မျိုးနွယ်စုသုံးစု၏ အကျပ်အတည်း။
Vol. 43 Ch. 595
မရဏမျိုးနွယ်စု၏ အဓိကခန်းမကြီးအတွင်း၌ ဧကရာဇ်နှလုံးသားအထွတ်အထိပ်ကို ရောက်ရှိနေသော မရဏမျိုးနွယ်စုမဟာအကြီးအကဲမင်ဖုန်းသည် အဓိကပလ္လင်ထက်၌ မဲမှောင်နေသောအမူအယာဖြင့် ထိုင်နေခဲ့သည်။ သူ၏အောက်ဘက်တွင်တော့ ဖျက်စီးခြင်းမျိုးနွယ်စု မဟာအကြီးအကဲကျစ်ထျန်းနှင့် ရွှမ်ဟိုင်မျိုးနွယ်စုမဟာအကြီးအကဲ ရွှမ်းရွှမ်တို့ ထိုင်နေကြသည်။
မင်ကုန်းတို့သုံးယောက် သေဆုံးသွားပြီးနောက် မျိုးနွယ်စုကြီးသုံးစု၌ ခေါင်းဆောင်မရှိတော့ပါ။ သူတို့မဟာအကြီးအကဲများကသာ မျိုးနွယ်စုကို ပြန်လည်တည်ငြိမ်အောင် အချိန်မီထိန်းကျောင်းခဲ့ရသည်။ ဤတစ်ကြိမ်မှာတော့ မရဏမျိုးနွယ်စုက ကပ်ဘေးဒုက္ခကြီးနှင့် ရင်ဆိုင်ရတော့မှာကို စိုးရိမ်မိပါရဲ့။
ဒါကိုတွေးမိလိုက်သည့်အခါ မင်ဖုန်းတို့သုံးယောက်စလုံး ထိတ်လန့်သွားကြရသည်။ သူတို့သာ ရှန်ရှန်ကျုံ့ဂိုဏ်းနှင့်စိန်ခေါ်ရန် မြင့်မြတ်သောစန်းရိအင်ပါယာသို့ မင်ကုန်းတို့နှင့်အတူ လိုက်ပါသွားပါက သူတို့၏အဆုံးသတ်ကလည်း မင်ကုန်းတို့နှင့် ကွာခြားလိမ့်မည်မဟုတ်ချေ။
"ငါတို့အခုဘာလုပ်ကြမလဲ။ လန်လဲ့ပြောထားသလို တကယ်ပဲ မြင့်မြတ်တဲ့စန်းရိအင်ပါယာကို ကျူးကျော်တော့မလို့လား။"
ရွှမ်းရွှမ်၏မျက်နှာထက်၌ မဲမှောင်နေသောအမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး အေးစက်စွာ ပြောဆိုလိုက်သည်။ လန်လဲ့အကြောင်း ပြောဆိုသည့်အချိန်၌ သူ၏မျက်ဝန်းအတွင်း၌ နက်ရှိုင်းသောအကြောက်တရားများရှိနေခဲ့သည်။ မြင့်မြတ်သောစန်းရိအင်ပါယာ၏ အကြီးဆုံးမင်းသားလန်လဲ့က အချိန်တိုလေးအတွင်း၌ ရုတ်တရက်ကြီး ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်သို့ ရောက်ရှိသွားလိမ့်မည်ဟု သူ ထင်မထားခဲ့ပါ။ ဒါ့အပြင် ထိုကောင်လေး၏ကျင့်ကြံမှုက သူတို့သုံးယောက်ထက်တောင် အပြတ်အသတ် သာလွန်နေခဲ့သေးသည်။
အဆိုပါ ယှဥ်ပြိုင်၍မရနိုင်သောစွမ်းအားက သူတို့၏စိတ်ဝိညာဥ်များကို တုန်လှုပ်စေခဲ့သည်။ မင်ကုန်းတို့သုံးယောက်ကတောင် သူတို့ကို ဤမျှလောက်အခြေအနေထိ အကြောက်တရားကို မပေးစွမ်းနိုင်ပါ။ ဖြစ်နိုင်တာက အဲ့ဒီကောင်လန်လဲ့ရဲ့ခွန်အားက မျိုးနွယ်စုခေါင်းဆောင်မင်ကုန်းတို့ထက်တောင် ကျော်လွန်နေတာလား။
မရဏမျိုးနွယ်စုက ဘယ်အချိန်တည်းက တစ်ခြားသူတွေရဲ့ အသုံးချခံဖြစ်လာရတာလဲ။ ဒါက သူတို့မျိုးနွယ်စုတွေအတွက် လုံးဝအရှက်ရစရာကြီးပဲ။ လန်လဲ့ကသာ အင်မတန်ကြောက်လန့်ဖွယ်ကောင်းနေ၍မဟုတ်ပါက သူတို့သည် လန်လဲ့နှင့် သေဆုံးသည်အထိ တိုက်ခိုက်မိပေလိမ့်မည်။
"အရာအားလုံးအတွက် ရှန်ရှန်ကျုံ့ဂိုဏ်းကိုပဲ အပြစ်တင်ရမယ်။ ရှန်ရှန်ကျုံ့ဂိုဏ်းကြောင့်သာ မဟုတ်ဘူးဆိုရင် ငါတို့တွေ ဒီအခြေအနေထိ ဘာလို့ နိမ့်ကျသွားရမှာလဲ။ ငါတို့ရဲ့မျိုးနွယ်စုကြီးသုံးစုက အရင်က ဘယ်လောက်တောင် ကြီးကျယ်မြင့်မြတ်လိုက်လဲ။ ငါတို့မျိုးနွယ်စုကြီးတွေ လှုပ်ရှားလိုက်ရင် လူသားမျိူးနွယ်ရဲ့ အင်ပါယာခုနစ်ခုကတောင် ထိတ်လန့်ခဲ့ကြရတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ငါတို့က အခြားမျိုးနွယ်တွေအတွက် ရတနာတိုက်ကြီးဖြစ်နေပြီ။ လူတိုင်းက ငါတို့မျိုးနွယ်စုကို ဖျက်စီးပစ်ချင်နေကြပြီ။ ဒါက တကယ့်ကို မုန်းစရာကောင်းလိုက်တာ။"
ကျစ်ထျန်းက အံကို တင်းတင်းကြိတ်လျက် နက်ရှိုင်းသောအသံဖြင့် ဟစ်အော်ပြောဆိုလိုက်သည်။ သူ၏မျက်ဝန်းများက ရဲရဲတောက်နေခဲ့ကာ သူ၏ခန္ဓာကိုယ်ကလည်း အမျက်ဒေါသကြောင့် တဆတ်ဆတ်တုန်လှုပ်နေခဲ့သည်။ ခန်းမအတွင်းရှိအပူချိန်မှာ ကျစ်ထျန်း၏အမျက်ဒေါသကြောင့် ရုတ်တရက်မြင့်တက်သွားခဲ့သည်။
"ရန်သူတွေက သန်မာပြီး ငါတို့က အားနည်းနေတယ်။ ဒါက လောကကြီးရဲ့ နိယာမပဲလေ။ ငါတို့ဘယ်လောက်ပဲ ငြီးငြူနေပါစေ အဆုံးမှာတော့ အသုံးဝင်မှာ မဟုတ်ဘူး။"
"ဒီအခြေအနေကို ဘယ်လိုဖြတ်ကျော်မလဲဆိုတာကိုပဲ ငါတို့တွေးခေါ်သင့်တယ်။"
မင်ဖုန်းက ခေါင်းကို ခါယမ်းလိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်သည်။
"လန်လဲ့ရဲ့စကားတွေက တကယ့်ကို ယုံကြည်နိုင်စရာမရှိဘူး။"
"ဒါပေမယ့် သူ့ရဲ့ သူမတူတဲ့ခွန်အားကြောင့် ငါတို့လုပ်ဆောင်နိုင်တာကလည်း ဘာမှရှိမနေပြန်ဘူး။"
မင်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ ရွှမ်းရွှမ်ကလည်း ခေါင်းကို ငုံ့လျက် ပြတ်သားသောအသံဖြင့် ဝင်ရောက်ဆွေးနွေးလိုက်သည်။
"အတုအယောင်ပြပွဲကို အစစ်အမှန်အဖြစ် ပြောင်းလဲလိုက်ကြရင်ရော။ အဲ့ဒီကောင်လန်လဲ့က ငါတို့ကို မြင့်မြတ်တဲ့စန်းရိအင်ပါယာဆီ ကျူးကျော်စေချင်တာမလား။ ငါတို့တွေစန်းရိအင်ပါယာရဲ့ အဓိကနန်းတော်ကြီးကို တစ်ခါတည်းသွားရောက်တိုက်ခိုက်ကြရင်ကော။"
ကျစ်ထျန်း၏မျက်နှာထက်၌ ရက်စက်သောအကြည့်တစ်ခုဖြစ်ပေါ်လာခဲ့ကာ အေးစက်စွာ ပြောဆိုလိုက်သည်။
"ဒါကလည်း နည်းလမ်းတစ်ခုပါပဲ။ ဒါပေမယ့် ရှန်ရှန်ကျုံ့ဂိုဏ်းနဲ့ လန်လဲ့ကို ဘယ်သူက ရင်ဆိုင်နိုင်မှာလဲ။ ငါတို့အဓိကမျိုးနွယ်စုကြီးသုံးစု ပူးပေါင်းကြရင်တောင် သူတို့ကို ရင်ဆိုင်နိုင်ဦးမှာ မဟုတ်ဘူး။"
မင်ဖုန်းက ဦးစွာပထမသဘောတူလိုက်ပြီးမှ ခေါင်းကိုခါယမ်းလျက် သက်ပြင်းချလိုက်သည်။
ကြောက်စရာကောင်းသော မင်းသားလန်လဲ့ကို ထည့်မတွက်ရင်တောင် ရှန်ရှန်ကျုံ့ဂိုဏ်းက သူတို့အတွက် ထိတ်လန့်ဖွယ်ကောင်းနေပြီဖြစ်သည်။
"အဲ့ဒီကောင်လန်လဲ့က ရှန်ရှန်ကျုံ့ဂိုဏ်းနဲ့ ရင်ဆိုင်မှာမဟုတ်လား။ လန်လဲ့နဲ့ ရှန်ရှန်ကျုံ့ဂိုဏ်းကို တိုက်ခိုက်ခိုင်းလိုက်ရင်ရော။ ငါတို့ကတော့ ထိုင်ကြည့်နေပြီးအကျိုးအမြတ်တွေကို ရိတ်သိမ်းကြမယ်လေ။"
ရွှမ်းရွှမ်၏မျက်ဝန်းများမှာ လင်းလက်သွားခဲ့ကာ နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်၏။
"ဒါကလည်း ခဲယဥ်းတယ်။"
"မင်းပြောသလို ဖြစ်လာခဲ့ရင်တောင် ငါတို့ဘက်မှာ အစွမ်းထက်တဲ့ ဆရာသခင်တွေ မရှိဘူး။"
"အင်ပါယာရဲ့ပြည့်ရှင်မင်းတွေက ငါတို့ကို အလွယ်တကူ တားဆီးနိုင်တယ်။ ငါတို့ ဘယ်လိုစွမ်းဆောင်ရည်နဲ့များ အကျိုးအမြတ်ကို ရုတ်သိမ်းကြရမှာလဲ။"
မင်ဖုန်းက ခေါင်းကို ခါယမ်းလိုက်သည်။ မင်ကုန်းတို့သုံးယောက် သေဆုံးသွားပြီးနောက် မျိုးနွယ်စုကြီးသုံးစု၏ အထွတ်အထိပ်ခွန်အားမှာ လျှော့ကျခဲ့ရသည်။ လက်ရှိ သူတို့မျိုးနွယ်စုကြီးသုံးစု၌ အသန်မာဆုံးပုဂ္ဂိုလ်က ဧကရာဇ်နှလုံးသားအထွတ်အထိပ်သာ ဖြစ်သည်။
သူတို့က ကိုယ်ပိုင်ခွန်အားကို ဘယ်လောက်ပဲ ယုံကြည်မှုရှိပါစေ။ အဆင့်ကြီးတစ်ဆင့် ဖြတ်ကျော်၍ လူသားမျိူးနွယ်စု၏ ဧကရာဇ်များနှင့် ရင်ဆိုင်ရန်မှာတော့ မဖြစ်နိုင်ပါ။
"ဒါဆိုရင် ငါတို့ဘာလုပ်ကြမှာလဲ။"
"သေမှာကို ထိုင်စောင့်နေရတော့မှာလား။"
ကျစ်ထျန်းက မဲမှောင်နေသောအသံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။ မျိုးနွယ်စု၏ မဟာအကြီးအကဲဖြစ်လာပြီးချိန်မှစ၍ သူဟာ ဤမျှလောက်အခြေအနေထိ ကူကယ်ရာ မမဲ့ဖူးပါ။
"ဝုန်း!"
ကျစ်ထျန်းတို့သုံးယောက် ဒေါသထွက်ပြီး ကူကယ်ရာမဲ့နေဆဲမှာပဲ ခန်းမကြီးတစ်ခုလုံးက ရုတ်တရက် ယိမ်းထိုးသွားခဲ့၏။ ကျစ်ထျန်းတို့သုံးယောက်သည် ရုတ်တရက် မတ်တပ်ရပ်လိုက်မိကြသည်။
"ကျွန်တော်တို့ရဲ့ အရှင်!"
သူတို့၏ထိတ်လန့်နေသော အကြည့်များအောက်တွင် ပုံရိပ်ယောင်တစ်ခုသည် လေထုအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ အဆိုပါ ပုံရိပ်ယောင်၏တည်ရှိမှုက ဧကရာဇ်နှလုံးသားအထွတ်အထိပ်တွင်ရှိနေသော ကျစ်ထျန်းတို့သုံးယောက်ကိုတောင် ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
ရောက်ရှိလာသောပုဂ္ဂိုလ်၏ တည်ရှိမှုကို အာရုံခံမိလိုက်သည့်အခါ ကျစ်ထျန်းတို့သုံးယောက်၏ ခန္ဓာကိုယ်များမှာ တဆတ်ဆတ်တုန်လှုပ်သွားခဲ့ကာ သူတို့က ဦးခေါင်းများကို ငုံ့ချလျက် အရိုအသေပြုလိုက်ကြသည်။
မျိုးနွယ်စုကြီးသုံးစု၏ မဟာအကြီးအကဲများဖြစ်သော်လည်း သူတို့ဟာ ဒဏ္ဍာရီလာအရှင်ကန်း၏ အကြောင်းကို မင်ကုန်းတို့မျိုးနွယ်စုခေါင်းဆောင်သုံးယောက်ထံမှသာ ကြားဖူးပြီး ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ဖူးခြင်း မရှိပါ။
ဤသည်က ပုံရိပ်ယောင်တစ်ခုသာဖြစ်သော်လည်း သူတို့၏စိတ်ဝိညာဥ်ဟာ ကြောက်လန့်ဖွယ်ကောင်းသည့် တည်ရှိမှုကြီးဖြင့် ရင်ဆိုင်နေရသည့်အလား တုန်လှုပ်သွားခဲ့သည်။
"မင်ကုန်းတို့တွေ သေဆုံးသွားကြတာလား။"
အရှင်သခင်ကန်း၏ပုံရိပ်ယောင်သည် ကျစ်ထျန်းတို့သုံးယောက်ကို စူးစိုက်ကြည့်လျက် ထူးမခြားနားစွာ မေးမြန်းလိုက်သည်။
"အရှင်ကန်း၊ မျိုးနွယ်စုခေါင်းဆောင်မင်ကုန်းတို့ကို ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့စွမ်းအားရှင်တွေက သတ်ဖြတ်လိုက်ပါပြီ။ အခု ကျုပ်တို့မျိုးနွယ်စုကြီးသုံးစုမှာ ခေါင်းဆောင်တွေ မရှိကြတော့ပါဘူး။"
ရွှမ်းရွှမ်ဟာ နှလုံးသားအတွင်းမှ အကြောက်တရားကို ဖိနှိပ်လျက် တုန်ယင်နေသောအသံဖြင့် ပြောဆိုလိုက်၏။
"ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ခွန်အားက ဘယ်လိုလဲ။"
ကန်းက ခေါင်းငြိမ့်လိုက်ပြီး မေးမြန်းလိုက်သည်။
"အရမ်းကို ထိတ်လန့်စရာကောင်းပါတယ်။ ရှန်ရှန်ကျုံ့ဂိုဏ်းမှာ မူလဧကရာဇ်အဆင့်စွမ်းအားရှင်ကိုးယောက်ရှိနေပြီး အရမ်းကိုအစွမ်းထက်တဲ့ ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်လည်း ရှိပါတယ်။ အဲ့ဒီလူရဲ့စွမ်းအားက တကယ့်ကို သာမန်မဟုတ်ပါဘူး။ သူက မင်ကုန်းတို့မျိုးနွယ်စုခေါင်းဆောင်သုံးယောက်ကို အလွယ်တကူသတ်ဖြတ်ခဲ့တာပါ။"
အရှင်သခင်ကန်းက အပြစ်တင်လိုသည့်ရည်ရွယ်ချက် မရှိဘူးဆိုတာကို ခံစားလိုက်ရသည့်အခါ ရွှမ်းရွှမ်တို့သုံးယောက်က သက်ပြင်းပုန်းချလိုက်ကြပြီး လျှင်မြန်စွာ ဖြေကြားလိုက်ကြသည်။
"ဒီအဖိုးကြီးက တော်ဝင်ဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်သုံးယောက်နဲ့ တော်ဝင်ဧကရာဇ်အဆင့်စွမ်းအားရှင်ဆယ်ယောက်ကို စေလွှတ်ပေးမယ်။ သူတို့ကိုပေးအပ်ထားတဲ့ ရတနာပစ္စည်းတွေနဲ့ဆိုရင် သူတို့ရဲ့ခွန်အားက အဆမတန်အစွမ်းထက်နေလိမ့်မယ်။"
"သူတို့တွေ ရောက်ရှိလာကြရင် မင်းတို့က သူတို့ရဲ့အမိန့်ကို နာခံကြရမယ်။"
အရှင်သခင်ကန်းက ခြောက်သွေ့အက်ကွဲနေသော လေသံဖြင့် ပြောဆိုလိုက်သည်။
အစွမ်းထက်တဲ့တော်ဝင်ဧကရာဇ်စွမ်းအားရှင် ဆယ့်သုံးယောက်။ အဲ့ဒီနတ်ဘုရားသားတော်လို့ ပြောပြောနေတဲ့တစ်ယောက်က ဒီလူတွေကိုရော ရင်ဆိုင်နိုင်ဦးမှာလား။
ဝူက နတ်ဘုရားသားတော်အကြောင်းကို အရင်ကပြောဆိုခဲ့ဖူးသော်လည်း အရှင်သခင်ကန်းသည် အလေးအနက်မှတ်ယူခြင်းမရှိပါ။ သို့သော်လည်း မင်ကုန်းတို့သုံးယောက် ကျရှုံးသွားပြီးနောက် အရှင်သခင်ကန်းဟာ နတ်ဘုရားသားတော်က အဘယ်မျှလောက်ထူးခြားကြောင်းကို ဝန်ခံလိုက်ရသည်။
ဒီတော်ဝင်ဧကရာဇ် စွမ်းအားရှင်ဆယ့်သုံးယောက်ကတောင် နတ်ဘုရားရဲ့သားတော်ကို မသတ်ဖြတ်နိုင်ဘူးဆိုရင် သူတို့တွေ အခြားတစ်စုံတစ်ရာကို ပြင်ဆင်ကြရတော့မယ်။
သာမန်အခြေအနေများအောက်တွင်ဆိုပါက သူတို့ရဲ့ကျင့်ကြံမှုဖြင့်ဆိုလျှင် ဟုန်မန်နတ်ဘုရားနယ်ပယ်စွမ်းအားရှင်ကတောင် သူတို့ကို ရင်ဆိုင်နိုင်မှာမဟုတ်ပါ။ သို့ပါသော်လည်း ပုရွတ်ဆိတ်တစ်ကောင်မျှသာရှိသော နတ်ဘုရားသားတော်ကတော့ သူတို့ကို ထပ်ကာထပ်ကာ စိန်ခေါ်ခဲ့သည်။ သူတို့၏အစီအစဥ်များကိုလည်း တစ်ကြိမ်ပြီးတစ်ကြိမ် ဖျက်စီးခဲ့သည်။
ရွှမ်းရွှမ်နှင့် အခြားသူများသည် အရှင်သခင်ကန်း၏စကားကို ကြားလိုက်ရသည့်အခါ သူတို့၏မျက်နှာများက ပျော်ရွှင်မှုဖြင့် တောက်ပသွားကြသည်။ သူတို့၏ခန္ဓာကိုယ်များကလည်း စိတ်လှုပ်ရှားမှုများကြောင့် တုန်ယင်သွားကြသည်။ သူတို့က အလျှင်အမြန် လက်သီးဆုပ်ဂါရဝပြုလျက် ပြောဆိုလိုက်ကြသည်။
"ကျေးဇူးတင်ပါတယ် အရှင်ကန်း။ ကျွန်တော်တို့တွေ အရှင့်ရဲ့အမိန့်ကို နာခံပါ့မယ်။"