ရှောင်းယောင်၏ အကြောက်တရား
Vol. 93 Ch. 1390
“ဒါ.. ဒါက..”
ပေမင်ရွှယ်သည် ခရမ်းရောင်ဝတ် ကျင့်ကြံသူနှင့် ဆူဇီမိုကို တုန်လှုပ်စွာဖြင့် တစ်လှည့်စီ ကြည့်ပြီး ကြက်သေသေနေ၏။
သူတို့၏ ဝတ်ရုံများ ကွာခြားနေသည်က လွဲလျှင် ခရမ်းရောင်ဝတ် ကျင့်ကြံသူသည် သူမ၏ဆရာနှင့် အတိအကျ တူညီနေ၏။
သို့သော်လည်း ဤခရမ်းရောင်ဝတ် ကျင့်ကြံသူ၏ အော်ရာက ကွဲပြားခြားနားမှု ရှိကြောင်း ပေမင်ရွှယ်သည် ဝိုးတဝါး ခံစားမိနေ၏။
အဲဒါက ဖော်မပြတတ်သော ခံစားချက်တစ်ခု ဖြစ်၏။
“ငါ့မှာ အစစ်အမှန်ခန္ဓာ နှစ်ခုရှိတယ်လို့ လူတိုင်းက သိထားကြတယ်.. ဒါပေမဲ့ အဲ့လိုမဟုတ်ဘူး”
ဆူဇီမိုက လျှောက်လှမ်းဝင်ရောက်လာသော ခရမ်းရောင်ဝတ် ကျင့်ကြံသူကို လက်ညိုးထိုးပြီး ထူးမခြားနား ပုံစံဖြင့် ပြောလိုက်၏။
“ဒါက ငါ့ရဲ့ တတိယမြောက် အစစ်အမှန်ခန္ဓာပဲ”
ဝင်ရောက်လာသူသည် ဆူဇီမို၏ သိုင်းတာအို ပင်မခန္ဓာပင် ဖြစ်လေသည်။
တကယ်တော့ လွန်ခဲ့သည့် တစ်နှစ်ကတည်းက ဆူဇီမိုသည် သိုင်းတာအို အစစ်အမှန်ခန္ဓာကို ဤနေရာသို့ လာရောက်ဖို့ ဆင့်ခေါ်ထားခဲ့ခြင်းဖြစ်၏။
ထိုအချိန်တုန်းက.. အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အမြုတေစိတ်ဝိညာဉ်က ပျက်စီးထိခိုက်ထား၏။
ရှေးတော်ဝင်မိသားစုပြိုင်ပွဲက စတင်တော့မည်ဖြစ်ပြီး ဆူဇီမိုသည် ထိပ်သီးပညာရှင် အချို့ကို ရန်စမိလျှင် တစ်စုံတစ်ရာ ဖြစ်လာမည်ကို စိုးရိမ်ပူပန်ခဲ့၏။
အစစ်အမှန် နဂါးခန္ဓာက တောင်ပိုင်းပင်လယ်မှာ တံခါးပိတ်ကျင့်ကြံနေပြီး သူ့ကို လှမ်းခေါ်ဖို့က မသင့်လျော်ပေ။
သူ့ကို ကူညီပေးနိုင်သည့် တစ်ဦးတည်းသောသူမှာ သိုင်းတာအို ပင်မခန္ဓာ ဖြစ်၏။
ထို့ကြောင့်ပင်.. ဆူဇီမိုသည် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ ဒဏ်ရာများကနေ သက်သာပျောက်ကင်းမလာဘဲ ပေါင်းစည်းခန္ဓာအဆင့်သို့ မတက်လှမ်းနိုင်ခဲ့ဘူးဆိုလျှင်တောင် သူက စိုးရိမ်ပူပန်မှု မရှိခဲ့ခြင်း ဖြစ်၏။
သူ၏ သိုင်းတာအို ပင်မခန္ဓာ ရောက်ရှိလာသည်နှင့်အမျှ သူသည် ရှေးတော်ဝင်မိသားစုနှစ်စုမှ ပညာရှင်များကို အနိုင်မရနိုင်ဘူး ဆိုလျှင်တောင် သူသည် ပျက်စီးနေသော တည်နေရာရွှေ့ပြောင်း ဝင်္ကပါကို ထုတ်သုံးကာ သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် ပေမင်ရွှယ်နှင့်အတူ ဤနေရာကနေ ထွက်ခွာသွားနိုင်လေသည်။
အဲဒါသည် ဆူဇီမို၏ မူလအစီအစဉ် ဖြစ်၏။
သို့သော်လည်း.. နောက်ပိုင်းတွင် ပေမင်ရှေးတော်ဝင်မိသားစု၏ လျှို့ဝှက်ချက်က ထွက်ပေါ်လာပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကြီးမားသော အခွင့်အလမ်းတစ်ခုကို ရရှိခဲ့၏။ သူသည် ပကတိ အသွင်ပြောင်းလဲသွားခဲ့ပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်နှင့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် အယောက် ၃၀ကျော်ကို သတ်ဖြတ်နိုင်ခဲ့လေသည်။
သိုင်းတာအို ပင်မခန္ဓာသည် ဤနေရာမှာရှိသော အခြေအနေကို ခံစားမိသောအခါ သူက ပေါ်ထွက်မလာခဲ့ပေ။
ယခုအချိန်မှသာလျှင် သိုင်းတာအို ပင်မခန္ဓာက ရောက်ရှိလာခြင်း ဖြစ်၏။
“ဆရာ… ဒီကိုယ်ပွားက ရှင်နဲ့ တူတယ်နော်”
ပေမင်ရွှယ်က တဖြည်းဖြည်း နားလည်သဘောပေါက်သွား၏။
ဆူဇီမိုက ခေါင်းညိတ်၍ ထပ်မံ ရှင်းပြမနေတော့ပေ။
ပေမင်ရွှယ်သည် သိုင်းတာအို ပင်မခန္ဓာကို ကြည့်ရင်း မနေနိုင်ဘဲ မေးလိုက်၏။
“ဆရာ… ရှင့်ကိုယ်ပွားရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်မှာလဲ”
“အစောပိုင်း ဓမ္မဝိသေသအဆင့်”
ဆူဇီမိုက ပြန်ဖြေလိုက်၏။
သိုင်းတာအို ပင်မခန္ဓာသည် လွန်ခဲ့သည့် နှစ်တစ်ရာကျော်ကမှ စတင်ကျင့်ကြံခဲ့ခြင်း ဖြစ်၏။
ထိုကျင့်ကြံမှု အမြန်နှုန်းက အရမ်းကို ကြောက်စရာကောင်းနေခဲ့လေပြီ။
သိုင်းတာအိုမီးဖိုသည် သုတ္တန်အမျိုးအစား အားလုံးကို အရည်ဖျော်နိုင်ပြီး လျှို့ဝှက်အတတ်များနှင့် ကျင့်ကြံရေး နည်းစနစ်များကို စုပ်ယူဝါးမျိုနိုင်လေသည်။ ထိုသို့ဖြင့် သူ၏ ကျင့်ကြံမှုသည် ခုန်ပေါက်၍ တိုးမြှင့်လာခဲ့လေသည်။
“အစောပိုင်း ဓမ္မဝိသေသအဆင့်လား”
ပေမင်ရွှယ်က တီးတိုးရေရွတ်လိုက်၏။
ကိုယ်ပွား၏ ကျင့်ကြံမှုအဆင့်သည် နိမ့်ကျနေတတ်သည်မှာ သဘာဝကျလေသည်။
သို့သော်လည်း ဘာကြောင့်ရယ် မသိ… ပေမင်ရွှယ်သည် သူမ ဆရာ၏ သိုင်းတာအို အစစ်အမှန်ခန္ဓာကိုယ်ထံမှ ဖော်မပြတတ်သော ဖိအားတစ်ခုကို ခံစားနေရ၏။
သူမသည် ခေါင်းကို ခါယမ်းပြီး အဲဒါကို ထပ်မံ စဉ်းစားတွေးတောခြင်း မရှိတော့ပေ။
“ဂျူနီယာ မောင်လေး.. နင် ဘာလို့ ငြိမ်သွားတာလဲ”
ပေမင်ရွှယ်က ဘေးဘက်တွင်ရှိသော ခွန်ဖန်းဥကို တစ်ချက်ကြည့်ပြီး ပြုံးကာ မေးလိုက်၏။
“နင်.. ငါနဲ့ မခွဲရက်လို့လား”
အစကတော့ ခွန်ဖန်းဥသည် အလွန်တရာ စိတ်လှုပ်ရှားနေခဲ့၏။ သို့သော်လည်း ဘာကြောင့်ရယ်မသိ.. သိုင်းတာအို ပင်မခန္ဓာ ဝင်ရောက်လာပြီးနောက် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွား၏။
ခွန်ဖန်းဥက လှုပ်ပင် မလှုပ်တော့ပေ။
စောစောကဆိုလျှင်.. ခွန်ဖန်းဥသည် သူ၏ စိတ်ခံစားချက်များကို ဖော်ပြဖို့အတွက် ဘေးပတ်ချာလည်မှာ ခုန်ပေါက်နေတတ်၏။
သိုင်းတာအို ပင်မခန္ဓာ၏ အကြည့်က ခွန်ဖန်းဥပေါ်သို့ ရောက်ရှိသွား၏။ သူက လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်၏။
“လာလေ.. ငါ မင်းကို ခေါ်သွားမယ်”
ခွန်ဖန်းဥက ရှေ့သို့ တက်မလာခဲ့ပေ။ ထိုအစား.. ရှောင်တိမ်းဖို့ ကြိုးစားနေသည့်အလား နောက်သို့ပင် ဆုတ်သွား၏။
“ဘာဖြစ်လို့လဲ.. သွားလိုက်လေ”
ပေမင်ရွှယ်က ပြုံး၍ ခွန်ဖန်းဥကို သိုင်းတာအို ပင်မခန္ဓာ ရှိရာဘက်သို့ တွန်းပို့လိုက်၏။
ပေမင်ရွှယ်သည် ခွန်ဖန်းဥကို မတွန်းနိုင်ရုံသာမက… ၎င်းသည် ကြောက်ရွံ့ထိတ်လန့်နေသည့်အလား.. သူမ၏ နောက်သို့ပင် ရွေ့လျားပုန်းကွယ်လာခဲ့၏။
“ဟမ်”
ဒီတစ်ကြိမ်မှာတော့.. ဆူဇီမိုပင်လျှင် တစ်မူထူးခြားနေသည်ကို သတိထားမိသွား၏။
ခွန်ဖန်းဥသည် ထွက်ခွာမသွားချင်သောကြောင့် မဟုတ်ပေ။
ခွန်ဖန်းဥက ကြောက်ရွံ့နေခြင်း ဖြစ်၏။
အတိအကျဆိုရလျှင်.. ခွန်ဖန်းဥသည် သိုင်းတာအို ပင်မခန္ဓာကို ကြောက်ရွံ့နေပြီး အနားသို့ အကပ်မခံရဲခြင်း ဖြစ်၏။
“သူက ငါ့ဆရာရဲ့ ကိုယ်ပွားပဲလေ.. နင်က ဘာကိုကြောက်နေတာလဲ”
ပေမင်ရွှယ်က ပြုံး၍ ခွန်ဖန်းဥကို ညင်သာစွာ ပုတ်လိုက်၏။
ခွန်ဖန်းဥက ရှေ့သို့ တက်မလာသေးပေ။
သူမ၏ လက်ဖဝါးအောက်တွင် ခွန်ဖန်းဥက တဆတ်ဆတ် တုန်ယင်နေသည်ကို ပေမင်ရွှယ်က ရှင်းလင်းစွာ ခံစားမိလိုက်၏။
“ဘာများဖြစ်လို့လဲ”
သူမက အနည်းငယ် ကြောင်အ,မှင်တက်သွား၏။
ခွန်ဖန်းဥသည် သိုင်းတာအို ပင်မခန္ဓာအပေါ် နက်ရှိုင်းသော အကြောက်တရားတစ်ခု ရှိနေပုံ ရ၏။
သို့သော်လည်း အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ။
သူမ ဆရာ ပြောပုံအရ.. အဲဒါသည် သူ၏ ကိုယ်ပွားတစ်ခုသာ ဖြစ်၏။ ဒါ့အပြင်.. သူက ဓမ္မဝိသေသအဆင့်မှာသာ ရှိနေသေး၏။ ကမ္ဘာဦးတဗူးထဲမှ တစ်မျိုးဖြစ်သော ခွန်ဖန်းသည် ဘာလို့ အဲ့လောက်ထိ ဆိုးဆိုးဝါးဝါး ကြောက်ရွံ့နေရမှာလဲ။
ဒါ့အပြင်.. ခွန်ဖန်းဥသည် ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် အရမ်းကို ရင်းနှီးမှု ရှိပြီး မကြာ မကြာ သူ့ကို လှည့်ပတ်ပွတ်သပ်နေတတ်သေး၏။
သို့သော်လည်း.. သိုင်းတာအို ပင်မခန္ဓာနှင့် ရင်ဆိုင်ရချိန်တွင် ခွန်ဖန်းဥက ကြောက်ရွံ့မှုဖြင့် တုန်ယင်နေ၏။
ထိုသည်ကို မြင်သောအခါ.. ဆူဇီမိုက စိတ်ထဲကနေ သက်ပြင်းချလိုက်၏။
“ကမ္ဘာဦးတဗူးဆိုတဲ့အတိုင်းပါပဲလား.. သူက မွေးဖွားမလာသေးတာတောင်မှ အရမ်းကို ထက်ရှတဲ့ အာရုံခံစိတ် ရှိနေပြီပဲ”
သိုင်းတာအို ပင်မခန္ဓာသည် အရင်က တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးပေ။
အဲဒါကြောင့် သူ၏ တည်ရှိမှုကို သိရှိသည့်သူ မရှိသလောက်နီးပါးပင်။
အဲဒါကြောင့် သိုင်းတာအို ပင်မခန္ဓာက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ ဆူဇီမိုက လွဲပြီး တခြားဘယ်သူမှ မသိရှိကြပေ။
အဲဒါသည် သုံးလောကနှင့် အခြေခံ ဒြပ်စင်ငါးမျိုးကို ကျော်လွန်သွားသော မူကွဲတည်ရှိမှုတစ်မျိုး ဖြစ်၏။
သိုင်းတာအို ပင်မခန္ဓာ မွေးဖွားကာစကပင်.. မျိုးနွယ်စုခေါင်းဆောင် ကိုယ်တော်ယွမ်ပေသည် သူ၏ စိတ်နှလုံးထွင်းဖောက် နတ်ဘုရားစွမ်းအားဖြင့်ပင် သိုင်းတာအို ပင်မခန္ဓာ၏ ကံကြမ္မာကို မတွက်ချက်နိုင်ခဲ့ပေ။
အဲဒါသည် လက်ရှိ သိုင်းတာအို ပင်မခန္ဓာက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထက် ပိုမိုသန်မာသည်ဟု မဆိုလိုပေ။
အကြောင်းမှာ.. ခွန်ဖန်းဥသည် အကောင်ပေါက်မလာသေးသည့်အတွက် အကြားနှင့် အမြင်ကဲ့သို့ အာရုံငါးပါးကို မပိုင်ဆိုင်နိုင်သေးပေ။ သူသည် အပြင်လောကကို အာရုံခံဖို့အတွက် သူ၏ မွေးရာပါ စိတ်ဝိညာဉ်အသိအမြင်ပေါ်မှာသာ မှီခိုနေရခြင်း ဖြစ်၏။
သူ၏ အသိစိတ်အရ.. အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားတစ်ခု ဖြာထွက်နေသည့် ကျောက်စိမ်းရောင်ကြာပန်းတစ်ခုနှင့် တူလေသည်။
ဒါ့အပြင်.. သူသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးကို စုပ်ယူထားခဲ့ဖူးပြီး အဲဒါနှင့် ခုခံမှု လုံးဝမရှိပေ။
သို့သော်လည်း သိုင်းတာအို အစစ်အမှန်ခန္ဓာကတော့ ကွဲပြားလေသည်။
သိုင်းတာအို ပင်မခန္ဓာသည် သူ၏ခန္ဓာကိုယ်ကို မီးဖိုတစ်လုံးအဖြစ် အသုံးချ၍ ကျင့်ကြံထား၏။ သူ၏ခန္ဓာကိုယ်ထဲမှ မရေမတွက်နိုင်သော သုတ္တန်များကို ထည့်သွင်းပေါင်းစည်းထားလေသည်။
ခွန်ဖန်းဥအတွက်တော့.. သိုင်းတာအို ပင်မခန္ဓာသည် လောကရှိ အရာရာတိုင်းကို အရည်ဖျော်ပစ်နိုင်သည့်အလား ဖျက်ဆီးအား မြင့်မားသော အော်ရာတစ်ခု ဖြာထွက်နေသည့် ဧရာမ မီးဖိုတစ်လုံးနှင့် တူနေလေသည်။
အဲဒါက သူပင်လျှင် ချမ်းသာရာရမည့်ပုံ မရှိပေ။
အဲဒါကြောင့် သူသည် သိုင်းတာအို ပင်မခန္ဓာကို ကြောက်ရွံ့နေပြီး အနားသို့ မချဉ်းကပ်ရဲခြင်း ဖြစ်၏။
“ရှောင်းယောင်.. သူ့နောက်က လိုက်သွား”
နောက်ဆုံးမှာ ဆူဇီမိုက ပြောလိုက်၏။
“သူက ငါပဲ.. ငါကလည်း သူပဲ.. ငါတို့ကြားမှာ ဘာမှ ကွာခြားမှုမှ မရှိဘူး.. သူက မင်းကို သေချာပေါက် ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး”
ထိုအခါမှသာ.. ခွန်ဖန်းဥသည် နောက်ဆုံးမှာ အနည်းငယ် စိတ်သက်သာရာရသွားပုံ ရ၏။
ဧရာမ ဥသည် အလွန်တရာ နှေးကွေးစွာဖြင့် သိုင်းတာအို ပင်မခန္ဓာဆီသို့ ဖြည်းဖြည်းချင်း ရွေ့လျားသွား၏။ သူက စိတ်ကျေနပ်မှု မရှိသေးသည်မှာ သိသာလေသည်။
ခွန်ဖန်းဥက နှမျောတွန့်တိုစွာဖြင့် နည်းနည်းချင်း တစ်စတစ်စ ရွေ့လျားနေ၏။
သူသည် ယခုအချိန်ထိ အကောင်မပေါက်သေးသော်လည်း ဤနှုတ်ဆက်ခွဲခွာမှု အပြီး၌ သူသည် သူ့ဆရာနှင့် သူ၏ စီနီယာအစ်မနှင့် တစ်ဖန်ပြန်လည် ဆုံစည်းရဖို့အတွက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတော့မည်ဖြစ်ကြောင်း ခန့်မှန်းမိနေလေသည်။
“ကောင်းပြီလေ.. နင်က မြန်မြန်ကြီးထွားအောင် လုပ်ရမယ်နော်.. အဲဒါမှ ငါတို့ နောက်တစ်ခါ ပြန်တွေ့နိုင်မှာ”
ပေမင်ရွှယ်က ခွန်ဖန်းဥ၏ စိတ်ကို ခန့်မှန်းမိနိုင်ပြီး ညင်သာစွာ နှစ်သိမ့်လိုက်၏။
ခွန်ဖန်းဥသည် သူမ၏ ဂျူနီယာမောင်လေး ဖြစ်ရုံသာမက နှစ်ပေါင်းများစွာကြာအောင် ပေမင်ကလန် စောင့်ထိန်းလာခဲ့သော လျှို့ဝှက်ချက်လည်း ဖြစ်လေသည်။
အဲဒါကြောင့် ပေမင်ရွှယ်သည် ရှောင်းယောင်အပေါ် ခံစားချက်များစွာ ရှိနေ၏။
အတန်ကြာပြီးနောက်.. ခွန်ဖန်းဥသည် နောက်ဆုံးမှာ သိုင်းတာအို ပင်မခန္ဓာရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
သိုင်းတာအို ပင်မခန္ဓာက မည်သည့်စကားမှ မပြောဘဲ သူ၏အင်္ကျီလက်စကို ဝှေ့ယမ်းပြီး ခွန်ဖန်းဥကို သိမ်းဆည်းလိုက်၏။ သူက တစ်ခါတည်း လှည့်ထွက်သွားပြီး တစ်ခဏအတွင်း ခန်းမထဲကနေ ပျောက်ကွယ်သွားခဲ့လေပြီ။