မုန်တိုင်းဖြစ်ပေါ်ခြင်း
Vol. 79 Ch. 1223
တရားဝန်ကြီးချုပ်၏ စကားဆုံးသွားသည်နှင့်ချက်ချင်း နန်းတော်သည် ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။ နောက်အခိုက်အတန့်မှာ တည်ကြည်လေးနက်သော အရှိန်အဝါများသည် ဝန်ကြီးများထံမှ ပေါ်လျှိုးထွက်လာကြသည်။
ကောင်းကင်ဘုရင်(၁၃)ပါးသည် မတ်တတ်ရပ်လိုက်ကြသည်။ သူတို့အောက်မှ ကောင်းကင်ဘုံအမတ်များသည်လည်း ထို့အတူပင်။
အနောက်မြောက်ပိုင်းနယ်စပ်ဒေသသည် လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးပြီး မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဖြင့် နယ်နိမိတ်ထိစပ်နေသည်။ ထိုသို့အင်အားကြီးမားသော မျိုးနွယ်တစ်စုဖြင့် ရင်ဆိုင်ရသောအခါ သေးငယ်သော မီးပွားစတစ်ခုသည်ပင် ကြီးမားသော စစ်ပွဲကို ဖြစ်ပေါ်စေနိုင်သည်။
မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အဓိကလက်အောက်ခံမျိုးနွယ်စုသုံးခုအနက် တစ်ခုအပါအဝင်ဖြစ်သော စီအဲမျိုးနွယ်စုသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ အထက်လူကြီးများ၏ ခွင့်ပြုမိန့်မပါဘဲ ထိုသို့စစ်ပွဲစတင်လိမ့်မည် မဟုတ်ချေ။
သို့ဖြစ်၍ ဤကိစ္စကို ကောင်းမွန်စွာ မဖြေရှင်းနိုင်ဘူးဆိုလျှင် လူသားမျိုးနွယ်သည် ကြီးမားသော ကပ်ဘေးဖြင့် ရင်ဆိုင်ရလိမ့်မည်။
ထို့ပြင် ကောင်းကင်နက်စစ်မြေပြင်၌ လူသားမျိုးနွယ်၏ စစ်တပ်သည် အစက တောက်လျှောက် အနိုင်ပွဲရရှိထားခဲ့သည်။ သို့သော်လည်း ယခု ပိုင်ဇီမျိုးနွယ်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် အခြေအနေသည် ပြောင်းပြန်ဖြစ်သွားသည်။
လူသားမျိုးနွယ်၏ စစ်တပ်သည် ထိုနေရာမှာ တောင့်ခံနေကြရသည်။ သူတို့က ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမှာ ရှိနေကြသည်။
ထိုသို့အခြေအနေသည် လူသားမျိုးနွယ်အတွက် လုံးဝမကောင်းမွန်ပေ။
ခန်းမထဲတွင် ကောင်းကင်ဘုရင်များမှစ၍ အဆင့်နိမ့်အရာရှိများအထိ လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ လူသားမျိုးနွယ်တွင် မတူကွဲပြားသော မိသားစုများနှင့် အင်အားစုများရှိသောကြောင့် သူတို့ကြားမှာ အတွင်းကြိတ်တိုက်ခိုက်မှုများ ရှိကြပေသည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ ထိုအရာရှိများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေရာ တစ်ဖက်လူ၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို မြင်တွေ့သွားကြသည်။ ဤအခိုက်အတန့်မှာ စကားလုံးများဖြင့် ထုတ်ပြောနေရန် မလိုအပ်ပေ။ ယခု ခန်းမထဲမှာ ရောက်ရှိနေသူအားလုံးသည် အမြော်အမြင်ရှိပြီး အမြင်ကျယ်သူများ ဖြစ်ကြသည်။
သူတို့ကြားမှ မကျေနပ်ချက်များနှင့် ပဋိပက္ခများကို ဤအခိုက်အတန့်မှာ ဘေးချိတ်ထားရမည်။ နိုင်ငံရေးအမြင်မတူမှု ပြဿနာများနှင့် ပုဂ္ဂိုလ်ရေးရန်ငြိုးများကိုလည်း ဤအခိုက်အတန့်မှာ ဘေးချိတ်ထားရမည်။
အဘယ့်ကြောင့်ဆိုသော် အနောက်မြောက်ပိုင်းနယ်စစ်ဒေသနှင့် ကောင်းကင်နက်စစ်မြေပြင်မှ အရေးကိစ္စသည် တခြားအရာအားလုံးထက် သာလွန်သောကြောင့် ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူတို့က ကိုယ်စွမ်းရှိသမျှကို အသုံးချရမည်ဖြစ်ကြောင်း အားလုံးနားလည်ထားကြသည်။
ပုဂ္ဂိုလ်ရေးအကျိုးစီးပွားနှင့် မိသားစုအကျိုးစီးပွားသည် ယခုအချိန်မှာ အရေးမကြီးတော့ပေ။
အကယ်၍ လူသားမျိုးနွယ်သာ ဖျက်ဆီးခံလိုက်ရမည်ဆိုလျှင် ထိုအကျိုးစီးပွားကို မည်သည့်နေရာမှာ အသုံးချနိုင်တော့မည်နည်း။
မျိုးနွယ်ခြားများ၏ လက်အောက်သို့ ခိုလှုံ့ရန်သည် ဤခန်းမထဲမှာရှိသော မည်သူမှ လက်ခံနိုင်သောအရာ မဟုတ်ပေ။
သို့ဖြစ်၍ တိုက်ခိုက်ရန် ဆန္ဒရှိသော အသံများသည် ခန်းမထဲရှိ လူတစ်ယောက်ပြီးတစ်ယောက်ထံမှ ပဲ့တင်ထပ်လာကြသည်။
“ အရှင်မင်းကြီး… အနောက်မြောက်ပိုင်းနယ်စပ်ဒေသမှာ ဘုရင်ကျန်းယန်ကို ကူညီပေးဖို့ ကျွန်တော်ဆန္ဒရှိပါတယ် ”
“ အရှင်မင်းကြီး… ကျွန်တော့်မိသားစုမှာ အသေခံစစ်သည်တော် ရှစ်သောင်းရှိပါတယ်… လူသားမျိုးနွယ်အတွက် ကျွန်တော်ကိုယ်တိုင် သူတို့ကို ဦးဆောင်ပြီး ကောင်းကင်နက်မျိုးနွယ်နဲ့ တိုက်ခိုက်ချင်ပါတယ် ”
“ အရှင်မင်းကြီး… စစ်ချီတတ်ဖို့ဆိုရင် အရင်းအမြစ်အများကြီး ကုန်ကျပါလိမ့်မယ်… ကျွန်တော့်မိသားစုရဲ့ ကြွယ်ဝမှုကို စစ်ချီတတ်ဖို့အတွက် အသုံးပြုချင်ပါတယ်… စစ်ပွဲကို အဓိကဦးစားပေးအနေနဲ့ ဆောင်ရွက်ပါ့မယ် ”
“ အောက်ရွှမ်နန်းတော်ငါးခုက စစ်ပွဲရဲ့ အခြေအနေကို ထိန်းသိမ်းဖို့အတွက် အကောင်းဆုံး ကြိုးစားပါမယ် ”
“ ငါက ဘုရင်ဒုန်းထင်ကို ကြည့်မရဘူးဆိုပေမဲ့ ကောင်းကင်နက်မျိုးနွယ်ဆီ ဦးတည်သွားပြီး လူသားမျိုးနွယ်ကို တပ်ကူဖြည့်ပေးဖို့အတွက် ဆန္ဒရှိပါတယ် ”
တိုက်ပွဲအတွက် တောင်းဆိုသံများသည် ခန်းမထဲမှာ ပဲ့တင်ထပ်သွားသည်။
ထိုစကားများကို ရွှီချင်းကြားသောအခါ လှိုင်းလုံးများသည် သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာပြီး တဖြည်းဖြည်း ကြီးမားလာသည်။ အဘယ့်ကြောင့်ဆိုသော် ထိုလူများ၏ စကားများက သူတို့၏ နှလုံးသားထဲမှ ထွက်ပေါ်လာသော အစစ်အမှန် စကားများဖြစ်ကြောင်း သူပြောနိုင်သည်။ ယင်းတို့က အတုအယောင်မဟုတ်ပေ။
သူတို့အားလုံးက ထိုအတိုင်း အမှန်တကယ် တွေးနေကြပြီး ထိုသို့လုပ်ဆောင်ရန် တကယ်ဆန္ဒရှိကြသည်။
ယင်းက ရွှီချင်း၏ မျှော်လင့်ထားမှုထက် ကျော်လွန်နေသည်။ အစက သူတွေးထင်ထားသည်မှာ နန်းမြို့တော်သည် ရှုပ်ထွေးပွေလီသော နေရာဖြစ်သည်။ လူသားဧကရာဇ်က အရာအားလုံးကို အုပ်ချုပ်ထားသော်လည်း အင်အားစုအသီးသီးသည် ကိုယ့်ကျိုးစီးပွားအတွက် အပြန်အလှန် တိုက်ခိုက်နေကြသည်။ သို့ဖြစ်၍ ဤနေရာသည် ပရမ်းပတာဖြစ်နေသည်။
ထို့ကြောင့် သူ့အရှေ့မှ မြင်ကွင်းသည် သူ့အား လေးနက်သော အမြင်ကို ဖြစ်ပေါ်စေသည်။
‘ ဒါက လူသားမျိုးနွယ်ရဲ့ ငါမမြင်ဖူးသေးတဲ့ တခြားဘက်ခြမ်းလား ’
ရွှီချင်းသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။
‘ ပြင်ပအန္တရာယ်မရှိဘူးဆိုရင် လူတိုင်းက ကိုယ့်ကျိုးစီးပွားအတွက် ယှဉ်ပြိုင်တိုက်ခိုက်ကြတယ်… လူတိုင်းဆီမှာ ကြီးမားတဲ့ ရည်မှန်းချက်တွေနဲ့ ဖုံးကွယ်ထားတဲ့ တစ်ကိုယ်ကောင်းဆန်မှု ရှိကြတယ်… ဒါပေမဲ့ ပြင်ပအန္တရာယ်ထွက်ပေါ်လာပြီဆိုရင်… ’
‘ လူတိုင်း၊ အင်အားစုတိုင်းက တခြားကိစ္စတွေကို ဘေးချိတ်ထားလိုက်ပြီး တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားကြတယ်… ’
ရွှီချင်းသည် နှလုံးလှုပ်ရှားသွားသည်။
သို့သော်လည်း ယင်းတို့က စကားများသာ ဖြစ်ပေသည်။ သူတို့က ပြောသည့်အတိုင်း တကယ်လုပ်ဆောင်မည်လော သူမသေချာပေ။ သို့သော်လည်း သူတို့က ထိုအတိုင်း လုပ်ဆောင်ရန် ဖြစ်နိုင်ခြေများသည်ဟု သူ၏ ဆဌမအာရုံက ပြောနေသည်။
အရာရှိများသာ ထိုသို့တောင်းဆိုကြခြင်း မဟုတ်ပေ။ လူအုပ်ကြားထဲမှ မင်းသားများသည်လည်း တစ်ယောက်ပြီးတစ်ယောက် အရှေ့ထွက်လာကြပြီး ပြောသည်။
ပဉ္စမမင်းသားသည် ခန်းမ၏ အရှေ့သို့ လျှောက်သွားပြီး လူသားဧကရာဇ်ကို အရိုအသေပေးလိုက်သည်။
“ ခမည်းတော်… သားတော်ကို အနောက်မြောက်ပိုင်းနယ်စပ်ဒေသဆီ ပြန်ဖို့ ချက်ချင်း ခွင့်ပြုပေးပါ ”
“ ခမည်းတော်… ကောင်းကင်နက်စစ်မြေပြင်ဆီ သွားဖို့ သားတော်ဆန္ဒရှိပါတယ်… မင်းသားတစ်ပါးဆိုတဲ့ သားတော်ရဲ့ သရုပ်ကို အသုံးပြုပြီး လူသားမျိုးနွယ်စစ်တပ်ကို စိတ်ဓာတ်မြှင့်တင်ပေးချင်ပါတယ် ”
စတုတ္ထမင်းသားသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အရိုအသေပေးလိုက်သည်။ ဤအခိုက်အတန့်မှာ ထိုအတိုင်း အမှန်တကယ် သူခံစားမိခြင်းဖြစ်သည်။ မင်းသားများကြားမှ ယှဉ်ပြိုင်မှုသည် ဆက်လက်ရှိနေဆဲဖြစ်သော်လည်း ယင်းက စစ်ပွဲ၏ ဦးတည်ရာဆီသို့ ရွှေ့ပြောင်းသွားသည်။
ဤသည်မှာ အမှားအမှန်ကို ယှဉ်ပြိုင်ခြင်း မဟုတ်တော့ပေ။ ယင်းအစား မည်သူက အကျိုးဆောင်မှုများများ ပြုလုပ်နိုင်မလဲဟူသော ယှဉ်ပြိုင်မှုသာ ဖြစ်သည်။
တတိယမင်းသား၊ မင်းသားတစ်ဆယ်၊ မင်းသမီးအန်းဟိုင်နှင့် တခြားမင်းသားများသည်လည်း တူညီသော ရည်ရွယ်ချက်ဖြင့် တစ်ယောက်ပြီးတစ်ယောက် ပြောကြသည်။
နင်ယန်သည်လည်း သူတို့ထဲမှာ ပါဝင်သည်။ သူက တိုက်ခိုက်ရန် တောင်းဆိုခဲ့သည်။
“ အရှင်မင်းကြီး… ကောင်းကင်နက်မျိုးနွယ်ဆီ သွားဖို့ ကျွန်တော်ဆန္ဒရှိပါတယ် ”
လူသားဧကရာဇ်သည် ထိုမြင်ကွင်းကို မအံ့ဩပေ။ လူသားမျိုးနွယ်၏ အခြေအနေကို သူက ကောင်းမွန်စွာ သိရှိထားသည်။ ထို့ကြောင့် သူက ဧကရာဇ်တစ်ပါးအနေဖြင့် မျိုးနွယ်ကို အုပ်ချုပ်နေသည့်တိုင် အတွင်းရေးပဋိပက္ခများကို လျစ်လျူရှုထားခြင်း ဖြစ်သည်။
သူက ခေါင်းမော့လိုက်ပြီး မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။ သူ၏ အကြည့်ထဲမှာ လေးနက်သော အမူအရာက တဖြည်းဖြည်း ထွက်ပေါ်လာသည်။
နူးညံ့သော သက်ပြင်းချသံသည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
‘ ငါထင်ထားတာထက် စောပြီး ရောက်လာတာပဲ ’
ထိုသက်ပြင်းချသံကို လူသားဧကရာဇ်တစ်ယောက်တည်းသာ ကြားနိုင်သည်။ အပြင်လူများ၏ အမြင်မှာ သူ၏ အမူအရာသည် အစမှအဆုံးအထိ လုံးဝမပြောင်းလဲသွားပေ။ လူသားဧကရာဇ်ဟူသော သူ၏ သရုပ်ကြောင့် သူ၏ အမူအရာများသည် လူတိုင်း၏ စောင့်ကြည့်စစ်ဆေးခြင်းခံရသည်။ သို့ဖြစ်၍ သေးငယ်သော မည်သည့်အပြောင်းအလဲမဆို အဆုံးမရှိသော အတွေးများကို ဖြစ်ပေါ်စေနိုင်သည်။
ရာထူးမြင့်မားသော ပုဂ္ဂိုလ်တစ်ယောက်၏ နေထိုင်မှုသည် ထိုအတိုင်းဖြစ်သည်။ တစ်ခါတစ်ရံမှာ အမူအရာများနှင့် စိတ်ခံစားချက်များသည် ဧကရာဇ်တစ်ပါး၏ အုပ်ချုပ်မှုဆိုင်ရာ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။
“ မင်းတို့ လျှောက်တင်တာတွေကို ငါကိုယ်တော် ကြားတယ် ”
“ အထက်ရွှမ်နန်းတော်ငါးခု အမိန့်တော်နာခံပါ ”
လူသားဧကရာဇ်က တည်ငြိမ်စွာ ပြောသည်။
ချက်ချင်းဆိုသလို အထက်ရွှမ်နန်းတော်ငါးခုမှ ကျင့်ကြံသူများသည် အရှေ့ထွက်လာကြပြီး လက်သီးဆုပ်လိုက်ကြသည်။
တစ်ချိန်တည်းမှာ အထက်ရွှမ်နန်းတော်ငါးခု၏ ရုံးချုပ်များတွင် ဧရာမပုံရိပ်ငါးခုက ထွက်ပေါ်လာကြပြီး နန်းတော်ဆီသို့ အရိုအသေပေးလိုက်ကြသည်။
“ အထက်ရွှမ်နန်းတော်ငါးခုက တရားဝန်ကြီးချုပ်နဲ့ ပူးပေါင်းပြီး ကောင်းကင်နက်မျိုးနွယ်ကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် စစ်ရေးဗျူဟာတွေကို ဖန်တီးပါ… ဒီစစ်ပွဲအတွက် ဗျူဟာသုံးခုကို ရေးဆွဲပါ… ပြီးသွားရင် အဲ့ဒါတွေကို တစ်ရက်အတွင်း နန်းတော်ဆီ တင်ပြပါ ”
“ အမိန့်တော်မြတ်အတိုင်းပါ ”
နန်းမြို့တော်ထဲမှ ဧရာမပုံရိပ်ငါးခုနှင့် နန်းတော်ထဲမှ တရားဝန်ကြီးချုပ်သည် တစ်ပြိုင်နက် ပြန်ဖြေလိုက်ကြသည်။
“ အောက်ရွှမ်နန်းတော်ငါးခု အမိန့်တော်နာခံပါ ”
လူသားဧကရာဇ်က ဆက်ပြောသည်။
ချက်ချင်းဆိုသလို အောက်ရွှမ်နန်းတော်ငါးခုမှ အရာရှိများသည် အရှေ့ထွက်လာကြသည်။ သူတို့၏ အရှိန်အဝါသည် ကြီးကျယ်ခမ်းနားပြီး အံ့ဖွယ်ကောင်းသည်။
“ မင်းတို့တွေက စစ်ပွဲအတွက် ပြင်ဆင်မှုတိုင်းမှာ ဝင်ရောက်ကူညီပေးရမယ်… ဒီစစ်ပွဲနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာမယ့် ကိစ္စရပ်တိုင်းမှာ တစ်စုံတစ်ရာ လစ်ဟင်းမှုမရှိရအောင် ဆောင်ရွက်ကြပါ ”
“ အခုချိန်ကစပြီး လူသားမျိုးနွယ်ရဲ့ နယ်မြေအားလုံးက စစ်ဖြစ်နေတဲ့ အခြေအနေဆီ ဝင်ရောက်ကြရမယ် ”
လူသားဧကရာဇ်၏ အသံသည် မြည်ဟိန်းထွက်လာပြီး လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။ နန်းမြို့တော်၏ စည်းချအစီအရင်သည် တုန်ယင်သွားပြီး မဟာနန်းမြို့တော်ဒေသကြီးတစ်ခုလုံးသည် စတင်လှုပ်ရှားလာသည်။ စည်းချအစီအရင်များက တစ်ခုပြီးတစ်ခု အသက်ဝင်လာသောအခါ မရေမတွက်နိုင်သော အစီအရင်များသည် အတူတကွ ပေါင်းစုသွားကြပြီး အကာအကွယ်စည်းအဖြစ်သို့ ပြောင်းလဲသွားသည်။
ညီလာခံသည် မပြီးဆုံးသေးသလို မည်သူမှ မထွက်သွားကြချေ။ သူတို့အားလုံးက စောင့်ဆိုင်းနေကြသည်။
စစ်ပွဲအတွက် အလုံးစုံအခြေအနေအပေါ် အထက်ရွှမ်နန်းတော်ငါးခုနှင့် တရားဝန်ကြီးချုပ်၏ စီစဉ်မှုများကို သူတို့အားလုံးက စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
ထိုသို့လုပ်ဆောင်ရန် ညှိနှိုင်းဆွေးနွေးခြင်း၊ တွက်ချက်ခြင်း၊ ကောက်ချက်ချခြင်းနှင့် အခြေအနေအမျိုးမျိုးကို အဘက်ဘက်မှ တွေးတောစဉ်းစားခြင်း အစရှိသော လုပ်ငန်းအမျိုးမျိုးကို လိုအပ်ပေသည်။
အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။ ဆယ့်နှစ်နာရီကြာပြီးနောက် စစ်ပွဲအတွက် စီစဉ်မှုများကို အစပိုင်း၊ အလယ်ပိုင်းနှင့် နောက်ဆုံးပိုင်းဟူ၍ သုံးပိုင်းခွဲခြားလိုက်သည်။ ယင်းတို့ကို လူသားဧကရာဇ်ထံသို့ တင်ပြလိုက်ကြသည်။
နှစ်နာရီကြာဆွေးနွေးပြီးနောက် အစီအစဉ်တစ်ခုကို လူသားဧကရာဇ်က အတည်ပြုပေးခဲ့သည်။
ရွှီချင်းသည် ဖြစ်စဉ်တစ်ခုလုံးကို မြင်ခဲ့သည်။ သူက မည်သည့်စကားမှ မပြောသော်လည်း ဤသည်မှာ သူ၏ ပထမဆုံး အတွေ့အကြုံဖြစ်သည်။
ထိုအစီအစဉ်ကို အတည်ပြုပြီးနောက် အင်ပါယာအမိန့်တော်များသည် အရပ်မျက်နှာအသီးသီးသို့ ဆက်တိုက် ပျံ့နှံ့သွားကြသည်။
ပထမဆုံးအနေဖြင့် ကောင်းကင်နက်မျိုးနွယ်နှင့် စစ်ပွဲနှင့်ပတ်သက်ပြီး လူသားဧကရာဇ်သည် အင်ပါယာအမိန့်တော်ငါးခုကို ထုတ်ပြန်ကြေညာခဲ့သည်။
“ အမိန့်တော်တစ်… ကောင်းကင်ဘုရင်လေးပါးက ဘုရင်ဒုန်းထင်ကို တပ်ကူပေးဖို့အတွက် စစ်တပ်ကို ဦးဆောင်မယ်… သူတို့ရဲ့ တာဝန်က ပိုင်ဇီမျိုးနွယ်နဲ့ ကောင်းကင်နက်မျိုးနွယ်ရဲ့ ဖိနှိပ်ခံထားရတဲ့ လူသားမျိုးနွယ်စစ်တပ်ရဲ့ အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ ဖြစ်တယ်… ပြီးတော့ ပိုင်ဇီမျိုးနွယ်ကို ချုပ်ထိန်းထားဖို့ အဓိကဆောင်ရွက်မယ် ”
“ မျှခြေညီတဲ့ အခြေအနေဖြစ်အောင် ဦးစားပေးဆောင်ရွက်မယ်… ဘယ်ဘက်ကမှ လက်ဦးမှုမယူနိုင်အောင် ဆောင်ရွက်မယ် ”
“ တတိယမင်းသားက စစ်တပ်နဲ့အတူ လိုက်ပါမယ် ”
“ အမိန့်တော်နှစ်… ဖုန်းဟိုင်ဒေသငယ်နဲ့ သန့်စင်ရေလှိုင်းဒေသကြီးရဲ့ စစ်တပ်ကို နေရာရွှေ့ပြောင်းပြီး စစ်မြေပြင်မှာ ဝင်ရောက်ပူးပေါင်းစေမယ်… ဖုန်းဟိုင်ဒေသငယ်ရဲ့ ဦးဆောင်မှုနဲ့အတူ ကောင်းကင်နက်မျိုးနွယ်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ ဒီစစ်ပွဲမှာ အဓိကအင်အားစုအဖြစ် ပါဝင်လာမယ်… သူတို့ရဲ့ တာဝန်က ပိုင်ဇီမျိုးနွယ်က ချုပ်ထိန်းခံထားရချိန် ကောင်းကင်နက်ဒေသကြီးကို မြန်နိုင်သမျှမြန်မြန် သိမ်းပိုက်ပစ်ဖို့ ဖြစ်တယ် ”
“ အမိန့်တော်သုံး… ကောင်းကင်ဘုရင်ငါးပါးနဲ့ မင်းသားဆယ့်နှစ် နင်ယန်က နန်းမြို့တော်က စစ်သည်တော်တွေကို ဖုန်းဟိုင်ဒေသငယ်ဆီ တပ်ကူပေးဖို့အတွက် ဦးဆောင်မယ်… ဒါ့အပြင် အာရုဏ်ဦးနေမင်းသုံးလုံးကိုလည်း သယ်ဆောင်သွားမယ် ”
“ အမိန့်တော်လေး… ဘုရင်ယွဲ့လန်က အထူးအမိန့်ပေးနန်းတော်နဲ့ အတူပူးပေါင်းပြီး အထူးစစ်တပ်တစ်တပ်ကို ဖွဲ့စည်းမယ်… ပြီးသွားရင် စစ်တပ်နဲ့အတူ ပိုင်ဇီမျိုးနွယ်ရဲ့ ဘိုးဘေးကုန်းမြေဆီ လျှို့ဝှက်ကျူးကျော်ဝင်ရောက်မယ်… ပိုင်ဇီမျိုးနွယ်ရဲ့ စစ်တပ်တစ်ခုလုံးက ကောင်းကင်နက်မျိုးနွယ်ဆီ ရောက်ရှိနေတာဖြစ်လို့ ဘုရင်ယွဲ့လန်ရဲ့ တာဝန်က သူတို့ရဲ့ ဘိုးဘေးကုန်းမြေကို ဖျက်ဆီးဖို့ ဖြစ်တယ်… ဆဌမမင်းသားက ဘုရင်ယွဲ့လန်နဲ့အတူ ပူးပေါင်းဆောင်ရွက်မယ် ”
“ အမိန့်တော်ငါး… ရွှီချင်းက လပူဇော်ဒေသကြီးဆီ သွားရောက်ပြီး အိမ်ရှေ့စံမင်းသားနဲ့ တခြားလူတွေကို အရေးကြီးအခြေအနေမှာ ပါဝင်ကူညီပေးဖို့ တောင်းဆိုမယ်… ဒါက ဒီစစ်ပွဲအတွက် အရံအစီအစဉ်ဖြစ်တယ် ”
ကောင်းကင်နက်မျိုးနွယ်နှင့် စစ်ပွဲနှင့်ပတ်သက်သော အင်ပါယာအမိန့်တော်ငါးခုသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားကြသည်။ ယင်းက အပေါ်ယံကြည့်လျှင် ရိုးရှင်းဟန်ထင်ရသော်လည်း အားလုံးကို အခြေအနေအဘက်ဘက်မှ စဉ်းစားထားခြင်း ဖြစ်သည်။
အနောက်မြောက်ပိုင်းနယ်စပ်ဒေသတွင် စီအဲမျိုးနွယ်၏ ကျူးကျော်ဝင်ရောက်လာမှုနှင့်ပတ်သက်ပြီး အင်ပါယာအမိန့်တော်ခြောက်ခုကို ထုတ်ပြန်ကြေညာခဲ့သည်။
“ အမိန့်တော်တစ်… ပဉ္စမမင်းသားက စစ်သည်တော်ဆယ်သန်းပါဝင်တဲ့ စစ်တပ်ကို ဦးဆောင်ပြီး နယ်စပ်ဒေသဆီ ချက်ချင်း ထွက်ခွာမယ် ”
“ အမိန့်တော်နှစ်… ကောင်းကင်ဘုရင်လေးပါးက ကိုယ်ပိုင်စစ်ကြောင်းတစ်ခုကို ဦးဆောင်ပြီး နယ်စပ်ဒေသရဲ့ ခံစစ်ကို ပိုပြီးအားကောင်းစေဖို့ ဘုရင်ကျန်းယန်ကို စစ်ကူပေးမယ် ”
“ အမိန့်တော်သုံး… စတုတ္ထမင်းသားက အနောက်မြောက်ပိုင်းနယ်စပ်ဒေသဆီ သွားပြီး ပရောဟိတ်ဆရာအတွက် အဲ့ဒီမှာ ကြယ်နိမိတ်ဖတ်မျှော်စင်တစ်ခုကို ဆောက်လုပ်ပေးမယ်… ပရောဟိတ်ဆရာရှိနေသရွေ့ နယ်စပ်ဒေသက မကျိုးပေါက်နိုင်ဘူး ”
“ အမိန့်တော်လေး… ခံစစ်ကြောင်းခုနစ်ခုကို နန်းမြို့တော်ရဲ့ အပြင်ဘက်မှာ ဖွဲ့စည်းပြီး ခံစစ်ကြောင်းတစ်ခုမှာ မင်းသားတစ်ပါး ဒါမှမဟုတ် မင်းသမီးတစ်ပါးက ကြီးကြပ်ပေးမယ်… အင်အားစုအားလုံးက လိုအပ်တဲ့နေရာမှာ အကူအညီပေးနိုင်ဖို့နဲ့ တစ်ဖက်လူရဲ့ ရုတ်တရက် ကျူးကျော်ဝင်ရောက်လာမှုတွေကို တားဆီးဖို့အတွက် အမြဲတမ်း အဆင်သင့်ရှိနေမယ် ”
“ အမိန့်တော်ငါး… မင်းသားကြီးက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဆီ ချက်ချင်း ခရီးထွက်ပြီး စစ်ဖြစ်ရတဲ့ အကြောင်းအရင်းကို ရှာဖွေဖော်ထုတ်ပါ… ဖြစ်နိုင်မယ်ဆိုရင် ပဋိပက္ခကို ဖြေရှင်းဖို့အတွက် အကောင်းဆုံး ကြိုးစားပါ… တကယ်လို့ အဆင်မပြေရင် သူတို့ရဲ့ အစီအစဉ်ကို နှောင့်နှေးစေဖို့ အတတ်နိုင်ဆုံး ဆောင်ရွက်ပါ ”
“ အမိန့်တော်ခြောက်… လူသားမျိုးနွယ်ရဲ့ ပိုင်နက်အတွင်းက မီးလျှံလနဲ့ပတ်သက်တဲ့ စီးပွားရေးအားလုံးကို စစ်ပွဲမပြီးဆုံးခင်အထိ ပိတ်သိမ်းထားမယ် ”
အင်ပါယာအမိန့်တော်(၁၁)ခုကို ထုတ်ပြန်ပြီးနောက် လူသားမျိုးနွယ်တစ်ခုလုံးသည် ဧရာမစစ်ပွဲဓမ္မလက်နက်တစ်ခုပမာ စတင်လှုပ်ရှားလိုက်သည်။ အထက်ရွှမ်နန်းတော်ငါးခုသည် အင်တိုက်အားတိုက် ဆောင်ရွက်ကြပြီး အောက်ရွှမ်နန်းတော်ငါးခုသည် အပြည့်အဝ ထောက်ပံ့ပေးခဲ့ကြသည်။
အင်အားစုအားလုံးသည် နန်းတော်ထဲမှာ သူတို့ပြောကြားခဲ့သည့်အတိုင်း သူတို့၏ ကိုယ့်ကျိုးစီးပွားကို ဘေးချိတ်ထားကြပြီး တစ်ယောက်နှင့်တစ်ယောက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြသည်။
ယခင်စစ်ပွဲများနှင့်မတူညီသည်မှာ ကောင်းကင်နက်မျိုးနွယ်နှင့် ဤတစ်ကြိမ်စစ်ပွဲတွင် ဧကရာဇ်၏ သားသမီးအားလုံး ပါဝင်လာကြသည်။ သူတို့ကို အဓိကထား၍ သူတို့၏ အနောက်မှ အင်အားစုများကိုလည်း စစ်ပွဲထဲသို့ ဝင်ရောက်စေသည်။
ထို့ကြောင့် မကြာမီ နန်းမြို့တော်ထဲမှ တည်နေရာပြောင်းရွှေ့ခြင်း အစီအရင်များသည် ဆက်တိုက် အသက်ဝင်လာကြသည်။ အင်ပါယာအမိန့်တော်များအရ လူတိုင်းသည် သက်ဆိုင်ရာဦးတည်ရာများဆီသို့ တည်နေရာပြောင်းရွှေ့သွားကြသည်။ နင်ယန်သည်လည်း ရွှီချင်းကို ကောင်းမွန်စွာ နှုတ်ဆက်လိုက်သည်။ သူက ရွှီချင်း၏ ကိုယ်စားပြုသူအနေဖြင့် ဖုန်းဟိုင်ဒေသငယ်ဆီသို့ ပြန်သွားရလိမ့်မည်။
ရွှီချင်းသည်လည်း ထွက်ခွာသွားသည်။
သို့သော်လည်း သူက မထွက်ခွာခင် စစ်ပွဲ၏ လေထုဖြင့် ပြည့်နှက်နေသော နန်းမြို့တော်ကို ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူက သေမျိုးလောကမေ့လျော့ခြင်းမျှော်စင်ဆီသို့ ရောက်ရှိသွားသည်။
ယခု ထိုအဆောက်အဦးသည် ချိပ်ပိတ်ခံထားရပြီး ဟာလာဟင်းလင်းဖြစ်နေသည်။
အဆောက်အဦး၏ အပြင်ဘက်မှာ ရပ်နေစဉ် အဝေးသို့ လှမ်းမျှော်ကြည့်နေသော ရွှီချင်းသည် တခစ်ခစ် ရယ်မောသံကို ကြားလိုက်ရသည်။
“ မောင်လေး… မင်းရဲ့ လူသားမျိုးနွယ်က အခု အရမ်းအလုပ်များနေတယ်… မောင်လေးက မမဆီကနေ အကူအညီလာတောင်းတာလား ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ နတ်ဘုရားများကို ကောင်းမွန်စွာ သူနားလည်ထားသည်။ နတ်ဘုရားများသည် စိတ်ခံစားချက်မရှိသော တည်ရှိမှုများ ဖြစ်ကြသည်။
နတ်ဘုရားများ၏ မျက်လုံးထဲတွင် သက်ရှိအားလုံးသည် ပုရွက်ဆိတ်များသာ ဖြစ်ကြသည်။ သူတို့က တစ်ဖက်လူ၏ ရှည်လျားသော ဘဝတွင် ပန်းချီကားထဲမှ ငါးတစ်ကောင်မျှသာ ဖြစ်သည်။
သူက ခေါင်းခါလိုက်သည်။
ရွှံ့မြေခွေးသည် တခစ်ခစ် ရယ်မောလိုက်သည်။
“ အဲ့ဒါကြောင့် မမက မောင်လေးကို သဘောကျနေရတာ ”
“ တကယ်တော့ မောင်လေးက မမကို အကူအညီတောင်းမယ်ဆိုရင်တောင် အသုံးမဝင်ဘူး… အဲ့ဒါက မောင်လေးရဲ့ ပုဂ္ဂိုလ်ရေးပြဿနာဆိုရင် မောင်လေးရဲ့ ယန်အဆီအနှစ်ကို ထောက်ထားပြီးတော့ မမက ကူညီပေးနိုင်သေးတယ်… ဒါပေမဲ့ ဒီဟာက မျိုးနွယ်စုနှစ်ခုကြားက စစ်ပွဲဖြစ်လို့ ကြီးမားတဲ့ ကမ္မရှိတယ်… ဒါကြောင့် မောင်လေးက ပိုပြီးကြီးမားတဲ့ အပေးအယူကို မပေးနိုင်ဘူးဆိုရင်… မမက ကူညီပေးနိုင်မှာ မဟုတ်ဘူး ”