← Chapters

ကောင်းကင်ယံမှ ဓားမြစ်တစ်စင်း စီးဆင်းစေ!

Vol. 43 Ch. 603

ကောင်းကင်ယံမှ ဓားမြစ်တစ်စင်း စီးဆင်းစေ!

Vol. 43 Ch. 603

ဘန်း!

ဆီးနှင်းအစီအရင်မိစ္ဆာထံမှ မုန်တိုင်းကဲ့သို့သော ကြမ်းကြုတ်သည့်အရှိန်အဝါများ ရုတ်တရက်ထွက်ပေါ်လာသည်။ သူ၏ဧရာမခြေထောက်ကြီးများကို ခြေဆောင့်ချလိုက်ရာ ဘန်းဟူသောအသံနှင့်အတူ ပေါက်ကွဲသွား၏။ သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးသည် အလွန်လျင်မြန်သောအရှိန်ဖြင့် လီပိုင်သို့ ဦးတည်တိုက်ခိုက်သည်။

ခန္ဓာကိုယ်ကြီးသည် အလွန်ကြီးမားသည့်တိုင် အရှိန်နှုန်းသည်တော့ အံ့ဩဖွယ်ကောင်းလောက်အောင် လျင်မြန်၏။

မျက်တောင်တစ်ခတ်မျှသော အချိန်အတွင်း၌ပင် လီပိုင်၏ရှေ့သို့ ရောက်ရှိလာ၏။ သူ၏ဧရာမလက်သီးကြီးအထက်၌ စူးရှသောအပြာရောင်အလင်းတောက်ပနေသည်။ ထိုလက်သီးသည် လီပိုင်သို့ ဦးတည်လာပြီး ဖြတ်သန်းဦးတည်ရာတစ်လျှောက်လုံး၌ အဆုံးမဲ့သောရေခဲသလင်းအပိုင်းအစများ ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် အကာအကွယ်စည်းအတွင်းရှိ အပူချိန်သည် ဝင်ရိုးစွန်းဒေသကဲ့သို့ အပူချိန်ကျဆင်းသွားခဲ့တော့သည်။

ရှပ်!

ဆီးနှင်းအစီအရင်မိစ္ဆာ၏ အားကောင်းသည့်တိုက်ခိုက်မှုတွင် လီပိုင်သည် တုံ့ဆိုင်းခြင်းမရှိ လက်ကိုဆန့်ထုတ်လိုက်သည်။ သူ၏ခါးထက်ရှိဓားရှည်သည် ပျံတက်သွားပြီး လီပိုင်၏နံဘေးတွင် လှည့်ပတ်နေ၏။ ဩဇာကြီးမားသည့်ဓားအငွေ့အသက်လည်း ထွက်ပေါ်လာခဲ့ပြီး အကြွင်းမဲ့ဓားစွမ်းအင်သည် လီပိုင်ကို ဓားနတ်ဘုရားတစ်ပါးကဲ့သို့ အသွင်ဆောင်စေသည်။

“ချင်းလျန်ဓားဟစ်ကြွေးသံ!”

လီပိုင်သည် ဆီးနှင်းအစီအရင်မိစ္ဆာနှင့် အချိန်ကြာရှည်စွာ ရှုပ်ထွေးပုတ်သတ်ခြင်း မပြုလိုချေ။ ထို့ကြောင့် အားကောင်းသည့်တိုက်ကွက်များစွာကို ထုတ်လွှတ်တိုက်ခိုက်လျက် အရောင်အဆင်းမဲ့ဓားချီများကို ကြီးမားသည့်နဂါးကြီးကဲ့သို့ လှည့်ပတ်စီးဆင်းစေခဲ့သည်။ 

မျက်တောင်တစ်ခတ်မျှအချိန်အတွင်း၌ သလင်းကျောက်ကဲ့သို့ကြည်စင်သော လှပခမ်းနားသော ကြာပန်းပြာတစ်ပွင့် ဖွဲ့စည်းဖြစ်တည်လာခဲ့သည်။  

သို့သော် ထိုလှပခမ်းနားမှုအောက်၌ အဆုံးအစမဲ့သော သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ကိန်းအောင်းတည်ရှိနေသည်။

လီပိုင်မှ ဓားရှည်ကို ဆန့်ထုတ်ညွှန်ပြလိုက်သည်နှင့်တစ်ပြိုင်နက် စူးရှတောက်ပသောကြာပန်းပြာသည် လေးကြိုးမှပစ်လွှတ်လိုက်သည့် မြားတစ်စင်းကဲ့သို့ ဆီးနှင်းအစီအရင်မိစ္ဆာသို့ ဦးတည်သွားခဲ့သည်။

ကြားပန်းပွင့်၏ အနှိုင်းမဲ့ထက်ရှမှုသည် လေဟာပြင်ကို မည်းနက်သည့်တွင်းပေါက်ကြီးအဖြစ် ဆုတ်ဖြဲသွားခဲ့ပြီး မည်းနက်ရှည်လျားသည့်မီးတောက်ရှည်ကြီး ဖြစ်ပေါ်စေခဲ့သည်။

ဘုန်း!

ချက်ချင်းပင် ကြာပန်းပြာသည် ဆီးနှင်းအစီအရင်မိစ္ဆာနှင့် ထိခတ်သွား၏။

အင်အားနှစ်ခုသည် အချိန်တစ်ခုကြာ မတိုးသာမဆုတ်သာအနေအထားဖြစ်နေခဲ့ကြပြီးနောက် ကြာပန်းပွင့်သည် ရုတ်တရက် ပေါက်ကွဲသွားသည်။ နားကွဲလုမတတ်သော ပေါက်ကွဲသံကြီးသည် အကာအကွယ်စည်းအတွင်း ပဲ့တင်ထပ်သွား၏။ အကာအကွယ်စည်းမျက်နှာပြင်မှာလည်း အက်ကွဲကြောင်းများ ထင်ဟပ်သွားခဲ့သည်။

ကြောက်မက်ဖွယ်အင်အားကြီး၏သက်ရောက်မှုကြောင့် မြေဆီလွှာတစ်ထပ်လွင့်တက်သွားခဲ့ရာ စောင့်ကြည့်နေသည့် ဝမ်ဖုန်းတို့သည်လည်း ‌အထက်လေဟာပြင်သို့ ပျံတက်လိုက်ရသည်။

လီပိုင်သည် လက်တစ်ဖက်တွင် ဓားကိုင်ဆွဲလျက် ကျန်တစ်ဖက်ကို ကျောနောက်ပစ်ထားသည်။ လေဟာပြင်ထက်တွင် စစ်ပွဲအလုံးစုံကိုအောင်နိုင်သည့် ဓားသမားတစ်ဦးကဲ့သို့ တည်ငြိမ်စွာရပ်နေ၏။ လီပိုင်၏ ထိုအမူအရာကြောင့် ပိုင်ဟုန်နှင့်အခြားသူများမှာ အံ့ဩတကြီးဖြစ်နေကြသည်။ ရှန်ရှန့်ကျုံဂိုဏ်းဟာ တကယ့်ကို မှန်းဆမရနိုင်တဲ့ နက်နဲလွန်းတဲ့အင်အားရှိနေတာပဲ!

အချိန်တစ်ခုကြာအထိ ပိုင်ချုံနှင့်အခြားသူများသည် ရှန်ရှန့်ကျုံဂိုဏ်းထံ အညံ့ခံရခြင်းအတွက် ခါးသီးနေခဲ့ကြသည်ဖြစ်၏။ 

ဘုန်း!

အချိန်အတော်ကြာမြင့်ပြီးနောက်၌ ‌မီးခိုးဖုန်မှုန်များ ပျောက်ကွယ်သွား၏။ ဆီးနှင်းအစီအရင်မိစ္ဆာကြီး၏ ဧရာမခန္ဓာကိုယ်ကြီးသည် ကြောက်ခမန်းလိလိသောစွမ်းအင်ကြောင့် လွင့်ထွက်သွားပြီး မြေပြင်သို့ အားပြင်းပြင်းပြုတ်ကျသွားသည်။ မြေပြင်ထက်၌ ဧရာမတွင်းနက်ကြီးဖြစ်တည်သွား၏။

ဧရာမခန္ဓာကိုယ်ကြီးထက်၌ ဓားဒဏ်ရာနက်နက်များ ပြည့်နှက်သွားကာ ရင်အုံထက်တွင်လည်း ထိုးသွင်းဒဏ်ရာကြီးဖြစ်သွားခဲ့သည်။ သို့သော် သွေးမထွက်ပေ။ ထိုးသွင်းဒဏ်ရာတစ်ဝိုက်ရှိ အပြာရောင်အက္ခရာအချို့သာလျှင် လွင့်ပါးပျောက်ကွယ်သွားခဲ့သည်။

“ဒါတောင် မသေဘူးလား?”

လီပိုင်၏မျက်နှာ တည်တင်းသွားပြီး ခပ်ဖျော့ဖျော့ရေရွတ်လိုက်သည်။

ဆီးနှင်းအစီအရင်မိစ္ဆာသည် ဒဏ်ရာအပြင်းအထန်ရရှိထားသည့်တိုင် အသက်စွမ်းအင်သည် အားကောင်းနေဆဲပင်။

“ဒီတစ်ခေါက်မှာရော အသက်ရှင်နေဦးမလား ကြည့်ကြသေးတာပေါ့!”

“ကောင်းကင်ယံမှ ဓားမြစ်တစ်စင်း စီးဆင်းစေ!”

လီပိုင်သည် ဓားရှည်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ပင့်မြှောက်၍ ခန္ဓာကိုယ်တွင်းစွမ်းအင်များကို ဓားရှည်အတွင်းသို့ စီးဆင်းစေရင်းဖြင့် အသိနိမ့်ဖြင့်ဟစ်ကြွေးလိုက်သည်။ ကြီးကျယ်ခမ်းနားသော စွမ်းအင်စီးဆင်းဝင်ရောက်မှုကြောင့် လက်ထဲရှိဓားရှည်သည် အဆက်မပြတ်တုန်ခါလာခဲ့သည်။

လီပိုင်ထံမှ အေးစက်သည့်ဓားအငွေ့အသက်များ ဖြာထွက်လာပြီး အကြွင်းမဲ့ဓားစွမ်းအင်များလည်း ဖြာထွက်လာသည်။ ထို့နောက် အလွန်တရာထက်ရှသော ဓားသွားများဖြင့်ရောယှက်သွားပြီး လေဟာပြင်ကို မည်းနက်သောအပေါက်ငယ်များ ဖြစ်တည်သွားစေသည်။ 

ပြင်းထန်သောဓားရောင်ခြည်သည် ဓားထိပ်‌ဖျားမှ ရုတ်ချည်းဖြာထွက်လာခဲ့ပြီး အကာအကွယ်စည်းကိုဖြတ်ကျော်၍ ကောင်းကင်သို့တိုင် ရောက်ရှိသွား၏။ ကောင်းကင်ထက်တွင် ကြီးမားသည့်အစီအရင်တစ်မျိုးဖြင့် ဖုံးလွှမ်းသွားသည်။

၎င်းအစီအရင်သည် စက်ဝန်းကားချပ်ရှစ်ခုဖြင့် တစ်နည်းတစ်ဖုံဆင်တူ၏။ တစ်ခုတည်းသော ကွာခြားချက်မှာ အစီအရင်၏ဗဟိုသဏ္ဍာန်ဖြစ်သည်။ အစီအရင်၏အလယ်ဗဟိုသည် ဓားသဏ္ဍာန်ဖြစ်၏။

ဘုန်း!

လီပိုင်မှ ဓားရှည်ကို အောက်သို့လွှဲချခုတ်ပိုင်းလိုက်ရာ ကောင်းကင်ထက်ရှိ အစီအရင်သည် ရုတ်ချည်းတုန်ခါလာသည်။ ထို့‌ေနာက် ကောင်းကင်ဘုံရောင်စဉ်တန်းကဲ့သို့သော ဓားရောင်ခြည်သည် အစီအရင်ထံမှ ဆီးနှင်းအစီအရင်မိစ္ဆာသို့ ဦးတည်ခုတ်ပိုင်းသည်။

ကြောက်ခမန်းလိလိ ထက်ရှသော ဓားစွမ်းအင်သည် ဆီးနှင်းအစီအရင်မိစ္ဆာ၏ အထက်လေဟာပြင်ကို ပြိုကွဲပျက်စီးသွားစေခဲ့သည်။

ဂါးး!

ဆီးနှင်းအစီအရင်မိစ္ဆာသည် ဘေးအန္တရာယ်ကို အာရုံခံစားမိပုံရ၏။ ကျယ်လောင်စွာဟိန်းဟောက်လာခဲ့ပြီး အပြာရောင်အလင်းသည်လည်း တစ်ကိုယ်လုံးစူးရှတောက်ပလာခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်ထက်ရှိ သိပ်သည်းသောမျဉ်းကြောင်းသဏ္ဍာန်များ ကြွတက်လာပြီး အသက်ဝင်လာ၏။

ရှပ်!

ရုတ်တရက် ဆီးနှင်းအစီအရင်မိစ္ဆာသည် တုန်ခါလာခဲ့ပြီး လူများစွာ၏ အံ့အားသင့်နေသောအကြည့်များအောက်၌ ခန္ဓာကိုယ်သည် အစိတ်စိတ်အမွှာမွှာပြိုကွဲသွားပြီး အေးစက်သည့်အလင်းနှင့်အတူ ရေခဲအပိုင်းအစများအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထို့နောက် ရေခဲအပိုင်းအစများသည် အက္ခရာတန်းများဖြင့် တစ်ဖန် ပြန်လည်ပေါင်းစည်းသွားခဲ့ပြီး လေဟာပြင်ထက်တွင် အကာအကွယ်ဒိုင်းပုံသဏ္ဍာန်ကြီး ထွက်ပေါ်လာသည်။

ဘုန်း!

ဘုန်း…!

အပြာရောင်ဧရာမအကာအကွယ်ဒိုင်းကြီး ထွက်ပေါ်လာသည်နှင့် ကောင်းကင်ဘုံရောင်စဉ်တန်းကဲ့သို့ အဆုံးမဲ့ဓားစွမ်းအင်သည်လည်း ကျဆင်းလာခဲ့သည်။

ဆက်တိုက်ထွက်ပေါ်နေသည့်ဟိန်းဟောက်သံများသည် အကာအကွယ်စည်းအတွင်း၌ ပေါက်ကွဲမြည်ဟီးနေသည်။ အသံလှိုင်းများသည်လည်း ပျံ့နှံ့ရိုက်ခတ်နေသည်မှာ လူတို့၏ဝိဉာဉ်ကိုပင် ဖျက်ဆီးပစ်တော့မည့်အလားပင်။

အခြားရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ ဤအကာအကွယ်စည်းအတွင်းမှ ထွက်သွားခဲ့ပြီးမဟုတ်ပါက သူတို့၏ကျင့်ကြံဆင့်သည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ဖြစ်ခဲ့လျှင်သော်မှ ဤအသံလှိုင်းများကြောင့် ဒဏ်ရာအပြင်းအထန်ရခြင်းကို ရှောင်လွှဲနိုင်လိမ့်မည်မဟုတ်ပေ။

ဝမ်ဖုန်းနှင့်အခြားသူများကဲ့သို့ပုဂ္ဂိုလ်များသာလျှင် ဤကြောက်မက်ဖွယ်အသံလှိုင်းများကို လျစ်လျူရှုထားနိုင်ပေသည်။

ဘုန်း!

လီပိုင်၏ ဓားစွမ်းအင်မြစ်ကြီးသည် ဆီးနှင်းအစီအရင်မိစ္ဆာကြီးကို အဆုံးမဲ့တိုက်ခိုက်နေသည်။ ကနဦး၌ ဆီးနှင်းအစီအရင်မိစ္ဆာ၏ အပြာရောင်အကာအကွယ်ဒိုင်းတွင် မူမမှန်သည့်အရာမရှိပေ။ သို့သော် လီပိုင်၏ ဓားစွမ်းအင်များ၏ အဆက်မပြတ်တိုက်ခိုက်မှုကြောင့် အပြာရောင်အကာအကွယ်ဒိုင်းသည် အဆက်မပြတ်တုန်ခါလာသည်။

အပြာရောင်အကာအကွယ်ဒိုင်းတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။ မျက်တောင်တစ်ခတ်မျှအချိန်အတွင်း၌ ၎င်းအက်ကွဲကြောင်းများသည် ပင့်ကူအိမ်ကဲ့သို့ အကာအကွယ်ဒိုင်းတစ်ခုလုံး‌၌ ပြည့်နှက်သွားခဲ့သည်။

အကာအကွယ်ဒိုင်းထက်တွင် အက္ခရာသဏ္ဍာန်များတောက်ပလျက် လီပိုင်၏ဓားစွမ်းအင်မြစ်ကို ခုခံနေသည်။ ဓားစွမ်းအင်မြစ်ကြီး၏ အဆုံးမရှိ စီးဆင်းတိုက်ခိုက်မှုအောက်တွင် ၎င်းအက္ခရာသဏ္ဍာန်များသည် အထက်ကောင်းကင်သို့ မတက်လှမ်းနိုင်တော့ဘဲ ပျက်စီးသွားခဲ့တော့သည်။

ဘုန်း!

ဓားစွမ်းအင်မြစ်ကြီး၏ အဆက်မပြတ် စီးဆင်းတိုက်ခိုက်မှုဖြင့် အက္ခရာသဏ္ဍာန်များ ပျက်စီးသွားပြီးနောက်တွင် ဆီးနီင်းအစီအရင်မိစ္ဆာ၏ အကာအကွယ်ဒိုင်းသည် ခံနိုင်ရည်ကုန်ဆုံးသွားခဲ့ပြီး မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲသွားခဲ့သည်။ အေးစက်သည့်အလင်းစလေးများကဲ့သို့ ရေခဲဒိုင်းကာမှသည် ရေခဲမှုန်များအဖြစ် လေဟာနယ်တစ်ခွင် လွင့်စင်သွား၏။

သို့သော် အကာအကွယ်ဒိုင်း ပျက်စီးသွားသည့်တိုင် လီပိုင်၏ ဓားစွမ်းအင်မြစ်သည် တိုက်ခိုက်မှုရပ်တန့်မသွားခဲ့ပေ။ ရလဒ်အနေဖြင့် ဝဲလွင့်နေသည့် ရေခဲမှုန်အစအနများသည် အပြာရောင်အမှုန်အမွှားလေးများအဖြစ် လွင့်ပါးပျောက်ကွယ်သွား‌ခဲ့သည်။

ဘုန်း!

ကျယ်လောင်သည့်ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားပြီး ဆီးနှင်းအစီအရင်မိစ္ဆာ၏ အပြာရောင်တောက်ပသည့် အကာအကွယ်ဒိုင်းကြီးသည်လည်း အလုံးစုံပျောက်ကွယ်သွားခဲ့သည်။ 

ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်အဆင့်ရှိ ဆီးနှင်းအစီအရင်မိစ္ဆာသည် နာရီဝက်မျှသောအချိန်အတွင်း၌ လီပိုင်၏တိုက်ခိုက်မှုတွင် ကျဆုံးသွားရလေသည်။

All Chapters