← Chapters

ဖန်းလိုင်ကျွန်းမှ ဖိတ်ခေါ်ချက်

Vol. 93 Ch. 1393

ဖန်းလိုင်ကျွန်းမှ ဖိတ်ခေါ်ချက်

Vol. 93 Ch. 1393

နတ်ဖီးနစ်ကျွန်းတွင်…

များစွာသော ကျင့်ကြံသူများသည် လေထဲမှာ မတ်တတ်ရပ်ပြီး တစ်စုံတစ်ရာကို ဆွေးနွေးပြောဆိုရင်း ပင်လယ်ရေမျက်နှာပြင်ကို ငုံ့ကြည့်နေကြ၏။

“စောစောက ပင်လယ်ထဲမှာ တော်တော်ကြီးမားတဲ့ ရုတ်ရုတ်သဲသဲ တစ်ခု ဖြစ်သွားတယ်.. အဲဒါက ဘယ်လိုကြီးမားတဲ့ တိုက်ပွဲတစ်ခု ဖြစ်ပေါ်ခဲ့တာလဲ ငါသိချင်မိတယ်”

“အဲဒါက စွမ်းအားကြီးပုဂ္ဂိုလ်တွေ တိုက်ခိုက်ခဲ့တာ ဖြစ်ဖို့များမယ်လို့ ငါထင်တယ်”

မိုယင်သည် ဘေးမှာ မတ်တတ်ရပ်ရင်း စိုးရိမ်ပူပန်သော အမူအရာနှင့်အတူ မျက်မှောင် အနည်းငယ်ကြုတ်ထား၏။

ထိုစဉ်မှာပင်.. အဖြူရောင် ရှပ်အင်္ကျီနှင့် ကျင့်ကြံသူတစ်ယောက်က လျှောက်လှမ်းလာ၏။ သူက စာပေးသမားဆန်ဆန်ဖြစ်ပြီး သူ၏မျက်နှာပေါ်တွင် နွေးထွေးပျူငှာသည့် အပြုံးတစ်ခု ရှိနေ၏။

“စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်”

များစွာသော ကျင့်ကြံသူများသည် ထိုသူကို မြင်သောအခါ အလောတကြီး ဦးညွှတ်လိုက်ကြ၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် လွန်ခဲ့သည့် သုံးနှစ်က နဂါးဝိညာဉ်ဆေဘာကို ကိုင်စွဲရာမှာ ကျရှုံးခဲ့သော်လည်း သူသည် နတ်ဖီးနစ်ကျွန်းမှာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပြီးနောက် သူ၏ အဆင့်အတန်းက ကိုင်လှုပ်၍ မရနိုင်တော့ပေ။

ဒါ့အပြင် သူက နောက်ထပ် နတ်ဖီးနစ်အရိုး၏ ပိုင်ရှင်လည်း ဖြစ်လေသည်။

လွန်ခဲ့သည့် သုံးနှစ်အတွင်း စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် တောင်ပိုင်းပင်လယ်အစပ်မှာ နံရံတစ်ဖက်ကို မျက်နှာမူပြီး သံဝေဂရဆင်ခြင်နေခဲ့၏။ မကြာသေးခင်ကမှ သူ၏ လွတ်လပ်မှုကို ပြန်လည်ရရှိလာပြီး ပြန်လည်ပေါ်ထွက်လာခဲ့ခြင်းဖြစ်၏။

ဘာပဲပြောပြော.. နဂါးဝိညာဉ်ခန်းမနောက်မှာတုန်းက စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် တစ်ချိန်လုံး သူ့ကိုယ်သူ ချုပ်တည်းခဲ့ပြီး စည်းလွတ်ကမ်းလွတ် မည်သည့်အရာကိုမှ ပြောဆိုခြင်း ပြုလုပ်ခဲ့ခြင်း မရှိခဲ့ပေ။

“ခင်ဗျားတို့တွေက ဘာတွေ ဆွေးနွေးပြောဆိုနေကြတာတုန်း”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က ပြုံးစစဖြင့် မေးလိုက်၏။

“စောစောက တောင်ပိုင်းပင်လယ်ထဲမှာ ရုတ်တရက် ဗြောင်းဆန်လာခဲ့တယ်… တောင်ပိုင်းပင်လယ်ထဲမှာ ထိပ်တန်းအဆင့် ပညာရှင်တွေကြားက တိုက်ပွဲတစ်ပွဲ ဖြစ်ခဲ့တယ်လို့ ကျုပ်တို့က ခန့်မှန်းနေကြတာ”

ကျင့်ကြံသူအချို့က အလောတကြီး ပြောဆိုလိုက်ကြ၏။

“အင်း”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်ကလည်း ခေါင်းညိတ်လိုက်၏။

“ပင်လယ်ရေမျက်နှာပြင်က အခုတော့ တည်ငြိမ်နေပါပြီ… ကြည့်ရတာ တိုက်ပွဲက ပြီးသွားပြီနဲ့ တူတယ်.. အားလုံးပဲ လူစုခွဲကြတော့.. ဒီမှာဆက်ပြီး နေမနေကြနဲ့”

“နားလည်ပါပြီ”

များစွာသော ကျင့်ကြံသူများက သူတို့၏ လက်သီးများကို ယှက်ပြပြီး လှည့်ထွက်လိုက်ကြ၏။

ရွှစ်..

ထိုစဉ်မှာပင်.. ပင်လယ်ရေမျက်နှာပြင်ထက်မှ ရေသံတစ်သံကို ကြားလိုက်ကြရ၏။

ဧရာမ ပုံရိပ်သုံးခုသည် သိပ်သည်းသော သွေးရနံ့နှင့်အတူ ပင်လယ်ရေမျက်နှာပြင်ထက်သို့ ထွက်ပေါ်လာကြ၏။

ကျင့်ကြံသူ အားလုံးသည် အလိုလိုလှည့်ကြည့်လိုက်ကြပြီး သူတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။

“အဲဒါတော့ ဆိုးပြီ.. အဲဒါက ငွေဆူးတောင် ဧရာမသွား ငါမန်းမလား”

“အား.. အဲဒါက ရှေးဟောင်းလျှပ်စစ်ငါးရှဉ့်ပဲ”

“အဲဒီမှာ နဂါးငါးလည်း ပါနေတာပဲ.. တစ်ခုခုတော့ မူမမှန်တော့ဘူး”

သူတို့ အံ့အားတသင့် ပြောဆိုနေစဉ်မှာပင် လူတိုင်းသည် တစ်စုံတစ်ရာ ထူးခြားနေသည်ကို သတိထားမိသွားကြ၏။

ထိုပင်လယ်နေသတ္တဝါ သုံးမျိုးက ဒဏ်ရာများဖြင့် ပြည့်နှက်နေကြ၏။ သူတို့၏ သွေးများသည် သိပ်သည်းပြင်းထန်သော စွမ်းအင်ပမာဏ တစ်ခုကို ဖြာထုတ်ပေးနေဆဲ​ ဖြစ်သော်လည်း သူတို့က ဆက်လက်၍ အသက်မရှိကြတော့ပေ။

သူတို့၏ သွေးများကနေ ထွက်ပေါ်လာသော စွမ်းအင်ကပင်လျှင် အရမ်းကို သန်မာနေ၏။

ထိုသတ္တဝါသုံးမျိုး၏ ကျင့်ကြံမှုအဆင့်သည် သူတို့ အသက်ရှင်စဉ်က ပေါင်းစည်းခန္ဓာအဆင့်မှာ ရှိခဲ့ရပေမည်။

“ထူးဆန်းတယ်… ဒီသားရဲအလောင်း သုံးလောင်းက ပင်လယ်ထဲကနေ ဘာလို့ သူ့ဘာသာသူ ပေါ်ထွက်လာရတာလဲ”

ထိုစဉ်မှာပင်… အမြင်အာရုံ စူးရှသော ကျင့်ကြံသူတစ်ယောက်သည် သားရဲအလောင်း သုံးလောင်း၏ အောက်တွင် ပုံရိပ်တစ်ခု ရှိနေသည်ကို တွေ့မြင်လိုက်၏။ ထိုပုံရိပ်က​ မီးတောက်များကဲ့သို့ လောင်ကျွမ်းနေသော သွေးနီရောင်ဆံပင်ရှိပြီး တူညီသော အရောင်နှင့် ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူက လက်တစ်ဖက်ဖြင့် သားရဲအလောင်း သုံးလောင်းကို ဆုပ်ကိုင်ထားပြီး သူ၏ အခြားလက်တစ်ဖက်က ဆေဘာတစ်လက်ကို ကိုင်ဆွဲထား၏။

“ဒါက…”

များစွာသော ကျင့်ကြံသူများက ကြောင်အ,မှင်တက်သွားကြ၏။

ဆူဇီမိုသည် နတ်ဖီးနစ်ကျွန်း၏ သခင်လေးဖြစ်သည်ဟု ထုတ်ဖော်ကြေညာခဲ့ပြီးသော်လည်း သူသည် အဲဒီနောက် ကျင့်ကြံဖို့အတွက် ပင်လယ်ထဲသို့ ဝင်ရောက်သွားပြီး ပြန်လည်ပေါ်ထွက်မလာခဲ့ပေ။

ကျွန်းမှာရှိသော ကျင့်ကြံသူများက ဆူဇီမိုကို ချက်ချင်း မမှတ်မိနိုင်ကြပေ။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ အကြည့်က ခဏမျှ တလက်လက် တောက်ပသွားပြီးနောက်.. ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

သို့သော်လည်း မိုယင်သည် ဆူဇီမိုကို ချက်ချင်းပင် မှတ်မိသွားပြီး သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ခိုတွဲလာ၏။ သူမသည် စိတ်သက်သာရာရကာ ထိုသူရှေ့သို့ ရောက်ရှိလာပြီး ဦးညွှတ်လိုက်၏။

“သခင်လေး.. ရှင်ပြန်ရောက်လာပြီပဲ”

“သခင်လေးကို နှုတ်ဆက်ပါတယ်”

နတ်ဖီးနစ်ကျွန်း၏ ကျင့်ကြံသူများက လျင်မြန်စွာ တုံ့ပြန်၍ ဦးညွှတ်လိုက်ကြ၏။

နတ်ဖီးနစ်ကျွန်း၏ သခင်လေးအနေဖြင့် သူသည် လူတစ်ယောက်က လွဲလျှင် အားလုံး၏ အထက်မှာ ရပ်တည်နိုင်လေသည်။ သူ၏ အဆင့်အတန်းအရ သူသည် စစ်သည်ပေါင်း ထောင်ချီအင်အားကို စုဖွဲ့နိုင်လေသည်။

ပေါင်းစည်းခန္ဓာ အကြီးအကဲ အချို့ပင်လျှင် ဆူဇီမိုကို တွေ့မြင်သောအခါ နှုတ်ဆက်ရပေလိမ့်မည်။

ဆူဇီမို၏ အကြည့်က စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်ဆီသို့ ရွေ့လျားသွား၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က ပြုံး၍ ဆူဇီမိုကို ဦးညွှတ်လိုက်၏။

“သခင်လေးကို နှုတ်ဆက်ပါတယ်”

သူ၏အပြုံးက အင်မတန် ရိုးဖြောင့်ပြီး နွေဦးလေပြေနှင့် တူနေ၏။ သူ့ကို တွေ့မြင်သော မည်သူမဆို သူ့အပေါ် ကောင်းမွန်သော ထင်မြင်ချက်နှင့် ယုံကြည်မှုတို့ ရှိလာနိုင်၏။

“သခင်လေး.. ဒါက…”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က ဆူဇီမို၏ လက်ထဲရှိ သားရဲအလောင်း သုံးလောင်းကို လက်ညိုးထိုးပြလိုက်၏။

“ကျုပ်ထင်တာ မမှားဘူးဆိုရင်.. အဲဒီ မဟာသားရဲသုံးပါးက တောင်ပိုင်းပင်လယ်ရဲ့ နာမည်ကြီးသားရဲတွေ ဖြစ်မယ်”

“သူတို့ကို ကျုပ်မသိဘူး”

ဆူဇီမိုက ပြောလိုက်၏။

“ကျုပ် ပင်လယ်အောက်ခြေမှာ ရှိနေတုန်း သူတို့က ကျုပ်ကို ဝန်းရံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တာ.. ဒါပေမဲ့ ကျုပ်လက်ချက်နဲ့တော့ သူတို့ သေသွားကြပြီ.. ဒီမဟာသားရဲတွေရဲ့ အသားက အဖိုးတန်တယ်ဆိုတော့ ကျုပ်က ပြန်ယူလာခဲ့တာ.. အဲဒါကို ကျွန်းမှာရှိတဲ့ ကျင့်ကြံသူတွေကို မျှဝေသုံးစွဲခိုင်းလိုက်မယ်ဆို ကောင်းတယ်မလား”

မဟာသားရဲတစ်ပါးက သေဆုံးသွားမည်ဆိုလျှင်တောင် သူတို့၏ ခန္ဓာကိုယ်သည် နဖူးမှ ခြေဖျားအထိ ရတနာများဖြင့် ပြည့်နှက်နေ၏။

အရိုးများ၊ အစွယ်များနှင့် လက်သည်းများကို အသာထား… ဤမဟာသားရဲများ၏ အသားကပင်လျှင် အလွန်တရာ သန့်စင်သော စွမ်းအင်များကို ပိုင်ဆိုင်ထား၏။

ဒါ့အပြင်.. မကြာသေးခင်ကမှ သေဆုံးထားသော မဟာသားရဲတစ်ပါး၏ အသားထဲရှိ စွမ်းအင်သည် အတော်အတန် နူးညံ့သိမ်မွေ့လေသည်။ အဲဒါက စားသုံးဖို့အတွက် အရမ်းကို သင့်လျော်လေသည်။

ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက ထိုစကားကို ကြားသောအခါ အံ့အားတသင့် စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်ကြ၏။

ဆူဇီမိုသည် မဟာသားရဲသုံးပါး၏ အလောင်းများကို လူအုပ်ကြီးထဲသို့ ဒီတိုင်းပင် ပစ်ထည့်ပေးလိုက်၏။

“ခင်ဗျားတို့တွေ အဲဒါကို ကြည့်ကျက်လုပ်လိုက်ကြတော့”

“သခင်လေး.. ခင်ဗျားက တော်တော်ရက်ရောတာပဲ”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံးဖီးနစ်က အံ့အားတသင့် ရေရွတ်လိုက်၏။

“ဒီမဟာသားရဲသုံးပါးက တောင်ပိုင်းပင်လယ်တစ်ဝှမ်းမှာ နာမည်ကြီးပဲ.. သူတို့တောင်မှ ခင်ဗျားလက်ချက်နဲ့ သေသွားရတယ်ဆိုတော့…”

“ခင်ဗျားက အခုချိန်ထိ ပေါင်းစည်းခန္ဓာအဆင့်ကို​ မရောက်သေးဘူးမလား… ဒါတောင် ခင်ဗျားက ဒီလိုမျိုး တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်နေပြီဆိုတော့… ဘယ်လောက်တောင် အထင်ကြီးလေးစားဖို့ ကောင်းလိုက်သလဲ”

အခြားတစ်စုံတစ်ယောက်သာဆိုလျှင် ထိုကဲ့သို့သော ချီးကျူးစကားများမှာ သေချာပေါက် ဝမ်းသာပျော်ရွှင်ပေလိမ့်မည်။

သို့သော်လည်း ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး ရုတ်တရက် မေးလိုက်၏။

“ကျုပ်က ဒီမဟာသားရဲသုံးကောင်ကို အရင်က တစ်ခါမှ မတွေ့ဖူးခဲ့ဘူး.. သူတို့က ဘာလို့ ကျုပ်ကို သတ်ချင်တာလို့ ခင်ဗျားထင်လဲ”

“ကျုပ်လည်း ဘယ်သိပါ့မလဲ”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံးဖီးနစ်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

“အဲဒါက လက်စားချေဖို့ ဒါမှမဟုတ် ရတနာတစ်ခုခုကြောင့်ပဲ ဖြစ်မှာပေါ့.. ဒီမဟာသားရဲသုံးပါးက ခင်ဗျားဆီမှာ သူတို့ သဘောကျတဲ့ ရတနာတစ်ခုခုကို တွေ့ထားပြီး ခင်ဗျားက ဓမ္မဝိသေသအဆင့်မှာပဲ ရှိနေတာ တွေ့တော့ လောဘတက်သွားကြတာ ဖြစ်မယ်”

ထိုရှင်းပြချက်က အဓိပ္ပာယ်ရှိလေသည်။

“ကောင်းပြီလေ”

ရုတ်တရက်… စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံးဖီးနစ်က သူ၏ သိုလှောင်အိတ်ထဲကနေ ရွှေရောင်ဖိတ်စာတစ်စောင်ကို ထုတ်ယူပြီး ဆူဇီမိုကို ကမ်းပေးလိုက်၏။

“ပြီးခဲ့တဲ့ ရက်အနည်းငယ်က အရှေ့ပင်လယ် ဖန်းလိုင်ကျွန်းရဲ့ သခင်လေးထံကနေ ဖိတ်စာတစ်စောင် ရောက်လာခဲ့တယ်… သူက ခင်ဗျားနဲ့ စကားစမြည်ပြောဆိုဖို့အတွက် ဖိတ်ခေါ်ထားတာပဲ”

“အရှေ့ပင်လယ် ဖန်းလိုင်ကျွန်းလား”

ဆူဇီမိုက တီးတိုးရေရွတ်၍ ဖိတ်စာကို ယူကြည့်လိုက်၏။

ဖိတ်စာသည် မီးတောက်များဖြင့် လောင်ကျွမ်းနေသည့်အလား ၎င်းအပေါ်တွင် နီရဲနေသော စာလုံးများကို ရေးထိုးထားပြီး ထက်ရှသော အနားစောင်းတစ်ခု ရှိနေ၏။ ဖိတ်စာထဲတွင် ပါဝင်သော စကားလုံးများမှာ -

“နတ်ဖီးနစ်ကျွန်းရဲ့ သခင်လေးကို ရွေးချယ်ပြီးသွားပြီလို့ ကျုပ်ကြားမိတယ်.. အဲဒီအတွက် ဂုဏ်ယူပါတယ်”

“ကျုပ်က တာအိုရောင်းရင်း လုံမိုနဲ့ ပတ်သက်ပြီး သိချင်စိတ် ပြင်းပြနေတာ.. အခုဆိုရင် အရှေ့ပင်လယ် ဖူစန်းပန်းကလည်း ဖူးပွင့်လာပြီ.. အဲဒါက ရှားရှားပါးပါး အခွင့်အရေးတစ်ခုပဲ… တာအိုရောင်းရင်း လုံမိုနဲ့ ပန်းတွေကို ချီးကျူးပြီး လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြောဆိုဖို့အတွက် ဒီဖိတ်စာကို ပို့လိုက်တာပါ.. ကျေးဇူးပြုပြီး မငြင်းပယ်လိုက်ပါနဲ့ တာအိုရောင်းရင်း”

ကျင့်ကြံရေးလောကတွင် ကျွန်းနှစ်ကျွန်းနှင့် နန်းတော်နှစ်ခု ရှိလေသည်။

ကျွန်းနှစ်ကျွန်းသည် တောင်ပိုင်းပင်လယ် နတ်ဖီးနစ်ကျွန်းနှင့် အရှေ့ပင်လယ် ဖန်းလိုင်ကျွန်းကို ရည်ညွှန်းခြင်း ဖြစ်၏။

မိုယင်သည် ဖိတ်စာကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်၏။

“တကယ်ပဲ အဲဒါက ဖန်းလိုင်ကျွန်းကပဲ”

“ဖန်းလိုင်ကျွန်းရဲ့ သခင်လေးက ဘယ်သူလဲ”

ဆူဇီမိုက မေးလိုက်၏။

“သူ့ရဲ့ တာအိုဘွဲ့က ဂမ္ဘီရဆီးနှင်းပဲ.. သူက ပေါင်းစည်းခန္ဓာအဆင့်မှာ ရှိတယ်”

မိုယင်က ပြောလိုက်၏။

“ဖန်းလိုင်ကျွန်းနဲ့ နတ်ဖီးနစ်ကျွန်းကြားမှာ ဆင်တူတာတွေ အတော်များများ ရှိတယ်.. ကျွန်းနှစ်ကျွန်းမှာ ရှိတဲ့ ကျင့်ကြံသူ အများစုက ဆေဘာတာအိုကို ကျင့်ကြံကြတာပဲ”

“ဒါပေမဲ့လို့… ဆေဘာဧကရာဇ် ချန်ထားရစ်ခဲ့တဲ့ ဆေဘာတာအိုက ခိုင်မာတဲ့ အော်ရာရှိပြီး ကြီးမားတဲ့ လွှဲချက်တွေ ပါဝင်နေတယ်… တစ်ဖက်မှာတော့ ဖန်းလိုင်ကျွန်းမှာ အမွေဆက်ခံထားတဲ့ ဆေဘာတာအိုက မကောင်းဆိုးဝါးဆန်ဆန် နူးညံ့သိမ်မွေ့ပြီးတော့ ဉာဏ်နီဉာဏ်နက်များတဲ့ ရှုထောင့်တွေကို အသုံးချတယ်”

“ကျွန်းနှစ်ကျွန်းကြားက ဆက်ဆံရေးကရော ဘယ်လိုအခြေအနေရှိလဲ”

ဆူဇီမိုက ထပ်မံ၍ မေးလိုက်၏။

“မဆိုးပါဘူး”

မိုယင်က ပြောလိုက်၏။

“ကျွန်းနှစ်ကျွန်းက ကျင့်ကြံသူတွေက ဆေဘာတာအိုကို ကျင့်ကြံတယ်ဆိုမှတော့… သူတို့ကြားမှာ လက်ရည်စမ်းတာတွေကတော့ မလွဲမသွေ ရှိတာပေါ့.. ဒါပေမဲ့လို့ အဲဒီမှာ နက်ရှိုင်းတဲ့ အငြိုးအတေးတွေ မရှိသလို ကြီးကြီးမားမား ပဋိပက္ခတွေလည်း တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး”

“ဒီဖိတ်ခေါ်ချက်က အတော်လေး ယဉ်ကျေးမှု ရှိပါတယ်.. ရှင်က အခြေအနေကို​ စစ်ဆေးအကဲဖြတ်ဖို့အတွက် ဖန်းလိုင်ကျွန်းကို သွားသင့်တယ် သခင်လေး”

“အို.. ဟုတ်လား”

ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။

မိုယင်က ရှင်းပြလေသည်။

“ပထမဆုံး.. ရှင်က ရှင့်ရဲ့နေရာကို ခိုင်မာအောင် တည်ဆောက်နေကာစပဲ… အဲ့တော့ စွမ်းအားကြီးပုဂ္ဂိုလ် ဂမ္ဘီရဆီးနှင်းရဲ့ ဖိတ်ခေါ်ချက် မရှိရင်တောင် ရှင်က အနှေးနဲ့ အမြန်ဆိုသလို အခြေအနေကို အကဲဖြတ်ဖို့အတွက် ဖန်းလိုင်ကျွန်းကို သွားရလိမ့်မယ်”

“ဒုတိတစ်ချက်အနေနဲ့.. အခုချိန် ဖန်းလိုင်ကျွန်းမှာ ဖူစန်းပန်းက ပွင့်နေပြီ.. အဲဒါက ရှားရှားပါးပါး အခွင့်အလမ်းတစ်ခုပဲ”

ဖူစန်းသစ်ပင်သည် အရှေ့ပင်လယ်၏ ဂမ္ဘီရသစ်ပင်ဖြစ်၏။

ဒဏ္ဍာရီအရဆို.. ဖူစန်းပန်း ဖူးပွင့်လာသောအခါ ပန်းပွင့်တစ်ပွင့်ချင်းစီကနေ မီးလုံးတစ်လုံးက ရင်သပ်ရှုမောဖွယ်ရာ ပုံစံဖြင့်​ ရုန်းကန်ထွက်ပေါ်လာပေလိမ့်မည်။

တကယ်ဆို.. ဖူစန်းပန်း ဖူးပွင့်နေသည်ကို လေ့လာကြည့်ရှုခြင်းဖြင့် တာအိုကို နားလည်ဆင်ခြင်နိုင်သော ကျင့်ကြံသူများပင်လျှင် ရှိတတ်ကြလေသည်။

All Chapters