပြီး ဆတ်ခနဲ ခေါင်းမော့လိုက်သည်။ သူက လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး ချိပ်တံဆိပ်လက်ဟန်များကို ဆက်တိုက် ဖွဲ့စည်းလိုက်လေရာ သူ၏ ဆံပင်ရှည်တစ်ဝက်သည် မီးခိုးရောင်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ ဆံပင်၏ အနက်ရောင်က ကွာကျသွားသည့်အခါ သူ့အရှေ့တွင် မြူခိုးတစ်ခုသို့ အသွင်ပြောင်းလဲသွားသည်။
ထိုသို့ဆက်လက်ဖြစ်နေစဉ် အနက်ရောင်ဆီမီးအိမ်သည် မြူခိုးထဲမှာ ထွက်ပေါ်လာသည်။ မီးအိမ်ထဲမှ မီးတောက်သည် တဟုန်းဟုန်း တောက်လောင်နေသည်။
ထိုမီးတောက်သည် ရွှေရောင်ဖြစ်သည်။
ထိုမီးအိမ်သည် ရှေးဟောင်းအသွင်ပုံစံရှိပြီး မြေအောက်လောက၏ အငွေ့အသက်ကို သယ်ဆောင်ထားသည်။ ရှင်းလင်းစွာပင် ယင်းက အသက်ရှင်နေသော လူများ၏ အသုံးအဆောင်ပစ္စည်းမဟုတ်ပေ။ ယင်းအစား သေလူများကို ရည်စူးသော ပစ္စည်းတစ်ခုသာ ဖြစ်သည်။ မီးအိမ်ထဲမှ ဆီသည် နောက်ကျိနေပြီး ရှေးဟောင်းအရှိန်အဝါနှင့် နတ်ဘုရားတစ်ပါး၏ ခံစားမှုကို ပေးစွမ်းသည်။
ဤသည်မှာ နတ်ဘုရားတစ်ပါး၏ အလောင်းကို သန့်စင်ပြီးမှ ရရှိလာသော ဆီမီးအိမ်ဖြစ်သည်။
မီးအိမ်ကို ကိုင်ဆောင်ထားစဉ် ပဉ္စမမင်းသားသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မီးစာကို လေမှုတ်လိုက်သည်။ ချက်ချင်းပင် ဆီမီးအိမ်ထဲမှ မီးတောက်သည် တစ်ဟုန်ထိုး မြှောက်တတ်သွားပြီး အပြင်ဘက်သို့ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။ ယင်းက ဆက်လက် လှုပ်ယမ်းသွားနေစဉ် ဤနယ်မြေမှ မီးတောက်ပင်လယ်ကို လှုံ့ဆော်လိုက်သည်။
မီးတောက်ပင်လယ်သည် အတူတကွ စုဝေးသွားပြီး မီးအိမ်ဆီသို့ ဦးတည်သွားသည်။
နောက်ဆုံးမှာတော့ ယင်းက မီးတောက်ပုံရိပ်တစ်ခုကို ဖွဲ့စည်းသွားသည်။
ထိုပုံရိပ်သည် အစဉ်အမြဲ ပြောင်းလဲနေသည်။ တစ်ခါတစ်ရံ ၎င်းက လူသားဖြစ်ပြီး တစ်ခါတစ်ရံ ၎င်းက သားရဲဖြစ်သည်။ တစ်ခါတစ်ရံ ၎င်းက ဝေဝါးပြီး တစ်ခါတစ်ရံ ၎င်းက ကြည်လင်သည်။ ၎င်းမှာ တိကျသေချာသော အသွင်သဏ္ဍာန်မရှိသော်လည်း အံ့ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
၎င်းဆီမှာ နတ်ဘုရားတစ်ပါး၏ အရှိန်အဝါလည်း ရှိသည်။ ပဉ္စမမင်းသား၏ နတ်ဘုရားအတတ်ပညာအောက်တွင် အလောင်းဆီသည် ၎င်း၏ ယခင်ဘဝမှ အသိစိတ်အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းက ထွက်ပေါ်လာပြီးနောက် ရွှီချင်း၏ နတ်ဘုရားအသွင်သဏ္ဍာန်ဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
သို့သော်လည်း ထိုပုံရိပ်ယောင်ခန္ဓာကိုယ်က နီးကပ်လာသည့်အခါ ရွှီချင်း၏ နတ်ဘုရားအသွင်သဏ္ဍာန်သည် လှုပ်ယမ်းသွားပြီး ချက်ချင်း ကျယ်ပြန့်သွားသည်။ ဝိညာဉ်ချည်မျှင်များသည် ရွေ့လျားသွားကြပြီး ပထမနတ်ဘုရားအသွင်သဏ္ဍာန်နှင့် ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန်ကို ဖွဲ့စည်းသွားကြသည်။ တစ်ဆက်တည်းမှာ ၎င်းတို့က အတူတကွ ပေါင်းစပ်သွားကြသည်။
သူ၏ အရှိန်အဝါက တစ်ဟုန်ထိုး မြင့်တတ်သွားသည့်အခါ သူက ညာလက်ကို မြှောက်လိုက်ပြီး ချဉ်းကပ်လာနေသော ပုံရိပ်ယောင်ခန္ဓာကိုယ်ဆီသို့ လက်ညှိုးညွှန်လိုက်သည်။
၎င်းတို့နှစ်ယောက်က ချက်ချင်း ထိပ်တိုက်တွေ့ဆုံသွားကြသည်။ ၎င်းတို့နှစ်ယောက်စလုံး ဝေဝါးသွားကြပြီးနောက် ရွှီချင်း၏ နတ်ဘုရားအသွင်သဏ္ဍာန်က ပြန်ကောင်းမွန်လာနေစဉ် ပဉ္စမမင်းသား၏ ပုံရိပ်ယောင်ခန္ဓာကိုယ်သည်တော့ လွင့်ပြယ်သွားသည်။
ပဉ္စမမင်းသား၏ လက်ထဲရှိ ဆီမီးအိမ်ထဲမှလည်း အက်ကွဲသံများ ထွက်ပေါ်လာပြီး မီးအိမ်၏ မျက်နှာပြင်ပေါ်မှာ အက်ကွဲကြောင်းခုနစ်ခု ရှစ်ခုခန့် ထွက်ပေါ်လာကြသည်။ သွေးသည် ပဉ္စမမင်းသား၏ ပါးစပ်ထဲမှ စီးကျလာသည်။ သို့သော်လည်း သူ၏ မျက်လုံးထဲမှ တိုက်ပွဲစိတ်ဆန္ဒသည် ပိုပြီးအားကောင်းလာနေသည်။
သူက အမြန်အနောက်ဆုတ်သွားပြီး လက်နှစ်ဖက်ကို မြှောက်၍ အက်ကွဲနေသော ဆီမီးအိမ်ကို မြေပြင်ပေါ်သို့ အကြမ်းပတမ်း ဖိချလိုက်သည်။
“ မြှောက်တတ်လာစမ်း မီးတောက်စတေးခြင်းယဇ်ပလ္လင်… မြင့်မြတ်ကုန်းမြေပေါ်ကို တတ်ရောက်လာပြီး နတ်ဘုရားအတွေးတွေနဲ့ ကောင်းကင်ဘုံရဲ့ နှလုံးသားကို ဖိနှိပ်ပါ ”
သူ၏ စကားသံက ပဲ့တင်ထပ်သွားသည်နှင့် အက်ကွဲနေသော ဆီမီးအိမ်သည် မြေပြင်ဖြင့် ထိတွေ့သွားပြီး အပိုင်းပိုင်းအစစ အက်ကွဲထွက်သွားသည်။ မီးအိမ်ထဲမှ အလောင်းဆီက ပျံ့နှံ့ထွက်လာပြီး အပြင်ဘက်မှ မီးတောက်ပင်လယ်ဖြင့် ပေါင်းစပ်သွားလေရာ မီးတောက်သည် အဆပေါင်းများစွာ ပိုပြီးအားကောင်းလာသည်။
ပေါက်ကွဲသံများက ပဲ့တင်ထပ်သွားသည့်အခါ မီးတောက်များသည် အရူးအမူး လှုပ်ရှားထကြွလာပြီး အသွင်ပြောင်းလဲသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မီးတောက်ပင်လယ်သည် တသွင်သွင် စီးဆင်းနေသော ချော်ရည်အဖြစ်သို့ ပြောင်းလဲသွားသည်။
ချော်ရည်ထဲတွင် ဖြည်းညင်းစွာ မြှောက်တတ်လာနေသော အဖြူရောင်ယဇ်ပလ္လင်တစ်ခု ရှိသည်။
ယဇ်ပလ္လင်ပေါ်တွင် ဌာပနာထားသော ပစ္စည်းတစ်ခု ရှိသည်။
ယင်းက အနက်ရောင်အရိုးပြာအိုးဖြစ်သည်။
အရိုးပြာအိုး၏ အပေါ်တွင် ယိုယွင်းပျက်စီးနေသော ချိပ်တံဆိပ်တချို့ ရှိသည်။ ချောက်ချားဖွယ်ကောင်းသော မိစ္ဆာအငွေ့အသက်နှင့် မကောင်းဆိုးဝါးနိမိတ်သည် အရိုးပြာအိုးထံမှ ပျံ့နှံ့ထွက်နေသည်။
ရက်စက်ကြမ်းကြုတ်သော မကျေမချမ်းမှုသည် အရိုးပြာအိုးထဲမှ စိမ့်ထွက်လာပြီး ရွှီချင်း၏ နတ်ဘုရားအသွင်သဏ္ဍာန်ကို ပစ်မှတ်ထားလိုက်သည်။
တသွင်သွင် စီးဆင်းနေသော ချော်ရည်သည်တော့ ဤနယ်မြေတစ်ခုလုံးကို ဝါးမျိုချင်နေဟန် ရသည်။
ရွှီချင်းသည် ထိုသို့နတ်ဘုရားအတတ်ပညာမျိုးကို ယခင်က တစ်ခါမှ မမြင်ဖူးပေ။ ယင်းက မန္တန်တစ်ခု သို့မဟုတ် ဓမ္မရတနာများကို ပေါင်းစပ်ပြီး ဖန်တီးထားသော တစ်စုံတစ်ခုဖြစ်ရမည်ဟု သူခံစားမိသည်။
“ ဘုရင်ကျန်းယန်ရဲ့ တာအိုလား ”
ရွှီချင်းက နက်နဲစွာ တွေးတောနေစဉ် သူ၏ အတွေးတစ်ချက်နှင့်အတူ အပြင်ဘက်မှာ သူဖွဲ့စည်းထားသော နတ်ဘုရားအသွင်သဏ္ဍာန်သည် ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။ သူက အောက်ဘက်မှ ယဇ်ပလ္လင်ကို စိုက်ကြည့်လိုက်ပြီး ညာလက်ကို မြှောက်လိုက်သည်။
ချက်ချင်းဆိုသလို ကောင်းကင်သည် လှုပ်ရှားထကြွသွားပြီး ဤနယ်မြေသည် ဝေဝါးလာသည်။ ဇောက်ထိုးတောင်သုံးလုံးသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။
တောင်တစ်လုံးသည် ချော်ရည်ဖြင့် ပြည့်နှက်နေပြီး တခြားတောင်တစ်လုံးသည် ရေခဲဖြင့် ပြည့်နှက်နေသည်။ နောက်ဆုံးတောင်ကိုတော့ အလောင်းများနှင့် သွေးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ထိုတောင်သုံးလုံး ထွက်ပေါ်လာသည်နှင့်ချက်ချင်း အောက်ဘက်မှ ချော်ရည်သည် ကြမ်းကြုတ်သော လေပြင်းဖြင့် ရိုက်ထုတ်ခံလိုက်ရသည့်အလား လှိုင်းဂယက်များ ထသွားသည်။
ဤသည်မှာ လိပ်ပြာလေးထံမှ ရွှီချင်းသင်ယူခဲ့သော ညှိုးနွမ်းမီးလျှံမိစ္ဆာ ဓမ္မအစစ်အမှန်ကိုယ်ပိုင်တာအို ဖြစ်သည်။
နတ်ဘုရားအသွင်သဏ္ဍာန်က သူ၏ ညာလက်ကို အောက်ချလိုက်လေရာ ထိုတောင်သုံးလုံးသည် ကောင်းကင်ပေါ်မှ ဆင်းသက်သွားကြသည်။ ၎င်းတို့က ကြောက်မက်ဖွယ်ကောင်းသော ဖိအားနှင့် ကျယ်ပြောသော အရှိန်အဝါကို သယ်ဆောင်လျက် ချော်ရည်ဖြင့် ဝင်ဆောင့်သွားကြသည်။
ပဉ္စမမင်းသားက အရှေ့သို့ ပြေးထွက်သွားစဉ် သူ၏ မျက်လုံးထဲမှာ အေးစက်စက် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ သူ၏ အရှိန်အဝါသည် ပျံ့နှံ့ထွက်လာပြီး ကောင်းကင်ပေါ်မှ တောင်သုံးလုံးကို ခုခံတားဆီးရန် ချော်ရည်ကို အားဖြည့်ပေးလိုက်သည်။
သို့သော်လည်း သူက အနားမကပ်နိုင်ခင်မှာ ရွှီချင်း၏ နတ်ဘုရားအသွင်သဏ္ဍာန်သည် ချိပ်တံဆိပ်လက်သင်္ကေတများကို ဖွဲ့စည်းလိုက်ပြီး အောက်သို့ လက်ညှိုးညွှန်လိုက်သည်။ ထိုအခါ ပင့်ကူအမျှင်သဖွယ် အက်ကွဲကြောင်းများသည် တောင်သုံးလုံးပေါ်မှာ ပျံ့နှံ့ထွက်လာကြသည်။ နောက်အခိုက်အတန့်မှာ ၎င်းတို့က သူတို့ဘာသာ အပိုင်းပိုင်းအစစ ပြိုကွဲသွားကြသည်။
အရေအတွက်များပြားသော ကျောက်တုံးကြီးများသည် ဥက္ကာပျံများသဖွယ် ချော်ရည်ပင်လယ်ဆီသို့ ပြုတ်ကျသွားကြသည်။
ပဉ္စမမင်းသားသည် အဆင်သင့်ဖြစ်နေသော်လည်း ရွှီချင်း၏ နတ်ဘုရားအသွင်သဏ္ဍာန်ကို လျော့တွက်ခဲ့မိသည်။ နတ်ဘုရားအသွင်သဏ္ဍာန်သည် ချိပ်တံဆိပ်လက်ဟန်များကို ဆက်တိုက် ဖွဲ့စည်းလိုက်သည့်အခါ နောက်ထပ် တောင်သုံးလုံးသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။
ထို့နောက် နောက်ထပ် တောင်သုံးလုံးသည် ထပ်မံ ထွက်ပေါ်လာကြပြန်သည်။
တောင်အားလုံးသည် သူတို့ဘာသာ ပြိုကွဲထွက်သွားပြီး ဧရာမကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားကာ ချော်ရည်ပင်လယ်ဆီသို့ ပြုတ်ကျသွားကြသည်။
ထို့နောက် နောက်ထပ် တောင်သုံးလုံး ထွက်ပေါ်လာကြသည်။
ရွှီချင်း၏ နတ်ဘုရားအသွင်သဏ္ဍာန်သည် ထိုနတ်ဘုရားအတတ်ပညာကို ဆယ်ကြိမ်တိုင်အောင် အသုံးပြုခဲ့သည်။
၎င်းတို့က ချက်ချင်း ဆင်းသက်လာကြသည်။
ပဉ္စမမင်းသားသည် ၎င်းတို့ကို ရပ်တန့်ရန် ကြိုးစားခဲ့သော်လည်း တောင်အားလုံးကိုတော့ မဖျက်ဆီးနိုင်ခဲ့ပေ။
မကြာမီ ချော်ရည်သည် ပေါက်ကွဲထွက်သွားပြီး မီးတောက်များသည် မှေးမှိန်သွားသည်။ မရေမတွက်နိုင်သော ဧရာမကျောက်တုံးများသည်တော့ ဆက်လက် ကျဆင်းလာပြီး ပဉ္စမမင်းသား၏ ခန္ဓာကိုယ်ကို ဖိနှိပ်လိုက်သည်။
နောက်ဆုံးမှာတော့ ချော်ရည်ပင်လယ်တစ်ခုလုံးနှင့် အထဲမှ ယဇ်ပလ္လင်သည် ကျောက်တုံးများဖြင့် ပြည့်နှက်သွားသည်။
တိုက်ပွဲက တစ်ဖက်စောင်းနင်းဖြစ်နေသော်လည်း ပဉ္စမမင်းသား၏ တိုးညင်းသော ရေရွတ်သံက အထဲမှာ ပဲ့တင်ထပ်နေဆဲပင်။ ဧရိယာအများစုသည် လှုပ်ရှားထကြွလာကြပြီး အချိန်မရွေး ပေါက်ကွဲသွားတော့မည်ဟန် ရ၏။
သို့သော်လည်း ရွှီချင်း၏ နတ်ဘုရားအသွင်သဏ္ဍာန်သည် ဤအခိုက်အတန့်မှာ အောက်ဘက်မှ ကျောက်တုံးမြေပြင်ပေါ်သို့ အကြမ်းပတမ်း ဆင်းသက်လိုက်သည်။ သူ၏ လက်က မြေပြင်ကို ကြမ်းကြုတ်စွာ ထိမှန်သွားသည့်အခါ လက်သည် ပြိုကွဲထွက်သွားပြီး မရေမတွက်နိုင်သော ဝိညာဉ်ချည်မျှင်များသို့ ပြောင်းလဲသွားကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ထိုဝိညာဉ်ချည်မျှင်များ ပျံ့နှံ့သွားသည့်နေရာတိုင်း ကျောက်တုံးမြေပြင်သည် ပျောက်ကွယ်သွားပြီး ညီညာပြန့်ပြူးသော မြေပြင်က ထွက်ပေါ်လာသည်။
ထို့နောက် ဝိညာဉ်ချည်မျှင်များသည် အရေအတွက်များပြားသော ချိပ်တံဆိပ်များသို့ ပြောင်းလဲသွားကြသည်။
သို့သော်လည်း ယင်းတို့က ရွှီချင်း၏ စိတ်အာရုံထဲမှာ အလွန်ရိုးရှင်းနေသည်။ အရိုးပြာအိုး၏ အစွမ်းသည် မထွက်ပေါ်လာခဲ့ဟန် ရသည်။
ထိုအခိုက်အတန့်မှာ…
“ ရွှီချင်း… မင်း သတိလစ်ဟင်းသွားခဲ့တယ် ”
ပဉ္စမမင်းသား၏ အသံသည် တည်ငြိမ်စွာ ပဲ့တင်ထပ်လာသည်။
ထိုအသံ ပဲ့တင်ထပ်လာသည့်အခိုက် ချိပ်ပိတ်ထားသော မြေပြင်သည် တုန်ယင်သွားသည်။ ဧရိယာတစ်ရာကျော်သည် တိုက်ရိုက် ပြိုကွဲထွက်သွားကြသည်။ အရိုးသံကြိုးများသည် ပြာပုံအတွင်းမှာ ဖွဲ့စည်းသွားကြပြီး မြေကြီးထဲမှ ပေါ်လျှိုးထွက်လာကြသည်။
သံကြိုးအများစုသည် မြေပြင်နားမှာ ရစ်ပတ်နှောင်ဖွဲ့သွားကြပြီး ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့နေကြသော ဝိညာဉ်ချည်မျှင်များကို ဖိနှိပ်လိုက်ကြသည်။ ၎င်းတို့က ဝိညာဉ်ချည်မျှင်များကို ထွက်မသွားနိုင်အောင် တားဆီးလိုက်ကြသည်။
ကျန်ရှိသော သံကြိုးများသည် အဝေးမှာ ထိုင်နေသော ရွှီချင်း၏ ခန္ဓာကိုယ်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။ ၎င်းတို့၏ အလျင်သည် အလွန်အံ့ဖွယ်ကောင်းပြီး ချက်ချင်း ရောက်ရှိသွားကြသည်။ ၎င်းတို့က ရွှီချင်းကို ရစ်ပတ်ချုပ်နှောင်မည့်အစား သူ၏ ဘေးပတ်ပတ်လည်တွင် ဝဲကတော့တစ်ခုပမာ လှည့်ပတ်သွားကြသည်။
“ ရွှီချင်း… ဒေသအရှင်သခင်တစ်ပါးအနေနဲ့ လူသားမျိုးနွယ်မှာ မင်းရဲ့ အရေးပါမှုက မသေးဘူး… ဒါကြောင့် ငါမင်းကို မသတ်ဘူး ”
“ ဒါပေမဲ့ မင်းရဲ့ နတ်ဘုရားဝိညာဉ်ကို ငါဆွဲထုတ်ပြီး မင်းရဲ့ ဝိညာဉ်သုံးခုနဲ့ စိတ်ဝိညာဉ်ခုနစ်ခုထဲက ဝိညာဉ်တစ်ခုကို ငါထုတ်ယူမယ်… ပြီးသွားရင် အဲ့ဒါကို ငါ့ရဲ့ အလောင်းနတ်ဘုရားဆီမီးအိမ်ထဲမှာ လောင်မြိုက်စေမယ်… မင်းငါ့ကို အနိုင်ယူနိုင်ပြီလို့ ထင်တဲ့တစ်နေ့ကျရင် ငါ့ဆီကနေ အဲ့ဒါကို ပြန်လာယူနိုင်တယ် ”
ပဉ္စမမင်းသား၏ အသံက ပဲ့တင်ထပ်သွားသည့်အခါ သူ၏ ပုံရိပ်သည် လေထဲမှာ ထွက်ပေါ်လာသည်။ သူ၏ ပုံရိပ်သည် တစ်ခုတည်းမဟုတ်ပေ။ စုစုပေါင်း ပုံရိပ်ရှစ်ခုဖြစ်သည်။ ပုံရိပ်တစ်ခုစီသည် လေထဲမှာ ထွက်ပေါ်လာပြီးနောက် ဖမ်းဆုပ်သော လက်ဟန်ကို ပြုလုပ်လိုက်ပြီး ရွှီချင်း၏ ဝိညာဉ်ချည်မျှင်များနှင့် ဆက်သွယ်နေသော အရိုးသံကြိုးများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
သူတို့အားလုံးသည် အားဖြင့် ဆောင့်ဆွဲလိုက်ကြသည်။
လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်မျိုးသည် ထိုအရိုးသံကြိုးများထဲမှ ရုတ်တရက် ပေါ်လျှိုးထွက်လာသည်။ ထိုစွမ်းအင်၏ အလုပ်လုပ်ပုံသည် ရှင်းပြရ ခက်ခဲသော်လည်း ယင်းက ရွှီချင်း၏ ဝိညာဉ်ချည်မျှင်များမှ စွမ်းအားကို ထိန်းချူပ်လိုက်ပြီး ရွှီချင်း၏ နတ်ဘုရားဝိညာဉ်ကို ဆွဲထုတ်လိုက်သည်။
ပဉ္စမမင်းသားသည်၏ တာဝန်သည်တော့ ဤအခြေအနေကို မျှခြေညီစွာ ထိန်းချုပ်ရန် ဖြစ်သည်။
ချက်ချင်းဆိုသလို ထပ်ဆင့်ပုံရိပ်လွှာများသည် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ယင်းက သူ၏ ဝိညာဉ်ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားတော့မည့်ဟန် ရသည်။
သို့သော်လည်း သူ၏ အမူအရာသည် တည်ငြိမ်နေသည်။ သူက မျက်လုံးဖွင့်လိုက်ပြီး ပဉ္စမမင်းသားကို ကြည့်လိုက်သည်။
“ ဒီမန္တန်က မဆိုးဘူး ”
“ မင်းက ငါ့ဝိညာဉ်ကို ဆွဲထုတ်ချင်မှတော့ ငါမင်းကို တစ်ခု ပြန်ပြပါရစေ ”
ရွှီချင်းသည် စကားပြောပြီးနောက် အရိုးသံကြိုးဝဲကတော့ထဲမှ သူ၏ ညာလက်ကို ညင်သာစွာ မြှောက်တင်လိုက်ပြီး သူ့အရှေ့မှ လေဟာနယ်ပေါ်သို့ ဖိချလိုက်သည်။ တစ်ချိန်တည်းမှာ သူက နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။
“ ကောင်းကင်နဲ့မြေပြင်ရဲ့ လောကကြီးဟာ ရေတွင်းတစ်ခုနဲ့ ဆင်တူတယ်… ”