တော်ဝင်ဧကရာဇ်အထွတ်အထိပ်။
Vol. 43 Ch. 600
"ဒင်၊ လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်ရဲ့ ကျင့်ကြံမှုငါးပုံတစ်ပုံကို ရရှိသည့်အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။"
"ဒင်၊.....! "
"ဒင်၊ ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်ငါးထရီလီယံအသုံးပြုပြီး ထီကံစမ်းခြင်း ပြီးဆုံးသွားပါပြီ။ သိပ်မကြာခင်မှာ ပိုင်ရှင့်ကို ကောင်းချီးပေးပါတော့မယ်။ ကျေးဇူးပြု၍ ပြင်ဆင်ထားပေးပါ။"
သူ၏စိတ်အာရုံအတွင်းမှ ထွက်ပေါ်လာသော အေးစက်သည့်အသံက ဝမ်ဖုန်း၏နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။ သူဟာ ခမ်းနားကြီးကျယ်သော ကောင်းချီးပေးမှုအတွက် သူ့ကိုယ်တွင်းရှိစွမ်းအားများကို အာရုံစိုက်ထားလိုက်သည်!
ကြည့်ရတာ စနစ်သည် အဆင့်15သို့ ရောက်ရှိသွားပြီးနောက် ပို၍လူသားဆန်လာပုံကျသည်!
"ဘုန်း!"
ဝမ်ဖုန်းက ဤသို့ဤပုံတွေးတောနေစဥ်တွင် ခမ်းနားကြီးကျယ်သော စွမ်းအားကြီးက ရုတ်တရက် ဝမ်ဖုန်း၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားခဲ့သည်။ အဆိုပါ ခမ်းနားသောစွမ်းအားကြီးသည် ဝမ်ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်မရ တုန်ယင်လာစေခဲ့သည်။
မုန်တိုင်းလေပွေနှင့်တူသော ပြင်းထန်သည့်စွမ်းအားအဟုန်သည် ဝမ်ဖုန်း၏ခန္ဓာကိုယ်အတွင်း ပွက်ပွက်ဆူနေခဲ့ကာ သူ၏အမူအယာကို ရုတ်ချည်းပျက်ယွင်းသွားစေခဲ့သည်။ သူ၏မျက်နှာက တစ်ဖြည်းဖြည်းနှင့် နီမြန်းလာခဲ့၏။
ဒီတစ်ခေါက်စွမ်းအားမှာ အင်မတန်မှကြီးမားလှပြီး ဝမ်ဖုန်းယခင်က တွေ့ကြုံခံစားခဲ့ဖူးသော ကောင်းချီးပေးမှုများထက်တောင် ကျော်လွန်နေသေးသည်။ ရုတ်တရက်ထွက်ပေါ်လာသော စွမ်းအားများသည် ဝမ်ဖုန်းကိုယ်တွင်းရှိ သွေးကြောများကို ဆုတ်ဖြဲပစ်လိုက်ပြီး အသစ်တစ်ဖန် ပြန်လည်ပြုပြင်ပေးနေခဲ့သည်။ ပြင်းထန်လွန်းသောနာကျင်မှုက ဝမ်ဖုန်းကို အော်ဟစ်ငြီးငြူလိုက်မိစေသည်။
သူ့တွင်သာ တစ်ဖက်လောက လျို့ယင်းရုပ်ခန္ဓာမရှိပါက ဤမျှခမ်းနားသော စွမ်းအားများကို တောင့်ခံနိုင်မှာမဟုတ်ပါ။
"ဘုန်း!"
ဤစွမ်းအားကြီးသော စွမ်းအားများသည် ဝမ်ဖုန်း၏ခန္ဓာကိုယ်အတွင်း လှည့်ပတ်နေချိန်၌ ဝမ်ဖုန်း၏ကျင့်ကြံမှုအရှိန်အဝါကလည်း ရုတ်တရက် တိုးမြင့်သွားခဲ့သည်။ အစွမ်းထက်သော ကျင့်ကြံမှုအရှိန်အဝါသည် ခန်းမကြီးတစ်ခုလုံးကို ခါယမ်းပစ်လိုက်စေ၏။ သို့သော်လည်း ခန်းမအတွင်းမှ ပျံ့လွင့်ထွက်ခွာသွားခြင်းတော့ မရှိပါချေ။
ခန်းမကြီးအတွင်း၌ စွမ်းအားများသည် မုန်တိုင်းထန်သော ပင်လယ်ပြင်ကဲ့သို့ အဆက်မပြတ် ဝေ့ယမ်းလှုပ်ရှားနေခဲ့သော်လည်း ခန်းမအပြင်ဘက်တွင်တော့ အနည်းငယ်သော လှိုင်းအရိပ်ကိုမျှ မထစေခဲ့ပါ။
ဝမ်ဖုန်းကိုယ်တွင်းရှိ အရိုးများသည် ခမ်းနားကြီးကျယ်သောစွမ်းအား၏ သန့်စင်ပေးမှုကြောင့် တစ်ဖြည်းဖြည်း ပို၍ပို၍ကြည်လင်သန့်စင်လာခဲ့ကာ ရွှေရောင်အလင်းတန်းများ ခပ်ဖြဖြတောက်ပလာခဲ့သည်။ သူ၏သွေးကြောများကလည်း အဆက်မပြတ်ဆုတ်ဖြဲခံရ၍ ပြန်လည်ပြင်ဆင်ခြင်းမှ တစ်ဖြည်းဖြည်း ပို၍ကျစ်လစ်သိပ်သည်းလာခဲ့သည်။
ဝမ်ဖုန်းခန္ဓာကိုယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော ခမ်းနားသည့်စွမ်းအားသည် ဝမ်ဖုန်း၏ကျင့်ကြံမှုကို တိုးမြင့်စေလိုက်သည်။ အဆိုပါစွမ်းအား၏တစ်စိတ်တစ်ပိုင်းကို ဝမ်ဖုန်းခန္ဓာကိုယ်အတွင်းရှိ သွေးကြောများက စုပ်ယူနေပြီး ကျန်တစ်စိတ်တစ်ပိုင်းကိုတော့ ဝမ်ဖုန်းစိတ်အာရုံအတွင်းရှိ ကံတရားဝိညာဥ်က စုပ်ယူနေခဲ့သည်။
တစ်ချိန်တည်းမှာပဲ ဝမ်ဖုန်း၏စိတ်အာရုံအတွင်း၌ရှိနေသော ဇာမဏီငှက်ဥသည် ဝမ်ဖုန်း၏အဆင့်တက်မှုကို အာရုံခံလိုက်ရသည့်အလား ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။ ဇာမဏီငှက်ဥထံမှ အနီရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ဝမ်ဖုန်း၏စိတ်အာရုံအတွင်း အထက်အောက် အပြန်ပြန်အလှန်လှန် ရွေ့လျားနေခဲ့ကာ ယင်းနောက်မှ ဝမ်ဖုန်း၏သွေးပြန်ကြောများတစ်လျှောက် လှည့်လည်စီးဆင်းသွားခဲ့သည်။
အဆိုပါ အနီရောင်စွမ်းအားများ၏ လှည့်ပတ်မှုအောက်တွင် ဝမ်ဖုန်းခန္ဓာကိုယ်အတွင်းရှိ သွေးနှင့်ချီဓာတ်များသည် လှုံ့ဆော်ခံလိုက်ရကာ ရုတ်တရက် ပွတ်ပွတ်ဆူလာခဲ့သည်။ ဝမ်ဖုန်းကိုယ်တွင်းရှိ သွေးနှင့်ချီဓာတ်များထံမှ ထူးဆန်းသောသင်္ကေတများ စိမ့်ထွက်လာခဲ့ပြီး ဇာမဏီငှက်ဥမှ ထုတ်လွှတ်ပေးလိုက်သော အနီရင့်ရောင်သင်္ကေတများနှင့် ပေါင်းစပ်သွားကာ အသစ်စက်စက် သင်္ကေတများအဖြစ် ပြောင်းလဲသွားခဲ့သည်။ အဆိုပါသင်္ကေများသည် ဝမ်ဖုန်းခန္ဓာကိုယ်အတွင်းရှိ သွေးကြောများတစ်လျှောက် လှည့်လည်စီးဆင်းလာခဲ့သည်။
အဆိုပါသင်္ကေတများ လှည့်ပတ်စီးဆင်းနေစဥ်အတွင်း အချို့သောသင်္ကေတများက ဝမ်ဖုန်း၏အရိုးများပေါ်သို့ ခပ်နှိပ်သွားခဲ့ကာ ဝမ်ဖုန်း၏အရိုးများကို အနီရင့်ရောင် တောက်ပလာစေခဲ့သည်။ သူ့အရိုးများအထက်၌ ထူးဆန်းသောပန်းပွင့်ပုံသဏ္ဌာန်အလင်းတန်းတစ်ခု တောက်ပလာခဲ့သည်။
နိယာမဧကရာဇ်အစောပိုင်းအဆင့်
နိယာမဧကရာဇ်အထွတ်အထိပ်အဆင့်
တော်ဝင်ဧကရာဇ်အစောပိုင်းအဆင့်
တစ်ခဏအတွင်းမှာပဲ ဝမ်ဖုန်း၏ကျင့်ကြံမှုသည် ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်အဆင့်မှ နိယာမဧကရာဇ်အစောပိုင်းအဆင့်သို့ ဝင်ရောက်သွားခဲ့သည်။ ယင်းနောက်မှာ နိယာမဧကရာဇ်အထွတ်အထိပ်အဆင့်ကို ဖြတ်ကျော်ကာ တော်ဝင်ဧကရာဇ်အစောပိုင်းအဆင့်သို့ ရောက်ရှိသွားလေသည်။ ထိုအဆင့်သို့ရောက်ရှိသွားပြီးနောက် ဝမ်ဖုန်း၏ကျင့်ကြံမှုတိုးတက်နှုန်းက တစ်ဖြည်းဖြည်း ပြန်လည်၍နှေးကွေးသွားခဲ့သည်။ ၎င်းမှာ ဆက်လက်၍ တက်လှမ်းနေသေးသော်လည်း ယခင်ကလောက် မြန်ဆန်ခြင်းမရှိတော့ပါ။
ယခင်က ပြင်းထန်သောနာကျင်မှုသည်လည်း ရုတ်တရက်ပျောက်ကွယ်သွားခဲ့ကာ ဝမ်ဖုန်း၏အမူအယာက ပြန်လည်တည်ငြိမ်သွားခဲ့သည်။ နွေးထွေးသောစွမ်းအားလှိုင်းတစ်ရပ်သည်လည်း ဝမ်ဖုန်း၏ခန္ဓာကိုယ်ကို ဆေးကြောပေးလိုက်ကာ သူ၏အမူအယာကို သက်တောင့်သက်သာဖြစ်လာစေခဲ့၏။
"ဝုန်း!"
တစ်ကြိမ်တွင် ဝမ်ဖုန်း၏ခန္ဓာကိုယ်သည် ရုတ်တရက် ပြင်းထန်စွာတုန်ခါသွားခဲ့ပြီး သူ၏မြင့်တက်နေသော ကျင့်ကြံမှုကလည်း ရပ်တန့်သွားခဲ့သည်။ အဆုံးမှာတော့ ဝမ်ဖုန်း၏ကျင့်ကြံမှုသည် တော်ဝင်ဧကရာဇ်အထွတ်အထိပ်အဆင့်၌ တည်မြဲသွားခဲ့၏။ သူ့ထံမှ ထုတ်လွှတ်နေခဲ့သော ခွန်အားကြီးသည့်အရှိန်အဝါများကလည်း တစ်ဖြည်းဖြည်းချင်း ပြန်လည်၍တည်ငြိမ်သွားခဲ့သည်။
"ဘုန်း!"
ရုတ်တရက်ဆိုသလို ဝမ်ဖုန်းက မျက်ဝန်းဖွင့်လှစ်လိုက်သည့်အခါ အလင်းတန်းတစ်တန်းသည် သူ၏မျက်ဝန်းအတွင်းမှ ပြေးထွက်သွားခဲ့ပြီး မျက်မှောက်ရှိ လေဟာပြင်ကို တိုက်ရိုက်ဖောက်ထွင်းပစ်လိုက်သည်။ ဝမ်ဖုန်း၏ကိုယ်ထဲမှနေ၍ အလွန်အမင်းကြောက်လန့်ဖွယ်ကောင်းသော စွမ်းအားအရှိန်အဝါများ ပေါ်ထွက်နေလေသည်။
သို့သော်လည်း အဆိုပါစွမ်းအားအရှိန်အဝါသည် တစ်ခဏသာ ပေါ်ထွက်လာခဲ့ပြီး ဝမ်ဖုန်း၏ကိုယ်တွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။ ဝမ်ဖုန်းသည် အရှိန်အဝါအနည်းငယ်မျှ ထုတ်လွှတ်မနေတော့ဘဲ ပြန်လည်၍တည်ငြိမ်သွားခဲ့သည်မှာ သာမန်လူသားတစ်ယောက်အလား ထင်မှတ်ရလေသည်။ သို့သော်လည်း သူ၏နက်ရှိုင်းသောမျက်ဝန်းများအတွင်း၌တော့ ကြယ်ရောင်စုံသောကောင်းကင်ကြီးကဲ့သို့ လျှို့ဝှက်ဆန်းကြယ်မှုများ ရှိနေခဲ့သည်။
"အစွမ်းထက်တယ်!"
ဝမ်ဖုန်းသည် ခန္ဓာကိုယ်အတွင်းလှည့်ပတ်နေသော အစွမ်းထက်သည့် စွမ်းအားများကို ခံစားလိုက်ရသည့်အခါ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ၏မျက်နှာထက်တွင် ကျေနပ်နေသော အမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ တော်ဝင်ဧကရာဇ်အထွတ်အထိပ်ကို ရောက်ရှိသွားပြီးနောက် ဝမ်ဖုန်းသည် သူ၏အမြင်အာရုံက ပိုမို၍ထူးခြားလာကြောင်း ခံစားလိုက်ရသည်။ ဤသည်မှာ ကောင်းကင်နှင့်ကမ္ဘာမြေ၏ နိယာမများကို ထိတွေ့လာနိုင်သောကြောင့်ဖြစ်သည်။
ဒါ့အပြင် သူ၏ကျင့်ကြံမှုသည် လက်ရှိကမ္ဘာကြီး၏ လုပ်ဆောင်နိုင်မှုထက်တောင် ကျော်လွန်နေခဲ့သေးသည်။
ပြောရပါလျှင် စနစ်၏ကာကွယ်ပေးမှုကြောင့်သာမဟုတ်ပါက ဝမ်ဖုန်းက ပေါက်ကွဲမှုအရှိန်အဝါကို မတော်တဆပြုလုပ်လိုက်မိသည်နှင့်တစ်ပြိုင်နက် မွန်မြတ်ဘုံလောကကြီးတစ်ခုလုံး တုန်ယင်သွားရပေလိမ့်မည်။
"ဘုန်း!"
ဤအချိန်တွင် ခန်းမအတွင်းရှိ လေဟာပြင်မှာ ရုတ်တရက်တုန်ခါသွားခဲ့ပြီး ပုံရိပ်တစ်ခုသည် ခန်းမအတွင်း၌ ထွက်ပေါ်လာခဲ့သည်။
ဝမ်ဖုန်းဟာ အဓိကပုလ္လင်ပေါ်၌ ထိုင်လိုက်ပြီး လေဟာပြင်တုန်ခါရာနေရာသို့ စူးစိုက်ကြည့်လိုက်သည်။ ရောက်ရှိလာသော လူပုဂ္ဂိုလ်အား တွေ့မြင်လိုက်ရသည့်အခါ သူ့ခန္ဓာကိုယ်မှ လျှို့ဝှက်စွာထွက်ပေါ်နေသော အရှိန်အဝါများသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး အပြုံးတစ်ပွင့်ဖြစ်ပေါ်လာခဲ့သည်။
ရောက်လာသောသူမှာ သူ ဆင့်ခေါ်ထားခဲ့သော လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်ပဲ ဖြစ်တော့သည်။
"ကျုပ် ပိုင်ယွဲ့က ဂိုဏ်းချုပ်ကို တွေ့ဆုံပါတယ်။"
ထွက်ပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်သည် ဝမ်ဖုန်းထိုင်နေတာကို တွေ့မြင်လိုက်ရ၏။ သူက လျစ်လျူရှုရဲခြင်းမရှိဘဲ ဝမ်ဖုန်းကို လေးလေးစားစား ဂါရဝပြုလိုက်သည်။
ပိုင်ယွဲ့သည် အနီရောင်နှင့် အနက်ရောင်ရောစပ်ထားသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ၏ခန္ဓာကိုယ်က မြင့်မားဖြောင့်တန်းနေသည်။ သူ၏လက်နှစ်ဖက်ကို ဝမ်းဗိုက်အထက်၌ ကြက်ခြေခတ်ပုံသဏ္ဌာန်ထားရှိထားပြီး သူ၏အမူအယာက တည်ငြိမ်နေ၏။ သူ၏အတွေးအခေါ်များကို ဖောက်ထွင်းမြင်နိုင်ရန်က မဖြစ်နိုင်ပါ။
ထိုလူ၏ အနက်ရောင်မျက်ဝန်းများအတွင်း၌ အလွန်အမင်းဆိုးယုတ်သော အကြည့်တစ်ခုလည်း ရှိနေခဲ့သေးသည်။
"အရမ်းကြီးယဥ်ကျေးမနေပါနဲ့!"
"ငါတို့ရှန်ရှန်ကျုံ့ဂိုဏ်းသာ လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်ရဲ့ ကူညီမှုကိုရရှိရင် ရန်သူအားလုံးကို သုတ်သင်နိုင်တော့မှာပဲ။"
လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်၏ လေးစားသောအမူအယာကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းက စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပြီး သူ၏လက်ကို ခါယမ်းလိုက်ကာ ယဥ်ကျေးမနေရန် အချက်ပြလိုက်သည်။
"မစိုးရိမ်ပါနဲ့ ဂိုဏ်းချုပ်။ ကျုပ် ပိုင်ယွဲ့က ဂိုဏ်းချုပ်ကိုကူညီပြီး ရှန်ရှန်ကျုံ့ဂိုဏ်းအတွက် ရန်သူတွေကို သတ်ဖြတ်ပေးမှာပါ။"
ဝမ်ဖုန်း၏စကားလုံးများကို ကြားလိုက်ရသည့်အခါ ပိုင်ယွဲ့က ထပ်မံ၍ ဂါရဝပြုလိုက်ကာ ပြောဆိုလိုက်သည်။
ပုလ္လင်ပေါ်၌ထိုင်နေသော ဝမ်ဖုန်းထံမှ ဘယ်အရှိန်အဝါမှ ထွက်ပေါ်မနေသော်လည်း ပိုင်ယွဲ့၏စိတ်အစဥ်ကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ အဆိုပါခွန်အားမှာ သူ နှိုင်းဆ၍မရနိုင်သည့်အရာ ဖြစ်လေသည်။
ဝမ်ဖုန်း၏ ထိတ်လန့်ဖွယ်ကောင်းသော ခွန်အားကြောင့်သာ လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်က အလွန်အမင်း ရိုကျိုးနေရခြင်းဖြစ်၏။
"အခု လီရှောင်းယောင်ကလည်း ငါတို့ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ အကြီးအကဲပဲ။ မင်းတို့ကို ထပ်ပြီးပဋိပက္ခတွေ မရှိစေချင်တော့ဘူး။"
"အတူတကွအလုပ်လုပ်ကြပြီး ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ တိုးတက်မြင့်မားရေးအတွက် စွမ်းဆောင်ကြပေါ့ကွာ။ ဒါကပဲ မင်းတို့လုပ်သင့်တဲ့ အရာပဲလေ။"
ဝမ်ဖုန်းက မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး ပိုင်ယွဲ့ကို စူးစိုက်ကြည့်ကာ နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်သည်။
သူဟာ တူညီသောစကားကိုသာ ပြောဆိုရပါလိမ့်မည်။ သူ ဆင့်ခေါ်ထားသော ဆင့်ခေါ်ခံစွမ်းအားရှင်များအကြားတွင် အဘယ်သို့သော အမုန်းတရားများရှိနေပါစေ ရှန်ရှန်ကျုံ့ဂိုဏ်းအတွင်း၌ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ခြင်းကို ခွင့်မပြုနိုင်ပါ။ ထိုကဲ့သို့လုပ်ဆောင်မှုမျိုးကို ရှာဖွေတွေ့ရှိခဲ့ပါက သူကလည်း ကျိန်းသေပေါက် ရက်စက်ရပေလိမ့်မည်။
"ဂိုဏ်းချုပ် မစိုးရိမ်ပါနဲ့..."
ဝမ်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ ပိုင်ယွဲ့၏ခန္ဓာကိုယ်မှာ တုန်ယင်သွားခဲ့ပြီး အလျှင်အမြန် လက်သီးဆုပ်ဂါရဝပြုလျက် ပြောဆိုလိုက်၏။