ဆီးနှင်းအစီအရင်မိစ္ဆာ
Vol. 43 Ch. 602
“ဂိုဏ်းချုပ် ဒါက…?”
ဘေးတွင်ရပ်နေသည့် ပိုင်ချုံမှ ဝမ်ဖုန်းကို ဖျောင်းဖျရန်ကြိုးစားသည်။ သို့သော် စကားမဆုံးမီ၌ပင် ဝမ်ဖုန်း၏ လက်ဝှေ့ယမ်းတားမြစ်ခြင်းကို ခံလိုက်ရသည်။
ဝမ်ဖုန်းမှ အရေးမထားဟန်ပြော၏။
“ဘာမှမဖြစ်ပါဘူး။ သူက တ
ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်အဆင့်လေးပါပဲ။ လီပိုင် သူ့ကို အလွယ်လေးတိုက်ခိုက်နိုင်တယ်”
ဝမ်ဖုန်း၏စကားတွင် နယ်မြေဝန်းတစ်ခုလုံး တိတ်ဆိတ်သွား၏။
ပိုင်ချုံနှင့် အခြားသူများသည် မျက်လုံးအပြူးသားဖြင့် ကြောင်အနေကြသည်။ ဝမ်ဖုန်းနှင့်လီပိုင်ကို မယုံကြည်နိုင်စွာ ကြည့်နေကြ၏။ ဝမ်ဖုန်း၏ ယုံကြည်မှုပြည့်ဝနေသော အမူအရာကြောင့်မဟုတ်ခဲ့လျှင် ဝမ်ဖုန်းသည် သူတို့အား စနောက်နေခြင်းဟု တွေးထင်မိလောက်ပေသည်။
ဒါက ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်အဆင့်နော်။
စိတ်ရှိတိုင်း အချိန်မရွေးသတ်ပစ်လို့ရတဲ့ ခွေးလေး၊ကြောင်လေး မဟုတ်ဘူး။
ဒါပေမဲ့ ဂိုဏ်းချုပ်ရဲ့စကားကို နားထောင်ရတာတော့ ဂုဏ်ထူးဆောင်ဧကရာဇ်က ပုရွက်ဆိတ်လေးတစ်ကောင်လိုပဲ။ ဒီလိုယုံကြည်ချက်အပြည့်ဖြစ်နေအောင် ဘာတွေကများ ဂိုဏ်းချုပ်ရဲ့စိတ်နှလုံးကို ထောက်ပံ့ပေးနေပါလိမ့်?
ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၌မူ ၎င်းသည် ဘာမျှမဟုတ်သည့်အရာလေးဖြစ်သည်။ သို့သော် ဤနေရာမှာ ချန်ခွမ်းအထွတ်အမြတ်ဘုံလောကဖြစ်သည်။ ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်အဆင့်ဟူသည် ချန်ခွမ်းအထွတ်အမြတ်ဘုံတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်၏။
ထိုကြောက်မက်ဖွယ်အရာကြီးမှာ အတိအကျ မည်သည့်အရာဖြစ်သည်ကိုလည်း မသိရသေးချေ။
ပိုင်ချုံနှင့် အခြားသူများသည် ပိုင်ဟုန် သတိပေးခဲ့ဖူးသည့်အရာကို အမှတ်ရသွားသောကြောင့် တုန်လှုပ်နေကြ၏။ သို့သော် ဝမ်ဖုန်းကိုလည်း ဆက်လက်မဖျောင်းဖျဝံ့သောကြောင့် နောက်ပြန်ဆုတ်လိုက်ရသည်။
ပိုင်ဟုန်နှင့်ရွှမ်းယွမ်သည်လည်း အံ့အားသင့်စွာဖြင့် အချင်းချင်းအကြည့်ဖလှယ်လိုက်ကြသည်။ သူတို့နှစ်ဦး၏ ကျင့်ကြံဆင့်၊ သရုပ်မှန်တို့အားဖြင့် ဂုဏ်ထူးဆောင်ကရာဇ်အထွတ်အထိပ်အဆင့်ကို မျက်လုံးထဲပင်မထည့်သည်မှာ ပုံမှန်ဖြစ်သည်။ သို့သော် ဝမ်ဖုန်းမှ ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်အဆင့်ကို အရေးမထားခြင်းမှာ ထူးခြားလှပေသည်။
ထို့ပြင် မကြာမီက လီပိုင်၏ကျင့်ကြံဆင့်သည် ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်အဆင့် ဖြစ်၏။
ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အင်အားအစစ်အမှန်က သူတို့စိတ်ကူးမှန်းဆနိုင်တာထက် သာလွန်နေခဲ့ပြီး တစ်ချိန်လုံး သူတို့ကို ဖုံးကွယ်ထားခဲ့တာများလား? အရင်က သူတို့ရှေ့မှာ ထုတ်ပြခဲ့တဲ့ကျင့်ကြံမှုအခြေခံတွေက သူတို့ကို လှည့်စားနေရုံသက်သက်ပဲလား?
အချိန်တစ်ခုအထိ ပိုင်ဟုန်နှင့်ရွှမ်းယွမ်တို့နှစ်ဦးသည် တွေးတောနေခဲ့သည်။
ဘေးတွင်ရပ်နေသော ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများသာလျှင် မျက်နှာအမူအရာ စိုးစဉ်းမျှမပြောင်းလဲဘဲ တည်တံ့နေပေသည်။ ဂိုဏ်းချုပ်သည် မကြာခဏ စွမ်းအင်ပေါက်ကွဲတိုးတက်မှု ရှိတတ်သည်ကို သူတို့သိထားကြပြီးဖြစ်၏။
သူတို့သည် ဝမ်ဖုန်း၏ ဆင့်ခေါ်ခြင်းခံခဲ့ရသူများဖြစ်ကြရာ ဝမ်ဖုန်းသည် လျှို့ဝှက်ချက်ကြီးတစ်ခုကို ဖုံးကွယ်ထားကြောင်း သူတို့သိထားပါ၏။ သို့သော် ထိုလျှို့ဝှက်ချက်ကြီးသည် သူတို့စုံစမ်းထောက်လှမ်းနိုင်သည့်အရာ မဟုတ်ပါချေ။
ရှပ်!
လီပိုင်သည် အံ့အားသင့်နေသူများကို လျစ်လျူရှုထား၏။ ပိုင်ချုံနှင့်အခြားသူများ ထွက်ခွာသွားပြီးနောက် လီပိုင် လက်ကိုဝှေ့ယမ်းလိုက်ရာ ကြီးကျယ်ခမ်းနားသောစွမ်းအင်များသည် ကျယ်ပြောသောပင်လယ်ပြင်ကဲ့သို့ ဖြာထွက်လာခဲ့သည်။ မျက်တောင်တစ်ခတ်မျှသောအချိန်အတွင်း၌ အကာအကွယ်တစ်ခုထွက်ပေါ်လာပြီး နယ်မြေဝန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
အကာအကွယ်ကြီးပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော လှိုင်းဂယက်များ စီးဆင်းနေသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် ဤအကာအကွယ်သည် မရိုးရှင်းကြောင်း သိရှိနိုင်၏။
လီပိုင်မှ စွမ်းအင်ထုတ်လွှတ်သည်တွင် ပိုင်ဟုန်နှင့်ရွှမ်းယွမ်တို့ အံ့အားသင့်သွားကြပြန်သည်။ သူတို့၏ကျင့်ကြံမှုများကို ချိပ်ပိတ်ထားသည့်တိုင် မူလကျင့်ကြံဆင့်မှာ ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်အဆင့်ဖြစ်သောကြောင့် လီပိုင်၏လက်ရှိကျင့်ကြံဆင့်ကို ခံစားသိနိုင်လိုက်ပါ၏။
“ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်ထိပ်အဆင့်”
ယခင်က ဝမ်ဖုန်းတို့သည် သူတို့ကို လှည့်စားနေခဲ့ခြင်းဖြစ်လေသည်။
လှည့်စားနေခဲ့တာမဟုတ်ရင် လီပိုင်က ဒီလောက်အချိန်တိုလေးနဲ့ ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်ကနေ ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်ကို ဘယ်လိုလုပ်ပြီး တက်လှမ်းသွားနိုင်မှာတဲ့လဲ?
သူတို့နှင့်လီပိုင် မတွေ့ရသည့်အချိန်မှာ နာရီအနည်းငယ်မျှသာ ရှိသေးသည်။ နာရီအနည်းငယ်လေးအတွင်းမှာ ကျင့်ကြံဆင့်တက်လှမ်းသွားခဲ့၏။
ဒါက ဖြစ်နိုင်လို့လား?
လုံးဝမဖြစ်နိုင်ဘူး!
လီပိုင်တို့ လှည့်စားနေခဲ့ခြင်းမဟုတ်လျှင် အဘယ်သို့မျှ ရှင်းပြ၍မရနိုင်ပေ။
ပိုင်ဟုန်နှင့် ရွှမ်းယွမ်တို့မှာ မိမိတို့၏ကျင့်ကြံဆင့်ဖြင့်ပင် လီပိုင်တို့၏ကျင့်ကြံမှုနှင့် ဖုံးကွယ်ထားသည့်နည်းလမ်းများကို ထွင်းဖောက်မမြင်နိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ကြည့်ရသည်မှာ ရှန်ရှန့်ကျုံဂိုဏ်းသည် သူတို့စိတ်ကူးထားသည်ထက် ပို၍လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်ဖွယ်ကောင်းနိုင်ပေသည်။
ဂါးး!
ပိုင်ဟုန်နှင့်ရွှမ်းယွမ်တို့ စဉ်းစားတွေးတောနေစဉ်၌ပင် မြေအောက်လိုဏ်ဂူထဲမှ သားရဲတစ်ကောင်၏ဟိန်းဟောက်သံကဲ့သို့သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ်အသံလှိုင်းသည် မြေအောက်လိုဏ်ဂူထဲမှ အထက်သို့ လှိုင်းဂယက်များအလား ရိုက်ခတ်လာခဲ့ရာ ကမ္ဘာလောကတစ်ခုလုံး တုန်ခါသွားခဲ့သည်။
လီပိုင်၏အကာအကွယ်ကြောင့် မဟုတ်ခဲ့လျှင် ထိုအသံလှိုင်းသည် ချန်ခွမ်းအထွတ်အမြတ်ဘုံလောကတွင် မရေမတွက်နိုင်သော သေဆုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ဆောင်ကြဉ်းသွားခဲ့မည်ဖြစ်၏။
ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူများ၏ လှုပ်ရှားမှုတစ်ချက်စီတိုင်း၌ ချန်ခွမ်းအထွတ်အမြတ်ဘုံကျင့်ကြံသူများ ယှဉ်ပြိုင်မစွမ်းသော စွမ်းအင်များပါဝင်ကြသည်။ သို့ဖြစ်ရာ ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်အဆင့်၏ အသံလှိုင်းသည် သေချာပေါက် ချန်ခွမ်းအထွတ်အမြတ်ဘုံကျင့်ကြံသူများ၏ ခံနိုင်ရည်ထက် ကျော်လွန်ပေသည်။
ထိုအသံလှိုင်းကြောင့် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများသည်လည်း အကာအကွယ်စည်း အစပ်နားသို့ နောက်ဆုတ်သွားခဲ့ကြသည်။ ယခု၌ ၅ဦးသာ ကျန်ရစ်ခဲ့သည်။ ဝမ်ဖုန်း၊ ပိုင်ယွဲ့ကျင့်စဉ်သခင်၊ လီပိုင်၊ ပိုင်ဟုန်နှင့် ရွှမ်းယွမ်တို့ဖြစ်၏။
ပိုင်ယွဲ့ကျင့်စဉ်သခင်သည် တော်ဝင်ဧကရာဇ်အထွတ်အထိပ်အဆင့်ဖြစ်သော်ငြား ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်အဆင့်နှင့် ယှဉ်နိုင်စွမ်းသူဖြစ်ရာ ထိုအသံလှိုင်းများကို မကြောက်ရွံ့ပေ။
ဂါးး!
နားကွဲလုမတတ်သောဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြန်သည်။
လူများစွာ၏အကြည့်အောက်၌ ဆယ်ပေအမြင့်ခန့်ရှိသော ဖွံ့ထွားသည့်ပုံရိပ်ကြီး မြေအောက်လိုဏ်ဂူထဲမှ ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ကြီးမှာ ရေခဲချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသကဲ့သို့ အပြာရောင်အလင်းများ တောက်ပနေ၏။
ထိုကြီးမားသည့်ဧရာမပုံရိပ်ကြီး ထွက်ပေါ်လာခြင်းနှင့်အတူ ပတ်ဝန်းကျင်သည်လည်း အေးစက်သည့်လေထုများ စိမ့်ဝင်ပျံ့နှံ့သွားခဲ့သည်။ နယ်မြေဝန်း၏အပူချိန်သည် အလွန်အမင်းကျဆင်းသွားခဲ့ပြီး ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများစွာတို့မှာလည်း မထိန်းချုပ်နိုင်စွာ တုန်ယင်လျက် အဆုံးစွန်ထိ ဆုတ်ခွာသွားကြရလေသည်။
အကာအကွယ်စည်းအပြင်ဘက်ရှိ ပိုင်ဟုန်နှင့်အခြားသူများပင်လျှင် ကြက်သီးမွေးညင်းထသွားရ၏။
ဂါးး!
ထိုဧရာမပုံရိပ်ကြီးသည် ထပ်မံဟိန်းဟောက်ပြန်၏။ နီစွေးသော မျက်လုံးကြီးများသည် ဝမ်ဖုန်းနှင့်အခြားသူများကို စူးရဲစွာစိုက်ကြည့်နေလျက် သတ်ဖြတ်လိုခြင်းအငွေ့အသက်များသည် ကောင်းကင်ထိတိုင် ဖြာထွက်နေခဲ့သည်။
“ဒီဟာကြီးကို နည်းနည်းရင်းနှီးနေသလိုမရှိဘူးလား?”
ထိုအခိုက်အတန့်၌ ရွှမ်းယွမ်၏မျက်နှာထက်တွင် သံသယအချို့ထင်ဟပ်လာခဲ့ပြီး ခပ်ဖျော့ဖျော့ရေရွတ်သည်။
ရွှမ်းယွမ်၏စကားတွင် ဝမ်ဖုန်းနှင့်အခြားသူများသည်လည်း မျက်မှောင်ကြုတ်လျက် ထိုဧရာမပုံရိပ်ကြီးကို စေ့စေ့စပ်စပ်ကြည့်ရှုလိုက်ကြသည်။
“ဆီးနှင်းအစီအရင်စည်းတံဆိပ်ကနေ ကျိုးပျက်လာတဲ့ ရေခဲတုံးတွေနဲ့ဖွဲ့စည်းထားတာလား?”
ပိုင်ဟုန်သည် အချိန်ခဏမျှ တုန်လှုပ်နေပြီးနောက် ရုတ်တရက် အံ့အားသင့်စွာပြောလိုက်သည်။
“ကျစ်!”
“ဒါက နောက်ကွယ်ကကြိုးကိုင်သူ ချန်ရစ်ခဲ့တဲ့ တန်ပြန်ရိုက်ချက်များလား?”
“ချန်ခွမ်းအထွတ်အမြတ်ဘုံကို မရနိုင်မှတော့ ဖျက်ဆီးပစ်မယ်ဆိုတာမျိုးလေ”
ရွှမ်းယွမ် လေအေးတစ်ချက်ရှူသွင်းလိုက်ပြီး ချောက်ချားတုန်လှုပ်စွာပြော၏။
ဝမ်ဖုန်းသည်လည်း တုန်လှုပ်နေပေသည်။ နောက်ကွယ်ကလူက ဒီလောကရဲ့အခြေအနေတွေကို သိနေနိုင်သေးတာလား? မဖြစ်နိုင်တာ!
ထိုသို့အတွေးဝင်ရောက်လာသည်နှင့် ဝမ်ဖုန်း ပြန်လည်ငြင်းဆန်လိုက်သည်။
အဲဒီ့လူက တကယ်ပဲ ဒီလောကရဲ့အခြေအနေကို သိနိုင်တယ်ဆိုရင် ဆီးနှင်းအစီအရင်စည်းတံဆိပ်ကို ဖျက်ဆီးဖို့လုပ်တဲ့အချိန်တည်းက ထွက်လာပြီးတားသင့်တာလေ?
ဆီးနှင်းအစီအရင်စည်းတံဆိပ်ကို ဖျက်ဆီးတာကို သတိထားမိသွားလို့ တမင်ရည်ရွယ်ပြီး တိုက်ခိုက်လာတာဖြစ်လိမ့်မယ်။
“ဘာပဲဖြစ်ဖြစ် သတ်ပစ်ရမှာပဲ”
ထိုသို့အတွေးဖြင့် ဝမ်ဖုန်း၏မျက်လုံးများ တည်ကြည်လေးနက်စွာတောက်ပသွားပြီး ဩဇာအပြည့်ဖြင့် ပြောလိုက်သည်။
ဘုန်း!
ဝမ်ဖုန်း၏စကားဆုံးသည်နှင့် လီပိုင်သည် တုံ့ဆိုင်းတွေဝေခြင်းမရှိ ခန္ဓာကိုယ်မှ ကြီးကျယ်ခမ်းနားသောစွမ်းအင်များ ဖြာထွက်စေလိုက်သည်။ အကာအကွယ်စည်းဖြင့် ခြားနားထားသည့်တိုင် လီပိုင်၏ ပေါက်ကွဲထွက်လုမတတ်သော စွမ်းအင်အဟုန်သည် အကာအကွယ်စည်းအပြင်ဘက်ကိုပင် သက်ရောက်နေပေသည်။
နယ်မြေဝန်း၏ ကောင်းကင်တစ်ခွင်လုံး ရုတ်တရက် မှိန်ဖျော့လာခဲ့ပြီး မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်လာသည်။ တိမ်တိုက်များသည်လည်း သိပ်သည်းမည်းနက်လာခဲ့သည်မှာ ကမ္ဘာပျက်စီးတော့မည့်မြင်ကွင်းအလားပင်။
ဂါး!
လီပိုင်၏အားကောင်းသည့်စွမ်းအင်ကို ခံစားမိသောအခါ ဆီးနှင်းအစီအရင်မိစ္ဆာသည် ကောင်းကင်သို့ ဦးမော့ဟိန်းဟောက်၏။ သူ၏မြင့်သွန်းသည့် ခန္ဓာကိုယ်ကြီးထံမှာ အလွန်တရာအေးစက်သည့်လေထုကြီး စိမ့်ထွက်လာပြန်ရာ လောကကြီးမှာ အေးခဲသွားတော့မည့်အလားပင်။ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများစွာသည်လည်း အလွန်အမင်းအေးလွန်းသည့်လေထုကြောင့် ညည်းတွားမိကြကာ အကာအကွယ်စည်းအပြင်သို့ ထွက်ခွာလိုက်ကြတော့သည်။