ကောင်းကင်မျိုးနွယ်စု အညံ့ခံခြင်း
Vol. 43 Ch. 592
မွန်မြတ်ဘုံလောက၏ကောင်းကင်မျိုးနွယ်စုတည်ရှိသော ရှေးဟောင်းတောအုပ်ကြီးအတွင်း၌ ဝမ်ဖုန်းက နိုးထလာခဲ့သည်။ကမ္ဘာလောကကြီးတစ်ခုလုံးဟာလည်း ပြန်လည်၍ ငြိမ်သက်သွားခဲ့၏။သို့ပါသော်လည်း ဤအချိန်၌ ဝမ်ဖုန်းဟာ ပြိုလဲလုမတတ် ဖြစ်နေခဲ့သည်။သူ၏ နဖူးပြင်ထက်၌လည်း ချွေးအေးများစိုချွှဲလျက် ရှိနေသည်။သူဟာ မတ်တပ်တောင် ကောင်းစွာမရပ်နိုင်တော့ပါ။ လီပိုင်နှင့်အခြားသူများက ဝမ်ဖုန်းကို ထောက်ကူပေးနေရသည် !
ဤအချိန်၌ ဝမ်ဖုန်းတွင်လည်း အကြောက်တရား၏အရိပ်အယောင်များ ရှိနေခဲ့သည်။ကံတရား၏ဝိညာဥ်ကို အသုံးပြုခြင်းက ဤမျှပြင်းထန်သော အကျိုးဆက်များကို ဖြစ်ပေါ်စေလိမ့်မည်ဟု သူထင်မထားခဲ့ပါ။ကံတရားစိတ်ဝိညာဥ်ကို သူအသုံးပြုလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ အလွန်အမင်းမြန်ဆန်စွာဖြင့် ကုန်ဆုံးသွားခဲ့ရသည်။
သူဟာ ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်၌ ရှိနေသော်လည်း ကံတရားဝိညာဥ်ကို အသုံးပြုရသည့် ကြီးမားသောစွမ်းအားများ ကုန်ဆုံးမှုကို တောင့်မခံနိုင်ခဲ့ပါ။သူသာ ၎င်းကို ဆက်လက်၍ ကြာကြာအသုံးပြုလိုက်ပါက ဝမ်ဖုန်းတစ်ယောက် သေဆုံးသွားမှာကိုတောင် စိုးရိမ်မိ၏။
" ဒါက စိတ်ဝိညာဥ်ဧကရာဇ် ဆေးလုံးပဲ။စိတ်ဝိညာဥ်စွမ်းအားတွေကို ပြန်လည်စုဆောင်းပေးနိုင်တယ်။ "
ဝမ်ဖုန်းက အရမ်းကိုအားနည်းနေသည်ကို တွေ့မြင်လိုက်ရသည့်အခါ ပိုင်ဟုန်က ရိုးရှင်းသောဆေးလုံးကလေးကို အလျှင်အမြန်ထုတ်ယူလိုက်ပြီး ဝမ်ဖုန်းထံ လှမ်း၍ ပေးလိုက်သည်။
ဝမ်ဖုန်းဟာလည်း ယဥ်ကျေးမနေတော့ဘဲ စိတ်ဝိညာဥ်ဧကရာဇ်ဆေးလုံးကို အလျှင်အမြန် မြိုချလိုက်၏။ကြီးမားသောဆေး၏စွမ်းပကားသည် ရုတ်တရက် ဝမ်ဖုန်း၏ခန္ဓာကိုယ်အတွင်းလှည့်ပတ်သွားခဲ့ကာ ဝမ်ဖုန်း၏မူလက ဖြူဖျော့နေသော အသားအရေကို ပြန်လည်၍ သွေးရောင်လွှမ်းလာစေခဲ့သည်။
ဝမ်ဖုန်းပြန်လည်သက်သာလာသည့်အခါ ပိုင်ဟုန်က ကောင်းကင်မျိုးနွယ်စု၏လူများကို သွားရောက်စစ်ဆေးရန် မစောင့်ဆိုင်းနိုင်တော့ပါ။ တခဏကြာသွားရောက်ကြည့်ရှူလိုက်ပြီးနောက် သူ၏မျက်နှာထက်၌ အံ့သြနေသောအမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ကောင်းကင်မျိုးနွယ်စုများမှ အသွင်ပြောင်းဖြစ်တည်လာသော ရေခဲရုပ်ထုများသည် ကွဲကြေသွားခဲ့ပြီး သူတို့၏မူလခန္ဓာကိုယ်ကို ပြန်လည်ဖော်ပြနေပြီဖြစ်သည်။ ပိုင်ဟုန်က သူတို့၏အခြေအနေကို ဂရုတစိုက်စစ်ဆေးလိုက်သည့်အခါ သူတို့၏စိတ်ဝိညာဥ်များက အားနည်းနေကြောင်းရှာတွေ့သွားသည်။ သူတို့တွေနိုးထလာဖို့ အချိန်ဘယ်လောက်များ ကြာဦးမှာလဲ။
ကွဲကြေနေသောရေခဲတုံးများက အရည်ပျော်သွားခြင်းမရှိဘဲ မြေပြင်အတွင်း တိုက်ရိုက်ဝင်ရောက်သွားကြောင်းကိုတော့ ဝမ်ဖုန်းရော ပိုင်ဟုန်ရောကပါ သတိမမူမိလိုက်ကြပါ !
" ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ဝမ် "
ကောင်းကင်မျိုးနွယ်စုဝင်များ လုံခြုံနေတာကို တွေ့မြင်လိုက်ရသည့်အခါ ပိုင်ချုံးက အမူအရာကို ပြန်လည်ပြင်ဆင်လိုက်ပြီး ဝမ်ဖုန်းကို လေးလေးစားစားဂါရဝပြုလျက် ရိုးသားစွာ ပြောဆိုလိုက်သည်။
" မလိုပါဘူး.....ခင်များရဲ့ကတိကိုသာ တည်ပါစေ။ "
ဝမ်ဖုန်းက လက်ကိုခါယမ်းလိုက်ပြီး ဖျော့တော့သောလေသံဖြင့် ပြောဆိုလိုက်သည်။စနစ်ကို အဆင့် (15) သို့ မြှင့်တင်ရန်မဟုတ်ပါက ဝမ်ဖုန်းတစ်ယောက် ကောင်းကင်မျိုးနွယ်စုကို အင်တိုက်အားတိုက်ကူညီနေခဲ့မှာ မဟုတ်ပါ။
" ဂိုဏ်းချုပ်ဝမ် မစိုးရိမ်ပါနဲ့ .....ကျုပ်၊ပိုင်ဟုန်က ပြောထားတဲ့စကားကို ကျိန်းသေပေါက် တည်မှာပါ "
ဝမ်ဖုန်း၏စကားကိုကြားလိုက်ရသည့်အခါ ပိုင်ဟုန်က ရင်ဘတ်ကိုပုတ်ပြလျက် တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
ဤအချိန်၌ ပိုင်ဟုန်သည် အံ့အားသင့်သွားရရုံသာမက ထိတ်လန့်သွားခဲ့ရသည်။ဝမ်ဖုန်းက ရေခဲချိပ်စည်းကျိန်စာကို တကယ် ဖျက်စီးနိုင်လိမ့်မည်ဟု သူထင်မထားခဲ့ပါ။ဝမ်ဖုန်း၏စိတ်ဝိညာဥ်စွမ်းအားက အနည်းဆုံးတော့ ထိုလူတစ်စုနဲ့ ယှဥ်ပြိုင်နိုင်လိမ့်မည်။ဒါမှမဟုတ် ဝမ်ဖုန်းရဲ့စိတ်ဝိညာဥ်အဆင့်က အဲ့ဒီလူတွေထက်တောင် ပိုပြီး မြင့်မားနေသေးတာလား။
ဒါက ဘယ်လိုထိတ်လန့်ဖွယ်ကောင်းတဲ့ အရာမျိုးပါလိမ့်။
တွေးလေ...တွေးလေ ပိုင်ဟုန်၏နှလုံးသားက အရိုင်းဆန်စွာ ခုန်ပေါက်လေဖြစ်သည်။သူက ဝမ်ဖုန်းကို အနည်းငယ် အထင်ကြီးလာမိသည်။
ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကအတွင်း၌ ဘယ်သူကမှ ရေခဲချိပ်စည်းကျိန်စာကို မဖျက်စီးနိုင်ကြသော်လည်း သူအမှတ်မထင်တွေ့ကြုံခဲ့ရသော ဝမ်ဖုန်းကတော့ လွယ်လင့်တကူ ဖျက်စီးနိုင်ခဲ့သည်။
ဒါက ရွှမ်းယွမ်ကို ရှန်ရှန်ကျုံဂိုဏ်းအတွင်းဝင်ရောက်ခြင်းက ကံကောင်းခြင်းဖြစ်ကြောင်းကို ပိုမို၍ သေချာသွားစေခဲ့သည်။
" တွေ့ဆုံပါတယ် ! "
ဤအချိန်တွင် လေထုပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာခဲ့ပြီး ဝမ်ဖုန်းနှင့်အခြားသူများ၏အာရုံကို ဆွဲဆောင်လိုက်သည်။လူအများ၏အကြည့်များအောက်တွင် များစွာသောလူပုံရိပ်များက လေဟာပြင်မှ ထွက်ပေါ်လာကြသည်။ ဦးဆောင်လာသူမှာ မွန်မြတ်ဘုံလောကအတွင်းရှိ ကောင်းကင်မျိုးနွယ်စု၏ခေါင်းဆောင် ပိုင်ချုံးမှတစ်ပါး အခြားမဟုတ်ပေ !
ကြွင်းကျန်ရစ်သောလူများကတော့ မျိုးနွယ်စုခွဲများ၏ခေါင်းဆောင်များ ဖြစ်ကြသည်။သူတို့အားလုံးဟာ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ကို ရောက်ရှိနေကြပြီး ဖြစ်သည်။သို့သော်လည်း သူတို့၏ကျင့်ကြံမှုများကတော့ အနည်းငယ်ကွဲလွဲမှုရှိ၏။ တချို့က မူလဧကရာဇ်အဆင့်ကို ရောက်ရှိနေပြီး တချို့ကတော့ ဧကရာဇ်နှလုံးသားအဆင့်ကို ရောက်ရှိနေကြသည်။
" သခင်ပိုင်ဟုန် သူတို့က ...."
ရောက်လာပြီးသည်နှင့်တပြိုင်နက် ပိုင်ချုံးက ပိုင်ဟုန်ကို လေးလေးစားစားဂါရဝပြုလိုက်ပြီး ဝမ်ဖုန်းတို့အုပ်စုကို သံဿယဝင်စွာ စိုက်ကြည့်လျက် မေးမြန်းလိုက်သည်။
ဝမ်ဖုန်းတို့တတွေ မွန်မြတ်ဘုံလောကအတွင်း၌ ကျောဇောမလာသေးမီကတည်းက သူတို့အားလုံးက ရေခဲကျိန်စာ၏သက်ရောက်မှုကို ခံခဲ့ရတာ ဖြစ်သည်။ထို့အတွက်ကြောင့် သူတို့က ရှန်ရှန်ကျုံဂိုဏ်း၏အမည်နာမကိုတောင် သိရှိထားခြင်းမရှိပါ။
" ပိုင်ချုံး..မင်းကို မိတ်ဆက်ပေးပါရစေ။ ဒါက ရှန်ရှန်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးဝမ်ဖုန်း။ကျန်တဲ့လူတွေကျတော့ ရှန်ရှန်ကျုံဂိုဏ်းရဲ့ အကြီးအကဲတွေပေါ့။ဒီတစ်ယောက်က ရှန်ရှန်ကျုံဂိုဏ်းရဲ့ဂိုဏ်းသား တာအိုရောင်းရင်းရွှမ်းယွမ်ပဲ။ "
" ဒါကတော့ ပိုင်ချုံး.. မွန်မြတ်ဘုံလောကအတွင်းက ကောင်းကင်မျိုးနွယ်စုရဲ့ အကြီးအကဲပါ။ "
ပိုင်ဟုန်က နှစ်ဦးနှစ်ဖက်ကို အပြန်အလှန်မိတ်ဆက်ပေးလိုက်သည်။
" ရှန်ရှန်ကျုံဂိုဏ်းလား ...."
ပိုင်ဟုန်၏မိတ်ဆက်စကားကို ကြားလိုက်ရသည့်အခါ ပိုင်ချုံး၏မျက်နှာထက်၌ အံ့သြနေသောအမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ပိုင်ဟုန်၏မျက်ဝန်းများအတွင်း၌ အကြည့်တစ်ချက်ဖြတ်သန်းသွားခဲ့ပြီး သူက ပြုံးယောင်သမ်းစွာဖြင့် ရှန်ရှန်ကျုံဂိုဏ်း၏အခြေအနေအကြောင်းကို ပိုင်ချုံးကို အသံကူးပြောင်းခြင်းစွမ်းရည်မှတစ်ဆင့် သတင်းပို့ပေးလိုက်သည်။
တခဏကြာသည့်အခါ ပိုင်ချုံး၏အမူအရာဟာ ထိတ်လန့်ခြောက်ခြားသွားပြီး ဝမ်ဖုန်းတို့အုပ်စုကို မယုံကြည်နိုင်စွာ စူးစိုက်ကြည့်လိုက်သည်။ရှန်ရှန်ကျုံဂိုဏ်းက အရမ်းကိုအစွမ်းထက်နေလိမ့်မည်ဟု သူတို့ထင်မထားခဲ့ပါ။ မင်ကုန်းတို့ကိုတောင် ရှန်ရှန်ကျုံဂိုဏ်းက သတ်ဖြတ်လိုက်တာလား။
" တာအိုရောင်းရင်းတို့ကို တွေ့ဆုံပါတယ်။ "
ရှန်ရှန်ကျုံဂိုဏ်း၏စွမ်းအားအကြောင်းသိရှိလိုက်ရသည့်အခါ ပိုင်ချုံးက လက်လွတ်စပယ်မပြုမူရဲတော့ဘဲ ယဥ်ကျေးစွာ ဂါရဝပြုလိုက်သည်။
" တာအိုရောင်းရင်းပိုင် ယဥ်ကျေးလွန်းနေပါပြီ။ "
ဝမ်ဖုန်းနှင့်အခြားသူများကလည်း ဂါရဝပြုလိုက်ပြီး အပြုံးဖွဖွနဲ့ ပြောဆိုလိုက်ကြ၏။
" ပိုင်ချုံး မင်းမိနေတဲ့ ရေခဲချိပ်စည်းကျိန်စာကိုလည်း ဂိုဏ်းချုပ်ဝမ်ကပဲ ဖျက်စီးပေးခဲ့တာ။ "
" ဒီဧကရာဇ်က ဂိုဏ်းချုပ်ဝမ်ကို ကတိစကားတစ်ချို့ပေးခဲ့တယ်။ ကျိန်စာကိုဖျက်စီးပေးနိုင်မယ်ဆိုရင် ငါတို့ကောင်းကင်မျိုးနွယ်စုက ရှန်ရှန်ကျုံဂိုဏ်းဆီ အညံ့ခံရလိမ့်မယ်လို့ပေါ့။ "
စကားစမြည်ပြောဆိုအပြီးမှာ ပိုင်ဟုန်က ခြွင်းချန်ထားခြင်းမရှိဘဲ ပိုင်ချုံးကို တိုက်ရိုက်ကြည့်ရှူ့လျက် နက်ရှိုင်းသောလေသံဖြင့် ပြောဆိုလိုက်သည်။ သူ၏အမူအရာက အင်မတန်မှ လေးနက်နေခဲ့သည်။
ဝမ်ဖုန်းတို့ကလည်း ဘာစကားမှမပြောဘဲ ပိုင်ချုံးကိုသာ အပြုံးဖွဖွဖြင့် လှမ်းကြည့်လိုက်ကြသည်။
ပိုင်ဟုန်၏စကားကိုကြားလိုက်ရသည့်အခါ ပိုင်ချုံးနှင့်အကြီးအကဲများအားလုံး ထိတ်လန့်သွားကြသည်။သူတို့က ဝမ်ဖုန်းတို့ကို ထိတ်လန့်တုန်လှုပ်နေသောအမူအရာများဖြင့် စိုက်ကြည့်မိလိုက်ကြ၏။
ရေခဲချိပ်စည်းကျိန်စာက ဘယ်လောက်တောင်ထိတ်လန့်ဖို့ကောင်းလိုက်သလဲ။၎င်းကျိန်စာကို ကိုယ်တိုင်ကိုယ်ကျတွေ့ကြုံဖူးသည်ဖြစ်ရာ လက်ရှိကောင်းကင်မျိုးနွယ်စုတစ်စုလုံးအတွင်း၌ ထိုကျိန်စာကို ဖျက်စီးနိုင်မည့်သူမရှိကြောင်း သူတို့အားလုံး တိတိပပ သိထားကြသည်။ပိုင်ဟုန်လို အထက်ဘုံမှဆင်းသက်လာသည့် ကြီးမြတ်သည့်လူတစ်ယောက်ကတောင် အဆိုပါကျိန်စာကို မဖျက်စီးနိုင်ခဲ့ပါ။
ဒီလိုမှမဟုတ်ရင် ရှန်ရှန်ကျုံဂိုဏ်းမှလူကို ဖိတ်ခေါ်ပြီး ဘာ့ကြောင့်များ အကူအညီတောင်းရမလဲ !
ဒါပေမဲ့ ဒီအခြေအနေက အရမ်းကိို လွန်လွန်းမနေဘူးလား။
သို့သော်လည်း ပိုင်ချုံးဟာ ဘာကိုမှ မပြောနိုင်ဖြစ်နေရသည်။သူဟာ သေခြင်းတရားမှ လက်မတင်ကလေးလွတ်မြောက်လာတာဖြစ်တာကြောင့် အလွန်အမင်း အသက်ရှင်သန်လိုလှသည်။သူဟာ ကျေးဇူးမသိတတ်သည့်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပါ။ဝမ်ဖုန်းက သူတို့ကို ကယ်တင်ခဲ့ရသည်ဖြစ်ရာ သူသည်လည်း ကြီးမားသောတန်ကြေးကို ပေးဆပ်ခဲ့ရလိမ့်မည်။
ကောင်းကင်မျိုးနွယ်စု၏အကြီးအကဲများကတော့ ပိုင်ချုံးလောက် ခေါင်းရှုပ်ခံမနေကြပါ။သူတို့က ဆုံးဖြတ်ခွင့်အားလုံးကို မျိုးနွယ်စုခေါင်းဆောင်ပိုင်ချုံးအား ပုံအပ်ထားခဲ့သည်။ပိုင်ချုံးက ဘယ်လိုပဲ ရွေးချယ်ပါစေ သူတို့အားလုံး လက်ခံသဘောတူရမှာ ဖြစ်၏။
ကောင်းကင်မျိုးနွယ်စု၏ခေါင်းဆောင်ဖြစ်သော ပိုင်ချုံးသည် မျိုးနွယ်စုဝင်များအားလုံး၏နှလုံးသားထဲ၌ အရေးကြီးသော တစ်ထောင့်တစ်နေရာမှာ ရပ်တည်နေသည်။ပိုင်ဟုန်ကတောင် သူ၏နေရာကို အစားမထိုးနိုင်ပါ !
" အရှင်ပိုင်ဟုန် ဆုံးဖြတ်ခဲ့တဲ့အတိုင်းပဲပေါ့ "
အတော်ကလေးကြာအောင်တိတ်ဆိတ်နေပြီးနောက် ပိုင်ချုံးက ခေါင်းမော့ကာဖြင့် အံကိုတင်းတင်းကြိတ်လျက် ပြောဆိုလိုက်သည် !
အထက်ဘုံကဆင်းသက်လာတဲ့ ပိုင်ဟုန်လိုလူတစ်ယောက်ကတောင် ဝမ်ဖုန်းရဲ့တောင်းဆိုမှုကို သဘောတူနိုင်သေးတာ။ သူကရော ဘာ့ကြောင့်များ ဝမ်ဖုန်းရဲ့တောင်းဆိုမှုကို သဘောမတူနိုင်ရမှာလဲ။
ဒါ့အပြင် ထိုလူက သူတို့၏အသက်များ၊ ဂုဏ်သိက္ခာများနဲ့မျိုးနွယ်စုကို ကယ်တင်ခဲ့သည်မဟုတ်ပါလော့ !
ဝမ်ဖုန်းကြောင့်သာမဟုတ်ပါက သူတို့အားလုံးဟာ နောက်ကွယ်မှကြိုးကိုင်သူ၏အစေခံများ ဖြစ်သွားပေလိမ့်မယ်။သူတို့က သေလူများနဲ့မခြားနားဘဲ ကောင်းကင်မျိုးနွယ်စုကို ကပ်ဘေးဆိုးများ ယူဆောင်လာပေးလိမ့်မည် !