← Chapters

ယန်ယန်ထက် နိမ့်တယ်

Vol. 79 Ch. 1224

ယန်ယန်ထက် နိမ့်တယ်

Vol. 79 Ch. 1224

နန်းမြို့တော်၏ ကောင်းကင်သည် မင်ရည် ယိုဖိတ်ထားသကဲ့သို့ မည်းမှောင်နေပြီး ချောက်ချားဖွယ်ကောင်းသည်။

ဝင်လုဆဲဆဲ နေလုံးသည် အနောက်အရပ်သို့ တဖြည်းဖြည်း ဝင်ရောက်သွားနေပြီး နောက်ဆုံးနေရောင်ခြည်သည်လည်း အဝေးသို့ လွင့်ပြယ်သွားနေသည်။

ကမ္ဘာမြေပေါ်ကို လွှမ်းခြုံထားသည့် တစ်ခုတည်းသော အလင်းရောင်မှာ မီးခိုးရောင်ဖြစ်သည်။ ဤသည်မှာ လောကကြီးတစ်ခုလုံးက ဖိနှိပ်ခံနေရသည့်အလားပင်။

ကောင်းကင်ပေါ်မှ တိမ်တိုက်များသည် ထိုလေထုနှင့် ပေါင်းစပ်သွားဟန်ရပြီး ကောင်းကင်နှင့် တစ်သားတည်း ဖြစ်လာသည်။

လမ်းမများပေါ်မှ လမ်းသွားလမ်းလာများသည် မြန်မြန်သွက်သွက် လှုပ်ရှားနေကြသည်။ အင်ပါယာအမိန့်တော်များ၏ အသေးစိတ်အကြောင်းအရာကို သူတို့က မသိထားကြသော်လည်း သွေးနီရောင်ရွှမ်ငှက်အများအပြားကို မြင်တွေ့ခဲ့လေရာ ကပ်ဘေးတစ်ခု ကျရောက်လာတော့မည်ဖြစ်ကြောင်း ခန့်မှန်းနိုင်ကြသည်။

ထို့ပြင် စစ်တပ်၏ စတင်ရွေ့လျားမှုက သူတို့၏ ခန့်မှန်းမှုကို အတည်ပြုပေးခဲ့သည်။

ဤခေတ်တွင် လူသားမျိုးနွယ်သည် ဝမ်းနည်းဖွယ်ကောင်းသော အခြေအနေမှာ ရှိသည်။

သို့ဖြစ်၍ အမှောင်ထုသည် လူသားလောက၏ အဓိကအရောင်ဖြစ်လာပြီး အရာအားလုံးကို အမှောင်ထုဖြင့် လွှမ်းခြုံသွားသည်။ လျှပ်စီးသည် ရှေ့တော်ပြေးအနေဖြင့် အမှောင်ထုထဲမှာ ဖြတ်သန်းသွားသည်။

လေသည် ဆောင်းရာသီ၏ အအေးဓာတ်ကို မဆောင်ကြဉ်းနိုင်တော့ပေ။ ဤသည်မှာ နွေဦးရာသီရောက်ရှိလာပြီဟူသော အမှတ်လက္ခဏာ ဖြစ်သည်။ သို့တိုင် လေက လူ့အရေပြားပေါ်သို့ ကျရောက်လာသည့်အခါ ဆောင်းရာသီထက်ပင် ပိုပြီးချမ်းအေးသည်။

ရွှီချင်းသည် ယင်းကို အာရုံခံမိသည်။ သို့သော်လည်း သူက ယင်းကို နေသားကျနေပြီ ဖြစ်သည်။

သူက သေမျိုးလောကမေ့လျော့ခြင်းမျှော်စင်၏ အပြင်ဘက်မှာ ရပ်နေစဉ် ရွှံ့မြေခွေး၏ စကားကို ကြားသောအခါ အံ့ဩသွားခြင်း မရှိပေ။

သူက နတ်ဘုရားများအကြောင်းကို ပုံမှန်လူများထက် ပိုပြီးနားလည်သည်။

ဤနေရာသို့ သူရောက်လာသည်မှာ တခြားရည်ရွယ်ချက်ကြောင့် ဖြစ်သည်။

“ နီလာနတ်သမီးက သေသွားပြီ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

“ ဒါပေါ့ မမသိတယ်လေ… မောင်လေး… မင်းဘာပြောချင်နေတာလဲ ”

ရွှံ့မြေခွေးသည် ရယ်မောလိုက်ပြီး ပြောသည်။ သူ၏ အသံထဲမှာ ဆွဲဆောင်မှုတစ်မျိုး ပါဝင်နေသည်။

“ ဒါပေမဲ့ အနီရောင်လဂြိုလ်က အဲ့ဒီမှာ ရှိနေတုန်းပဲ ”

ရွှီချင်းက စကားပြောလိုက်သည့်အခါ သေမျိုးလောကမေ့လျော့ခြင်းမျှော်စင်၏ အရှေ့တွင် လှိုင်းဂယက်တစ်ခု ပျံ့နှံ့ထွက်လာသည်။

ရွှီချင်းက တည်ငြိမ်စွာ ဆက်ပြောသည်။

“ အနီရောင်လ ပြန်လာနေတာကို ငါအာရုံခံနိုင်တယ် ”

“ အတိတ်မှာ ငါက နီလာနတ်သမီးရဲ့ အခွင့်အာဏာကို ခိုးယူခဲ့တယ်… ဒါကြောင့် ငါ့အာရုံက မမှားနိုင်ဘူး… မကြာခင် အနီရောင်လဂြိုလ်က ဝမ်ကူးကုန်းမြေရဲ့ ကောင်းကင်ပေါ်မှာ နောက်တစ်ကြိမ် ထွက်ပေါ်လာလိမ့်မယ်… အဲ့ဒီအချိန်ကျရင် အနီရောင်လဂြိုလ်ပေါ်မှာ ရပ်နေမယ့်လူက လီဇီဟွား ဒါမှမဟုတ် တခြားတစ်ယောက် ဖြစ်နိုင်တယ် ”

“ အဲ့ဒီလူက ဘယ်သူပဲဖြစ်ပါစေ သူက ယှဉ်ပြိုင်ဖို့ ရွေးချယ်လိမ့်မယ်… နီလာနတ်သမီးရဲ့ အသွေးအသားတွေကို ဝါးမျိုခဲ့တဲ့ ငါတို့တွေက သူ့ရဲ့ ပစ်မှတ်ဖြစ်လာနိုင်တယ် ”

“ အဲ့ဒါက အစေ့တွေနဲ့ တူတယ်… အစေ့တွေက ရှင်သန်ကြီးထွားလာတဲ့အခါ ရိတ်သိမ်းဖို့ အချိန်ကျပြီ ”

ရွှီချင်း၏ အသံသည် အဆောက်အဦးထဲသို့ ပျံ့လွင့်သွားသည်။ အချိန်အတော်ကြာပြီးနောက် ရွှံ့မြေခွေးသည် တခစ်ခစ်ရယ်မောလိုက်သည်။

“ မောင်လေး… မင်းရဲ့ စကားတွေက အတော်စိတ်ဝင်စားဖို့ကောင်းတာပဲ… ဒါပေမဲ့ မမမြင်ခဲ့တဲ့ အနာဂတ်မှာ အဲ့ဒါမပါဘူး ”

နတ်ဘုရားက အနာဂတ်ကို မြင်နိုင်ခြင်းနှင့်ပတ်သက်ပြီး ရွှီချင်း မငြင်းပေ။ သူက ဆက်ပြောသည်။

“ နီလာနတ်သမီးက လီဇီဟွားရဲ့ ညီမပါ… သူတို့က မွေးဖွားပြီးမှ နတ်ဘုရားဖြစ်လာကြတဲ့ သူတွေပါ… သူတို့က မွေးရာပါနတ်ဘုရားဖြစ်လာတဲ့သူတွေ မဟုတ်ဘူး ”

“ ပဉ္စမမင်းသားကို ဥပမာယူကြည့်ပါ… သတ္တမမင်းသားကို ငါက မှန်ကန်တဲ့ အကြောင်းအရင်းနဲ့ သတ်ဖြတ်ခဲ့တယ်ဆိုတာကို သူသိတယ်… ဒါပေမဲ့ သူက အကိုကြီးတစ်ယောက်အနေနဲ့ ငါ့ကို စိန်ခေါ်တိုက်ခိုက်ခဲ့တယ်… ပြီးတော့ ငါ့မှာလည်း အကိုတစ်ယောက်ရှိတယ်… တစ်ယောက်ယောက်က ငါ့ကို သတ်ဖို့ ကြိးစားမယ်ဆိုရင် သူက တားဆီးမှာ မဟုတ်ဘူး… ဒါပေမဲ့ ငါသေသွားပြီးရင် သူက အဲ့ဒီကမ္မကို ရှင်းလင်းဖို့ ဆောင်ရွက်လိမ့်မယ်ဆိုတာ ငါယုံကြည်တယ် ”

ရွှံ့မြေခွေးသည် နှုတ်ဆိတ်သွားသည်။ ဤသည်မှာ သူက တွေးတောနေသည့်အလားပင်။ တစ်ခဏကြာပြီးနောက် ဆွဲဆောင်မှုလျော့နည်းသွားပြီး တည်ကြည်လေးနက်သော အသံက ပျံ့လွင့်ထွက်လာသည်။

“ စိတ်ဝင်စားဖို့ကောင်းတဲ့ ကောက်ချက်ချမှုပဲ… ဒီဖြစ်နိုင်ခြေက မမြင့်မားဘူးဆိုပေမဲ့ အကျိုးအကြောင်းဆီလျော်တယ်… ဒီတော့ မောင်လေးက မမဆီကနေ ဘာလိုချင်တာလဲ ”

ရွှီချင်းသည် အရိုအသေပေးလိုက်သည်။

“ အဆင့်မြင့်နတ်ဘုရားမီးလျှံကြယ်… ကျွန်တော့်ကို မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ မဟာအမဲလိုက်ပွဲတော်မှာ ပါဝင်နိုင်ဖို့ ခွင့်ပြုချက်ပေးပါ ”

“ မမ မင်းကို စိတ်ဝင်စားတာ တကယ်မမှားဘူး… မင်းက တချို့အချိန်တွေမှာ အရမ်းရယ်စရာကောင်းတယ်… မင်းက ဒီလိုအခြေအနေမျိုးမှာ အဲ့လိုနည်းလမ်းတစ်ခုကို စဉ်းစားနိုင်တယ် ”

ရွှံ့မြေခွေးက ရယ်မောလိုက်သည်။

“ မင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ မဟာအမဲလိုက်ပွဲတော်မှာ ရွှမ်ထျန်းစစ်သူကြီးဘွဲ့ကို ရရှိမယ်ဆိုရင် မီးလျှံလမျိုးနွယ်မှာ ဂုဏ်သရေရှိအဆင့်အတန်းကို ပိုင်ဆိုင်နိုင်လိမ့်မယ် ”

“ ဒါ့အပြင် မဟာအမဲလိုက်ပွဲတော်တိုင်းမှာ ထွက်ပေါ်လာတဲ့ ရွှမ်ထျန်းစစ်သူကြီးဟာ သူတော်စင်နတ်ဆရာသုံးပါးဆီကနေ ဆုလာဘ်တောင်းဆိုဖို့ အခွင့်အရေးတစ်ခု ရရှိလိမ့်မယ် ”

“ မင်းက အဲ့ဒီအခွင့်အရေးကို အသုံးချပြီး မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ကို လူသားမျိုးနွယ်နဲ့ စစ်မဖြစ်အောင် တောင်းဆိုချင်တာလား… အဲ့ဒါတော့ ဖြစ်နိုင်မှာမဟုတ်ဘူး ”

ရွှံ့မြေခွေးသည် ကျီစယ်သော အသံဖြင့် ပြောသည်။ သူ့အတွက်တော့ လူသားမျိုးနွယ်၏ အသက်ရှင်သန်ရေးသည် ပန်းပွင့်တစ်ပွင့်ထက် မပိုပေ။

ရွှီချင်းက ခေါင်းခါလိုက်သည်။

“ တကယ်လို့ ငါအောင်မြင်သွားရင် အဲ့လိုတောင်းဆိုမှာ မဟုတ်ပါဘူး ”

“ ဒါဆိုရင် မင်းက ဘာကို တောင်းဆိုမှာလဲ ”

ရွှံ့မြေခွေးသည် အနည်းငယ် စူးစမ်းသိချင်လာသည်။

“ တကယ်လို့ ငါအောင်မြင်သွားတဲ့အခါကျရင် အဆင့်မြင့်နတ်ဘုရား အလိုလိုသိလာပါလိမ့်မယ် ”

ရွှီချင်းသည် သေမျိုးလောကမေ့လျော့ခြင်းမျှော်စင်ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။

တခစ်ခစ်ရယ်သံသည် အဆောက်အဦးထဲမှ ထွက်ပေါ်လာသည်။

“ မင်းက လူဆိုးလေးပဲ… ထားလိုက်ပါတော့… မင်းရဲ့ ယန်အဆီအနှစ်ပေါ်ထောက်ထားပြီး ဒီတောင်းဆိုမှုကို ငါလိုက်လျောပေးလိုက်မယ် ”

သူ၏ စကားဆုံးသွားသည့်အခါ ပန်းရောင်အလင်းသည် အဆောက်အဦးထဲမှ ပျံသန်းထွက်လာပြီး ရွှီချင်း၏ အရှေ့သို့ တန်းမတ်စွာ ရောက်ရှိသွားသည်။ ယင်းက ရွှီချင်း၏ အရှေ့တွင် ရပ်တန့်သွားပြီး ပန်းရောင်တုံကင်တစ်ခုသို့ ပြောင်းလဲသွားသည်။

တုံကင်၏ အရှေ့ဘက်ခြမ်းတွင် မြေခွေးတစ်ကောင်၏ ပုံရိပ်ရှိပြီး အနောက်ဘက်ခြမ်းတွင် တောင်တန်းများနှင့် မြစ်ချောင်းများ၏ ပုံရိပ် ရှိသည်။

ရွှီချင်းသည် တုံကင်ကို ဖမ်းဆုပ်လိုက်ပြီး ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာ ပျင်းရိသော အသံသည် သေမျိုးလောကမေ့လျော့ခြင်းမျှော်စင်ထဲမှ ပျံ့လွင့်လာသည်။

“ မဟာအမဲလိုက်ပွဲတော်နဲ့ ပတ်သက်ပြီး ပြိုင်ပွဲအကြောင်းကို မမ မင်းကို ကြိုပြောနိုင်တယ်… ဒီဟာက မင်းအပေါ် မမရဲ့ မျက်နှာသာပေးမှုဆိုတာ မင်းသိထားရမယ်… ဘာလို့လဲဆိုတော့ တခြားတစ်ယောက်သာဆိုရင် မမက ဒီအကြောင်းတွေကို လေကုန်ခံပြီး ပြောနေမှာ မဟုတ်ဘူး ”

ရွှံ့မြေခွေး၏ အသံထဲမှ ဆွဲဆောင်မှုသည် ပိုပြီးအားကောင်းလာသည်။

ရွှီချင်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူက လက်သီးဆုပ်၍ အရိုအသေပေးပြီးနောက် စိတ်ဝင်တစား နားထောင်သည်။ ဤသတင်းအချက်အလက်သည် အလွန်အရေးကြီးကြောင်း သူနားလည်သည်။

စောစောက သူပြောခဲ့သည့်အတိုင်း သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ မဟာအမဲလိုက်ပွဲတော်မှာ ပါဝင်ခွင့်ရရန် ဤနေရာကို ရောက်လာခဲ့ခြင်း ဖြစ်သည်။

လပူဇော်ဒေသကြီးဆီသို့ ပြန်သွားခြင်းသည်တော့ ရွှီချင်းက ယင်းကို အဓိကအာရုံမစိုက်ခဲ့ပေ။ အိမ်ရှေ့စံမင်းသား၊ တခြားလူများနှင့် သူ့ကြားမှ ဆက်ဆံရေးကြောင့် အကယ်၍ သူသာ ဆန္ဒပြင်းပြစွာ တောင်းဆိုမည်ဆိုလျှင် သူတို့က ဝင်ရောက်ကူညီပေးရန် ရာခိုင်နှုန်းများပေသည်။

သို့သော်လည်း သူက အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ ဆန္ဒများကိုလည်း ထည့်သွင်းစဉ်းစားရပေမည်။ ထို့ကြောင့် ရွှီချင်းက သူ့ဘာသာ ဖြေရှင်းချက်တစ်ခုကို စဉ်းစားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူ၏ အစီအစဉ်က အလုပ်မဖြစ်ခဲ့လျှင် လပူဇော်ဒေသကြီးဆီသို့ သူသွားလိမ့်မည်။

ထို့ပြင် ရွှီချင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဆီသို့ သွားရောက်ရသည့် တခြားအကြောင်းအရင်းရှိပေသည်။

ယင်းက နင်ယန်အတွက် အကျိုးဆောင်ပေးရန် ဖြစ်သည်။

နင်ယန်က အိမ်ရှေ့စံမင်းသားဖြစ်လာမှသာ သူက ရှေးဘုရင်ဂြိုလ်ဆီသို့ ဝင်ရောက်ပြီး ခရမ်းမီးအိမ်ကို ယူဆောင်နိုင်လိမ့်မည်။

ကောင်းကင်နက်မျိုးနွယ်ဆီသို့ ဦးတည်သွားသည့် နင်ယန်၏ တိုက်ပွဲကုသိုလ်များက မလုံလောက်သေးကြောင်း ရွှီချင်း ခံစားမိသည်။

အကယ်၍ သူသာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဆီမှ အကျိုးဆောင်မှုများကို ထပ်ပေါင်းထည့်ပေးနိုင်မည်ဆိုလျှင် နင်ယန်သည် အိမ်ရှေ့စံမင်းသားဖြစ်ရန် အခွင့်အရေး ပိုများသွားလိမ့်မည်။

ရွှီချင်းက တွေးတောနေစဉ် ရွှံ့မြေခွေး၏ အသံက ပျံ့လွင့်လာသည်။

“ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ မဟာအမဲလိုက်ပွဲတော်ကို အပိုင်းသုံးပိုင်း ခွဲခြားထားတယ်… တကယ်လို့ မင်းက ရွှမ်ထျန်းစစ်သူကြီးဖြစ်ချင်တယ်ဆိုရင် အနည်းဆုံးတော့ ပြိုင်ပွဲတစ်ခုမှာ ပထမ ရရမယ်… တကယ်လို့ မင်းက ပြိုင်ပွဲသုံးခုစလုံးမှာ ပထမရမယ်ဆိုရင် ချီးမြှင့်ခံရမယ့် ဘွဲ့ဂုဏ်ပုဒ်က သာမန်ရွှမ်ထျန်းစစ်သူကြီး မဟုတ်တော့ဘူး ”

“ မဟာရွှမ်ထျန်းစစ်သူကြီးဆိုတဲ့ ဘွဲ့ဂုဏ်ပုဒ်ကို ချီးမြှင့်ခံရလိမ့်မယ် ”

ရွှံ့မြေခွေး၏ အသံထဲမှာ မျှော်လင့်သော အရိပ်အမြွက် ပါရှိသည်။

“ မဟာရွှမ်ထျန်းစစ်သူကြီးတစ်ပါး မပေါ်ထွန်းခဲ့တာ နှစ်တွေအရမ်းကြာသွားခဲ့ပြီ ”

“ အမဲလိုက်ပွဲတော်ရဲ့ ပထမပြိုင်ပွဲက စတင်နေပြီ… အဲ့ဒါက နှစ်ဝက်လောက် ကြာမြင့်လိမ့်မယ် ”

“ ပထမပြိုင်ပွဲက တောင်ကို ရွှေ့ပြောင်းခြင်း ”

“ အဲ့ဒါက ရိုးရိုးတောင်မဟုတ်ဘူး… တားမြစ်တောင်ပဲ ”

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။

“ တားမြစ်တောင်လား ”

“ ဟုတ်တယ်… မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ နယ်နိမိတ်အတွင်းမှာပဲဖြစ်ဖြစ် အပြင်ဘက်မှာပဲဖြစ်ဖြစ် တားမြစ်ဇုန်ထဲမှာရှိတဲ့ ဘယ်တောင်မဆို အဆင်ပြေတယ် ”

ရွှံ့မြေခွေးက ပြုံးလိုက်သည်။

“ တားမြစ်တောင်တစ်လုံးက ပြိုင်ပွဲအတွက် လိုအပ်ချက်နဲ့ ကိုက်ညီတယ်လို့ သတ်မှတ်နိုင်ပေမဲ့ အဲ့ဒါက အနိမ့်ဆုံးလိုအပ်ချက်ပဲ… တကယ်လို့ မင်းက ပထမလိုချင်တယ်ဆိုရင် မင်းရွှေ့ပြောင်းမယ့် တားမြစ်တောင်က လူတိုင်းထက် ထူးခြားသာလွန်ရမယ် ”

“ ဒီပြိုင်ပွဲအတွင်းမှာ မင်းက တားမြစ်တောင်ကို မီးလျှံလရဲ့ နတ်ဘုရားတောင်တန်းပေါ်က နတ်ဘုရားမြို့တော်ဆီ သယ်ဆောင်သွားရမယ်… အဲ့ဒီက တောင်နဲ့ ပေါင်းစပ်ပြီးမှပဲ မင်းရဲ့ တာဝန်က ပြီးမြောက်ပြီလို့ သတ်မှတ်နိုင်မယ် ”

“ အဲ့ဒီအတောအတွင်းမှာ… ပြိုင်ပွဲဝင်သူအားလုံးက တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်နိုင်ပြီး လုယက်နိုင်တယ် ”

ထိုနေရာသို့ ရောက်သည့်အခါ ရွှံ့မြေခွေးက ရပ်တန့်လိုက်သည်။ သူ၏ စကားထဲမှာ သွေးလွှမ်းသော အရိပ်အမြွက်က အထင်အရှား ထွက်ပေါ်နေသည်။

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ ရွှံ့မြေခွေးက ဆက်ပြောသည်။

“ ဒုတိယပြိုင်ပွဲက ပိုပြီးစိတ်ဝင်စားဖို့ ကောင်းတယ်… အဲ့ဒါကို ထိန်းကျောင်းခြင်းလို့ ခေါ်တယ် ”

“ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲမှာ အင်အားအမျိုးမျိုးကို ပိုင်ဆိုင်ထားတဲ့ နတ်ဘုရားသက်ရှိတွေ အများအပြား ရှိတယ်… မင်းရဲ့ တာဝန်က အဲ့ဒီထဲက နတ်ဘုရားသက်ရှိတစ်ကောင်ကို မင်းရဲ့ ရွှမ်ထျန်းစီးတော်ယာဉ် ဖြစ်လာအောင် ထိန်းကျောင်းပေးဖို့ပဲ ”

“ နတ်ဘုရားသက်ရှိက ပိုပြီးသန်မာလေ ထိန်းကျောင်းဖို့ ပိုပြီးခက်ခဲလေပဲ… တကယ်လို့ မင်းက ပြိုင်ပွဲမှာ ပထမရချင်တယ်ဆိုရင် ဘယ်လောက်ခက်ခဲမလဲဆိုတာ စိတ်ကူးကြည့်နိုင်တယ်… တကယ်လို့ မင်းက သတိမထားဘူးဆိုရင် အစာဖြစ်လာလိမ့်မယ် ”

“ မောင်လေး… မင်းသေချာစဉ်းစားပါ… မမကို မင်းရဲ့ ယန်အဆီအနှစ် မပေးဘဲနဲ့တော့ မသေသွားရဘူးနော်… ပြီးတော့ မဟာအမဲလိုက်ပွဲတော်မှာဆိုရင် မမက အလွယ်တကူ ဝင်စွက်ဖက်နိုင်မှာမဟုတ်ဘူး ”

ဤသည်ကို ရွှီချင်းကြားသောအခါ သူက လေးနက်စွာ တွေးတောလိုက်သည်။ အမဲလိုက်ပွဲတော်၏ ဒုတိယပြိုင်ပွဲအတွက် လိုအပ်ချက်က အနည်းငယ် ထူးဆန်းသည်။

“ တတိယပြိုင်ပွဲကတော့ ရိုးရှင်းပေမဲ့ အရေးကြီးဆုံးပဲ ”

ဘိုးဘေးခန်းမဆောင်ထဲတွင် ရွှံ့မြေခွေးသည် နှုတ်ခမ်းသပ်လိုက်သည်။ မိစ္ဆာအလင်းသည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ အဲ့ဒါက နတ်ဘုရားနယ်မြေထဲမှာ အမဲလိုက်ခြင်းပဲ ”

“ အဲ့ဒီအချိန်ကျရင် မမရယ် တခြားအမနှစ်ယောက်ရယ်က အတူတကွ ပူးပေါင်းပြီး နတ်ဘုရားနယ်မြေတစ်ခုရဲ့ ဝင်ပေါက်ကို ဖွင့်လှစ်ပေးလိမ့်မယ် ”

“ ဘယ်သူ့ရဲ့ နတ်ဘုရားနယ်မြေလဲဆိုတာတော့ မမ မင်းကို မပြောပြနိုင်ဘူး… ဒါပေမဲ့ မင်းသဘောကျမယ်လို့ မမ ထင်တယ် ”

ရွှံ့မြေခွေးက တခစ်ခစ် ရယ်မောလိုက်သည်။

“ နယ်ဘုရားနယ်မြေရဲ့ ဝင်ပေါက်ကို ဖွင့်လှစ်ပြီးသွားရင် ပြိုင်ပွဲဝင်သူအားလုံးက အထဲဝင်ရောက်ရလိမ့်မယ်… နတ်ဘုရားနယ်မြေထဲက အသတ်ခံရတဲ့ သက်ရှိတွေရဲ့ စွမ်းအားနဲ့ အရေအတွက်ပေါ် မူတည်ပြီး အမှတ်ပေးမယ် ”

“ မင်းက များများသတ်နိုင်လေ အနိုင်ရဖို့ ပိုပြီးရာခိုင်နှုန်းများလေပဲ… ဒါပေမဲ့ မဟာအမဲလိုက်ပွဲတော်ကို ကျင်းပတဲ့အခါတိုင်း အဲ့ဒီနတ်ဘုရားနယ်မြေထဲမှာ ပြိုင်ပွဲဝင်သူ(၈၀)ရာခိုင်နှုန်းက သေဆုံးသွားကြလေ့ ရှိတယ် ”

“ တိုက်ခိုက်ခံရတဲ့ လူတချို့က နတ်ဘုရားအသားအဖြစ် ပြောင်းလဲသွားတာမျိုး ရှိတယ် ”

“ အဲ့ဒီနတ်ဘုရားအသားတွေကို မမရဲ့ အချစ်လေးတွေဆီ ကျွေးနိုင်တယ်… တစ်ခါတစ်လေ အရသာရှိတဲ့ အသားကို တွေ့တယ်ဆိုရင် မမကိုယ်တိုင်လည်း တစ်ကိုက်နှစ်ကိုက် ဝင်စားလေ့ရှိတယ် ”

“ အဲ့ဒါက နတ်ဘုရားတွေအတွက် ပျော်ပွဲရွှင်ပွဲတစ်ခုပဲ… တကယ်လို့ မောင်လေးက ဝင်ပြိုင်မယ်ဆိုရင်တော့ ဒီပွဲကို သေချာဂရုတစိုက် ကြည့်မှရတော့မယ် ”

“ ဒါပေမဲ့ မောင်လေးသေသွားလို့ မောင်လေးရဲ့ အသားတွေကို တခြားလူတွေ စားသောက်နေမှာ မမ မကြည့်ရက်ဘူး… ဒီတော့ မမရဲ့ နတ်ဘုရားအခွင့်အာဏာကို အသုံးပြုပြီး မောင်လေးရဲ့ အသားတွေကို မမတစ်ယောက်ပဲ စားပစ်တာ ကောင်းမယ်နော် ”

“ မောင်လေး… မမအကြံက ကောင်းတယ်လို့ မထင်ဘူးလား ”

ရွှံ့မြေခွေး၏ အသံသည် သိမ်မွေ့နူးညံ့သော်လည်း သူ့စကား၏ နောက်ကွယ်မှ အဓိပ္ပာယ်သည် တစ်စုံတစ်ယောက်ကို ကျောချမ်းသွားစေနိုင်သည်။

ရွှီချင်းသည် ယင်းကို ဂရုမစိုက်ပေ။ ထို့ကြောင့် သူက ခေါင်းညိတ်လိုက်သည်။

“ ဟုတ်ပြီ ”

နတ်စင်ထဲတွင် ရွှံ့မြေခွေးသည် ဆွဲဆောင်မှုရှိစွာ တခစ်ခစ် ရယ်မောလိုက်သည်။ သူ၏ ရယ်သံကြောင့် နတ်စင်သည် တုန်ယင်သွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အမှုန်အမွှားများပင် အောက်သို့ ပြုတ်ကျသွားကြသည်။ သူ၏ မျက်လုံးက ပိုပြီး လင်းလက်တောက်ပလာပြီး ဆွဲဆောင်မှုရှိစွာ နှုတ်ခမ်းသပ်လိုက်သည်။

“ ဒီတစ်ကြိမ်တော့ တကယ်ပြောတာ မောင်လေး… မမ မင်းကို ပိုပိုပြီး သဘောကျလာနေပြီ ”

ရွှီချင်းသည် သေမျိုးလောကမေ့လျော့ခြင်းမျှော်စင်ကို ကြည့်လိုက်သည်။ ထိုသို့စကားနှင့် တူညီသော ခံစားမှုမျိုးကို အတိတ်တွင် သူသည် ယန်ယန်ဆီမှ တွေ့ကြုံခဲ့ဖူးသည်။ အမှန်မှာ ယန်ယန်နှင့် နှိုင်းယှဉ်လျှင် ရွှံ့မြေခွေးသည် အနည်းငယ် နိမ့်ကျနေသေးသည်။

ရွှံ့မြေခွေး၏ စွမ်းအားကို ထည့်မစဉ်းစားလျှင် ယန်ယန်နှင့် သူကြားမှာ ကွာဟမှုရှိသည်။

သို့ဖြစ်၍ ရွှီချင်းက မည်သည့်စကားမှ ပြန်မပြောပေ။ သူက လက်သီးဆုပ်၍ အရိုသေပေးပြီးနောက် အနောက်လှည့်ကာ ထွက်သွားသည်။ ညအမှောင်အောက်တွင် သူ၏ ပုံရိပ်သည် တဖြည်းဖြည်း ဝေဝါးလာပြီး အမှောင်ထုနှင့် တစ်သားတည်း ဖြစ်သွားသည်။

ညကောင်းကင်၏ အမှောင်ထုအောက်တွင် နန်းမြို့တော်သည် တိတ်ဆိတ်ငြိမ်သက်နေသည်။ အချိန်အတော်ကြာပြီးနောက် ချိပ်ပိတ်ခံထားရသော သေမျိုးလောကမေ့လျော့ခြင်းမျှော်စင်ထဲ၌ နတ်စင်ပေါ်မှ ရွှံ့မြေခွေးသည် အဝေးသို့ ခေါင်းလှည့်လိုက်သည်။

“ အတိတ်မှာ ဒုတိယအမက တစ်စုံတစ်ယောက်ကို ချစ်မိသွားခဲ့တယ်… ချစ်မိတယ်ဆိုတာ ဒီခံစားမှုကို ပြောတာလား မသိဘူး… ”

All Chapters