မီးလျှံလဆီသို့ ခရီးထွက်ခြင်း
Vol. 79 Ch. 1225
မဟာနန်းမြို့တော်ဒေသကြီးသည် အလွန်ကျယ်ပြောပြီး အကန့်အသတ်မဲ့ဟန် ရသည်။
ယနေ့သည် စစ်ပွဲစတင်ပြီး ငါးရက်မြောက်နေ့ ဖြစ်သည်။
အနောက်မြောက်ပိုင်းနယ်စပ်ဒေသတွင် လူသားမျိုးနွယ်သည် ဟိုးယခင်ကတည်းက မဟာတံတိုင်းတစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ယင်းက ဧရာမနဂါးသဖွယ် တည်ရှိပြီး သူတို့ကို မျိုးနွယ်ခြားများနှင့် ခွဲခြားထားသည်။
ထိုမဟာတံတိုင်းသည် အနောက်မှ မြောက်ဘက်ဆီသို့ ကြီးကျယ်ခမ်းနားစွာ ဆန့်တန်းတည်ရှိနေသည်။ ယင်းက ထောင့်ဖြတ်မျဉ်းပမာ ကုန်းမြေကို ဖြတ်သန်းနေသည်။ မဟာတံတိုင်း၏ အရောင်သည် အနက်ရောင်ဖြစ်ပြီး ခြိမ်းခြောက်သော အရှိန်အဝါကို ပေးသည်။
စစ်ပွဲစတင်ပြီးနောက်ပိုင်း အဝင်အထွက်လမ်းကြောင်းအားလုံးကို လုံးဝချိပ်ပိတ်လိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်မှာ ကောင်းကင်ဘုရင်တစ်ပါး၏ တံဆိပ်တော်မရှိလျှင် ဖြတ်သန်းသွားလာခွင့် မပြုပေ။
မဟာတံတိုင်း၏ အပြင်ဘက် နယ်နိမိတ်သည်တော့ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ပိုင်နက်နယ်မြေဖြစ်သည်။ သို့သော်လည်း ယင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အဓိကနယ်မြေ မဟုတ်ပေ။ ယင်းအစား ၎င်း၏ လက်အောက်ခံမျိုးနွယ်စုများဖြင့် ဖွဲ့စည်းထားသော ဒေသကြီးများသာ ဖြစ်ကြသည်။ ဒေသကြီးခုနစ်ခုကို ကျော်ဖြတ်ပြီးမှသာလျှင် တစ်စုံတစ်ယောက်သည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အဓိကနယ်မြေဆီသို့ ရောက်ရှိနိုင်လိမ့်မည်။
မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ပိုင်နက်နယ်မြေသည် အလွန်ကြီးမားသည်။
“ မီးလျှံလနဲ့ သူ့ရဲ့ လက်အောက်ခံမျိုးနွယ်စုတွေဆီမှာ စုစုပေါင်း ဒေသကြီး(၈၇)ခုရှိတယ်… ဒေသကြီးတစ်ခုစီက လူသားမျိုးနွယ်ရဲ့ မဟာနန်းမြို့တော်ဒေသကြီးကို မယှဉ်နိုင်ဘူးဆိုပေမဲ့ အတိုင်းအတာတစ်ခုထိ အံ့ဩဖို့ကောင်းတယ် ”
ပျင်းရိသော အသံသည် ရွှီချင်း၏ နားထဲသို့ ပဲ့တင်ထပ်လာသည်။
ဤအခိုက်အတန့်မှာ အနောက်မြောက်ပိုင်းမှ အမှောင်မြို့တော်နှင့် ကီလိုမီတာထောင်ပေါင်းများစွာ ဝေးကွာသော ကောင်းကင်တစ်နေရာတွင် ဧရာမသင်္ဘောတစ်စီးကို နဂါးခုနစ်ကောင်က ဆွဲနေကြသည်။ ၎င်းတို့သည် နယ်စပ်ဒေသဆီသို့ ဦးတည်သွားနေကြပြီး ဟိန်းဟောက်နေကြသည်။
ဧရာမသင်္ဘောပေါ်တွင် ကျင့်ကြံသူရာထောင်ချီ ရှိကြသည်။
လူတိုင်းသည် သေသပ်စွာ ဝတ်ဆင်ထားကြပြီး တည်ကြည်လေးနက်သော အမူအရာနှင့် တမူထူးခြားသော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။
သင်္ဘော၏ ရှေ့ဦးပိုင်းတွင် သက်လတ်ပိုင်းအမျိုးသားတစ်ယောက် မတ်တတ်ရပ်နေသည်။ သူက ထွားကြိုင်းသန်မာပြီး ပုံမှန်လူတစ်ယောက်ထက် အရပ်ပိုရှည်သည်။ သူ၏ အနက်ရောင်ဆံပင်ရှည်ကို ရွှေရောင်ဖဲကြိုးများဖြင့် စည်းနှောင်ထားလေရာ လေတိုးဝှေ့လာသည့်အခါတိုင်း ဖဲကြိုးများသည် တဖျပ်ဖျပ်လွင့်မျောသွားကြသည်။
သူက ခမ်းနားထည်ဝါသော ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ဝတ်စုံပေါ်တွင် ရွှေရောင်နဂါးပုံကို ဇာပန်းထိုးထားလေရာ ယင်းက တော်ဝင်အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထို့ပြင် သူ၏ ခါးတွင် ပတ်ထားသော ကျောက်စိမ်းခါးပတ်က သူ့အား ပိုပြီးမြင့်မြတ်ထည်ဝါစေသည်။
သူ၏ မျက်နှာသည် နူးညံ့သိမ်မွေ့ခြင်း မရှိပေ။ အနည်းငယ် ခက်ထန်သည်။ သူ့မှာ ထူထဲသော မျက်ခုံးများနှင့် ကြီးမားသော မျက်လုံးများရှိသည်။ သို့တိုင် သူ၏ နှုတ်ခမ်းက ပါးလွှာနေပြီး သူ၏ ခန္ဓာကိုယ်မှ မမြင်နိုင်သော ဂုဏ်ကျက်သရေကို ပေးစွမ်းနေသည်။ အဝေးမှကြည့်လျှင် တစ်စုံတစ်ယောက်သည် သူ့ကို လူသားဧကရာဇ်ဖြင့် မှားယွင်းနိုင်ပေသည်။
ထိုသူက မင်းသားကြီးမှလွဲ၍ တခြားလူမဟုတ်ပေ။
သူက မင်းသားများထဲတွင် လူသားဧကရာဇ်၏ အသွင်ပုံစံ၊ အမူအကျင့်နှင့် အတူညီဆုံးလူ ဖြစ်သည်။
ဤအခိုက်အတန့်မှာ သူက လှေဦးပိုင်းတွင် ရပ်နေပြီး အဝေးသို့ တည်ကြည်လေးနက်သော အမူအရာဖြင့် ကြည့်နေသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အလွန်သိပ်သည်းသော အသက်ဓာတ်ကို ထုတ်လွှတ်နေသည်။ ယင်းက နေလုံးတစ်လုံးနှင့် ဆင်တူပြီး သူ၏ အနောက်မှ လူတိုင်းကို ထွန်းလင်းတောက်ပစေသည်။
ဤသည်မှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်နှင့် ညှိနှိုင်းဆွေးနွေးရန် မင်းသားကြီးဦးဆောင်သော သံတမန်အဖွဲ့ဖြစ်သည်။ ဤခရီးစဉ်တွင် မင်းသားကြီး၏ ကိုယ်ရံတော်များနှင့် အောက်ရွှမ်နန်းတော်ငါးခုမှ အရာရှိများလည်း လိုက်ပါလာကြသည်။
စောစောက စကားပြောလိုက်သူမှာ မင်းသားကြီးမဟုတ်ပေ။ ယင်းအစား ဧရာမသင်္ဘောပေါ်ရှိ လူများထဲမှ သာမန်အသွင်ပုံစံနှင့် အစောင့်အကြပ်တစ်ယောက် ဖြစ်သည်။
ထိုအစောင့်အကြပ်သည် တည်ကြည်လေးနက်နေပြီး သတိကြီးစွာထားနေသည်။ သူက အမြဲတမ်း အဆင့်သင့်ဖြစ်နေပြီး အချိန်မရွေး တာဝန်ကျေပွန်လိမ့်မည်ဟူသော ခံစားမှုကို ပေးသည်။ စောစောက စကားကို သူ၏ ပါးစပ်ဖြင့် ပြောခဲ့ခြင်း မဟုတ်ပေ။ ယင်းအစား သူ၏ ဝမ်းဗိုက်ဆီသို့ အသံပို့လွှတ်ခဲ့ခြင်းဖြစ်သည်။
သူ၏ ဝမ်ဗိုက်ထဲ၌ သွေးနီရောင်အရှိန်အဝါကြားမှာ ရွှီချင်းက တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ မျက်နှာပေါ်တွင် အကူအညီမဲ့မှုဖြင့် ပြည့်နှက်နေသည်။
“ စီနီယာအကိုကြီး… ဒီလိုလျှို့ဝှက်သွားဖို့ လိုအပ်လို့လား ”
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး သူ၏ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
လွန်ခဲ့သောရက်တုန်းက သေမျိုးလောကမေ့လျော့ခြင်းမျှော်စင်မှ သူပြန်လာပြီးနောက် ခေါင်းဆောင်ဆီသို့ အသံပို့လွှတ်ပြီး သူ၏ အစီအစဉ်ကို ပြောပြခဲ့သည်။ မည်သို့ဖြစ်ပါစေ ခေါင်းဆောင်သည်လည်း ကိစ္စကြီးတစ်ခုကို လုပ်ဆောင်ရန် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဆီသို့ ခရီးထွက်လိမ့်မည်မဟုတ်ပါလော။
ရွှီချင်း၏ ကူညီပေးမှုကြောင့် ခေါင်းဆောင်သည် သူ၏ ပြဿနာတစ်ခုကို ဖြေရှင်းနိုင်သွားခဲ့သည်။ သို့ဖြစ်၍ ရွှီချင်း၏ အစီအစဉ်ကို သူကြားသောအခါ ရွှီချင်းဆီသို့ ချက်ချင်း ပြေးလာခဲ့သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် သူ့မှာ ကိုယ်ပိုင်အစီအစဉ်တစ်ခု ရှိသည်။
“ ဒါပေါ့ ငါတို့တွေ လျှို့ဝှက်ပြီး သွားရလိမ့်မယ်… ဒီမယ်ချင်းလေး… ငါမင်းကို တစ်ခုပြောပြမယ်… ငါ့ဝမ်းဗိုက်ထဲက နယ်မြေက အရမ်းလုံခြုံပြီး လျှို့ဝှက်တယ်… ပြီးတော့ ငါမင်းကို ယုံကြည်လို့သာ ငါ့ဝမ်းဗိုက်ထဲမှာ ပုန်းအောင်းဖို့ ခွင့်ပြုပေးခဲ့တာ ”
အစောင့်အကြပ်သည် သူ၏ ဘေးပတ်ဝန်းကျင်ကို သတိကြီးစွာထား၍ စစ်ဆေးကြည့်လိုက်ပြီး သူ၏ ဝမ်းဗိုက်ကို အသံပို့လွှတ်နေသည်။
“ ချင်းလေး… လူသားမျိုးနွယ်မှာ မင်းရဲ့ သရုပ်ကြောင့် မင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဆီသွားမယ်ဆိုရင် ဘာမှ ကြီးကြီးမားမား မဖြစ်နိုင်ဘူး… ဒါပေမဲ့ ငါ့ကိုလည်း မင်းထည့်စဉ်းစားရမယ်လေ… ငါက မင်းနဲ့မတူဘူးကွ ”
“ ငါက မီးလျှံလမှာ အရမ်းနာမည်ကျော်ကြားတာ… မီးလျှံလထဲက လူတိုင်းက ငါ့ကို သိကြတယ်… တကယ်လို့ ငါသာ ပေါ်ပေါ်ထင်ထင် သွားမယ်ဆိုရင် သူတို့က ငါ့ကို လိုလိုလားလား ကြိုဆိုကြမှာမဟုတ်ဘူးလို့ ငါထင်တယ်… မင်းသိတယ်မလား ငါက သိုသိုသိပ်သိပ်ပဲ နေချင်တာလေ ”
ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ ခေါင်းဆောင်၏ ဆိုလိုရင်းကို သူနားလည်သည်။ အကယ်၍ မီးလျှံလထဲမှာ သူ၏ သရုပ်က ထွက်ပေါ်သွားမည်ဆိုလျှင် သူက တခြားလူများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရနိုင်ပေသည်။
ဖြစ်နိုင်သည်မှာ ခေါင်းဆောင်၏ ယခင်ဘဝများထဲမှ တစ်ခုတွင် သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ လူတိုင်းကို ဒေါသဖြစ်စေမည့် ကိစ္စတစ်ခုခုကို လုပ်ဆောင်ခဲ့ပုံပေါ်သည်။
ယင်းက ရွှီချင်းအား ခေါင်းဆောင်နှင့် အဆင့်မြင့်နတ်ဘုရားမီးလျှံလကြားမှ ဆက်ဆံရေးကို စဉ်းစားမိစေသည်။
“ ဒါကြောင့် ငါတို့က တိတ်တခိုး ဝင်ရောက်ရမယ်… ဒီသရုပ်ကို မင်းဘယ်လိုထင်လဲ… ဘာမှမစိုးရိမ်ပါနဲ့… စုံစမ်းစစ်ဆေးခြင်းကို ကျော်လွှားဖို့ ငါ့မှာ နည်းလမ်းရှိမှတော့ နယ်စစ်ဒေသရဲ့ အကာအကွယ်အစီအရင်ကို ကျော်ဖြတ်ဖို့လည်း ငါ့မှာ နည်းလမ်းတစ်ခု ရှိပါတယ်… ပြီးတော့ မင်းသားကြီးရဲ့ အကာအကွယ်နဲ့ဆိုရင် ဘာအမှားအယွင်းမှ မရှိနိုင်ပါဘူး ”
ခေါင်းဆောင်၏ အသံထဲမှာ ဂုဏ်ယူဝင့်ကြွားမှုဖြင့် ပြည့်နှက်နေသည်။
သို့သော်လည်း ရွှီချင်းက ပိုပြီးသတိထားလာသည်။
ထိုသို့ဖြင့် ခေါင်းဆောင်က စကားပြောနေစဉ်မှာ မင်းသားကြီး၏ ဧရာမသင်္ဘောသည် အမှောင်မြို့တော်၏ ရှည်လျားသော မြို့တံတိုင်းဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်ရောက်ရှိသွားသည်။ ရွှီချင်းက ယင်း၏ အစစ်အမှန်အသွင်အပြင်ကို မမြင်နိုင်သော်လည်း ခေါင်းဆောင်၏ မျက်လုံးထဲတွင် သူတို့က တဖြည်းဖြည်း နီးကပ်သွားသည်နှင့်အမျှ မဟာတံတိုင်း၏ ခမ်းနားထည်ဝါမှုသည် ကောင်းကင်ဘုံအကာအကွယ်ပမာ ထင်မှတ်ရသည်။
‘ အဲ့ဒါက အရင်ကထက် နည်းနည်း ပိုရှည်သွားသလိုပဲ ’
ခေါင်းဆောင်သည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်ပြီး တည်ကြည်လေးနက်စွာ ဆက်လက် ကြည့်လိုက်သည်။
မကြာမီ အမှောင်မြို့တော်မှ စည်းချအစီအရင်၏ စွမ်းအားသည် ပျံ့နှံ့ထွက်လာပြီး ဧရာမသင်္ဘောပေါ်သို့ လွှမ်းခြုံသွားသည်။ ယင်းက မင်းသားတစ်ပါး၏ သင်္ဘောဖြစ်သော်လည်း စစ်ပွဲအချိန်ကာလဖြစ်၍ လိုအပ်သော စုံစမ်းစစ်ဆေးမှုများကို ကျော်ဖြတ်ရလိမ့်မည်။
မင်းသားကြီးသည် စည်းချအစီအရင်၏ စွမ်းအားကို သူ့အား ဖြတ်ကျော်သွားခွင့်ပြုလိုက်သည်။ သင်္ဘောပေါ်မှ လူတိုင်းသည် ထိုသို့လုပ်ဆောင်ကြသည်။ ခေါင်းဆောင်သည်တော့ သူ၏ သွားကြားထဲမှာ ညှပ်ထားသော သွေးတစ်စက်ကို လျှို့ဝှက်စွာ ကိုက်ချလိုက်သည်။
အမှောင်မြို့တော်၏ စည်းချအစီအရင်ထဲတွင် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာပြီး ဘယ်နှင့် ညာဆီသို့ ကျယ်ပြန့်သွားသည်။ ဤသည်မှာ ထိုအက်ကွဲကြောင်းက သီးခြားလွတ်လပ်သော တည်ရှိမှုတစ်ခု ဖြစ်လာဟန် ရသည်။ ယင်းက အမှောင်မြို့တော်၏ အပြင်ဘက်သို့ သွားနိုင်သော ဂိတ်တံခါးတစ်ခုဖြစ်ဟန် ရသည်။
စည်းချအစီအရင်၏ စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်ပြီး မည်သည့်ပြဿနာမှ မရှိလျှင်ပင် မင်းသားကြီးရရှိထားသော အင်ပါယာအမိန့်တော်အရ သူက အမှောင်မြို့တော်ထဲသို့ ဝင်ရောက်ခွင့်မရှိပေ။ သူက ဤနေရာမှ ဖြတ်သန်းသွားခွင့်သာ ရှိသည်။
ဧရာမသင်္ဘောပေါ်သို့ ပစ်မှတ်ထားနေသော အရှိန်အဝါများလည်း ရှိသည်။
ထိုအရှိန်အဝါများအောက်တွင် ရွှေရောင်နဂါးခုနစ်ကောင်သည် ချက်ချင်း ရွေ့လျားသွားကြပြီး ဧရာမသင်္ဘောကို အက်ကွဲကြောင်းထဲသို့ ဆွဲခေါ်သွားသည်။
အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် ဧရာမသင်္ဘောသည် အက်ကွဲကြောင်းထဲမှ ထွက်ခွာသွားပြီး လူသားမျိုးနွယ်၏ နယ်စပ်အပြင်ဘက်သို့ ရောက်ရှိသွားသည်။ ထို့နောက် အက်ကွဲကြောင်းသည် ချက်ချင်း ပြန်ပိတ်သွားသည်။
ထိုသို့လုပ်ဆောင်နေစဉ်အတွင်း မည်သူမှ စကားမပြောကြချေ။
မင်းသားကြီးသည် ခေါင်းလှည့်မကြည့်ဘဲ တည်ငြိမ်စွာ ပြောသည်။
“ လူသားမျိုးနွယ်ရဲ့ အလံတိုင်ကို လွှင့်တင်ပါ ”
သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ဧရာမအလံတိုင်သည် သင်္ဘောပေါ်မှာ ရုတ်တရက် မြှောက်တတ်သွားသည်။ အလံတိုင်သည် လေထဲမှာ တဖျပ်ဖျပ်လွင့်မျောနေပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်နေသည်။
ထိုအလံတိုင်ပေါ်တွင် ရှေးဘုရင်ရွှမ်ယုံမှစတင်၍ လူသားမျိုးနွယ်မှ အရင်လူသားဧကရာဇ်များ၏ ပုံရိပ်များကို ရေးဆွဲထားသည်။
ပုံရိပ်တစ်ခုစီသည် ကြီးကျယ်ခမ်းနားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ထိုအလံတိုင် ထွက်ပေါ်လာသည့်အခိုက် လောကကြီးသည် မည်းမှောင်သွားသည်။
တစ်ချိန်တည်းမှာ ဧရာမသင်္ဘော၏ အရှေ့မှ ရွှေရောင်နဂါးခုနစ်ကောင်သည် နဂါးဟိန်းသံများကို ထုတ်ဖော်လိုက်ကြသည်။ ၎င်းတို့၏ အလျင်သည် တစ်ဟုန်ထိုး တိုးမြှင့်သွားပြီး ၎င်းတို့က ရွှေရောင်သက်တံ့များအဖြစ်သို့ ပြောင်းလဲသွားကြကာ မိုးကုပ်စက်ဝိုင်းထဲမှာ ပျောက်ကွယ်သွားကြသည်။
မီးလျှံလ၏ အဓိကနယ်မြေဆီသို့ ခရီးစဉ်သည် အလွန်ရှည်လျားသည်။ ယင်းတို့ကြားမှာ ဒေသကြီးအများအပြား ရှိသည်။ ရွှေရောင်နဂါးများနှင့် သင်္ဘောပေါ်မှ ကျင့်ကြံသူများသည် အနားယူရန် မလိုအပ်သော်လည်း သူတို့က ရပ်တန့်ပြီး ခွင့်ပြုမိန့်တောင်းခံရမည့် တချို့ဒေသကြီးများ ရှိပေသည်။
အကယ်၍ ညှိနှိုင်းဆွေးနွေးမည့် တာဝန်ကို တခြားတစ်ယောက်သာ ဆောင်ရွက်မည်ဆိုလျှင် ထိုမျှလွယ်ကူလိမ့်မည် မဟုတ်ချေ။ ခရီးစဉ်တစ်လျှောက်တွင် အခက်အခဲများနှင့် နှောင့်နှေးမှုများ ရှိနိုင်သည်။ သို့သော်လည်း ထိုသို့ကိစ္စသည် မင်းသားကြီးဆီမှာ မဖြစ်ပေါ်ခဲ့ပေ။
သူ၏ သရုပ်က လူသားမျိုးနွယ်ထဲမှာ တန်ဖိုးထားမခံရသော်လည်း မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲမှာ ခြားနားပေသည်။
သူ၏ သွေးမျိုးဆက်တစ်ဝက်သည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သူက မီးလျှံလ၏ လက်အောက်ခံမျိုးနွယ်စုအများအပြား၏ ကြောက်ရွံ့ရိုသေခြင်းခံရသည်။
သို့ဖြစ်၍ လူသားမျိုးနွယ်၏ ပိုင်နက်ထဲမှ ထွက်ခွာလာပြီးနောက် မင်းသားကြီး၏ အရှိန်အဝါထဲမှာ လွတ်လပ်သော အရိပ်အယောင်တချို့ ကိန်းအောင်းနေသည်။
သင်္ဘောက အကြိမ်ပေါင်းများစွာ ရပ်တန့်ပြီးနောက် ခေါင်းဆောင်သည် မည်သူမှ သတိမထားမိဘဲ ထွက်သွားနိုင်မည့် အခွင့်အရေးတစ်ခုကို ရှာတွေ့သွားသည်။ လေးခုမြောက်ဒေသကြီးကို ဖြတ်ကျော်ပြီးနောက် သင်္ဘောက ခဏရပ်နားနေစဉ် ခေါင်းဆောင်သည် သူ၏ တည်ရှိမှုကို ဖုံးကွယ်လိုက်ပြီး မြန်မြန် ထွက်သွားသည်။
သူ၏ ထွက်ခွာသွားမှုကြောင့် စုံစမ်းစစ်ဆေးခံရမည့် ကိစ္စကိုတော့ ခေါင်းဆောင်က ဂရုမစိုက်ပေ။ သူက နာရီပေါင်းများစွာကြာအောင် တိတ်တဆိတ် လျှောက်သွားခဲ့သည်။ လူသူကင်းမဲ့သော နေရာသို့ ရောက်ရှိသောအခါ သူက ပါးစပ်ဟလိုက်ပြီး သူ၏ ဝမ်းဗိုက်ထဲမှ ရွှီချင်းကို ချက်ချင်း ထွေးထုတ်လိုက်သည်။
ရွှီချင်းသည် မြေပြင်ပေါ်သို့ ဆင်းသက်လာပြီးနောက် သူ၏ မူလအသွင်ပုံစံသို့ ပြန်ပြောင်းလဲလိုက်သည်။ သူက ဘေးဘီကို စစ်ဆေးကြည့်ရှုနေစဉ် ခေါင်းဆောင်သည် ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် မောက်မာထောင်လွှားစွာ ပြောသည်။
“ ဘယ်လိုလဲ… ဒီတစ်ကြိမ် မင်းရဲ့ စီနီယာအကိုကြီးရဲ့ အကြံက မပိုင်ဘူးလား ”
“ မင်းသားကြီးရဲ့ အုပ်စုက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ ဌာနချုပ်ကို ရောက်သွားတဲ့အခါ အရမ်းထင်ပေါ်လိမ့်မယ်ဆိုတဲ့ အချက်ကြောင့်မဟုတ်ရင် လမ်းတစ်လျှောက်လုံး သူ့နောက်ကနေ ငါလိုက်သွားတယ် ”
ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။ တစ်ဖက်လူက မည်သည့်အရာကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း သူသိသည်။ ထို့ကြောင့် သူက ချီးကျူးလေးစားသော အမူအရာကို ထုတ်ဖော်လိုက်သည်။
ထိုအခါ ခေါင်းဆောင်သည် ပိုပြီး ဝမ်းသာပျော်ရွှင်သွားပြီး သူ၏ ရင်ဘက်ကို ပုတ်လိုက်သည်။
“ ချင်းလေး… လာ သွားကြရအောင်… ငါမင်းကို တားမြစ်ဇုန်ဆီ ခေါ်သွားမယ်… မဟာအမဲလိုက်ပွဲတော်ရဲ့ ပြိုင်ပွဲအကြောင်းကို မင်းမသိသေးဘူး မဟုတ်လား… အဲ့ဒါကို ငါကောင်းကောင်း သိထားတယ် ”
“ အမဲလိုက်ပွဲတော်မှာ စုစုပေါင်း ပြိုင်ပွဲသုံးခုရှိတယ်… အဲ့ဒါတွေကို နောက်ကျရင် ငါမင်းကို တစ်ခုချင်းစီ ရှင်းပြပေးမယ်… အတိတ်တုန်းက မဟာအမဲလိုက်ပွဲတော်မှာ ငါဝင်ပြိုင်ခဲ့ဖူးတယ် ”
“ အဲ့ဒီတုန်းကဆို ငါက မဟာရွှမ်ထျန်းစစ်သူကြီး ဖြစ်လုနီးပါးပဲ… တော်ပါပြီ… အဲ့ဒီအကြောင်းကို ပြန်မပြောတာပဲ ကောင်းတယ်… ငါမင်းကို ပြောပြမယ်… ပထမပြိုင်ပွဲက တားမြစ်ဇုန်နဲ့ ဆက်စပ်နေတယ်… ”
“ အရည်အချင်းပြည့်မီအောင် လုပ်ဖို့အတွက်က အရမ်းရိုးရှင်းတယ်… စကားလုံးမဲ့ ကျောက်တုံးကျမ်းစာထဲက စကားလုံးတွေက ငါတို့ရဲ့ အရှိန်အဝါကို ပြောင်းလဲပေးနိုင်တယ်… အခွင့်အခါသင့်လာတဲ့အခါကျရင် ငါတို့က လူနှစ်ယောက်ကို သတ်ပစ်ပြီး သူတို့နေရာမှာ အစားထိုးလိုက်ကြမယ် ”
“ ငါက ဒီနေရာမှာ ထွက်ခွာလာဖို့ ရွေးချယ်ခဲ့တာက ဒီဒေသကြီးထဲမှာ တမူထူးခြားတဲ့ တားမြစ်ဇုန်တစ်ခုရှိတယ်… အဲ့ဒီမှာ ပထမပြိုင်ပွဲအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်လိမ့်မယ်… လာ ငါ့နောက်ကနေ လိုက်ခဲ့ပါ ”
ခေါင်းဆောင်သည် အရာအားလုံးက သူ၏ လက်ခုပ်ထဲမှာ ရှိနေသကဲ့သို့ ပြောသည်။ ထိုသို့ပြောပြီးနောက် သူက ခန္ဓာကိုယ်ကို တစ်ချက်ရွေ့လျားလိုက်ပြီး အရှိန်မြှင့်တင်လိုက်သည်။
ဤသည်ကို ရွှီချင်းမြင်သောအခါ ဤတစ်ကြိမ် ခေါင်းဆောင်၏ စီစဉ်ထားမှုများနှင့်ပတ်သက်ပြီး သူက မထူးမခြားနား အမူအရာကို ထုတ်ဖော်ပြလိုက်သည်။
“ ဒီတစ်ကြိမ် သူက သေချာစီစဉ်ထားတာပဲ ”
သို့သော်လည်း ခေါင်းဆောင်နှင့် ရေရှည်လက်တွဲလုပ်ဆောင်ခဲ့ဖူးသောကြောင့် ရွှီချင်းသည် ထိုအတွေးကို ချက်ချင်း ပယ်ဖျောက်လိုက်သည်။
ရက်အနည်းငယ်ကြာပြီးနောက် ရွှီချင်းသည် ခေါင်းဆောင်၏ ဦးဆောင်မှုနောက်သို့လိုက်၍ အနီရောင်တားမြစ်ဇုန်တစ်ခုကို အဝေးမှ လှမ်းမြင်သွားသည်။ သို့ဖြစ်၍ ခေါင်းဆောင်သည် ဤတစ်ကြိမ်တွင် တမူထူးခြားနေသည်ဟု သူခံစားမိသွားသည်။
“ ဟိုးက တောင်ကို မင်းမြင်လား… အဲ့ဒါက ငါတို့ရဲ့ ဦးတည်ရာပဲ ”
ခေါင်းဆောင်က နှုတ်ခမ်းသပ်လိုက်လေရာ ရူးသွပ်မှုအရိပ်အယောင်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက သွေးနီရောင်တားမြစ်ဇုန်ဆီသို့ ဦးတည်သွားသည်။
ရွှီချင်းသည် ခေါင်းဆောင်၏ အနောက်သို့ လိုက်သွားပြီး အရှိန်မြှင့်တင်လိုက်သည်။ အရိပ်လေးသည်လည်း စိတ်လှုပ်ရှားသော ခံစားချက်များကို ထုတ်လွှတ်လိုက်သည်။
ရွှီချင်းနှင့် ခေါင်းဆောင်၏ လက်ရှိတိုက်ပွဲစွမ်းအားကြောင့် သာမန်တားမြစ်ဇုန်များသည် သူတို့ကို အန္တရာယ်ပေးနိုင်စွမ်း မရှိပေ။ သို့ဖြစ်၍ တားမြစ်ဇုန်ထဲသို့ ဝင်ရောက်ပြီးနောက် သူတို့သည် အနက်ပိုင်းထဲသို့ တန်းမတ်စွာ ရွေ့လျားသွားကြသည်။
တားမြစ်ဇုန်တစ်ခုလုံး တုန်ယင်နေပြီး သန္ဓေပြောင်းသားရဲအားလုံးက တုန်လှုပ်နေကြသည်။ အရပ်မျက်နှာအဘက်ဘက်မှ စုဝေးရောက်ရှိလာပြီး ပေါင်းစည်းသွားသော အနီရောင်မြူခိုးထဲတွင် ကြမ်းကြုတ်သော အရှိန်အဝါတစ်ခု ဖြစ်ပေါ်လာသည်။ ယင်းက ငြင်းဆန်သော စိတ်ဆန္ဒကို ထုတ်ဖော်လျက် ရွှီချင်းနှင့် ခေါင်းဆောင်ဆီသို့ ဦးတည်သွားသည်။ ၎င်းက သူတို့ကို တားမြစ်ဇုန်ထဲမှ မောင်းထုတ်ရန် ကြိုးစားနေခြင်းဖြစ်သည်။
သို့သော်လည်း ၎င်းက အနားကပ်လာသည်နှင့် အပြာရောင်အလင်းတန်းသည် ခေါင်းဆောင်၏ မျက်လုံးထဲမှာ လင်းလက်သွားသည်။ ထိုအခါ သူ့အရှေ့မှ အနီရောင်မြူခိုးသည် ချက်ချင်း အေးခဲသွားသည်။
ထို့နောက် ၎င်းက ရွှီချင်းကို အာရုံခံမိသွားသည်။ မြူခိုးသည် လှုပ်ရှားထကြွလာပြီး ပြိုကွဲလုနီးပါး ဖြစ်သွားသည်။
နောက်ဆုံးမှာတော့ ၎င်းက ရွှီချင်း၏ အရိပ်လေးကို အာရုံခံမိသွားသည်။ မြူခိုးသည် ဝုန်းခနဲမြည်သံကို ထုတ်ဖော်လိုက်ပြီး ချက်ချင်း အနောက်ပြန်ဆုတ်သွားသည်။
အရိပ်လေးသည် ရုတ်တရက် ပြေးထွက်လာပြီး မြူခိုးနောက်သို့ မုဆိုးတစ်ယောက်ပမာ လိုက်ဖမ်းသည်။
ခေါင်းဆောင်သည် အကြည့်ရွှေ့ပြောင်းလိုက်ပြီး ရယ်မောလိုက်သည်။ ထို့နောက် သူက အရှေ့သို့ ဆက်ပြီး လျှောက်သွားသည်။
ရွှီချင်းသည်လည်း မြူခိုးနောက်သို့ လိုက်ဖမ်းနေသော အရိပ်လေးကို လျစ်လျူရှုထားလိုက်သည်။ အရိပ်လေးသည် တားမြစ်ဇုန်ထဲမှ တည်ရှိမှုအားလုံးအတွက် သဘာဝရန်သူဖြစ်သည်။
ထိုသို့ဖြင့် သူတို့နှစ်ယောက်သည် တစ်ခဏကြာပြီးနောက် တားမြစ်ဇုန်ထဲမှ သွေးနီရောင်တောင်ခြေဆီသို့ ရောက်ရှိသွားကြသည်။
ထိုတောင်သည် အဝေးမှ လှမ်းကြည့်လျှင် သွေးနီရောင်ဖြစ်သော်လည်း အနီးကပ်ကြည့်လျှင် အနည်းငယ် မည်းမှောင်သည်။ ၎င်း၏ အနီရောင်သည် တောင်၏ မျက်နှာပြင်ပေါ်ရှိ မရေမတွက်နိုင်သော ခြင်နီများထံမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ထိုခြင်များသည် ရက်စက်ကြမ်းကြုတ်သော အသွင်ပုံစံရှိပြီး တောင်ပေါ်မှာ တွယ်ကပ်နေကြသည်။ ၎င်းက အနီရောင်အလင်းကို ပေးစွမ်းသည်။
ရွှီချင်းနှင့် ခေါင်းဆောင်၏ ရောက်ရှိလာမှုက ထိုခြင်များကို တုန်ယင်သွားစေသည်။
ရွှီချင်းသည် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ သူက တောင်ကို ရွှေ့ပြောင်းတော့မည့်အချိန် ခေါင်းဆောင်သည် ရွှီချင်း လုံးဝမမျှော်လင့်ထားသော အရာကို လုပ်ဆောင်လိုက်သည်။
ခေါင်းဆောင်သည် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ထူးဆန်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ ခြင်များသည် ၎င်းတို့၏ အကြောက်တရားကို ကျော်လွှားနိုင်သွားပြီး ပင်ကိုယ်ဗီဇကို ထုတ်လွှတ်လိုက်ကြသည်။ ခြင်တစ်အုပ်စုသည် တဝီဝီဟူသော မြည်သံကို ထုတ်ဖော်လိုက်ပြီး ခေါင်းဆောင်၏ ခန္ဓာကိုယ်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။
ခေါင်းဆောင်သည် လုံးဝတွန့်ဆုတ်သွားခြင်းမရှိဘဲ ထိုခြင်အုပ်စုကို သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားစေသည်။ ထိုခြင်များ၏ နှာမောင်းဖြင့် ထိုးစိုက်မှုဒဏ်ကို သည်းခံနေစဉ် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မရေမတွက်နိုင်သော အဖုအဖောင်းများဖြင့် ပြည့်နှက်သွားသည်။ ထို့နောက် သူက ရွှီချင်းကို ပြောသည်။
“ ချင်းလေး… အတိတ်မှာ ငါ့ခန္ဓာကိုယ်က အလုံအလောက် မသန်မာခဲ့လို့ အမဲလိုက်ပွဲတော်ရဲ့ ပထမပြိုင်ပွဲမှာ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့တယ်… နောက်ကျတော့ ဒီခြင်တွေရဲ့ ထူးဆန်းမှုကို အသုံးချနိုင်မယ့် နည်းလမ်းတစ်ခုကို ငါစဉ်းစားမိခဲ့တယ်… ဒီခြင်တွေက ငါ့ခန္ဓာကိုယ်ရဲ့ ခုခံနိုင်စွမ်းကို အချိန်တစ်ခုထိ တိုးမြှင့်ပေးနိုင်လိမ့်မယ် ”
“ အမဲလိုက်ပွဲတော်ရဲ့ ပထမပြိုင်ပွဲကို ကောင်းကင်ပြိုကျခြင်းလို့ ခေါ်တယ်… အဲ့ဒါက ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုကို စမ်းသပ်တဲ့ ပြိုင်ပွဲပဲ… လာ မင်းလည်း မြန်မြန် လုပ်ဆောင်သင့်တယ်… မင်းက ပိုပြီးအကိုက်ခံနိုင်လေ ကောင်းကင်ပြိုကျခြင်း ပြိုင်ပွဲမှာ ပိုပြီးအကြောက်အရွံ့မဲ့လေပဲ ”
ခေါင်းဆောင်သည် အားနည်းနေသောကြောင့် သူ၏ အသံက အနည်းငယ် တိုးညင်းသွားသည်။
ရွှီချင်းသည် လုံးဝဆွံ့အသွားသည်။ သူက အဖုအဖောင်းများဖြင့် တစ်ကိုယ်လုံး ပြည့်နှက်နေသော ခေါင်းဆောင်ကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ မည်သို့ပြောရမည်မှန်း သူမသိတော့ချေ။