← Chapters

အထွတ်အမြတ် မီးတောင်

Vol. 93 Ch. 1394

အထွတ်အမြတ် မီးတောင်

Vol. 93 Ch. 1394

“ကောင်းကင်ဘုံဖီးနစ်.. ခင်ဗျား ဘယ်လိုထင်လဲ”

ဆူဇီမိုက သာမန်ကာလျှံကာ ပုံစံဖြင့် မေးလိုက်၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က ပြုံးလိုက်၏။

“ကျုပ်အတွေးကတော့ မိုယင်နဲ့ အတူတူပဲ… ခင်ဗျားက ဒီဖိတ်ခေါ်ချက်ကို လက်ခံပြီးတော့ ဖန်းလိုင်ကျွန်းကို​ သွားသင့်တယ်လို့ အကြံပြုချင်တယ်.. ဖန်းလိုင်ကျွန်းရဲ့ ဆေဘာနည်းစနစ် အမွေအနှစ်ကလည်း တော်တော်လေး ထူးခြားတယ်.. ခင်ဗျား တစ်ချက်သွားကြည့်မယ်ဆိုရင် အဲဒီကနေ တစ်ခုခုကို နားလည်ဆင်ခြင်နိုင်လောက်တယ်”

“နောက်ပြီး.. ဒီခရီးစဉ်မှာ ခင်ဗျားရဲ့ ဘေးကင်းလုံခြုံမှုကိုလည်း စိုးရိမ်စရာမလိုဘူး.. ဖန်းလိုင်ကျွန်းက ဘယ်လောက်ပဲ အတင့်ရဲရဲ.. သူတို့က ခင်ဗျားကို ထိရဲမှာ မဟုတ်ဘူး”

“သခင်လေး… ဘာမှမပူနဲ့.. ခင်ဗျား ဘေးကင်းလုံခြုံစွာနဲ့ မထိမခိုက် ပြန်ရောက်လာဖို့ ဒီခရီးစဉ်မှာ ကျုပ်ပါလိုက်ခဲ့ပေးမယ်”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်၏။

“အဲဒါဆိုလည်း ကောင်းတာပေါ့”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

“ဒီလိုဆိုမှတော့.. ဖန်းလိုင်ကျွန်းကို တစ်ချက်သွားကြည့်ရသေးတာပေါ့.. ကောင်းကင်ဘုံဖီးနစ်.. ဒီကိစ္စကို ခင်ဗျားပဲ စီစဉ်ပေးပါ”

“ကောင်းပြီလေ”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က ဦးညွှတ်၍ မကြာခင် ထွက်ခွာသွား၏။

ဤကဲ့သို့သော ကိစ္စများနှင့် ပတ်သက်၍ သူ့ထက်ပိုပြီး မည်သူကမှ ရင်းနှီးကျွမ်းဝင်လိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ နောက်ကျောကို ငေးကြည့်ရင်း တီးတိုးရေရွတ်လိုက်၏။

“အရှေ့ပင်လယ်.. အရှေ့ပင်လယ်..”

တစ်နာရီ မပြည့်ခင်မှာပင် အရာရာတိုင်းက အဆင်သင့်ဖြစ်သွားခဲ့လေပြီ။

ဤတစ်ခေါက် ခရီးစဉ်တွင် လိုက်ပါမည့်သူ များများစားစား မပါရှိဘဲ စွမ်းအားကြီးပုဂ္ဂိုလ် နှစ်ယောက်သာလျှင် ပါရှိပြီး သူတို့က စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်နှင့် မိုယင် ဖြစ်လေသည်။ ကျန်သူများကတော့ ဓမ္မဝိသေသ တာအိုအရှင် ၁၀ယောက်ကျော် ဖြစ်ကြ၏။

နဂါးဝိညာဉ်ခန်းမမှာ ဆူဇီမိုနှင့် ပဋိပက္ခဖြစ်ခဲ့ဖူးသော ကျင်းမင်နှင့် ကျင်းရှန်သည်လည်း သူတို့ထဲမှာ ပါဝင်လေသည်။

သူတို့က ပင်လယ်ကမ်းစပ်သို့ ရောက်ရှိလာကြ၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ လက်ချောင်းများက အဆက်မပြတ် ပြောင်းလဲသွားပြီး နတ်ဘုရားဆန်ဆန် အလင်းများကို ပင်လယ်ထဲသို့ ပစ်ထုတ်လိုက်၏။ သူက ညင်သာစွာ အော်ခေါ်လိုက်လေသည်။

“ထွက်လာခဲ့တော့”

သူပြောပြီးလို့ သိပ်မကြာခင် ပင်လယ်ရေမျက်နှာပြင်အောက်ကနေ ကြီးမားသော အရိပ်တစ်ခုက ပေါ်ထွက်လာ၏။ ထို့နောက် ချက်ချင်းပင် ပင်လယ်ရေမျက်နှာပြင်က တလိပ်လိပ် ထကြွလာပြီး ကြီးမားသော အရာတစ်ခုက ဖြည်းဖြည်းချင်း ကြွတက်လာ၏။ အဲဒါက အရမ်းကို ကြီးမားသော လိပ်ကျောခွံတစ်ခုဖြစ်ပြီး ရေပေါ်မှာ ပေါလောပေါ်လာနေ၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က ပြောလိုက်၏။

“ဒါက နတ်ဖီးနစ်ကျွန်းက ပြုစုပျိုးထောင်ထားတဲ့ နဂါးလိပ်ပဲ… သူက ကျုပ်တို့ကို သယ်ဆောင်သွားပေးမယ်ဆိုရင် ကျုပ်တို့က ဖန်းလိုင်ကျွန်းကို ၁၀ရက်လောက်နဲ့ ရောက်နိုင်လိမ့်မယ်”

နဂါးလိပ်က မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်တစ်ကောင် ဖြစ်၏။

၎င်း၏ခန္ဓာကိုယ်တွင် နဂါးသွေး တစ်စွန်းတစ်စ ပါရှိသည်ဟု ပြောဆိုကြ၏။

ဒါ့အပြင် ဤနဂါးလိပ်သည် ပေါင်းစည်းခန္ဓာအဆင့်သို့ ကျင့်ကြံခဲ့ပြီးလေပြီ။

ဆူဇီမိုနှင့် အခြားသူများသည် နဂါးလိပ်၏ ကျောပေါ်သို့ ဆင်းသက်လိုက်ကြ၏။

မည်သည့်စကားမှ ပြောဆိုခြင်း မရှိတော့ဘဲ နဂါးလိပ်သည် သူ၏ တုတ်ခိုင်သော ခြေလက်များကို လှုပ်ရှားပြီး အံ့မခန်းအမြန်နှုန်းဖြင့် အရှေ့ဘက်အရပ်သို့ ကူးခတ်သွား၏။

ခပ်လှမ်းလှမ်းကနေ ကြည့်လျှင် အဲဒါက ရွေ့လျားနေသော ကုန်းမြေတိုက်တစ်ခုနှင့် တူလေသည်။

ဆူဇီမိုနှင့် အခြားသူများသည် ၁၇ရက်ကြာအောင် ပင်လယ်ရေမျက်နှာပြင်ထက်မှာ လွင့်မျောခဲ့ကြ၏။

ပြီးခဲ့သည့် ရက်အနည်းငယ်တွင် သူတို့သည် စွမ်းအားကြီးမားသော ပင်လယ်နေသတ္တဝါများစွာကိုလည်း တွေ့ကြုံခဲ့ရ၏။ သို့သော်လည်း သူတို့အားလုံးသည် အဲဒါကို တွေ့မြင်သောအခါ နဂါးလိပ်ကို ရှောင်ကွင်း၍ သွားစေခဲ့၏။

ဤနေ့တွင်.. သူတို့၏ရှေ့မှာ ကြီးမားသော ကုန်းမြေအစိတ်အပိုင်းတစ်ခုက ထွက်ပေါ်လာ၏။

“ကျုပ်တို့ ရောက်လာပြီပဲ”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်၏။

အရှေ့ပင်လယ်၊ ဖန်းလိုင်ကျွန်း..။

ကျွန်းတွင် ကင်းလှည့်နေသော ကျင့်ကြံသူများသည် ပင်လယ်ရေမျက်နှာပြင်ထက်မှ အခြေအနေကို သတိထားမိသွားကြပြီဖြစ်ပြီး အဲဒါကို ချက်ချင်းပင် သတင်းပို့ တင်ပြလိုက်ကြ၏။ သိပ်မကြာခင်.. ကြီးမားသော ကျင့်ကြံသူတစ်အုပ်စုက ဖန်းလိုင်ကျွန်းကနေ သူတို့ကို ကြိုဆိုဖို့ ရောက်ရှိလာ၏။

ဦးဆောင်လာသောသူသည် အလွန်တရာ ငယ်ရွယ်ပြီး တစ်မူထူးခြားသော အော်ရာနှင့်အတူ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူက ခပ်လှမ်းလှမ်းကနေ အော်ပြောလိုက်၏။

“ခင်ဗျားက နတ်ဖီးနစ်ကျွန်းရဲ့ သခင်လေး တာအိုရောင်းရင်း လုံမိုပဲ ဖြစ်ရမယ် ဟုတ်တယ်မလား.. ကျုပ်က ဂမ္ဘီရဆီးနှင်းပဲ.. ခင်ဗျားအကြောင်းကို ကျုပ် အများကြီးကြားဖူးပါတယ်.. ဒီနေ့ တွေ့မြင်ရမှပဲ ခင်ဗျားက တကယ်ပဲ ထူးချွန်ထက်မြက်တယ်ဆိုတာ ကျုပ်ပြောလိုက်နိုင်ပြီ”

ဆူဇီမိုကလည်း ပြန်လည်ပြုံးပြလိုက်၏။

“တာအိုရောင်းရင်း ဂမ္ဘီရဆီးနှင်း.. ခင်ဗျားက သဘောကောင်းလွန်းနေပါပြီ”

ဂမ္ဘီရဆီးနှင်း၏ အကြည့်က စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်နှင့် မိုယင်ဆီသို့ ရောက်ရှိသွားပြီး ခေါင်းညိတ်ပြလိုက်၏။

“ခင်ဗျားတို့နှစ်ယောက်ကိုလည်း မိတ်ဆွေဟောင်းတွေလို့ ပြောလို့ရတာပဲ.. ဒီနှစ်တွေထဲ အဆင်ပြေရဲ့မလား”

“တာအိုရောင်းရင်း ဂမ္ဘီရဆီးနှင်းကို နှုတ်ဆက်ပါတယ်”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်နှင့် မိုယင်က အနည်းငယ် ဦးညွှတ်လိုက်ကြ၏။

သူတို့သုံးယောက်သည် တူညီသော ကျင့်ကြံမှုအဆင့်မှာ ရှိကြသော်လည်း ဂမ္ဘီရဆီးနှင်းသည် ဘာပဲပြောပြော ကျွန်းတစ်ကျွန်း၏ သခင်လေးဖြစ်ပြီး မြင့်မြတ်သော ဂုဏ်အဆင့်အတန်း ရှိလေသည်။ သူတို့နှစ်ယောက်က ရိုင်းပျလို့ မရပေ။

“တာအိုရောင်းရင်း လုံမို.. ကျေးဇူးပြုပြီး ဒီဘက်ကို…”

ဂမ္ဘီရဆီးနှင်းက အနည်းငယ် လှည့်ပြီး ဖိတ်ခေါ်သည့် လက်ဟန် ပြုလုပ်ပြလိုက်၏။

“အခု.. ဖူစန်းသစ်ပင်က ဖူးပွင့်တော့မယ်ဆိုတော့.. ခင်ဗျားက အချိန်မှန် ရောက်လာခဲ့တာပဲ တာအိုရောင်းရင်း.. ကျုပ်နဲ့အတူ ပန်းရှုခင်းမဏ္ဍပ်ဆီ လိုက်ခဲ့ပါဦး”

“ကောင်းပြီလေ”

ဆူဇီမိုက ခေါင်းညိတ်၍ ငြင်းပယ်ခြင်း မရှိပေ။

ဂမ္ဘီရဆီးနှင်း၏ ဦးဆောင်မှုတွင် သူတို့အုပ်စုက ရှေ့သို့ တက်လှမ်းသွားကြ၏။

သိပ်မကြာမီ.. ငွားငွားစွင့်စွင့် မြင့်မားသော တောင်တစ်လုံးက သူတို့ရှေ့မှာ ပေါ်ထွက်လာ၏။ တောင်ထိပ်ကနေ ချော်ရည်များက လျှံကျနေပြီး အပူငွေ့စီးကြောင်းများက ကောင်းကင်ထက်သို့ တလိပ်လိပ် ထိုးတက်နေ၏။

“ဖူစန်းသစ်ပင်က ဒီမီးတောင်ထဲမှာပဲ”

ဂမ္ဘီရဆီးနှင်းက ရှင်းပြလိုက်၏။

“ပုံမှန်ဆိုရင်.. မီးတောင်က တိတ်ဆိတ်ငြိမ်သက်နေတတ်တယ်.. ဒါပေမဲ့လို့ ဖူးစန်းသစ်ပင် ဖူးပွင့်လာတာနဲ့ မီးတောင်က ပေါက်ကွဲလာလိမ့်မယ်”

“ဒါက သာမန်မီးတောင်တစ်လုံး မဟုတ်ဘူး.. ဒါက ဖန်းလိုင်ကျွန်းရဲ့ အထွတ်အမြတ် မီးတောင်ပဲ.. ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေတောင် အဲဒီထဲကို ကျဆင်းသွားမယ်ဆိုရင် သူတို့က အလယ်မှာ ရှိတဲ့ ချော်ရည်တွေကြောင့် အလွယ်တကူ လောင်ကျွမ်းပြချခံရလိမ့်မယ်”

ထိုအခိုက်အတန့်တွင် ဆူဇီမိုနှင့် အခြားသူများ၏ နောက်ဘက်ရှိ ဓမ္မဝိသေသ တာအိုအရှင်များက ချွေးများဖြင့် စိုရွှဲနေပြီဖြစ်၏။

သူတို့သည် အထွတ်အမြတ်မီးတောင်နှင့် ငါးကီလိုမီတာတိတိ ကွာဝေးဆဲဖြစ်၏။

သို့သော်လည်း ထိုဓမ္မဝိသေသ တာအိုအရှင်များသည် အဲဒါကို ခံနိုင်ရည် မရှိတော့ပေ။

ဂမ္ဘီရဆီးနှင်းက ညင်သာစွာ ပြုံးပြလိုက်၏။

“ခင်ဗျားတို့တွေက ဒီမှာပဲ စောင့်နေကြပေါ့.. ခင်ဗျားတို့ ရှေ့ကို ဆက်လိုက်မယ်ဆိုရင် ခင်ဗျားတို့အားလုံး သေသွားလိမ့်မယ်… တာအိုရောင်းရင်း လုံမိုကတော့ စိုးရိမ်စရာ မလိုလောက်ပါဘူး”

ဆူဇီမိုသည် ဓမ္မဝိသေသအဆင့်မှာ ရှိသော်လည်း သူ၏ အစစ်အမှန်နဂါးခန္ဓာနှင့်အတူ ထိုအပူချိန်က သူ့အပေါ်မှာ သက်ရောက်မှု မရှိသလောက်နီးပါးပင်။

“တာအိုရောင်းရင်း လုံမို.. ကျေးဇူးပြုပြီး ကျုပ်နောက်ကို လိုက်ခဲ့ပါ”

ဂမ္ဘီရဆီးနှင်းက ရှေ့ကနေ ဆက်လက်ဦးဆောင်သွား၏။

“ဖူစန်းသစ်ပင်ကို ဒီနေရာကနေဆိုရင် မမြင်နိုင်ဘူး… ဖန်းလိုင်ကျွန်းရဲ့ ကျုပ်တို့ဘိုးဘေးက တစ်ခါတုန်းက အန္တရာယ်ကို စွန့်စားပြီးတော့ အထွတ်အမြတ်မီးတောင်ရဲ့ ဧရိယာမှာ ပန်းရှုခင်းမဏ္ဍပ်တစ်ခုကို တည်ဆောက်ခဲ့တယ်”

“ကျုပ်တို့က အထွတ်အမြတ်မီးတောင်ပေါ်ကို တက်ပြီး ပန်းရှုခင်းမဏ္ဍပ်ကို ရောက်တာနဲ့ ကျုပ်တို့က ဖူစန်းသစ်ပင်ကို ရှင်းရှင်းလင်းလင်း မြင်ရလိမ့်မယ်”

ဆူဇီမိုသည် ဂမ္ဘီရဆီးနှင်း၏ နောက်ကနေ မှင်သေသေဖြင့် လိုက်ပါသွား၏။

ပေါင်းစည်းခန္ဓာ ကောင်းကင်ဘုံဖီးနစ် ရောက်ရှိလာပြီးနောက် သူ၏မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသော်လည်း အလျင်အမြန် ပျောက်ကွယ်သွား၏။

သူတို့သည် အထွတ်အမြတ်မီးတောင်နှင့် နီးကပ်လာလေလေ.. မြင့်မားသော အပူချိန်၏ ကြောက်မက်ဖွယ်ရာကောင်းမှုက ပို၍ သိသာထင်ရှားလာလေလေ ဖြစ်၏။

အထွတ်အမြတ်မီးတောင်၏ ဘေးပတ်ဝန်းကျင်သည် မည်သည့် သစ်ပင်၊ဝါးပင်မှ မရှိဘဲ အပျက်အစီးပုံများအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်ကာ ချစ်ချစ်တောက် ပူလောင်နေ၏။

သူတို့သည် အထွတ်အမြတ်မီးတောင်ခြေရင်းသို့ ရောက်ရှိသောအခါ သူတို့အကြား ကွာဟချက်က တဖြည်းဖြည်း ထွက်ပေါ်လာ၏။

သူတို့ကြားတွင် မိုယင်နှင့် သူတို့နောက်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်သည် သူတို့၏ နဖူးထက်မှာ ချွေးစီးတစ်လွှာနှင့်အတူ အနည်းငယ် နီမြန်းနေပြီး အနည်းငယ် မောဟိုက်နေကြ၏။

သို့သော်လည်း ဆူဇီမို၊ စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်နှင့် ဂမ္ဘီရဆီးနှင်းတို့က တည်ငြိမ်သော အမူအရာ ရှိနေ၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်နှင့် ဂမ္ဘီရဆီးနှင်းသည် တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသော်လည်း သူတို့က ရင်တစ်ချက်ထိတ်သွား၏။

သူတို့အားလုံးသည် ပေါင်းစည်းခန္ဓာအဆင့်၏ ပြိုင်စံရှားများ ဖြစ်ကြ၏။ သူတို့ထဲမှ တစ်ယောက်သည် ကျွန်းတစ်ကျွန်း၏ သခင်လေးဖြစ်ပြီး အခြားတစ်ယောက်က နတ်ဖီးနစ်အရိုးကို ပိုင်ဆိုင်ထားလေသည်။ သူတို့နှစ်ယောက်စလုံးသည် တုန်လှုပ်စရာကောင်းသော မျိုးဆက်သွေးကို ပိုင်ဆိုင်ထားပြီး ထိုအပူချိန်ကို သဘာဝအားဖြင့် ခံနိုင်ရည်ရှိကြ၏။

သို့သော်လည်း လုံမိုသည် ဓမ္မဝိသေသအဆင့်မှာသာ ရှိသေးပြီး ဒါတောင် သူ၏ အမူအရာက လုံးဝပြောင်းလဲသွားခြင်း မရှိပေ။

သူတို့အုပ်စုသည် တောင်ထွတ်ဆီသို့ ဆက်လက်တက်လှမ်းလာကြ၏။

ဘန်း.. ဘုန်း.. ဘုန်း..

အထွတ်အမြတ်တောင်ထွတ်ဆီသို့ တက်လှမ်းလာပြီးနောက် လူတိုင်းသည် ကြောက်စရာကောင်းသော တဝုန်းဝုန်းအသံများကို ရှင်းလင်းစွာ ကြားလိုက်ရ၏။

ထိုတဝုန်းဝုန်းအသံများသည် လူတိုင်းကို သိမ်ငယ်သွားစေနိုင်၏။

အထွတ်အမြတ်မီးတောင်က ဒေါသူပုန်ထလာပြီး အထက်ကနေ ချော်ရည်များကို ပန်းထုတ်လိုက်မည်ဆိုလျှင် လူတိုင်းက ပြာအဖြစ် လောင်ကျွမ်းပြာကျသွားတော့မည့်အလားပင်။

လူတိုင်းသည် သူတို့၏ခြေလှမ်းကို ရပ်တန့်ခြင်း မရှိဘဲ တောင်ထွတ်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာကြ၏။

နောက်ထပ် ခဏကြာ လမ်းလျှောက်ပြီးနောက်.. နောက်ဆုံးမှာ ဧရာမ မဏ္ဍပ်တစ်ခုက သူတို့ရှေ့မှာ ထွက်ပေါ်လာ၏။

“အဲဒါက ရှေ့တည့်တည့်မှာပဲ… ကျုပ်တို့ ရောက်တော့မယ်”

ဂမ္ဘီရဆီးနှင်းက ရှေ့တွင်ရှိသော မဏ္ဍပ်ကို လက်ညိုးထိုးပြီး သူ၏အရှိန်ကို မြှင့်တင်လိုက်လေသည်။

ထိုအခိုက်အတန့်တွင် မိုယင်နှင့် ဂမ္ဘီရဆီးနှင်း နောက်ဘက်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်သည် မောဟိုက်နေပြီး ချွေးများဖြင့် စိုရွှဲနေပြီဖြစ်၏။ သူတို့၏ နှုတ်ခမ်းများက ခြောက်သွေ့၍ အက်ကွဲနေလေ​ပြီ။

ဂမ္ဘီရဆီးနှင်း၊ စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်နှင့် ဆူဇီမိုပင်လျှင် သူတို့၏ မျက်နှာများက အနည်းငယ် နီမြန်းလာကြ၏။

ဆူဇီမိုက တိတ်တဆိတ် တုန်လှုပ်သွားရ၏။

သူတို့သည် မီးတောင်နှုတ်ခမ်းဝသို့ မရောက်ခင် ချော်ရည်၏ အပူလှိုင်းက ဤမျှအထိ စွမ်းအားကြီးမားနေသည်ဆိုလျှင် မီးတောက်ထဲမှာ ချော်ရည်များ ပန်းထွက်လာပါက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ…။

All Chapters