သွေးနီရောင်ရွှမ်ငှက်
Vol. 79 Ch. 1222
ရွှီချင်း၏ အသံသည် အချိန်ကာလဖြင့် ပိုင်းခြားခံထားရဟန် ရ၏။ ယင်းက ရေမျက်နှာပြင်ပေါ်တွင် ပျံ့နှံ့သွားသည့်အလား ဤနယ်မြေကို တုန်လှုပ်သွားစေသည်။
သူ၏ စကားလုံးတိုင်းမှာ တာအိုဆန္ဒပါရှိသည်။ ယင်းတို့က ပေါင်းစပ်သွားပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော တာအိုအတတ်ပညာတစ်ခုသို့ ပြောင်းလဲသွားသည်။ ယင်းက ရေစက်တစ်စက်ပမာ ရေမျက်နှာပြင်ပေါ်သို့ ကျဆင်းသွားသည်။
ပေါက်…
ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
ထိုအသံက ပျံ့နှံ့သွားသည့်အခါ ဤနယ်မြေထဲတွင် လှိုင်းဂယက်များ ထွက်ပေါ်လာကြပြီး အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားကြသည်။
မည်သူမှမသိလိုက်ဘဲ ဤနယ်မြေသည် ရေမျက်နှာပြင်တစ်ခု ဖြစ်လာသည်။
ပဉ္စမမင်းသား၏ ပုံရိပ်ရှစ်ခုစလုံးသည်တော့ တုန်လှုပ်သွားကြသည်။ ထိတ်လန့်သော အရိပ်အယောင်က သူ၏ မျက်နှာနှင့် နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
ထိုသို့နတ်ဘုရားအတတ်ကို တစ်ခါမှ သူမမြင်ဖူးပေ။
သို့ဖြစ်၍ သူက ထိုသို့ခံစားမှုမျိုးကို တစ်ခါမှ မခံစားဖူးပေ။ သို့သော်လည်း ဤအခိုက်အတန့်မှာ ဤနယ်မြေထဲတွင် ပျံ့နှံ့နေသော အရှိန်အဝါကို သူအာရုံခံနိုင်သည်။ ယင်းက အလွန်ကျယ်ပြောလေရာ တာအိုအရင်းအမြစ်၏ ခံစားမှုမျိုး သူခံစားမိသည်။
သူ့ကို ချောက်ချားသွားစေသည်မှာ ဤအခိုက်အတန့်မှာ သူက လှုပ်ရှားနိုင်ခြင်း မရှိတော့ကြောင်း အာရုံခံမိသွားခြင်း ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် လုံးဝမလှုပ်ရှားနိုင်တော့ပေ။ သူ၏ ကျင့်ကြံခြင်းသည် အေးခဲသွားဟန် ရသည်။ သူ၏ မန္တန်နှင့် အရာအားလုံးသည် အေးခဲသွားသည်။
သူ၏ ထိတ်လန့်နေသော မျက်နှာသည် ထာဝရဖြစ်တည်လာဟန် ရသည်။
သူ၏ အတွေးများသာ လှုပ်ရှားနိုင်ပေသည်။ သို့သော်လည်း ယင်းက အသုံးမဝင်ပေ။ ထို့နောက် ရွှီချင်း၏ အသံက ထပ်မံ ထွက်ပေါ်လာပြီး ပိုပြီးထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုလည်း ထွက်ပေါ်လာသည်။
“ ရေတွင်းထဲမှာ အရာအားလုံး တည်ရှိတယ်… နတ်ဘုရားစွမ်းရည်အားလုံး၊ ဓမ္မရတနာအားလုံးနဲ့ စိတ်ကူးနိုင်စွမ်းအားလုံး ပါဝင်တယ်… ပြီးတော့ အစစ်အမှန် မင်းလည်း ပါဝင်တယ် ”
သူ၏ စကားသံက ပဲ့တင်ထပ်လာသည့်အခါ ရေမျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော လှိုင်းဂယက်များ ထွက်ပေါ်လာကြသည်။ ပဉ္စမမင်းသား၏ မျက်လုံးထဲတွင် သူက သူ့ခြေထောက်အောက်မှ ရေမျက်နှာပြင်ပေါ်မှာ သူ့ပုံရိပ်ကို မြင်သွားသည်။
သူ၏ ပုံရိပ်တစ်ခုတည်း မဟုတ်ပေ။ သူ၏ ဓမ္မရတနာအားလုံးလည်း ပါဝင်ကြသည်။ ထိုထဲမှာ တောက်လောင်နေသော မီးတောက်များပင် ရှိသည်။ ယင်းတို့က သူ၏ မန္တန်များ ဖြစ်ကြသည်။
ထိုမျှသာမဟုတ်ပေ။ မန္တန်များသာမက သူ့ဘဝတစ်လျှောက်လုံး ကျင့်ကြံခဲ့ဖူးသော ကျင့်ကြံခြင်းအတတ်ပညာများလည်း ပါဝင်သည်။
သူဆင်ခြင်နားလည်ထားသော ကောင်းကင်ဘုံတာအိုနှင့် နိယာမများလည်း ပါဝင်သေးသည်။ ယဇ်ပလ္လင်နှင့် အရိုးပြာအိုးသည်ပင် ထွက်ပေါ်လာသည်။
သူ၏ လျှို့ဝှက်ချက်များနှင့် သူ့မှာရှိသော အရာအားလုံး၊ ပုံရိပ်ယောင်အတတ်များသော်လည်းကောင်း သို့မဟုတ် အစစ်အမှန် ပစ္စည်းများသော်လည်း ဤအခိုက်အတန့်မှာ ရေမျက်နှာပြင်ပေါ်တွင် ထွက်ပေါ်လာကြသည်။
ထိုမြင်ကွင်းသည် ပဉ္စမမင်းသားကို လုံးဝထိတ်လန့်သွားစေသည်။ ရေမျက်နှာပြင်ပေါ်မှ ပုံရိပ်က ဒဏ်ရာရသွားသည်နှင့် ယင်းက သူ၏ မူလခန္ဓာကိုယ်ပေါ် သက်ရောက်မှုရှိလိမ့်မည်ဖြစ်ကြောင်း သူအာရုံခံနိုင်သည်။
သို့ဖြစ်၍ သူက ရုန်းကန်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူ၏ လုပ်ဆောင်မှုအားလုံးသည် အချည်းနှီးသာ ဖြစ်၏။
ရေမျက်နှာပြင်ပေါ်မှ သူ၏ ပုံရိပ်သည် တဖြည်းဖြည်း ကြည်လင်လာသည်။
ဤတိုက်ပွဲသည် သီးခြားနယ်မြေလွတ်တစ်ခုထဲတွင် ဖြစ်ပွားနေဟန် ရ၏။ သို့သော်လည်း ယင်းက နန်းတော်ထဲမှာ ဖြစ်ပွားနေခြင်း ဖြစ်သည်။ နန်းတော်မှ စည်းချအစီအရင်၏ ကြားဖြတ်နှောင့်ယှက်မှုကြောင့် သူတို့က သီးခြားခွဲထုတ်ခံလိုက်ရခြင်း ဖြစ်သည်။
သို့ဖြစ်၍ နန်းတော်ထဲမှ လူတိုင်းသည် ဤတိုက်ပွဲကို အာရုံခံနိုင်ကြသည်။
သူတို့က ပဉ္စမမင်းသား၏ အလောင်းမီးတောက်၊ အရိုးပြာအိုးထဲမှ ထူးဆန်းသော သံကြိုးများနှင့် ရွှီချင်း၏ ဝိညာဉ်ကို ဆွဲထုတ်ရန် ပဉ္စမမင်းသား၏ ကြိုးစားပုံကို မြင်တွေ့ခဲ့ကြသည်။
တူညီစွာပင် ရွှီချင်း၏ တိုက်ခိုက်မှုကိုလည်း သူတို့မြင်တွေ့ခဲ့ကြသည်။
အတိတ်တွင် တာအိုဆွေးနွေးပွဲမှာ ရွှီချင်းသည် သူ၏ နတ်ဘုရားအသွင်သဏ္ဍာန်ကိုသာ ထုတ်ဖော်ပြခဲ့သည်။ သို့သော်လည်း ယနေ့တွင် သူ၏ နတ်ဘုရားအသွင်သဏ္ဍာန်က မန္တန်များကို အသုံးပြုခဲ့လေရာ ကြည့်ရှုနေသူများကို နှလုံးတုန်သွားစေခဲ့သည်။
တောင်သုံးလုံး၏ ဆင်းသက်လာမှုသည် သေးငယ်သော အံ့ဩမှုသာ ဖြစ်သည်။
မည်သို့ဖြစ်ပါစေ ထိုနေ့က ရွှီချင်းနှင့် လိပ်ပြာလေး၏ တိုက်ပွဲကို လူအများအပြားက အာရုံခံမိခဲ့ကြသည်။
သူတို့ကို တကယ် ထိတ်လန့်သွားစေသည်မှာ လက်ရှိ ရွှီချင်းအသုံးပြုနေသော အတတ်ပညာ ဖြစ်သည်။
ထိုသို့အတတ်ပညာကို ယခင်က မည်သူမှ မမြင်ဖူးကြချေ။
ကောင်းကင်ဘုရင်(၁၃)သည်လည်း စိတ်ဝင်စားလာကြသည်။ လူသားဧကရာဇ်သည် ခန္ဓာကိုယ်ကို အရှေ့သို့ အနည်းငယ် ကိုင်းလိုက်သည်။ ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
လူတိုင်း၏ အာရုံစိုက်မှုအောက်မှာ ရွှီချင်း၏ အသံသည် ဤနယ်မြေထဲမှာ တည်ငြိမ်စွာ ပဲ့တင်ထပ်သွားသည်။
“ သူက မင်းပဲ ”
သူက ထိုသို့ပြောလိုက်သည့်အခိုက် ပဉ္စမမင်းသား၏ စိတ်သည် တဝီဝီ လှုပ်ခတ်သွားပြီး သူ့အရှေ့မှ လောကသည် ချက်ချင်း ဝေဝါးလာသည်။ ဤသည်မှာ ရေက တသွင်သွင် စီးဆင်းနေသည့်အလား အရာအားလုံးကို ဖုံးလွှမ်းသွားပြီး ဝေဝါးသွားစေသည်။
ထိုသို့ဝေဝါးနေစဉ် သူကြည့်ရှုနေသော ပုံရိပ်သည် လုံးဝမလှုပ်ရှားနိုင်ပေ။ စောစောက သူ့ပုံရိပ်၏ ဘေးတွင် သူမြင်တွေ့ခဲ့သော မန္တန်များ၊ ဓမ္မရတနာများနှင့် နိယာမများသည် မရှိကြတော့ချေ။
ထိုရှာတွေ့မှုက သူ၏ နှလုံးကို ထပ်မံ တုန်ယင်သွားစေသည်။ သူကြည့်ရှုနေသည်မှာ ရေကန်ထဲမှ သူ၏ ခန္ဓာကိုယ်မဟုတ်ကြောင်း ချက်ချင်း သူနားလည်သွားသည်။
ယင်းက ရေကန်အပြင်ဘက်မှ သူ၏ မူလခန္ဓာကိုယ်ဖြစ်သည်။
မည်သို့ဖြစ်သွားမှန်း သူမသိသော်လည်း သူ၏ အသိစိတ်သည် သူ၏ ခန္ဓာကိုယ်ထဲမှာ မရှိတော့ပေ။ ယင်းအစား ရေကန်ထဲမှ ပုံရိပ်နှင့် ပေါင်းစပ်သွားသည်။
သူက ထိုဖြစ်စဉ်ကို မတားဆီးနိုင်သလို မရပ်တန့်နိုင်ပေ။
ထိုသို့နားလည်သွားမှုက ပဉ္စမမင်းသား၏ နှလုံးသားထဲမှာ အဆုံးမဲ့သော အတွေးများကို ဖြစ်ပေါ်လာစေသည်။ သူက ဆန္ဒမရှိသော်လည်း ယင်းကို ဖြေရှင်းရန် နည်းလမ်းမရှိပေ။ သူက ရုန်းကန်ချင်သော်လည်း သူ၏ ကြိုးစားမှုအားလုံးသည် အချည်းနှီးသာ ဖြစ်၏။
ယင်းက လက်တစ်ဖက်ကို သူမမြင်လိုက်ခင်အထိ ကြာမြင့်ခဲ့သည်။
ရွှီချင်းသည် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ရေကန်မျက်နှာပြင်ကို ညင်သာစွာ ဆယ်ယူလိုက်သည်။
ထိုရိုးရှင်းသော လှုပ်ရှားမှုထဲမှာ အဆုံးမဲ့သော တာအိုအတတ်ပညာများ ပါရှိသည်။ သို့သော်လည်း ယင်းက မည်သည့်အရှိန်အဝါကိုမှ မထုတ်လွှတ်ပေ။ အေးဆေးတည်ငြိမ်သော ခံစားမှုကိုသာ ပေးစွမ်းသည်။
အမှန်မှာ ထိုအတိုင်း ဖြစ်သည်။
သူ၏ စိတ်ထဲမှ လကို မျှားနိုင်ကြောင်း ဆင်ခြင်နားလည်သွားပြီးနောက် တခြားလူများ၏ ဝိညာဉ်ကို မျှားရန် သူ့အတွက် အလွန်လွယ်ကူနေကြောင်း ရွှီချင်း ရှာတွေ့သွားသည်။
အမှန်မှာ သူက ဤအတောအတွင်းတွင် ရေတွင်းထဲမှ တခြားအပြောင်းအလဲများကို စဉ်းစားနေခြင်း ဖြစ်သည်။
အတိုင်းအတာတစ်ခုထိဆိုရသော် ဤတာအိုအတတ်ပညာသည် ဤလောကထဲမှ အရာအားလုံးကို မျှားနိုင်ပေသည်။ လသည် ၎င်း၏ ကန့်သတ်ချက်မဟုတ်ပေ။
လဟူသည်မှာ လမ်းညွှန်မှုတစ်ခုသာ ဖြစ်သည်။
သို့ဖြစ်၍ ဤအခိုက်အတန့်မှာ သူက တည်ငြိမ်စွာ လက်မြှောက်လိုက်ပြီး ရေထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူက ရေထဲမှာ ရှိနေသော ပဉ္စမမင်းသားကို ညင်သာစွာ ဆယ်ယူလိုက်သည်။ ရေစက်များက ပြန့်ကျဲသွားသည့်အခါ ပဉ္စမမင်းသား၏ ဝိညာဉ်သည် ရွှီချင်း၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။
သူက လက်ကို ဖြည်းဖြည်းချင်း ပြန်ဆုတ်လိုက်သည်။
လေဟာနယ်သည် တုန်ယင်သွားပြီး ချက်ချင်း ပြိုကွဲသွားသည်။ ရွှီချင်း၏ ဝိညာဉ်ချည်မျှင်များကို ချုပ်နှောင်ထားသော အရိုးသံကြိုးများသည်ပင် ပဉ္စမမင်းသား၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားကြပြီး အပိုင်းပိုင်းအစစ အက်ကွဲသွားကြသည်။
ရွှီချင်း၏ ဘေးပတ်ပတ်လည်မှ သံကြိုးဝဲကတော့သည်လည်း ထို့အတူပင်။
လေထဲမှ ပဉ္စမမင်းသား၏ တခြားပုံရိပ်ခုနစ်ခုအပါအဝင် ယင်းတို့အားလုံးက ဤနယ်မြေထဲမှာ ပျောက်ကွယ်သွားကြသည်။
အရာအားလုံးက ပြောင်းရွှေ့သွားသည့်အခါ နန်းတော်ပုံရိပ်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ပဉ္စမမင်းသားသည် မြေပြင်ပေါ်မှာ ကျောက်ရုပ်သဖွယ် ရပ်နေသည်။ သူ၏ မျက်နှာသည် ဖြူဖျော့နေပြီး သူ၏ မျက်လုံးသည် အသက်မဲ့နေသည်။ သူက လုံးဝမလှုပ်ရှားနိုင်တော့ပေ။
သူက ဝိညာဉ်ကို ဆုံးရှုံးသွားသဖြင့် ဤအခိုက်အတန့်မှာ ခန္ဓာကိုယ်သာလျှင် တည်ရှိနေတော့သည်။ သူက ဝိညာဉ်မဲ့နေသော သက်ရှိအလောင်းကောင်တစ်ကောင် ဖြစ်လာသည်။
ရွှီချင်းသည်တော့ တစ်ချိန်လုံး ထိုင်ခုံပေါ်မှာ ထိုင်နေခြင်း ဖြစ်သည်။ သူ၏ အမူအရာသည် ကြီးကြီးမားမား ပြောင်းလဲသွားခြင်းမရှိပေ။ သူက ခေါင်းငုံ့လိုက်ပြီး သူ၏ လက်ဖဝါးကို ကြည့်လိုက်သည်။
သူတစ်ယောက်တည်း ကြည့်နေခြင်း မဟုတ်ပေ။ အဓိကခန်းမထဲတွင် လူတိုင်း၏ အကြည့်သည် သူ၏ လက်ဖဝါးပေါ်သို့ တစ်ပြိုင်နက် ကျရောက်သွားကြသည်။
သူ၏ လက်ဖဝါးထဲတွင် ပဉ္စမမင်းသား၏ ဝိညာဉ်ရှိသည်။
“ မင်းသားတစ်ပါးအနေနဲ့ မင်းက နယ်စပ်ဒေသကို ကာကွယ်စောင့်ကြပ်ပြီး လူသားမျိုးနွယ်ကို အကျိုးဆောင်ပေးခဲ့တယ်… ဒီတော့ ငါမင်းကို အခက်တွေ့အောင် မလုပ်တော့ဘူး ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
“ မင်းရဲ့ မန္တန်တစ်ခုကိုပဲ ငါယူမယ်… မင်းငါ့ကို အနိုင်ယူနိုင်ပြီလို့ ထင်တဲ့တစ်နေ့ကျရင် ငါ့ဆီလာပြီး အဲ့ဒါကို ပြန်ယူနိုင်တယ် ”
ရွှီချင်းသည် စကားပြောပြီးနောက် သူ၏ ညာလက်ကို မြှောက်လိုက်သည်။ ချက်ချင်းဆိုသလို သူ၏ လက်ထဲမှ ပဉ္စမမင်းသား၏ ဝိညာဉ်သည် အငွေ့တန်း(၇)ခုအဖြစ်သို့ ခွဲထွက်သွားပြီး အောက်ဘက်မှ ပဉ္စမမင်းသား၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကြသည်။ နောက်ဆုံးမှာတော့ အရိုးပြာအိုးသည်သာ ကျန်နေခဲ့သည်။ ရွှီချင်းသည် အရိုးပြာအိုးကို ကိုင်ဆောင်ထားလျက် သိမ်းဆည်းလိုက်သည်။
ပဉ္စမမင်းသားသည်တော့ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး စိတ်ရှုပ်ထွေးမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက မြန်ဆန်စွာ အသိပြန်ဝင်လာပြီးနောက် ရွှီချင်းကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။ တစ်ခဏကြာ နှုတ်ဆိတ်နေပြီးနောက် သူက အရိုအသေပေးလိုက်ပြီး အနောက်ဆုတ်သွားကာ သူ၏ ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်သည်။
ခန်းမသည် တိတ်ဆိတ်သွားသည်။ လူတိုင်း၏ အတွေးများသည် သူတို့၏ အသိစိတ်ပင်လယ်ထဲမှာ ဘောင်ဘင်ခတ်နေသည်။
ယနေ့ အဖြစ်အပျက်ကြောင့် ရွှီချင်း၏ လျှို့ဝှက်ဆန်းကြယ်မှုအပေါ် ထိုလူသားလက်ရွေးစင်များက ပိုပြီးကောင်းမွန်စွာ နားလည်သွားကြသည်။ ကောင်းကင်နှင့်မြေပြင်ကို ရေမျက်နှာပြင်အဖြစ်သို့ ပြောင်းလဲပစ်ပြီး လူတစ်အုပ်စု၏ ဝိညာဉ်များကို သိမ်းယူခြင်းသည် သူ့တို့အား ဖော်မပြနိုင်သော ခံစားမှုကို ဖြစ်ပေါ်စေသည်။
“ တစ်စုံတစ်ယောက်ရဲ့ ကျင့်ကြံခြင်းက ရွှီချင်းထက် အများကြီး မသာလွန်ဘူးဆိုရင် ဒါမှမဟုတ် သူတို့မှာ ထူးခြားတဲ့ ဓမ္မရတနာတွေမရှိဘူးဆိုရင် ဒီအတတ်ပညာကို ခုခံနိုင်မှာမဟုတ်ဘူး… ”
“ ဒီနတ်ဘုရားစွမ်းရည်မှာ နက်နဲသိမ်မွေတဲ့ တာအိုအရှိန်အဝါတစ်ခုနဲ့ ရှေးဟောင်းအငွေ့အသက် ပါရှိတယ်… အဲ့ဒါက ခေတ်သစ်အတတ်ပညာတစ်ခု မဟုတ်နိုင်ဘူး ”
“ ဒီနတ်ဘုရားစွမ်းရည်က အရမ်းကြီးမားတယ်… တကယ်လို့ အဲ့ဒါက အတိတ်မှာ ထွက်ပေါ်လာဖူးတယ်ဆိုရင် သဲလွန်စတစ်ခု နှစ်ခုတော့ ရှိနေသင့်တယ် မဟုတ်ဘူးလား… ”
ခန်းမထဲမှ လူတိုင်းသည် အတွေးနက်သွားကြသည်။ တချို့သည် နွေဦးအင်မော်တယ်နန်းတော်ကို စဉ်းစားမိသွားကြသည်။
“ ဒီတာအိုအတတ်ပညာမှာ နာမည်ရှိလား ”
ယနေ့ညီလာခံတွင် တတ်ရောက်လာကြသော ကောင်းကင်ဘုရင်များအနက် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာဝေဝါးနေသော အမျိုးသမီးကောင်းကင်ဘုရင်တစ်ပါးက ရုတ်တရက် မေးသည်။
သူက မေးလိုက်သည့်အခါ လူတိုင်း၏ အကြည့်သည် ရွှီချင်းပေါ်သို့ ကျရောက်သွားကြသည်။
“ ရေတွင်းထဲက လကို မျှားခြင်းလို့ ခေါ်ပါတယ် ”
ရွှီချင်းက တည်ငြိမ်စွာ ပြန်ပြောသည်။
“ နာမည်ကောင်းပဲ ”
အမျိုးသမီးကောင်းကင်ဘုရင်သည် ညင်သာစွာ ခေါင်းညိတ်ပြီးနောက် ဆက်မမေးတော့ပေ။
နံနက်ခင်းညီလာခံသည်တော့ အဆုံးသတ်သို့ ရောက်ရှိသွားသည်။
ထို့ကြောင့် တရားဝန်ကြီးချုပ်သည် အပြင်ဘက်မှ ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ပြီး ခန်းမထဲမှ ဝန်ကြီးများကို ပြောသည်။
“ အားလုံးပဲ… မင်းတို့မှာ ဘာတင်ပြစရာ ကျန်သေးလဲ… ကျန်သေးရင် အခု ပြောပါ… တကယ်လို့ မရှိတော့ရင် ကျုပ်တို့ ညီလာခံကို အဆုံးသတ်မယ် ”
လူတိုင်းသည် ခေါင်းငုံ့လိုက်ကြသည်။
တရားဝန်ကြီးချုပ်သည် လူတိုင်းထံသို့ ကြည့်လိုက်သည်။ နောက်ဆုံးမှာ သူက လူသားဧကရာဇ်ကို ကြည့်လိုက်ပြီး တစ်ခဏကြာ စောင့်ဆိုင်းသည်။
“ ဒါဆိုရင်… ”
တရားဝန်ကြီးချုပ်သည် ခေါင်းညိတ်လိုက်သည်။ သူက ယနေ့ညီလာခံက အဆုံးသတ်ပြီဖြစ်ကြောင်း ကြေညာရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ နန်းမြို့တော်၏ ကောင်းကင်အပြင်ဘက်တွင် ကောင်းကင်နှင့်မြေပြင်ကို တုန်လှုပ်စေမည့် သွေးနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ပထမတွင် လူတိုင်းသည် အလင်းတန်းကိုသာ မြင်လိုက်ကြသည်။ ထို့နောက် စူးရှသော လေခွင်းသံကို သူတို့ကြားလိုက်ရသည်။
ထိုအသံသည် အလွန်ကျယ်လောင်ပြီး ရှင်းလင်းသည်။ ယင်းက နန်းမြို့တော်ထဲမှ သက်ရှိအားလုံး၏ နားထဲသို့ ဝင်ရောက်သွားသောအခါ ပေါက်ကွဲမှုပြင်းထန်သော အရှိန်အဟုန်ကို ဖြစ်ပေါ်စေသည်။ နန်းမြို့တော်၏ မြေပြင်သည်ပင် တုန်ယင်သွားသည်။
အလင်းတန်းသည် မိုးကုပ်စက်ဝိုင်းမှ အမြန်ပျံသန်းလာပြီး နန်းတော်ဆီသို့ ဦးတည်နေသည်။ ၎င်း၏ အလျင်က အလွန်မြန်ဆန်လေရာ တည်နေရာပြောင်းရွှေ့နေသည့်အလားပင်။ ၎င်း၏ အရှိန်အဟုန်သည် ကမ္ဘာတုန်ဟီးစေရန် လုံလောက်သည်။ ၎င်း၏ လမ်းကြောင်းရှေ့မှာရှိသော စည်းချအစီအရင်များနှင့် အတားအဆီးအားလုံးသည် ၎င်းကို မဟန့်တားနိုင်ကြပေ။
အမှန်မှာ နန်းမြို့တော်ထဲမှ စည်းချအစီအရင်များသည် ၎င်းကို ဖြတ်သန်းသွားခွင့်ပြုရုံသာမက ၎င်း၏ အရှိန်အဟုန်ကိုပင် ထပ်တိုးမြှင့်ပေးလိုက်သေးသည်။
အမှန်မှာ ထိုသွေးနီရောင်အလင်းထဲတွင် အာရုဏ်ဦးနေမင်း၏ အရှိန်အဝါပင် ပါရှိသည်။ ၎င်းက မရပ်တန့်နိုင်ခြင်းနှင့် မတားဆီးနိုင်ခြင်းဟူသော ခံစားမှုကို ပေးသည်။ အကယ်၍ တစ်စုံတစ်ယောက်က ၎င်း၏ အရှေ့မှာ အတင်းအဓမ္မ ပိတ်ဆို့နေမည်ဆိုလျှင် နှစ်ဖက်စလုံးသည် သေချာပေါက် ပေါက်ကွဲထွက်သွားပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားကြလိမ့်မည်။
၎င်း၏ ထွက်ပေါ်လာမှုကို နန်းတော်ထဲမှ အရာရှိများသည် ချက်ချင်း အာရုံခံမိသွားကြသည်။ လူသားဧကရာဇ်သည် ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူ၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားသည်။
အဘယ့်ကြောင့်ဆိုသော် လူသားမျိုးနွယ်ထဲတွင် သွေးနီရောင်ရွှမ်ငှက်ကို သတင်းသယ်ဆောင်သူအဖြစ် အသုံးပြုသော အထူးဆက်သွယ်ရေး နည်းလမ်းတစ်ခုရှိသည်။ ၎င်းက လူသားမျိုးနွယ်၏ ပိုင်နက်အတွင်းရှိ မည်သည့်နေရာကိုမဆို ချက်ချင်း သွားရောက်နိုင်ပြီး လျှို့ဝှက်သတင်းများကို ပို့ဆောင်ပေးနိုင်သည်။
ဤအခိုက်အတန့်မှာ မိုးကုပ်စက်ဝိုင်းထဲမှာ ထွက်ပေါ်လာသော အလင်းတန်းသည် သတင်းသယ်ဆောင်သူ သွေးနီရောင်ရွှမ်ငှက်ဖြစ်သည်။
ကောင်းကင်ဘုရင်အားလုံး၏ အရှိန်အဝါသည် ချက်ချင်း ပေါ်လျှိုးထွက်လာကြသည်။ ကောင်းကင်ဘုံအမတ်များသည်လည်း အမူအရာပြောင်းလဲသွားကြသည်။ တခြားအရာရှိများသည် တည်ကြည်လေးနက်သွားကြပြီး နန်းတော်၏ ဂိတ်တံခါးဆီသို့ လှည့်ကြည့်လိုက်ကြသည်။
သွေးနီရောင်အလင်းတန်းသည် စူးရှကျယ်လောင်သော မြည်သံနှင့်အတူ နန်းတော်ထဲသို့ တိုက်ရိုက် ဝင်ရောက်လာသည်။ ထို့နောက် ၎င်းက သွေးနီရောင်ရွှမ်ငှက်တစ်ကောင်သို့ ပြောင်းလဲသွားပြီး လူသားဧကရာဇ်၏ လက်ပေါ်သို့ ဆင်းသက်သွားသည်။
သွေးနီရောင်အလင်း တောက်ပသွားသောအခါ ၎င်းက သွေးနီရောင်ကျောက်စိမ်းပြားတစ်ခုသို့ ပြောင်းလဲသွားသည်။
လူသားဧကရာဇ်သည် ကျောက်စိမ်းပြားကို စိုက်ကြည့်လိုက်သည်။ ယင်းကို အာရုံခံမိပြီးနောက် သူ၏ အမူအရာသည် ဖြည်းညင်းစွာ မည်းမှောင်သွားသည်။ ထို့နောက် ဖိနှိပ်သော အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာပြီး နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ လူတိုင်းသည် နှလုံးတုန်သွားကြသည်။
တစ်ချိန်တည်းမှာ သွေးနီရောင်ရွှမ်ငှက်အများအပြားသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြပြီး နန်းတော်ဆီသို့ တစ်ကောင်ပြီးတစ်ကောင် ပျံသန်းလာနေကြသည်။
စုစုပေါင်း ကိုးကောင်ရှိသည်။ ၎င်းတို့သည် နန်းတော်ထဲသို့ တစ်ဟုန်ထိုး ပျံသန်းလာကြပြီး လူသားဧကရာဇ်၏ ဘေးပတ်ပတ်လည်တွင် ကျောက်စိမ်းပြားများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ လူသားဧကရာဇ်သည် သူ၏ လက်ချောင်းကို လှုပ်ရှားလိုက်လေရာ ကျောက်စိမ်းပြားတစ်ခုသည် တရားဝန်ကြီးချုပ်၏ လက်ထဲသို့ ကျရောက်သွားသည်။
တရားဝန်ကြီးချုပ်သည် ယင်းကို ဖမ်းဆုပ်လိုက်သည်။ အထဲမှ အကြောင်းအရာကို ဖတ်ရှုပြီးနောက် သူ၏ မျက်လုံးသည် စူရှတောက်ပလာသည်။ သူက ကျောက်စိမ်းပြားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူ၏ အက်ရှရှအသံက ခန်းမထဲမှာ ပဲ့တင်ထပ်သွားသည်။
“ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ လက်အောက်ခံမျိုးနွယ်စုသုံးခုထဲက စီအဲမျိုးနွယ်ဟာ စစ်သည်တော်ဆယ်သန်းပါဝင်တဲ့ စစ်တပ်ကို နေရာရွှေ့ပြောင်းပြီး လူသားမျိုးနွယ်ရဲ့ အနောက်မြောက်ပိုင်းနယ်စပ်ဒေသဆီ ကျူးကျော်ဝင်ရောက်လာတယ် ”
“ တစ်ချိန်တည်းမှာ မီးလျှံလရဲ့ နောက်ထပ် လက်အောက်ခံမျိုးနွယ်စုတစ်ခုဖြစ်တဲ့ ပိုင်ဇီမျိုးနွယ်ဟာ သူတို့မျိုးနွယ်စုတစ်ခုလုံးရဲ့ အင်အားကို ရွှေ့ပြောင်းပြီး ကောင်းကင်နက်မျိုးနွယ်ကို စစ်ကူပေးဖို့အတွက် ကောင်းကင်နက်ဒေသကြီးဆီ တည်နေရာပြောင်းရွှေ့သွားခဲ့ကြတယ်… ကောင်းကင်နက်မျိုးနွယ်နဲ့ စစ်ပွဲမှာ ဘုရင်ဒုန်းထင်က ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့တယ် ”
“ ကောင်းကင်နက်မျိုးနွယ်နဲ့ စစ်မြေပြင်မှာ ကျုပ်တို့လူသားမျိုးနွယ်က အန္တရာယ်ထဲ ကျရောက်နေပြီး ကျုပ်တို့ရဲ့ အနောက်မြောက်ပိုင်းနယ်စပ်ဒေသမှာလည်း စစ်ပွဲနဲ့ တွေ့ကြုံနေရတယ်… ”