← Chapters

ရှောင်းယောင်

Vol. 93 Ch. 1389

ရှောင်းယောင်

Vol. 93 Ch. 1389

“ဒါဆို... ကျွန်မတို့ဘာလုပ်သင့်လဲ”

ပေမင်ရွယ်က စိုးရိမ်ပူပန်စွာမေးလိုက်၏။

ပထမဆုံးအနေဖြင့် ခွန်ဖန်းဥ၏ ဝါးမျိုနိုင်စွမ်းအားသည် အရမ်းကိုကြီးမားပြီး ပေမင်ရွှယ်မပြောနှင့် ထိပ်သီးဂိုဏ်းကြီးများပင်လျှင် သူ့ကို အကောင်ပေါက်ဖွားစေဖို့ ခဲယဥ်းပေလိမ့်မည်။

ဒုတိယတစ်ချက်အနေဖြင့် ခွန်ဖန်းဥ၏ သတင်းက ပေါက်ကြားသွားသည်နှင့် ပေမင်ရှေးတော်ဝင်မိသားစုသည် ပျက်သုန်းရပေလိမ့်မည်။

ဆူဇီမိုက စဥ်းစားတွေးတောရင်း တိတ်ဆိတ်ငြိမ်သက်သွား၏။

သူသည် ခွန်ဖန်းဥကို သူနှင့်အတူသယ်သွားဖို့ကလည်း မဖြစ်နိုင်ပေ။

ပထမတစ်ချက်... သူ့မှာခွန်ဖန်းဥ ပေါက်ဖွားစေနိုင်မည့် ရတနာများ ၊ အသားနှင့် စွမ်းအင်အဆီအနှစ်တို့ များစွာမရှိပေ။

ဒုတိယတစ်ချက်အနေဖြင့် သူ့မှာလုပ်စရာရှိသည့် အရေးကြီးကိစ္စများရှိသေးပြီး သူက ခွန်ဖန်းဥကို အာရုံစိုက်နိုင်​လိမ့်မည် မဟုတ်ပေ။ ထိုစဥ်မှာပင် ဆူဇီမိုသည် အဖြေတစ်ခုကို တွေးမိသွားသည့်အလား ရင်တစ်ချက်ထိတ်သွား၏။

ထျန်ဟွမ်ကုန်းမြေတိုက်ကြ၏ မြောက်ဝင်ရိုးစွန်းတွင် တစ်နှစ်ပတ်လုံး အေးခဲနေသော သမုဒ္ဒရာတစ်စင်းရှိပြီး အဲ့ဒါကို မြောက်ပိုင်းပင်လယ်ဟုခေါ်လေသည်။

မြောက်ပိုင်းပင်လယ်မှာ အလွန်တရာကျယ်ပြန့်သော အတွင်းပိုင်းပင်လယ်တစ်ခုရှိပြီး အဲ့ဒါကို ပေမင်ပင်လယ်ဟုခေါ်လေသည်။ ထိုနေရာသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ တားမြစ်နယ်မြေကိုးခုထဲမှ တစ်ခုဖြစ်သော ပေမင်ပင်လယ်ဖြစ်၏။

(ပေမင်၏ အဓိပွါယ်မှာ တောင်ပိုင်းပင်လယ်ဖြစ်ပုံရ၏။ ပေမင်ရွှယ်၏ မိသားစုနာမည်မှာလည်း ပေမင် ဖြစ်၏။ ပေမင်ပင်လယ်က သက်သက်၊ ပေမင်မိသားစုက သက်သက် ဖြစ်၏။ သို့သော် အဆက်အစပ် မရှိဘူးဟုတော့ သေချာပေါက် မပြောနိုင်ပါ။)

ထိုတားမြစ်နေရာသည် ကမ္ဘာဦးမျိုးနွယ် ၉ စုထဲမှ တစ်စုဖြစ်သော ခွန်မျိုးနွယ်၏ ရှင်သန်နေထိုင်ရာ နေရာဖြစ်၏။

ခွန်ဖန်းဥကို ပေမင်ပင်လယ်ထဲသို့ ပစ်ထည့်မည်ဆိုလျှင် ခွန်မျိုးနွယ်သည် ၎င်းကိုအကောင်ပေါက်စေဖို့အတွက် အတတ်နိုင်ဆုံး သေချာပေါက်ကြိုးစားပေလိမ့်မည်။ ဒါ့အပြင် သူ၏ဘေးကင်းလုံခြုံမှုအတွက်လည်း စိတ်ချသွားရပေလိမ့်မည်။

နဂါးဖီးနစ်က နဂါးမျိုးနွယ်အတွက် အရေးပါသလို... ခွန်ဖန်းကလည်း ခွန်မျိုးနွယ်အတွက် အရမ်းကိုအရေးပါလေသည်။

(နဂါးဖီးနစ်က ဗီဇပြောင်းနဂါးတစ်ကောင်ဖြစ်ကာ နဂါးများထက် ပိုမိုသန်မာပြီး နဂါးမျိုးနွယ်၏ စံပြခေါင်းဆောင် ဖြစ်လာနိုင်၏။ ထို့အတူ ခွန်ဖန်းကလည်း ခွန်မျိုးနွယ်၏ ခေါင်းဆောင်ဖြစ်လာနိုင်ခြေရှိ၏။)

ပေမင်ပင်လယ်သည် ကမ္ဘာဦးခေတ်ကတည်းက တည်ရှိခဲ့ပြီး အဲ့ဒီနေရာမှာ မရေမတွက်နိုင်သော ရတနာများနှင့် ကျင့်ကြံရေးအရင်းအမြစ်များရှိလေသည်။ မြောက်ပိုင်းပင်လယ်တစ်ခုတည်းမှာပင် မရေမတွက်နိုင်သော သက်ရှိပညာရှင်များ နေထိုင်ကြလေသည်။ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ သမုဒ္ဒရာ သုံးစင်း ၊ ဒေသလေးခုနှင့် တိုက်တစ်တိုက်ရှိလေသည်။

သမုဒ္ဒရာတစ်စင်း၏ ရေမျက်နှာပြင်သည် ဒေသကြီးလေးခုနှင့် တိုက်တစ်တိုက်ထက်ပင် ပို၍ကြီးမားလေသည်။ အဲ့ဒီမှာ မတူညီသော သက်ရှိမျိုးစိတ်များစွာနေထိုင်ကြလေသည်။

တကယ်ဆို အဲ့ဒီမှာစွမ်းအားကြီးမားသော ကမ္ဘာဦးသက်ရှိများစွာပင် ရှိကြလေသည်။

ခွန်ဖန်းသည် ပေမင်ပင်လယ်သို့ ရောက်ရှိပြီးမှသာလျှင် သူ့နေရာသို့ အစစ်အမှန်သို့သူ အမှန်တကယ်ပြန်ရောက်သွားပေလိမ့်မည်။ အဲ့ဒီမှာခွန်ဖန်းသည် သေချာပေါက် အကောင်ပေါက်လာနိုင်ပေလိမ့်မည်။ ဒါ့အပြင်... ခွန်မျိုးနွယ်၏ ကြီးမားသောနောက်ခံနှင့်ဆိုပါက သူသည် များပြားလှစွာသော ကျင့်ကြံရေးအရင်းအမြစ်များကိုလည်း ရရှိနိုင်ပေလိမ့်မည်။

အဲ့ဒီမှာခွန်ဖန်းက လျင်မြန်စွာကြီးထွားလာပေလိမ့်မည်။

ခွန်မျိုးနွယ်သည် ထိုလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်သည်နှင့်အမျှ မည်သည့်အန္တရာယ်မှ ရှိနိုင်တော့မည်မဟုတ်ပေ။

ပေမင်ပင်လယ်သည် ခွန်ဖန်းအတွက် ပြီးပြည့်စုံသော နေရာတစ်ခုနီးပါးဖြစ်သည်ဟု ဆိုရပေမည်။

တကယ်တော့... အဲ့ဒီမှာစွန့်စားရမည့် အန္တရာယ်တချို့လည်း ရှိလေသည်။

ဘာပဲပြောပြော တဗူးများသည် သာမန်သက်ရှိများနှင့် လုံးဝမတူပေ။

ယခုခွန်ဖန်းဥကို သူ၏မျိုးဆက်သွေးကနေ နိုးထစေခဲ့ခြင်းကြောင့် အဲ့ဒါက သူနှင့်အရမ်းကို ရင်းနှီးမှုရှိလေသည်။

တစ်ချိန်တည်းမှာပင် ပေမင်ကလန်က သူ့ကို ကာကွယ်ပေးခဲ့သောကြောင့် ခွန်ဖန်းဥသည် မျိုးဆက်သွေးအရ ပေမင်ရွှယ်နှင့်လည်း အရမ်းကို ရင်းနှီးမှုရှိလေသည်။

သို့သော်လည်း သူ့ကို ပေမင်ပင်လယ်ထဲသို့ ပစ်ထည့်လိုက်မည်ဆိုလျှင် သူနှင့် ဆူဇီမို သို့မဟုတ် သူနှင့် ပေမင်ရွှယ်၏ ပတ်သက်ဆက်နွယ်မှုက လုံးဝဖြတ်တောက်ခံလိုက်ရပေလိမ့်မည်။

သူတို့မရှိသော ပတ်ဝန်းကျင်မှာရှင်သန်နေထိုင်ရင်း ခွန်ဖန်းသည် အမှန်တကယ် ကြီးထွားလာသောအခါ သူတို့အပေါ် မည်သည့်ခံစားချက်မှ ရှိမလာတော့တာမျိုး ဖြစ်နိုင်လေသည်။

ခွန်မျိုးနွယ်၏ မျက်လုံးထဲတွင် လူသားများက ပုရွက်ဆိတ်များဖြစ်၏။

တဗူးတစ်ကောင်ဖြစ်သော ခွန်ဖန်း၏မျက်လုံးထဲတွင် ထိုကဲ့သို့သောထင်မြင်ချက်က ပို၍ပင် သိသာထင်ရှားပေလိမ့်မည်။

ခွန်ဖန်းသည် ရှင်သန်ကြီးထွားလာပြီးနောက် ဘာနှင့်တူလာမလဲဆိုတာ မည်သူကမှ မသိကြပေ။

အတန်ကြာတိတ်ဆိတ်ပြီးနောက် ဆူဇီမိုက သူ့ဘေးရှိခွန်ဖန်းဥကိုကြည့်ကာ လေးနက်သောလေသံဖြင့် ပြောလိုက်၏။

“ငါက... မင်းအလျင်အမြန်ကြီးထွားလာနိုင်တဲ့ နေရာတစ်ခုဆီကို ခေါ်သွားပေးမယ်... ဒါပေမဲ့လို့ ပေမင်ကလန်ပဲဖြစ်ဖြစ် ငါပဲဖြစ်ဖြစ် မင်းရဲ့ဘေးမှာ ရှိနေနိုင်မှာ မဟုတ်တော့ဘူး”

ခွန်ဖန်းဥသည် ထိုသို့မပြုလုပ်ချင်သည့်အလား ချက်ချင်းပင် ယမ်းခါပြလိုက်၏။

“မင်း... အဲ့ဒီကိုသွားရမယ်.. မင်းဒီမှာရှိနေရင် ငါက မင်းကိုကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”

ပေမင်ရွယ်ကလည်းပြုံး၍ ခွန်ဖန်းဥကို ညင်သာစွာ လက်ဖြင့်ပုတ်လိုက်၏။

ခွန်းဖန်ဥသည် စိတ်ပါမလာသေးဘဲ ဆူဇီမိုနှင့် ပေမင်ရွှယ်ကို ရင်းနှီးကျွမ်းဝင်စွာဖြင့် ပွတ်သပ်နေ၏။

ခဏနေပြီးနောက် တစ်စုံတစ်ရာကိုတွေးမိသွားသည့်အလား ခွန်ဖန်းဥသည် ရုတ်တရက် ဆူဇီမိုရှေ့သို့ လှိမ့်လာခဲ့ပြီး ဦးချနေသည့်အလား တစ်လှမ်းချင်းတစ်လှမ်းချင်း ရှေ့သို့စောင်းငဲ့လာ၏။

ဆူဇီမိုသည် ရယ်မော၍ သူ၏ခေါင်းကိုညင်သာစွာ ခါယမ်းလိုက်၏။

“မင်းဘာလုပ်နေတာလဲ... မင်းက ငါ့ကိုဆရာအဖြစ် အသိအမှတ်ပြုနေတာလား”

အဲ့ဒါသည် သူ၏ပါးစပ်ကနေ လွှတ်ခနဲထွက်သွားသော စကားတစ်ခွန်းမျှသာဖြစ်၏။ မထင်မှတ်ထားစွာဖြင့် ခွန်ဖန်းဥက နေရာကနေ ထခုန်၍ ဆူဇီမိုရှေ့မှာ ခုန်ဆွခုန်ဆွလုပ်နေ၏။

“တော်တော်လည်တာပဲ”

ပေမင်ရွယ်က မနေနိုင်ဘဲ ချီးကျူးလိုက်၏။

ဤခွန်ဖန်းသည် ယခုအချိန်ထိ အကောင်ပေါက်မလာသေးသော်လည်း ဥတစ်လုံးအနေဖြင့် ဤကဲ့သို့သော ဉာဏ်ရည်ဉာဏ်သွေးကို ပိုင်ဆိုင်နေလေပြီ။

“ဆရာ... ရှင်သူ့ကို ဘာလို့လက်မခံရမှာလဲ”

ပေမင်ရွယ်ကလည်း ပြုံးလိုက်၏။

“ကမ္ဘာဦးတဗူးရဲ့ ပါရီအရည်အချင်းက သေချာပေါက် ကျွန်မထက်သာမှာပဲ... သူက ဆရာ့တပည့်ဖြစ်ဖို့ သေချာပေါက်အဆင့်မီပါတယ်”

ကမ္ဘာဦးတဗူးတစ်ခုကို တပည့်အဖြစ်လက်ခံရမှာလား။

ဤစကားသာ ပျံ့နှံ့သွားမည်ဆိုလျှင် အားလုံးရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပေလိမ့်မည်။

ကမ္ဘာဦးတဗူးဆိုတာ မည်သို့သောတည်ရှိမှုမျိုးပါလဲ။ ဘယ်သူကများ တဗူးတစ်ကောင်၏ ဆရာဖြစ်လာဖို့ အဆင့်မီမှာလဲ။

ဒါ့အပြင် ကမ္ဘာဦးတဗူးများကို အပြင်လူများက ဂြိုလ်ဆိုးတစ်ခုအလား ရှောင်လွှဲချင်ကြလေသည်။ ဘယ်သူကများ ကိုယ့်သဘောနဲ့ကိုယ် ဒုက္ခအိုးကို ပွေ့ပိုက်ထားချင်ပါ့မလဲ။

သို့သော်လည်း ဆူဇီမိုက ထိုကဲ့သို့သော ကိစ္စများအပေါ် အယူသီးခြင်းမရှိပေ။

ခွန်ဖန်းအပါအဝင် ကမ္ဘာဦးတဗူး သုံးမျိုးသည် သူနှင့် အနည်းနှင့်အများဆိုသလို ပတ်သက်ဆက်နွယ်နေ၏။

ဒါ့အပြင် ခွန်ဖန်းကို သူ၏တပည့်အဖြစ်လက်ခံခြင်းက ကျိန်စာတစ်ခုဖြစ်ချင်မှဖြစ်ပေလိမ့်မည်။

“ဆရာ... သူ့ကိုလက်ခံလိုက်ပါတော့”

ပေမင်ရွယ်က ဤခွန်ဖန်းကို အမှန်တကယ်ပင် သဘောကျနေပြီး ရှားရှားပါးပါး အမျိုးသမီးတစ်ယောက်၏ အကြည့်ကိုထုတ်ဖော်ပြသနေ၏။ သူမက ခပ်ချွဲချွဲလေသံဖြင့် ပြောဆိုလိုက်လေသည်။

“ကျွန်မက အကြီးဆုံးတပည့်ပဲ... ကျွန်မမှာ ဂျူနီယာမောင်လေး ဒါမှမဟုတ် ညီမလေးတစ်ယောက်ရှိလာမယ်ဆိုရင် အဲ့ဒါက ပိုမကောင်းဘူးလား”

ဆူဇီမိုသည် ပြန်မဖြေဘဲ မလှမ်းမကမ်းရှိ ခွန်ဖန်းဥကိုကြည့်နေ၏။

“ဆရာအဖြစ် အသိအမှတ်ပြုတဲ့ကိစ္စက ပေါ့ပေါ့တန်တန်ကိစ္စမဟုတ်ဘူး... မင်းတကယ်စဥ်းစားပြီးပြီလား”

ခွန်ဖန်းဥသည် အဲ့ဒါကို အလေးအနက်ထားကြောင်းဖော်ပြဖို့အတွက် နေရာမှာပင် နှစ်ကြိမ်ထခုန်ပြလိုက်၏။

ပေမင်ရွှယ်သည် သူမ၏ပါးစပ်ကိုလက်ဖြင့်အုပ်ပြီး ရယ်မောနေ၏။

ဆူဇီမိုကပြောလိုက်၏။

“ဒီလိုဆိုမှတော့ ငါမင်းကိုတပည့်အဖြစ်လက်ခံလိုက်မယ်... ပေမင်ရွယ်က မင်းရဲ့ စီနီယာအစ်မပဲ... ငါနာမည်က ဆူဇီမို.. ငါ့ရဲ့တာအိုဘွဲ့က အထီးကျန်သိုင်းသခင်... မင်းအဲ့ဒါကို သေချာမှတ်ထား”

ခွန်ဖန်းဥသည် စိတ်လှုပ်ရှားနေပုံရပြီး ထိပ်တလဲလဲ ဦးညွှတ်နေ၏။

“ဆရာ... သူ့မှာအခုချိန်ထိ နာမည်မရှိသေးဘူးနော်”

ပေမင်ရွယ်က ပြောလိုက်၏။

ခဏမျှစဥ်းစားတွေးတောပြီးနောက် ဆူဇီမိုက ပြောလိုက်၏။

“ဒီလိုဆိုမှတော့ ငါမင်းကို နာမည်တစ်ခုပေးလိုက်မယ်... မင်းနာမည်က ရှောင်းယောင်ပဲ... မင်းကအနာဂတ်မှာ ဘယ်လိုအချုပ်အနှောင်မှ မရှိဘဲ လောကမှာ ပေါ့ပေါ့ပါးပါးနေနိုင်တဲ့ ဘဝတစ်ခုကိုရရှိနိုင်စေဖို့ ငါမျှော်လင့်တယ်”

(ရှောင်းယောင်၏ အဓိပ္ပါယ်မှာ ပူပင်ကြောင့်ကြမဲ့ခြင်းနှင့် လွတ်လပ်မှုရှိခြင်း (Carefree) ဖြစ်၏။)

ရှောင်းယောင်ဆိုသောစကားသည် ခွန်ဖန်း၏အစွမ်းအစနှင့် ဆူဇီမို၏ မျှော်လင့်ချက်ကို ထင်ဟပ်စေလေသည်။

“​ရှောင်းယောင်... ရှောင်းယောင်”

ပေမင်ရွှယ်သည် တီးတိုးရေရွတ်၍ ခွန်ဖန်းဥကို လက်ဖြင့်ပုတ်လိုက်၏။

“အခုကစပြီး နင့်မှာနာမည်တစ်ခုရှိသွားပြီနော်... နင့်နာမည်က ရှောင်းယောင်ပဲ”

ထိုနာမည်ကို ကြားသောအခါ ခွန်ဖန်းဥသည်လည်း အလွန်တရာ စိတ်လှုပ်ရှားနေ၏။ သူက တစ်ချက်ခုန်၍ ဆူဇီမိုနားသို့တိုးကပ်ပြီး သူ့ကို ပွတ်သပ်နေလေသည်။

“ဆော့မနေနဲ့တော့”

ဆူဇီမိုက ညင်သာစွာပြုံး၍ ခွန်ဖန်းဥကို တွန်းထုတ်လိုက်၏။

“မင်းကငါ့ကို ဆရာအဖြစ်အသိအမှတ်ပြုလိုက်ပြီဆိုမှတော့ ငါကမင်းကို ပေမင်ပင်လယ်ဆီ ပို့ပေးရတော့မှာပေါ့”

ပေမင်ပင်လယ်သည် ရှောင်းယောင်အတွက် အကောင်းဆုံးနေရာဖြစ်၏။

ယခင်က ဆူဇီမိုသည် တွေဝေတုံ့ဆိုင်းနေခဲ့၏။

သို့သော် ယခု ရှောင်းယောင်က သူ၏တပည့်ဖြစ်လာပြီဖြစ်ပြီး သူက ရှောင်းယောင်ကို မည်သို့ပင်ဆိုစေ အနာဂတ်မှာ သူဘာပဲဖြစ်လာဖြစ်လာ ပေမင်ပင်လယ်ဆီကို အရင်ဆုံးပို့ပေးရပေမည်။

ပေမင်ပင်လယ်သည် ရှောင်းယောင်ဘေးကင်းလုံခြုံစွာ ကြီးထွားလာနိုင်သည့် တစ်ခုတည်းသောနေရာဖြစ်၏။

ဆူဇီမို၏ စကားကိုကြားရပြီးနောက် ခွန်ဖန်းဥသည် အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်သွား၏။

သူ့ဆရာပြောပုံအရ သူသည် ပေမင်ဟုခေါ်သောနေရာသို့သွားရမည်ဆိုလျှင် သူက သူ့ဆရာနှင့် စီနီယာအစ်မတို့နှင့် ခွဲရပေတော့မည်။ သူနိုးထလာပြီးနောက် ပထမဆုံးတွေမြင်ရသည့်သူများမှာ ဆူဇီမိုနှင့် ပေမင်ရွှယ်ဖြစ်လေသည်။ ဒါ့အပြင် သူ၏မျိုးဆက်သွေးကြောင့် သူသည် သူတို့နှစ်ယောက်အပေါ် ဖော်မပြတတ်သော ရင်းနှီးသည့်ခံစားချက်တစ်ခုရှိနေ၏။

သို့သော်ယခု သူတို့သုံးယောက်က ခွဲခွာရပေတော့မည်။

“ဆရာ... ပေမင်ပင်လယ်က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ မြောက်ဝင်ရိုးစွန်းမှာရှိတာပဲ... အဲ့ဒါက ဒီကနေဆိုရင် ကီလိုမီတာ သန်းနဲချီပြီးကွာဝေးတယ်... ဆရာ ဘယ်အချိန်လှုပ်ရှားမှာလဲ”

ပေမင်ရွယ်က မေးလိုက်၏။

“ငါ့မှာ တခြားလုပ်စရာကိစ္စလေးတွေရှိသေးတယ်... ငါက လောလောဆယ် မြောက်ပိုင်းဒေသကို ပြန်နိုင်ဦးမှာ မဟုတ်သေးဘူး”

ဆူဇီမိုက ပြောလိုက်၏။

“တခြားငါကတော့ ရှောင်းယောင်ကို ပေမင်ပင်လယ်ဆီခေါ်သွားပေးလိမ့်မယ်”

“တခြား ရှင်လား”

ပေမင်ရွှယ်သည် နားမလည်နိုင်ဘဲ ခဏမျှကြောင်အ,မှင်တက်သွား၏။

ထိုစဥ်မှာပင် လူတစ်ယောက်သည် ခန်းမ၏ အပြင်ဘက်ကနေ အထဲသို့လျှောက်လှမ်းဝင်ရောက်လာ၏။ ထိုသူက ခရမ်းရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်များကို သူ၏ပုခုံးပေါ်မှာ ဖြန့်ချထား၏။ သူက ကြော့ရှင်းသောသွင်ပြင်များရှိပြီး ဆူဇီမိုနှင့် အတိအကျတူညီနေ၏။

All Chapters