အထီးကျန်သိုင်းသခင် ရူးသွားပြီ
Vol. 93 Ch. 1382
“ဟီးဟီးဟီးဟီး”
အမျိုးသမီးအိုက ရယ်မောလိုက်၏။ သူမ၏ အသံက စူးရှ၍ မနှစ်မြို့စရာကောင်းနေ၏။
“ငါ... နားကြားများမှားသွားသလား အထီးကျန်သိုင်းသခင်... နင်က ငါတို့ကို အသိဉာဏ်နုံနဲ့တယ်လို့ တကယ်ပဲ လှောင်နေတာလား”
သူမသည် အေးစက်နေသောအကြည့်နှင့် ဆူဇီမိုကိုစိုက်ကြည့်လိုက်၏။
“နင်က... တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးပညာရှင်တွေအကြောင်း တကယ်ပဲ ဘာမှမသိသေးဘူးနဲ့တူတယ်”
အကြီးအကဲဘဝဖြတ်ပိုင်းကလည်း မှင်သေသေဖြင့်ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်... နင်အခုနေ ဦးညွှတ်မယ်ဆိုရင် ငါက ဒီနေ့ကိစ္စအတွက် ဆုံးဖြတ်ချက်ချပြီး ပြီးခဲ့တာတွေအတွက် ခဝါချပေးနိင်တယ်”
လူတိုင်းက တုန်လှုပ်သွားကြ၏။
“အကြီးအကဲဘဝဖြတ်ပိုင်း”
ဒေါင်ဖန်ရွှမ်က မနေနိုင်ဘဲ ဝင်ပြောလိုက်၏။
“တာအိုအရှင် အထီးကျန်သိုင်းသခင်က ကျုပ်တို့ဘက်က ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေအများကြီးကို သတ်ဖြတ်ခဲ့ပြီးပြီ... ကျုပ်တို့က သူ့ကိုခွင့်လွှတ်ပေးလို့မရဘူး... အထီးကျန်သိုင်းသခင်က သူ့ရဲ့သွေးနဲ့ပြန်ပေးဆပ်ရမယ်”
အကြီးအကဲဘဝဖြတ်ပိုင်းက ဘာစကားမှမပြောလဲ တစ်ချက်သာစိုက်ကြည့်လိုက်၏။
ဒေါင်ဖန်ရွှမ်သည် ရင်တစ်ချက်ထိတ်သွားပြီး သူ၏ပါးစပ်ကို ချက်ချင်းပင်ပိတ်လိုက်၏။
အကြီးအကဲဘဝဖြတ်ပိုင်းသည် ဆူဇီမိုကို ထူးဆန်းသောအကြည့်ဖြင့်ကြည့်ပြီး ညှို့ငင်ဖမ်းစားနေသည့်ပုံစံဖြင့် ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်... ငါ့ရဲ့အကြံကို ဘယ်လိုသဘောရလဲ... မင်းက ဦးညွှတ်ပြီးတော့ ခြေတစ်လှမ်းဆုတ်ပေးလိုက်တာနဲ့ ငါကမင်းကို ထွက်ခွာခွင့်ပေးမယ်”
“ဒီလိုအဆင့်နိမ့် ညှို့ငင်ဖမ်းစားနည်းစနစ်ကို ဘယ်လိုတောင် ထုတ်ပြရဲတာလဲ... တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်လုပ်နိုင်တာ ဒါအကုန်ပဲလား”
ဆူဇီမိုက အရူးတစ်ယောက်ကိုကြည့်နေသည့်အလား အကြီးအကဲဘဝဖြတ်ပိုင်းကို ပြုံးစစဖြင့် ကြည့်နေ၏။ သူသည် သိုင်းတာအိုကိုတည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းပညာသင်ကြားပေးခဲ့သောအခါ သူ၏ စိတ်စွမ်းအားသည် ၎င်း၏အကန့်အသတ်ထိ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး သူ့စိတ်ပေါ် သက်ရောက်စေနိုင်သည့်အရာက မရှိသလောက်ဖြစ်သွားခဲ့လေပြီ။
ညှို့ငင်ဖမ်းစားခြင်းမှာ အတော်ဆုံးဖြစ်သော နတ်ဆိုးမကျိပင်လျှင် သူ့ကို ညှို့နိုင်ဖို့ခက်ခဲလေသည်။
ဆူဇီမိုအငိုက်မိသွားခဲ့သည့် တစ်ခုတည်းသောအချိန်မှာ မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲမှာတုန်းက ဖြစ်၏။ အဲ့ဒီအချိန်တုန်းက သူသည် ကိုယ်တော်တာမင်းကို ရှုံးနိမ့်ခဲ့ရ၏။ သို့သော်လည်း နောက်ပိုင်းတွင် သူသည် ကိုယ်တော်တာမင်း၏ ပုံရိပ်ယောင်နည်းစနစ်ထဲကနေ ရုန်းထွက်နိုင်ခဲ့၏။
အကြီးအကဲဘဝဖြတ်ပိုင်းသည် ဆူဇီမို၏ စိတ်ယိမ်းယိုင်သွားစေဖို့ တမင်ရည်ရွယ်ကာ ပြောဆိုလိုက်ခြင်းဖြစ်၏။ ဆူဇီမိုက တွေဝေတုံ့ဆိုင်းသွားသည်နှင့်အမျှ သူက ဟာကွက်တစ်ခုကို သေချာပေါက်ထုတ်ဖော်မိပေလိမ့်မည်။
ထိုအခိုက်အတန့်မှာ အကြီးအကဲဘဝဖြတ်ပိုင်းက ဝင်ရောက်တိုက်ခိုက်မည်ဖြစ်၏။
သို့သော်လည်း သူထင်မှတ်မထားသည်မှာ ဆူဇီမိုက ခိုင်မာသောစိတ်ဓာတ်ဖြင့် ယိမ်းယိုင်မသွားခြင်းဖြစ်၏။
ပို၍အရေးကြီးသည်မှာ ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်ပြီး ဖန်တီးခြင်းကြာပဒုမ္မာသည် အဆင့် ၇ သို့ တိုးမြင့်လာပြီးနောက် သူသည် မည်သည့် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးကိုမှ ကြောက်ရွံ့မှုမရှိတော့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ဆူဇီမိုသည် အဲ့ဒါကို စမ်းသပ်ကြည့်ဖို့ စိတ်အားထက်သန်နေ၏။
တာအိုအမွေအနှစ်ကုန်းမြေမှာတုန်းကသူသည် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ တိုက်ခိုက်မှုမှာ အသက်လု၍ ထွက်ပြေးခဲ့ရ၏။
သီဖန်းသည် သူ့အသက်ကို နှစ်ကြိမ်ရန်ရှာခဲ့လေသည်။
သို့သော် ယနေ့မှာတော့သူသည် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးများနှင့် ရှားရှားပါးပါး ကြုံတွေ့နေရပြီး ဆူဇီမိုက သူ၏ခွန်အားကို စမ်းသပ်ကြည့်ချင်နေ၏။
“ဘဝဖြတ်ပိုင်း... နင်ဘာလို့သူနဲ့ အချိန်ဖြုန်းနေတာလဲ... သူ့ကိုသတ်ပစ်လိုက်ရုံပေါ့”
အမျိုးသမီးအိုက အေးစက်စွာပြော၍ သူမ၏အင်္ကျီလက်ကိုဝေ့ယမ်းလိုက်၏။
ချက်ချင်းပင် သူမ၏အင်္ကျီလက်စကနေ ငွေရောင်အလင်းတန်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး တစီစီမြည်သံနှင့်အတူ ဆူဇီမိုရှေ့သို့ရောက်ရှိလာ၏။
အဲ့ဒါက ငွေရောင်သံကွင်းတစ်စုံဖြစ်၏။
အဲ့ဒါသည် အမျိုးသမီးအို၏ ဖျက်ဆီး၍မရနိုင်သော နာမည်ကြီးဓမ္မလက်နက်လည်းဖြစ်လေသည်။
ဆူဇီမို၏ သွေးချီက တလိပ်လိပ်တက်လာပြီး သူ၏အကြည့်က တဖြည်းဖြည်းတောက်လောင်လာ၏။ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး၏ ဓမ္မလက်နက်နှင့်ရင်ဆိုင်ရချိန်မှာ သူသည် ရှောင်တိမ်ဖို့စိတ်ကူးမရှိပေ။
သူသည် သူ၏လက်နှစ်ဖက်ကိုမြှောက်ပြီး လက်သီးနှစ်လုံးအဖြစ်ဆုပ်ကာ ငွေရောင်သံကွင်းများကို ပစ်ထိုးလိုက်၏။
“နင်ကတော့ သေချင်နေပြီပဲ”
အမျိုးသမီးအို၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သည့်အလင်းရောင်က ဖျတ်ခနဲလက်သွား၏။
ထိုသည်ကိုတွေ့မြင်သောအခါ အကြီးအကဲဘဝဖြတ်ပိုင်းက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
“အထီးကျန်သိုင်းသခင်က မောက်မာရုံတင်မကဘူး... သူကတကယ် မိုက်မဲတာပဲ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်ရဲ့ ဓမ္မလက်နက်ကို သူ့ရဲ့ကိုယ်ကာယနဲ့ ခံယူချင်နေတယ်ဆိုတော့... အဲ့ဒါက…..”
အကြီးအကဲဘဝဖြတ်ပိုင်း၏စကား မဆုံးသေးခင်မှာပင် ကျယ်လောင်သောမြည်သံက လေထဲကနေထွက်ပေါ်လာ၏။
တစ်ချိန်တည်းနီးပါးမှာပင် လက်သီးနှစ်လုံးနှင့် ငွေရောင်သံကွင်းတစ်စုံက ထိတွေ့ရိုက်ခတ်သွား၏။
ချက်ချင်းပင် အမျိုးသမီးအိုနှင့် ဆူဇီမို၏ အမူအရာများက ချက်ချင်းပြောင်းလဲသွားကြ၏။
“မဖြစ်နိုင်တာ”
အမျိုးသမီးအို၏ မှုန်ရီနေသောမျက်လုံးများက ပြူးကျယ်သွားပြီး အရာရာတိုင်းကို မယုံကြည်နိုင်စွာ ငေးကြည့်နေ၏။
သူမ၏ ဓမ္မလက်နက်များသည် ဆူဇီမို၏လက်ကို မထိခိုက်စေနိုင်ခဲ့ပေ။
အကြီးအကဲဘဝဖြတ်ပိုင်းသည်လည်း ဆက်လက်၍ စကားမပြောနိုင်တော့ဘဲ သူ၏မျက်လုံးထဲသို့ တုန်လှုပ်မှုက အထင်းသားဝင်ရောက်လာ၏။
အခြားတစ်ဘက်တွင် ဆူဇီမိုကလည်း မျက်မှောင်ကြုတ်လိုက်၏။
အမျိုးသမီးအို၏ ဓမ္မလက်နက်သည် အခြားသောစွမ်းအားကြီးပုဂ္ဂိုလ်ဓမ္မလက်နက်များထက် များစွာပိုမိုသန်မာလေသည်။
ယခုချိန်တွင် သူက လူပုံသဏ္ဌာန် ဖန်တီးခြင်းကြာပဒုမ္မာဖြစ်လေသည်။ အဆင့်-၇ ဖန်တီးခြင်းကြာပဒုမ္မာသည် မူလစွမ်းအားကြီးပုဂ္ဂိုလ်ဓမ္မလက်နက်များနှင့် ယှဥ်နိုင်လေသည်။
သို့သော် ယခုအခါ သူသည် ငွေရောင်သံကွင်းတစ်စုံကို ခုခံနိုင်ခဲ့သော်လည်း သူ၏လက်နှစ်ဖက်သည် စူးရှသောနာကျင်မှုကို ခံစားရပြီး အနည်းငယ်ထုံကျင်သွား၏။
“ကောင်းတယ်ဟေ့... ကောင်းတယ် ကောင်းတယ်”
အမျိုးသမီးအိုက ခေါင်းညိတ်လိုက်၏။
“နင်က... အဲ့လောက်ထိမောက်မာနေတာ မထူးဆန်းတော့ဘူး... နင့်မှာတကယ်ပဲ အစွမ်းအစရှိသားပဲ”
ခဏမျှရပ်တန့်ပြီးနောက် သူမက စကားလမ်းကြောင်းပြောင်းလဲလိုက်၏။
“ဒါပေမဲ့... နင့်မှာရှိတာ ဒါအကုန်ပဲဆိုရင်... အထီးကျန်သိုင်းသခင်ဆိုတာ အနာဂတ်ကျင့်ကြံရေးလောကကနေ ဖယ်ရှားခံရတော့မယ်”
“ပွင့်ပွင့်လင်းလင်းပြောရရင် စောစောက ငါရဲ့ခွန်အား ၇၀ ရာခိုင်နှုန်းကိုပဲ သုံးလိုက်တာ”
အမျိုးသမီးအိုက အဆုံးသတ်မှာတော့ မကောင်းဆိုးဝါးဆန်ဆန် ရယ်မောနိုင်ဆဲ ဖြစ်၏။
“အို... အဲ့လိုလား”
ဆူဇီမိုက အလေးအနက်မထားဟန်ဖြင့် ပြန်ဖြေလိုက်၏။
“ငါကလည်း စောစောက ငါ့ရဲ့ခွန်အား ၅၀ ရာခိုင်နှုန်းကိုပဲ သုံးရသေးတယ်”
“နင်က တော်တော်လျှာစောင်းထက်တာပဲ”
အမျိုးသမီးအို၏အမူအရာက သုန်မှုန်သွားပြီး စူးခနဲအော်ဟစ်လိုက်၏။
“သေဖို့သာပြင်ထားပေတော့... နင်တို့တွေက ဘာကိုစောင့်နေကြတာလဲ အဲ့ဒီပေမင်ရှေးတော်ဝင်မိသားစုက ခွေးမကိုသွားဖမ်းကြလေ... အဲ့ဒီခွေးမမှာ နောက်ထပ်လျှို့ဝှက်ချက်တွေရှိနေရဦးမယ်”
ဤအမျိုးသမီးအိုက တကယ်ကို ထက်မြက်လေသည်။
ဒေါင်ဖန်ရွှမ် ၊ ရှီမန်ထောင်နှင့် အခြားသူများသည် ဤနေရာသို့ရောက်ရှိသောအခါ ပေမင်ကလန်စောင့်ထိန်းလာသော လျှို့ဝှက်ချက်သည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းနှင့် ဖန်တီးခြင်းကြာပဒုမ္မာဖြစ်မည်ဟု နားလည်ထားကြ၏။ သို့သော်လည်း အမျိုးသမီးအိုက တစ်စုံတစ်ရာလွဲမှားနေသည်ကို ခံစားမိနိုင်၏။
တကယ်တော့... ပေမင်ကလန်စောင့်ထိန်းလာခဲ့သော လျှို့ဝှက်ချက်သည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းမဟုတ်ဘဲ ခွန်ဖန်းဥဖြစ်လေသည်။
အကြီးအကဲဘဝဖြတ်ပိုင်းကလည်း မတ်တတ်ထရပ်လိုက်၏။ သူ၏လက်ကောက်ဝတ်ကို လှုပ်ခါပြီး သူ၏လက်ထဲမှာ လွှမ်းမိုးခြယ်လှယ်နိုင်သော ထက်ရှမှုနှင့်အတူ အေးစက်နေသော ဓားရှည်တစ်လက်က ထွက်ပေါ်လာ၏။
ထိုးဓားထွက်ပေါ်လာသည့်အခိုက်အတန့်မှာပင် အခန်းထဲရှိ အပူချိန်က ထိုးဆင်းသွား၏။
“ဒီဓားကို ဘဝဖြတ်ပိုင်းလို့ခေါ်တယ်”
အကြီးအကဲဘဝဖြတ်ပိုင်းက ပြောလိုက်၏။
“ငါ့ကျင့်ကြံမှုရဲ့ ဒီအဆင့်ထိ ဘဝဖြတ်ပိုင်းရဲ့ အောက်မှာ သေဆုံးခဲ့ရတဲ့ ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေ ရေလို့တောင်မရတော့ဘူး... မင်း အထီးကျန်သိုင်းသခင်လည်း ဒီနေ့ သူတို့ထဲက တစ်ယောက်ဖြစ်လာရမယ်”
သူ့စကားကမဆုံးသေးခင်မှာပင် အကြီးအကဲဘဝဖြတ်ပိုင်းက တိုက်ခိုက်လိုက်ပြီဖြစ်၏။ အလှည့်အပြောင်းများက ဖြစ်ပေါ်လာခဲ့လေပြီ။
တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးနှစ်ယောက်သည် ဆူဇီမိုကို တစ်ပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်လိုက်ကြ၏။
ဒေါင်ဖန်ရွှမ် ၊ ရှီမန်ထောင်နှင့် အခြားသောပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကတော့ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလိုက်ကြ၏။ သူတို့သည် ဆူဇီမိုကို ကွေ့ပတ်ပြီး ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းရှိရာ ပေမင်ရွှယ်ထံသို့ ပြေးဝင်သွားကြ၏။
ဤမျှများပြားလှသော အရေအတွက်ကို မပြောနှင့် မည်သည့်ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်မဆို ဆူဇီမိုကို ဖိနှိမ်နိုင်လေသည်။
ဆူဇီမို၏ အမူအရာက အေးစက်လာ၏။
“မင်းတို့တွေအကုန်လုံးက သေချင်နေကြပြီပဲ”
ရုတ်တရက် ဆူဇီမိုသည် မာန်သွင်းအော်ဟစ်၍ သူ၏အမြုတေစိတ်ဝိညာဥ်ကို အစွမ်းကုန်လှည့်ပတ်လိုက်၏။
သူသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်ပြီးနောက် သူ၏အမြုတေစိတ်ဝိညာဥ်ကို ပထမဆုံးအကြိမ်လှည့်ပတ်လိုက်ခြင်းဖြစ်၏။
သူ၏ကြီးမားသော စိတ်ဝိညာဥ်အသိစိတ်က ဖြန့်ကြက်လာပြီး ဓမ္မစွမ်းအားများက သူ၏ဘေးပတ်လည်မှာ တရုန်းရုန်းထကြွလာ၏။
ဆူဇီမို၏လက်ချောင်းများက ပေါ့ပါးစွာလှုပ်ရှားသွားပြီး လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲထုတ်ဖော်လိုက်၏။ သူ၏လှုပ်ရှားမှုက အရမ်းကိုမြန်ဆန်ပြီး ပုံရိပ်ယောင်များပင်ဖြစ်ပေါ်လာ၏။
“မဟာသက္ကတအလင်းလက်သီး”
“သဲမုန်တိုင်း”
“ကမ္ဘာဖျက်မိစ္ဆာလက်သီး”
“ဥုံ.. မာ.. ဏီ.. ပါ.. မီ.. ဟုန်”
“မိစ္ဆာနှိမ်နှင်းချိပ်စည်း ၊ သားရဲနှိမ်နှင်းချိပ်စည်း ၊ အင်မော်တယ်ထောင်ချောက်ချိပ်စည်း ၊ မလှုပ်ရှားနိုင်သောအုတ်မြစ်ချိပ်စည်း ၊ မဟာဝရဇိန်လှည်းဘီးချိပ်စည်း ၊ မဟာမြင်းမိုရ်တောင်ချိပ်စည်း”
“.....”
တာမင်းမန္တန်ခြောက်သံနှင့်အတူ တာမင်းဓမ္မချိပ်စည်းများက ထွက်ပေါ်လာ၏။
ဆူဇီမို၏လက်နှစ်ဖက်ထံမှ ဓမ္မချိပ်စည်းများသည် တစ်ခုပြီးတစ်ခု တုန်လှုပ်စရာကောင်းသောပုံစံဖြင့် ပေါက်ကွဲထွက်ပေါ်လာ၏။
ဆူဇီမိုကျင့်ကြံထားသော ဓမ္မပညာရပ်များအားလုံးသည် ကျင့်ကြံရေးလောက၏ ထိပ်တန်းအဆင့်များဖြစ်ပြီး အစကတည်းက တုန်လှုပ်စရာကောင်းသော အစွမ်းကိုပိုင်ဆိုင်ထားလေသည်။
ယခု သူက ပေါင်းစည်းခန္ဓာအဆင့်သို့ ရောက်ရှိနေပြီးဖြစ်ပြီး ထိုဓမ္မပညာရပ်များ၏ စွမ်းအားက သူတို့၏ အကန့်အသတ်သို့ ရောက်ရှိနေလေပြီ။
ထိုဓမ္မပညာရပ်များသည် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးနှစ်ယောက်ကို ပစ်မှတ်ထားခြင်းမရှိပေ။ ထိုအစား ၎င်းတို့သည် ဒေါင်ဖန်ရွှမ် ၊ ရှီမန်ထောင်နှင့် အခြားသောပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များထံ ဝင်ရောက်သွားကြ၏။
ကမ္ဘာဖျက်ကပ်ဘေးတစ်ခုရောက်ရှိလာပြီး ကောင်းကင်က ပြိုကျလာသည့်အလားပင်။
ခန်းမတစ်ခုလုံးသည် ပြိုကျတော့မည့်ဆဲဆဲ ဖြစ်လာ၏။
“ချီးပဲ... အထီးကျန်သိုင်းသခင်က ရူးသွားပြီ”
ရှီမန်ထောင်သည် ထိတ်လန့်တကြားဖြစ်သွားပြီး ဣန္ဒြေပျက်ယွင်းကာ အထိန်းအကွပ်မဲ့စွာ ကျိန်ဆဲလိုက်၏။
အထီးကျန်သိုင်းသခင်သည် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးနှစ်ယောက်၏ တိုက်ခိုက်မှုကိုလျစ်လျူရှုပြီး သူတို့ကိုပစ်မှတ်ထားတိုက်ခိုက်လာလိမ့်မည်ဟု သူတို့က ဘယ်လိုမှထင်မှတ်မထားခဲ့ကြပေ။