တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက် ရောက်ရှိလာခြင်း
Vol. 93 Ch. 1381
“ဒါ… ဒါက…”
လက်ရှိ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် တုန်လှုပ်သွားပြီး ခေါင်းနပန်းကြီးလာကြ၏။
သူတို့၏ မျက်လုံးထဲတွင် လက်ရှိ ဆူဇီမိုသည် ပြိုင်ဘက်ကင်း စွမ်းအားနှင့်အတူ ရပ်တန့်မရနိုင်သော နတ်ဘုရားသက်ရှိတစ်ပါးကဲ့သို့ ဖြစ်လာ၏။
ဒဏ္ဍာရီအရဆို.. ကောင်းကင်နှင့်မြေကြီးတောင်ကြား တိုက်ပွဲမှာ တာအိုအရှင် အထီးကျန်သိုင်းသခင်၏ ဤကိုယ်ပွားသည် ကြောက်စရာအကောင်းဆုံး ဓမ္မပညာရပ်များ၊ လျှို့ဝှက်အတတ်များနှင့် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသတို့ကို ထုတ်ဖော်ခဲ့၏။ သူ၏ မျိုးဆက်သွေးကတော့ အတော်လေး အားနည်းပြီး အနီးကပ်တိုက်ခိုက်ရည်မှာ သန်မာခြင်း မရှိဟု ဆိုကြလေသည်။
သို့သော် ယခုအခါ အထီးကျန်သိုင်းသခင်သည် မည်သည့် ဓမ္မပညာရပ် သို့မဟုတ် လျှို့ဝှက်အတတ်ကိုမှ အသုံးပြုခြင်း မရှိဘဲ သူတို့နှင့် တိုက်ခိုက်နိုင်နေ၏။
“ဟီးဟီးဟီးဟီး”
ရုတ်တရက်.. ဆူဇီမိုက ရယ်မောလိုက်၏။
သူသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်ကာစဖြစ်ပြီး ပေါင်းစည်းခန္ဓာအဆင့်စွမ်းအားနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသေးပေ။ အဲဒါကြောင့် သူသည် အသည်းအသန်သာ ခုခံနေပြီး အရင်ဦးစွာ စ၍ တိုက်စစ်ဆင်ခြင်း မရှိသေးပေ။
သို့သော် ယခုအခါ အကြိမ်ရေ အနည်းငယ် ထိတွေ့ဖလှယ်ပြီးနောက်… ဆူဇီမိုသည် ထိုစွမ်းအားကို တဖြည်းဖြည်း စတင်ထိန်းချုပ်လာနိုင်ခဲ့ပြီဖြစ်၏။
“ဒီလိုနည်းလမ်းတွေနဲ့များ.. မင်းတို့က ငါ့ကို သတ်ချင်သေးတယ်ပေါ့”
ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး ဝုန်းခနဲ မြည်သံနှင့်အတူ နေရာကနေ ပျောက်ကွယ်သွား၏။
သူ၏ လှုပ်ရှားမှု နည်းစနစ်က မြန်ဆန်လွန်းသောကြောင့် သူ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လေဟာနယ်က တွန့်လိမ်သွား၏။
ချက်ချင်းပင်.. ဆူဇီမိုသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ရှေ့သို့ ရောက်ရှိလာပြီး သူ၏ သွေးချီကို တလိပ်လိပ် တက်လာစေ၏။ မည်သည့် အပိုလှုပ်ရှားမှုမှ မရှိဘဲ သူ၏လက်သီးကို မြှောက်ပြီး ပစ်ထိုးချလိုက်၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သည် သူ့လက်ထဲရှိ ဓမ္မလက်နက်ကို ကိုင်မြှောက်ပြီး ပိတ်ဆို့တားဆီးလိုက်၏။
ဘုန်း…
အဲဒီမှာ ကျယ်လောင်သော မြည်သံက ထွက်ပေါ်လာ၏။ ထိုစွမ်းအားကြီးပုဂ္ဂိုလ် ဓမ္မလက်နက်သည် သူ၏လက်သီးချက်ဖြင့် ကြေမွသွား၏။
မရေမတွက်နိုင်သော အပိုင်းအစများသည် နောက်ပြန်လွင့်စင်သွားပြီး ထိုပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။ သူတို့ထဲတွင် အပိုင်းအစအချို့သည် ထိုသူ၏ မျက်နှာထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကိုပါ နေရာမှာတင် ဖျက်ဆီးပစ်လိုက်၏။
ပုံရိပ်တစ်ခုက လေထဲကနေ ပြုတ်ကျလာ၏။
ထိုးချက်တစ်ချက်..
စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က သေဆုံးသွားလေပြီ။
ထိုသည်ကို မြင်သောအခါ များစွာသော စွမ်းအားကြီးပုဂ္ဂိုလ်များက တုန်လှုပ်ချောက်ချားသွားကြ၏။
သူတို့၏ ကျင့်ကြံမှုအဆင့်၌ သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ အထွတ်အထိပ်နီးပါး တည်ရှိမှုများ ဖြစ်လာခဲ့လေပြီ။ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် အချိန်အများစုမှာ တံခါးပိတ်ကျင့်ကြံနေတတ်ကြပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအချို့ကလည်း ပေါ်ထွက်လာခဲလေသည်။ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကို ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများ၏ ထိပ်ဆုံးအဆင့်နီးပါး ပညာရှင်များဟု သတ်မှတ်နိုင်လေသည်။
သို့သော် ယခုအခါ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် ထိုးချက်တစ်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ရပြီး လူတိုင်းက အကြောက်တရားကို ခံစားလာရ၏။
ကျင့်ကြံရသည်မှာ မလွယ်ကူပေ။
အထူးသဖြင့် သူတို့၏ ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိဖို့ ဖြစ်လေသည်။ မည်သူကမှ မသေလိုကြပေ။
သို့သော်လည်း တိုက်ပွဲစတင်သည်နှင့် သူတို့မှာ ရွေးချယ်စရာ မရှိတော့ပေ။
ဆူဇီမို၏ တန်ပြန်တိုက်ခိုက်မှုက စတင်ရုံသာ ရှိသေးလေသည်။
ဘုန်း…
တိုက်ပွဲနယ်မြေတွင် ဆူဇီမိုသည် မည်သည့် လျှို့ဝှက်အတတ် သို့မဟုတ် ဝှက်ဖဲကိုမှ အသုံးပြုခြင်း မရှိပေ။ သူသည် သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးအပေါ်မှာသာ မှီခိုပြီး ရူးသွပ်စွာ တိုက်ခိုက်နေ၏။ မည်သူကမှ သူ၏စွမ်းအားကို ခုခံနိုင်ခြင်း မရှိကြပေ။
အဲဒါထက် မည်သည့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ကမှ အဆင့် ၇ ဖန်တီးခြင်းကြာပဒုမ္မာကို မဖိနှိမ်နိုင်ကြပေ။
ဆူဇီမိုနှင့် ထိပ်တိုက်ရင်ဆိုင်မိသော ထိုသူများသည် ဒဏ်ရာအပြင်းအထန်ရသူရ၊ သေသူသေ ဖြစ်ကုန်ကြလေသည်။
လတ်ဆတ်သော သွေးများက ခန်းမ၏ နေရာတိုင်းမှာ ပြန့်ကျဲသွား၏။
ပေမင်ရွှယ်သည် ထိုစွမ်းအားကြီးပုဂ္ဂိုလ်များ၏ သွေးစက်များ လာစင်မည်ကို စိုးရိမ်၍ ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်း အနက်ပိုင်းထဲသို့ ဝင်ရောက်ပုန်းကွယ်နေ၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ သွေးတစ်စက်မှာ ပါဝင်သော စွမ်းအားသည် ရွှေအမြုတေတစ်ယောက်၏ ခန္ဓာကိုယ်ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်လေသည်။
ဤတိုက်ပွဲက ပေမင်ရွှယ်နှင့် အတော်လေး အလှမ်းကွာဝေးလေသည်။
သို့သော်လည်း စွမ်းအားကြီးပုဂ္ဂိုလ်များအကြား တိုက်ပွဲတစ်ပွဲကို တွေ့မြင်ရခြင်းသည် သူမအတွက်လည်း အတော်လေး အကျိုးရှိလေသည်။
ပေမင်ရွှယ်သည် ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်း၏ ထောင့်တစ်နေရာမှာ ပုန်းကွယ်နေပြီး တင်းကျပ်သော အမူအရာနှင့်အတူ သူမ၏ နှုတ်ခမ်းကို အနည်းငယ် ကွေးညွှတ်ထား၏။
ထိုစဉ်မှာပင်.. တစ်စုံတစ်ရာသည် သူမ ရှိရာသို့ ကူးခတ်လာသည့်အလား.. ဂမ္ဘီရစိမ့်စမ်း၏ အောက်ဘက် ရေစီးကြောင်းထဲတွင် ထူးဆန်းသော လှုပ်ရှားမှုတစ်ခု ရှိလာခဲ့၏။
သူမသည် ထိတ်လန့်သွားပြီး မအော်မိအောင် ထိန်းချုပ်လိုက်ရ၏။
သူမကြောင့် ဆူဇီမို စိတ်အာရုံပျက်ယွင်းသွားမည်ကို စိုးရိမ်ရလေသည်။
ထိုအချိန်အတွင်း စောစောက အရာသည် သူမ၏ ဘေးသို့ ရောက်ရှိလာပြီး သူမကို လှည့်ပတ်နေ၏။ အဲဒါက မည်သည့် မကောင်းသော ရည်ရွယ်ချက်မှ မရှိသည့်အလား.. သူမကို ညင်သာစွာပင် တွတ်ထိုးနေ၏။
“ဒါက ဘာပါလိမ့်”
ပေမင်ရွှယ်သည် အောက်သို့ ငုံ့ကြည့်ပြီး အနည်းငယ် စိတ်သက်သာရာရသွား၏။
ဂမ္ဘီရစိမ့်စမ်း၏ အောက်တွင် ဘဲဥပုံသဏ္ဌာန် ဧရာမ ကျောက်တုံးတစ်တုံး ရှိနေ၏။ ၄င်း၏ မျက်နှာပြင်က လျှို့ဝှက်ဆန်းကြယ်သော အင်းကွက်များနှင့်အတူ ကြမ်းတမ်းနေ၏။
သူမသည် အလိုလို လက်လှမ်းပြီး ထိုကျောက်တုံးကို ဂရုတစိုက် ထိတွေ့ကြည့်လိုက်၏။
ကျောက်တုံးက ရှောင်တိမ်းခြင်း မရှိဘဲ အသိစိတ်ရှိသည့်အလား.. ပေမင်ရွှယ်၏ လက်ဖဝါးကို ညင်သာစွာ ပွတ်သပ်နေ၏။
“အံ့ဩစရာပဲ”
ပေမင်ရွှယ်က သူမဘာသာသူမ တွေးလိုက်၏။
ထိုကျောက်တုံးသည် သူမကို စိတ်လျှော့ထားပြီး စိုးရိမ်ပူပန်ခြင်း မရှိရန် နှစ်သိမ့်ပေးနေသည့်အလား.. သူမက ခံစားရ၏။
ဘုန်း…
နောက်ထပ် ကျယ်လောင်သော မြည်သံက ခန်းမထဲမှာ ထွက်ပေါ်လာ၏။
ပေမင်ရွှယ်သည် အလိုလို မော့ကြည့်လိုက်၏။
လေထဲကနေ နောက်ထပ် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ကျဆင်းလာ၏။ သူ၏ ခန္ဓာကိုယ်တွင် မည်သည့် အသက်ဓာတ်မှ မရှိတော့ဘဲ သူက သေဆုံးသွားခဲ့လေပြီ။
အချိန်တိုအတွင်းမှာပင်.. နောက်ထပ် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် ၁၀ယောက်ကျော်က ဆူဇီမို၏ လက်ထဲမှာ သေဆုံးသွားကြပြီဖြစ်၏။
ဤလူများသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ ဖြစ်သော်လည်း သူတို့သည် ကောင်းကင်နှင့်မြေကြီး တောင်ကြားကို ရောက်မလာခဲ့သည့်အတွက် ကမ္ဘာတုန်လောက်ဖွယ်ရာ ထိုတိုက်ပွဲကို ကိုယ်တိုင်တွေ့မြင်ခဲ့ခြင်း မရှိပေ။
ထိုအခိုက်အတန့်မှသာလျှင်.. အထီးကျန်သိုင်းသခင်က မည်သို့သော အကြောက်တရားကို ပေးစွမ်းနိုင်သလဲ နားလည်သဘောပေါက်လာကြ၏။
သို့သော်လည်း မိသားစုသခင်နှစ်ယောက်က နောက်သို့ ဆုတ်ခွာခြင်း မရှိသေးပေ။
“အထီးကျန်သိုင်းသခင်.. မင်းကတော့ သေပြီပဲ”
ဒေါင်ဖန်ရွှမ်က အေးစက်စွာ ပြောလိုက်၏။
“ဒီနေရာမှာ ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်း ရှိနေတယ်လို့ ကြားရတဲ့အတွက် မင်းရဲ့ ဒဏ်ရာတွေကလည်း သက်သာပျောက်ကင်းနိုင်တယ်ဆိုတာ ငါ ခန့်မှန်းမိပြီးသားပဲ.. အဲဒါကြောင့် ငါက ငါတို့မိသားစုရဲ့ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်ကို လိုက်လာခဲ့ဖို့ သတင်းပေးပြီးသွားပြီ”
ဒေါင်ဖန်ရွှမ်သည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ကို အကူအညီတောင်းထားသည့် အကြောင်းရင်း တစ်စိတ်တစ်ပိုင်းမှာ ဆူဇီမိုကို စိုးရိမ်ပူပန်သောကြောင့် ဖြစ်၏။ တစ်ချိန်တည်းမှာပင် သူသည် ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းအတွက် တိုက်ခိုက်ဖို့အတွက်လည်း ပြင်ဆင်ထားခြင်းဖြစ်၏။
“အမှားအယွင်း တစ်စုံတစ်ရာ မရှိဘူးဆိုရင် ငါတို့ ရှီမန်မိသားစုက တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်ကလည်း ဒီကို ရောက်လာလောက်ပြီ”
ရှီမန်ထောင်က ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်.. ငါတို့ ရှေးတော်ဝင်မိသားစုတွေရဲ့ အခြေခံအုတ်မြစ်ဆိုတာ မင်း ခန့်မှန်းနိုင်တဲ့ တစ်စုံတစ်ရာ မဟုတ်ဘူး.. မင်းက ရှေးတော်ဝင်မိသားစုတွေနဲ့ တစ်ယောက်တည်း တိုက်ခိုက်ချင်တယ်ဆိုရင် မင်းက ရထားလုံးကို တားဆီးဖို့ ကြိုးစားတဲ့ နှံကောင်တစ်ကောင်လို ဖြစ်နေမှာပဲ.. မင်းကတော့ သေရတော့မှာပဲ”
“အို..”
သို့သော်လည်း ဆူဇီမိုသည် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးများ ရောက်ရှိလာမည်ကို ကြားသိရသောအခါ သူ၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်၏။ သူက မျက်ခုံးကို အနည်းငယ်ပင့်လိုက်၏။
“တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတွေက ရောက်လာပြီဆိုမှတော့.. ဘာလို့ဆက်ပြီး ပုန်းနေကြတာလဲ.. ဘယ်တစ်ယောက်က အရင်သေချင်လဲ ကြည့်ရသေးတာပေါ့”
“အထီးကျန်သိုင်းသခင်.. မင်းက တော်တော်မောက်မာနေတာပဲ”
ထိုစဉ်မှာပင်.. ပုံရိပ်တစ်ခုက ခန်းမ၏ ဝင်ပေါက်ဝမှာ ရုတ်တရက် ထွက်ပေါ်လာပြီး ဖြည်းဖြည်းချင်း လျှောက်လှမ်းဝင်ရောက်လာ၏။
ထိုပုံရိပ်သည် ရိုးရှင်းသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သက်လတ်ပိုင်းအရွယ်မှာ ရှိလေသည်။ သူသည် သာမန်ရုပ်ရည်သွင်ပြင်သာ ဖြစ်သော်လည်း သူက မြင့်မြတ်ထည်ဝါသော အော်ရာတစ်ခုနှင့်အတူ မတ်တတ်ရပ်နေ၏။
သက်လတ်ပိုင်းအရွယ်အမျိုးသား ထွက်ပေါ်လာသည့် ခဏမှာပင် တိုက်ပွဲနယ်မြေမှာ လျှို့ဝှက်ဆန်းကြယ်သော အပြောင်းအလဲတစ်ရပ်က ဖြစ်ပေါ်လာ၏။
“အကြီးအကဲ ဘဝဖြတ်ပိုင်းကို နှုတ်ဆက်ပါတယ်”
ဒေါင်ဖန်ရှေးတော်ဝင်မိသားစုမှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် နောက်သို့ အလောတကြီး ဆုတ်ပြီး သက်လတ်ပိုင်းအရွယ် အမျိုးသားကို ဦးညွှတ်လိုက်ကြ၏။
ဒေါင်ဖန်ရှေးတော်ဝင်မိသားစု၏ မဟာအကြီးအကဲသည်လည်း တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်ဖြစ်ပြီး သူ၏ တာအိုဘွဲ့က ဘဝဖြတ်ပိုင်း ဖြစ်လေသည်။
“ဟီးဟီး.. အထီးကျန်သိုင်းသခင်.. ကြည့်ရတာတော့ သီဖန်းရဲ့ သင်ခန်းစာက နင့်အတွက် မလုံလောက်သေးတဲ့ပုံပဲ”
ခန်းမထဲသို့ နောက်ထပ်အသံတစ်သံက ဝင်ရောက်လာ၏။
အသက်အရွယ်ကြီးရင့်ပုံရသော အမျိုးသမီးတစ်ယောက်သည် ကုပ်ကိုင်းကိုင်းနှင့် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။ သူမ၏ ဆံပင်များက ဖိုသီဖတ်သီဖြစ်နေပြီး သူမက မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်သောအခါ သူမ၏ ပါးစပ်ထဲတွင် သွားအချို့သာ ကျန်ရှိလေသည်။
“အကြီးအကဲ ငွေရောင်ကျော့ကွင်းကို နှုတ်ဆက်ပါတယ်”
ရှီမန်ထောင်နှင့် အခြားသူများကလည်း ထိုအမျိုးသမီးကို တွေ့မြင်သောအခါ ဝမ်းသာအားရသွားကြ၏။
အဲဒါက ရှီမန်ရှေးတော်ဝင်မိသားစု၏ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက် ဖြစ်၏။
တစ်ခဏအတွင်းမှာပင်.. တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးအဆင့် ပညာရှင်နှစ်ယောက် ပေါ်ထွက်လာပြီး အခြေအနေကို ပြောင်းလဲသွားစေ၏။ အော်ရာချင်း ယှဉ်လျှင်တောင် ရှေးတော်ဝင်မိသားစုနှစ်စုက အထက်စီးရရှိလာပြီဟု ထင်ရ၏။
ပေမင်ရွှယ်သည် ရင်တစ်ချက်ထိတ်သွားပြီး စိုးရိမ်ပူပန်လာ၏။
ဤပညာရှင်များသည် သူမနှင့် အလွန်တရာ ဝေးကွာသော်လည်း တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးအဆင့် ပညာရှင်များသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များထက် များစွာ ပိုမိုသန်မာကြောင်း သူမ သိလေသည်။
သို့သော်လည်း ဆူဇီမို၏ မျက်နှာပေါ်မှာ မည်သည့် ကြောက်ရွံ့မှုမှ မရှိပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူ၏မျက်လုံးထဲမှာ လှောင်ပြောင်သရော်လိုသည့် ပုံရိပ်တစ်ခုက ဖျတ်ခနဲ ပေါ်ထွက်လာပြီး ညင်သာစွာ ပြုံးလိုက်၏။
“အခု ငါက ပေါင်းစည်းခန္ဓာအဆင့်ကို ဝင်ရောက်လာပြီဆိုတော့.. ဒီနေ့က အရင်ကနဲ့ မတူတော့ဘူး.. မင်းတို့တွေက ဘိုးဘေးတစ်ပိုင်းအဆင့်လောက်နဲ့ ငါ့ကို သင်ခန်းစာပေးနိုင်မယ် ထင်ရင်တော့ အသိဉာဏ် တော်တော်နုံနဲ့တာပဲ”