← Chapters

မြေအောက်ကမ္ဘာမူမမှန်ခြင်း။

Vol. 43 Ch. 601

မြေအောက်ကမ္ဘာမူမမှန်ခြင်း။

Vol. 43 Ch. 601

“ဂိုဏ်းချုပ် လီပိုင် တွေ့ခွင့်တောင်းပါတယ်”

ဝမ်ဖုန်းမှ စကားဆိုတော့မည်တွင် ခန်းမအပြင်ဘက်မှ အသံထွက်ပေါ်လာသည်။ ဝမ်ဖုန်း မျက်မှောင်ကြုတ်လိုက်ပြီး လက်ဝှေ့ယမ်း၍ စနစ်အကာအကွယ်ကို ဖယ်ရှားလိုက်ပြီး ခန်းမတံခါးကို ဖွင့်ပေးလိုက်သည်။

သူခန်းမဆောင်အတွင်း ဝင်ရောက်ချိန်တွင် ဝမ်ဖုန်းသည် လီပိုင်တို့ကို ‌ဆုတ်ခွာနေကြရန်နှင့် ကိစ္စတစ်ခုခုမဖြစ်ပွားသ၍ လာရောက်မနှောင့်ယှက်ရန် အမိန့်ပေးထားပြီးဖြစ်သည်။

ကြည့်ရသည်မှာ တစ်ခုခုဖြစ်နေပြီထင်၏။

မျက်တောင်တစ်ခတ်မျှအချိန်အတွင်း၌ လီပိုင် ခန်းမထဲသို့ ရောက်ရှိလာသည်။ ခန်းမအတွင်းသို့ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်းနောက်မှ ပိုင်ယွဲ့ကျင့်စဉ်သခင်ကို လီပိုင် မြင်တွေ့လိုက်သည်။ ပိုင်ယွဲ့ကျင့်စဉ်သခင်သည်လည်း လီပိုင်ဝင်ရောက်လာသည်တွင် အနည်းငယ်ထိတ်လန့်သွားခဲ့သည်။

ခံစားချက်ကင်းမဲ့ဟန်မြင်ရသော လီပိုင်၏စိတ်နှလုံးမှာ တကယ်တမ်းတွင် အတော်လေးစိုးထိတ်နေသည်ဖြစ်၏။ ဂိုဏ်းချုပ်ရှိနေသည်ဖြစ်ပြီး ရှန်ရှန့်ကျုံဂိုဏ်းသည် ငြိမ်ဝပ်နေသည့်ကျား၊ ပုန်းကွယ်နေသည့်နဂါးကဲ့သို့ဖြစ်ရာ ပိုင်ယွဲ့ကျင့်စဉ်သခင်သည်လည်း ထူးဆန်းသည့်အတွေးအကြံများ ရှိဝံ့လိမ့်မည်မဟုတ်ပေ။

“ဘာဖြစ်လို့လဲ?”

ဝမ်ဖုန်း မျက်မှောင်ကြုတ်လျက် လီပိုင်ကို မေးမြန်းလိုက်သည်။

လီပိုင်သည် အနည်းငယ်မရိုးဖြောင့်ဟန်ရှိနိုင်သည့်တိုင် ဝမ်ဖုန်း၏အမြင်‌တွင်တော့ သဘောရိုးဖြစ်၏။ အရေးကြီးကိစ္စရပ်များတွင် လီပိုင်သည် ရှင်းရှင်းလင်းလင်းရှိသည်။ လီပိုင်သည် သူအမိန့်ပေးထားလျက်နှင့် ‌အကြောင်းရင်းမရှိ ‌နှောင့်ယှက်မည့်သူမဟုတ်ပေ။

“မြေအောက်ကမ္ဘာမှာ တစ်ခုခုထွက်ပေါ်လာပါတယ်”

ဝမ်ဖုန်း၏အမေးကို လီပိုင်သည် မည်းမှောင်နေသော မျက်နှာအမူအရာဖြင့် အလျင်အမြန်ဖြေကြားသည်။

“အို? ဘာထွက်လာလို့လဲ?”

ဝမ်ဖုန်း မျက်လုံးအိမ်တို့ အနည်းငယ်မှေးကျုံ့၍ အေးစက်စွာမေးမြန်းလိုက်သည်။ ဘေးတွင်ရပ်နေသော ပိုင်ယွဲ့ကျင့်စဉ်သခင်ပင်လျှင် လီပိုင်သို့ အကြည့်ပြန်ရောက်လာ၏။

ခုပဲဆင့်ခေါ်ခံလိုက်ရတာကို ချက်ချင်းပဲ ရှန်ရှန့်ကျုံဂိုဏ်းအတွက် အကျိုးပြုမှုတစ်ခုခု လုပ်ဆောင်ပေးနိုင်တော့မှာများလား?

“အဲဒါကိုတော့ မသိသေးပါဘူး”

လီပိုင် ခေါင်းခါရမ်း၍ တည်ကြည်လေးနက်စွာပြောသည်။

လီပိုင်၏စကားကြောင့် ဝမ်ဖုန်း မျက်မှောင်ကြုတ်သွားပြီး တည်ကြည်လေးနက်စွာပြော၏။

“သွားကြည့်ရအောင်”

ပိုင်ယွဲ့ကျင့်စဉ်သခင်ကို ဆင့်ခေါ်ပြီးနောက်တွင် လီပိုင်၏ကျင့်ကြံမှုအခြေခံသည် ဂုဏ်ထူးဆောင်ဧကရာဇ်အဆင့်သို့ တက်လှမ်းသွားခဲ့သည်။ သို့တိုင် ၎င်းထွက်ပေါ်လာသည့်အရာမှာ မည်သည့်အရာဖြစ်ကြောင်းကို ခံစားမသိနိုင်လေရာ သေချာပေါက် မရိုးရှင်းပေ။

ထို့နောက် ဝမ်ဖုန်းသည် ရှီကန်တန့်ကို နောက်မှလိုက်ပါခဲ့ရန် ဆင့်ခေါ်လိုက်သည်။ ရှီကန်တန့်သည် ကြယ်စင်ဧကရာဇ်အထွတ်အထိပ်အဆင့်ဖြစ်ပြီး တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် သာလွန်ထူးကဲ၏။

ရှီကန်တန့်ရှိနေလျှင် ဝမ်ဖုန်းအနေဖြင့် ပို၍စိတ်ချလက်ချရှိနိုင်၏။

ရှီကန်တန့်၏ရောက်ရှိလာသောအခါ ပိုင်ယွဲ့ကျင့်စဉ်သခင်မှာ ထိတ်လန့်သွားရပြန်သည်။ သူ၏စိတ်နှလုံးသည် ရှီကန်တန့်နှင့်ဝေးဝေးနေရန် အဆက်မပြတ် သတိပေးနေ‌ခဲ့သည်။

ထိုခံစားချက်ကြောင့် ပိုင်ယွဲ့ကျင့်စဉ်သခင်သည် ဝမ်ဖုန်းနှင့် ရှန်ရှန့်ကျုံဂိုဏ်းအပေါ် ပို၍ကြောက်ရွံ့ရိုသေမိလာရသည်။

ဝမ်ဖုန်းသည် ပိုင်ယွဲ့ကျင့်စဉ်သခင်၏ စိတ်ခံစားချက်များကို မသိပါချေ။ ရှီကန်တန့်ကို ဆင့်ခေါ်ပြီးနောက် လီပိုင်၏ဦးဆောင်မှုအောက်ရှိ ချုံနင်မျိုးနွယ်စုခန်းမဆောင်ရှိရာနယ်‌ေမြသို့ ဦးတည်သွားခဲ့သည်။

အချိန်ခဏလေးအတွင်း၌ ဝမ်ဖုန်းတို့သည် ကောင်းကင်တာ့အိုမျိုးနွယ်စုနှင့် ချန်ခွမ်းအထွတ်အမြတ်ဘုံကို ပိုင်းခြားထားသည့် နယ်နိမိတ်နယ်မြေဝန်းသို့ရောက်ရှိခဲ့သည်။ ထိုနယ်မြေဝန်းထဲတွင် ပိုင်ဟုန်၊ ပိုင်ချုံနှင့် အခြားသောကောင်းကင်တာ့အိုမျိုးနွယ်စု စွမ်းအားမြင့်ကျင့်ကြံသူများ၊ ရွှမ်းယွမ်နှင့် အခြားသူများလည်း ရပ်နေကြသည်။

အခြားသောကောင်းကင်တာ့အိုမျိုးနွယ်စုများနှင့် မြေအောက်ကမ္ဘာသားများကိုမူ ပိုင်ဟုန်မှ တစ်စုံတစ်ရာ မူမမှန်‌ခြင်းကို သတိထားမိပြီးနောက်တွင် မတော်တဆထိခိုက်ခြင်းမှ ကာကွယ်ရန်အတွက် ပုန်းအောင်းနေစေခဲ့သည်။

“ဂိုဏ်းချုပ်ဝမ်”

“ဂိုဏ်းချုပ်”

ပိုင်ဟုန်နှင့်အခြားသူများသည် ဝမ်ဖုန်းကိုမြင်သောအခါ တစ်ပြိုင်နက်တည်း နှုတ်ဆက်ကြသည်။

ပိုင်ဟုန်နှင့် ရွှမ်းယွမ်တို့သည် အချင်းချင်း အကြည့်ဖလှယ်လိုက်သည်တွင် တစ်ဖက်သား၏မျက်လုံးအစုံမှ အံ့သြထိတ်လန့်မှုကို မြင်တွေ့လိုက်ရ၏။ သူတို့သည် ဝမ်ဖုန်း၏ကျင့်ကြံမှုကို ခံစားမသိနိုင်သည့်တိုင် ဝမ်ဖုန်း၏ကျင့်ကြံဆင့် ပို၍အားကောင်းလာသည်ကို ခံစားမိပေသည်။

နာရီအနည်းငယ်လေးအတွင်းမှာပဲ ဝမ်ဖုန်းရဲ့ကျင့်ကြံမှုက အဆင့်တက်လှမ်းသွားပြန်ပြီလား?

ဝမ်ဖုန်း၏ ကြောက်မက်ဖွယ် တိုးတက်မှုအရှိန်နှုန်းကြောင့် ပိုင်ဟုန်နှင့်ရွှမ်းယွမ်တို့သည် အချိန်ခဏမျှ အံ့အားသင့်နေကြသည်။ 

ဝမ်ဖုန်းသည် လူအုပ်စုကို တစ်ချက်မျှဝေ့ဝဲကြည့်၍ ခေါင်းတစ်ချက်ညိတ်ကာ စကားမဆိုပေ။ ထို့နောက် လူအုပ်စုဝန်းရံနေသည့် နက်ရှိုင်းသည့် မြေအောက်လိုဏ်ဂူကြီးသို့ အကြည့်ပို့လိုက်သည်။ နက်ရှိုင်းသည့် လိုဏ်ဂူကြီး၏အချင်းသည် ဆယ်မီတာခန့်ရှည်လျား၏။ လိုဏ်ဂူကြီးမှာ နက်ရှိုင်းလွန်းသောကြောင့် တစ်ချက်ကြည့်ရုံဖြင့် အောက်ခြေကိုမမြင်တွေ့နိုင်ချေ။

ဝမ်ဖုန်းသည် တော်ဝင်ဧကရာဇ်အထွတ်အထိပ်အဆင့်ဖြစ်သောကြောင့် သူ၏အမြင်အာရုံသည် အလွန်တရာအားကောင်း၏။ မြေအောက်သို့မိုင်ပေါင်းထောင်ချီနက်ရှိုင်းလျှင်သော်မှ ဝမ်ဖုန်း တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်နိုင်စွမ်း၏။ သို့သော် မြေအောက်လိုဏ်ဂူကိုမူ ဝမ်ဖုန်း မမြင်နိုင်ပေ။

ဟုတ်တာပဲ။ လီပိုင်တောင် မမြင်နိုင်တာ ငါက ဘယ်လိုမြင်နိုင်ပါ့မလဲ?

သို့သော် ဤနက်ရှိုင်းသည့်မြေအောက်လိုဏ်ဂူအတွင်းထဲမှ တစ်စုံတစ်ရာမြင့်တက်လာနေသည်ကို ဝမ်ဖုန်း ခံစားမိ၏။ အရှိန်အဝါသည် အင်မတန်ကြမ်းကြုတ်ခက်ထန်သောကြောင့် ဝမ်ဖုန်းပင်လျှင် အနည်းငယ်တုန်လှုပ်မိလေသည်။

“ဧကရာဇ်ဝမ်ချစ်ရွှီ!”

ဝမ်ဖုန်း မျက်လုံးဖိမှိတ်လိုက်ပြီးနောက် စိတ်ထဲမှရေရွတ်လိုက်သည်။ ဧကရာဇ်ချီကျင့်စဉ်၏ပဟေဠိသည် ရုတ်တရက်အဖြေထွက်လာခဲ့၏။ ဝမ်ဖုန်း မျက်လုံးပြန်ဖွင့်လိုက်သည်။ ဝမ်ဖုန်း၏မျက်လုံးအစုံသည် ရွှေရောင်အလင်းများတောက်ပနေပြီး မျက်လုံးအိမ်အတွင်း၌ ရွှေရောင်အက္ခရာတန်းများတည်ရှိနေလေရာ နတ်ဘုရားတစ်ပါး၏ မျက်ဝန်းတစ်စုံအလား ထင်မှတ်ရပေသည်။

ဧကရာဇ်ချီကျင့်စဉ်ကို လှုပ်ရှားစေပြီးနောက် တုံ့ဆိုင်းတွေဝေခြင်းမရှိ မြေအောက်လိုဏ်ဂူထဲသို့ ငုံ့ကြည့်လိုက်သည်။

မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ဝမ်ဖုန်းမှာ ‌မျက်မှောင်ကြုတ်သွားရပြီး နှလုံးအိမ်ခုန်လှုပ်သွားရ၏။

ဝမ်ဖုန်း ငုံ့ကြည့်လိုက်ချိန်တွင် ထိုအောက်ခြေ၌ သူ့ကိုပြန်ကြည့်နေသည့် အကြည့်တစ်စုံရှိနေ‌ခဲ့သည်။ မိုးပြာရောင်မျက်လုံးတစ်စုံဖြစ်၏။ ထိုမျက်လုံးများနှင့် အကြည့်ချင်းဆုံသွားသည့် အခိုက်အတန့်၌ အဆုံးမဲ့သော အေးစက်သည့်တိုက်ခိုက်မှုကြီး ဦးတည်လာနေသည်ကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်သည်လည်း အနည်းငယ်တုန်ယင်သွားခဲ့၏။ 

“ဂုဏ်ထူး‌ေဆာင်ဧကရာဇ်အထွတ်အထိပ်”

စက္ကန့်ဝက်မျှအချိန်အတွင်း အကြည့်လွှဲလိုက်သည့်တိုင် ‌မြေအောက်လိုဏ်ဂူထဲမှ ထိုးဖောက်ထွက်လာနေသည့်အရာကြီး၏ ကျင့်ကြံဆင့်ကို ဝမ်ဖုန်း သိရှိနိုင်ခဲ့သည်။ ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်အဆင့်ဖြစ်လေသည်။

ဝမ်ဖုန်း အလွန်အံ့အားသင့်သွားခဲ့သည်။ ထိုအရာ၏ကျင့်ကြံဆင့်ကို ကြောက်ရွံ့ခြင်းမဟုတ်ပါချေ။ သူ၏ရှန်ရှန့်ကျုံဂိုဏ်းအပြင် ဘုံနန်းရှင်ဧကရာဇ်အဆင့်ထက် ကျော်လွန်သည့် တခြားကျင့်ကြံသူရှိနေခြင်းကို ‌အံ့ဩမိခြင်းသာဖြစ်သည်။

ဤဂုဏ်ထူး‌ေဆာင်ဧကရာဇ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူသည် ရှန်ရှန့်ကျုံဂိုဏ်း ရောက်ရှိမလာမီကပင် ဤချန်ခွမ်းအထွတ်အမြတ်ဘုံကို သိမ်းပိုက်ပစ်လိုက်လျှင်သော်မျှ ပြဿနာမရှိနိုင်ပေ။

“လီပိုင် အကာအကွယ်စည်းချလိုက်။ လာနေတဲ့သူက ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်အဆင့်ပဲ။ ကြမ်းကြုတ်တယ်။ တိုက်ခိုက်မှုဖြစ်ပွားတဲ့အခါ ဒီနေရာကို မဖျက်ဆီးမိစေနဲ့”

ဝမ်ဖုန်း လီပိုင်ကို ညွှန်ကြားလိုက်သည်။

သို့သော် ဝမ်ဖုန်း၏စကားကြောင့် ပိုင်ဟုန်နှင့် အခြားသောကောင်းကင်တာ့အိုမျိုးနွယ်စုကျင့်ကြံသူများသည် ဝမ်ဖုန်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်လာကြလေသည်။ ရွှမ်းယွမ်ပင်လျှင် အနည်းငယ်အံ့အားသင့်သွား၏။

ဒီဂိုဏ်းချုပ်ဝမ်က ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်အဆင့်ရန်သူကို ဘယ်လိုတောင် ပေါ့ပေါးပါးပါးလေးပြောလိုက်တာလဲ?

ဒီနေရာကို မဖျက်ဆီးမိစေနဲ့ဆိုတာကရော ဘာကိုဆိုလိုတာလဲ?

‌သူစိုးရိမ်ရမှာက ဒီလူ‌တွေရဲ့လုံခြုံရေးနဲ့ ဒီလူတွေအားလုံး ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ဖြစ်သင့်တာမဟုတ်ဘူးလား? ဒါကြီးက လူအကုန်သေသွားနိုင်တဲ့ကိစ္စကြီးလေ!

ပိုင်ဟုန်နှင့်ရွှမ်းယွမ်တို့၏ မျက်လုံးများတောက်ပလာကြ၏။

ရှန်ရှန့်ကျုံဂိုဏ်းမှာ သူတို့မမြင်တွေ့ဖူးသေးတဲ့ ဖုံးကွယ်ထားတဲ့အင်အားတွေများ ရှိနေသေးတာလား? အဲ့လိုမဟုတ်ရင် ဝမ်ဖုန်းက ဘယ်လိုလုပ်ပြီး ဒီလိုယုံကြည်ချက်ပြည့်ဝနေမှာလဲ?

ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်ကျင့်ကြံသူများအနေဖြင့် သူတို့နှစ်ဦးသည် ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်အဆင့်ရန်သူကို မကြောက်ရွံ့ပါချေ။ ကျင့်ကြံဆင့်ချိပ်ပိတ်ထားခြင်းကို ဖယ်ရှားလိုက်ရုံသာဖြစ်၏။ သို့သော် ဝမ်ဖုန်းတို့သည်တော့ အခြေအနေမတူပါချေ။

ဝမ်ဖုန်းတို့သည် ချန်းခွမ်းအထွတ်အမြတ်ဘုံလောကမှ ဖြစ်သည်။ ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်အဆင့်ရန်သူနှင့် ရင်ဆိုင်ရခြင်းဟူသည် သာမန်လူများသာဖြစ်ပါက နှစ်ကြိမ်မစဉ်းစားဘဲ လှည့်ထွက်ပြေးသွားမည်ဖြစ်သည်။ 

သို့သော် ဝမ်ဖုန်းသည် တည်ငြိမ်အေးဆေးစွာဖြင့် အခြားသူများကို ညွှန်ကြားနေလေသည်။ မျက်မြင်တွေ့နေရခြင်းမဟုတ်လျှင် ပိုင်ဟုန်မှာ ယုံကြည်နိုင်လိမ့်မည်မဟုတ်ပါချေ။

All Chapters