← Chapters

ဂိတ်တံခါးရှစ်ထပ် နဂါးသော့ခတ် ဝင်္ကပါ

Vol. 94 Ch. 1396

ဂိတ်တံခါးရှစ်ထပ် နဂါးသော့ခတ် ဝင်္ကပါ

Vol. 94 Ch. 1396

သည့်ယခင်က ဆူဇီမိုသည် စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်ကို သံသယဝင်နေခဲ့သည် ဆိုလျှင်တောင် သူက မတိုက်ခိုက်နိုင်ခဲ့ပေ။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ် ပြောခဲ့သလိုပင်.. သူသည် မည်သည့် ရန်လိုစိတ်ကိုမှ မပြသခဲ့ဘဲ မည်သည့် စည်းကိုမှ ကျော်ခဲ့ခြင်း မရှိပေ။ ဆူဇီမိုက စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်ကို ကိုင်တွယ်ချင်သည် ဆိုလျှင်တောင် သူ့မှာ အခွင့်အရေး မရှိခဲ့ပေ။

သို့သော်လည်း.. ယခုကတော့ ကွဲပြားခြားနားသွားလေပြီ။

“ငါက မင်းရဲ့အကြောင်းကို မထုတ်ဖော်ခဲ့ဘူးဆိုတာ မင်းဘယ်လောက်ကြာကြာ ချုပ်တည်းထားနိုင်မလဲ သိချင်လို့ပဲ”

ဆူဇီမိုက သရော်တော်တော် အမူအရာဖြင့် ပြောလိုက်၏။

“ကြည့်ရတာတော့.. မင်း သည်းခံနိုင်တာ ဒါအကုန်ပဲ ထင်တယ်”

“အထီးကျန်သိုင်းသခင်.. မင်းက ငါ့ရဲ့ နတ်ဖီးနစ်အရိုးကို လုယူချင်တယ် ဟုတ်လား.. မင်းက ကိုယ့်အခြေအနေကိုယ်လည်း စဉ်းစားကြည့်လိုက်ဦး”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က လှောင်ရယ်လိုက်၏။

“ငါက ငါ့ရဲ့ အကြံအစည်ကို ထုတ်ပြောလာပြီဆိုမှတော့… ငါ့မှာ ကြိုတင်ပြင်ဆင်မှုတွေ ရှိတာပေါ့.. မင်းက တာအိုအရှင် အထီးကျန်သိုင်းသခင် ဆိုရင်တောင် ဒီနေ့မှာ သေရလိမ့်မယ်”

“မင်းလိုကောင်မျိုးကလား”

ဆူဇီမိုက ညင်သာစွာ ပြုံး၍ သူ၏အကြည့်က ရွှေကျီးကန်း တတိယမင်းသားဆီသို့ ရွေ့လျားသွား၏။

“ဘာလဲ မင်းက အဲဒီ ဒုက္ခိတနဲ့ ငါ့ကို သတ်ချင်တာလား”

“တာအို..အရှင် အထီးကျန်..သိုင်းသခင်…”

ဒုက္ခိတ ဟူသော စကားကို ကြားရချိန်တွင် ရွှေကျီးကန်း တတိယမင်းသား၏ အမူအရာက ချက်ချင်းပင် သုန်မှုန်သွားပြီး အံကို တင်းတင်းကြိတ်လိုက်၏။

ကောင်းကင်နှင့်မြေကြီးတောင်ကြား တိုက်ပွဲမှာတုန်းက.. သူ၏ တတိယမြောက် လက်သည်းသည် ဆူဇီမို ဆင့်ခေါ်ခဲ့သော နတ်ဖီးနစ်လက်သည်းချက်ကြောင့် ပျက်စီးသွားပြီး ယခုအချိန်ထိ ပြန်ပေါက်မလာတော့ပေ။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များက ပြတ်တောက်သွားသော ခြေလက်များကို ပြန်လည်ပေါက်စေနိုင်၏။

သို့သော်လည်း ရွှေကျီးကန်းမျိုးနွယ်၏ တတိယခြေထောက်နှင့် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ ကောင်းကင်ဘုံမျက်လုံးတို့လို အရာမျိုးက ပျက်စီးထိခိုက်သွားပြီးလျှင် အပြည့်အဝ ပြန်လည်ကောင်းမွန်လာဖို့ အင်မတန် ခက်ခဲလေသည်။

အဲဒါသည် ရွှေကျီးကန်း တတိယမင်းသား၏ ကျင့်ကြံမှု ထက်ဝက်ကျော်ကို ဖျက်ဆီးပစ်လိုက်ခြင်းနှင့် တူညီလေသည်။

ယခုအချိန်တွင်.. ရွှေကျီးကန်း တတိယမင်းသားသည် ပေါင်းစည်းခန္ဓာအဆင့်မှာ ရှိနေသေးသော်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားက အရင်ကလောက် မသန်မာနိုင်တော့ဘဲ မင်းသား ၁၀ပါးကြားတွင် နောက်ဆုံးအဆင့်မှာသာ ရပ်တည်နိုင်တော့၏။

သူသည် ဆူဇီမိုကို အရှင်လတ်လတ် အရေခွံခွာပြီး သူ၏ အရွတ်များကို ဆွဲထုတ်ခြင်း၊ သူ၏ အရိုးများကို ပြာချခြင်းတို့ မပြုလုပ်ရသေးသရွေ့ သူ့ရင်ထဲရှိ အမျက်ဒေါသများနှင့် နက်ရှိုင်းသော အမုန်းတရားများကို ငြှိမ်းသတ်နိုင်လိမ့်မည် မဟုတ်ပေ။

“ဂမ္ဘီရဆီးနှင်း.. ဖန်းလိုင်ကျွန်းရဲ့ သခင်လေးအနေနဲ့ ရှင်က နတ်ဖီးနစ်ကျွန်းရဲ့ သခင်လေးကို လုပ်ကြံဖို့အတွက် ရွှေကျီးကန်းမျိုးနွယ်နဲ့ ပူးပေါင်းရဲတယ်ပေါ့”

မိုယင်က လက်မလျှော့သေးလိုဘဲ ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်၏။

“အခုချိန်မှာ အဲဒါကို ပြောနေလည်း အလကားပဲ”

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

“ဖန်းလိုင်ကျွန်းက ကျုပ်ကို ဒီနေရာဆီ ဖိတ်ခေါ်ခဲ့ပြီဆိုမှတော့… သူတို့က ကျုပ်ကို အသက်ရှင်လျက် ပြန်လွှတ်ဖို့ စိတ်ကူးမရှိတော့ဘူး”

“ဉာဏ်ကောင်းသားပဲ”

ဂမ္ဘီရဆီးနှင်းက ခေါင်းညိတ်၍ ချီးကျူးလိုက်၏။

ဆူဇီမိုက စကားလမ်းကြောင်းပြောင်းပြီး ဂမ္ဘီရဆီးနှင်းနှင့် အခြားသူများကို တစ်ချက်ဝှေ့ကြည့်လိုက်၏။

“ဒါပေမဲ့လို့.. မင်းတို့တွေက ငါ့ကို ထိခိုက်စေဖို့ မလုံလောက်ဘူး”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ် ဘက်ခြမ်းတွင်.. ဂမ္ဘီရဆီးနှင်းနှင့် သူ၏နောက်ဘက်ရှိ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်နှင့် ရွှေကျီးကန်း တတိယမင်းသား အပါအဝင် စုစုပေါင်း စွမ်းအားကြီးပုဂ္ဂိုလ် ၆ယောက်သာ ရှိလေသည်။

ထိုအစုအဖွဲ့သည် ကောင်းကင်နှင့်မြေကြီးတောင်ကြားတိုက်ပွဲနှင့် နှိုင်းယှဉ်လျှင် အတော်လေးကို နိမ့်ကျနေဆဲဖြစ်၏။

“အထီးကျန်သိုင်းသခင်.. သိပ်ပြီးတော့ စိတ်လှုပ်ရှားမနေပါနဲ့”

ရွှေကျီးကန်း တတိယမင်းသားက မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်၏။

“မင်းက နတ်ဖီးနစ်ကျွန်းရဲ့ သခင်လေးဖြစ်နေပြီဆိုတာ ငါသိထားမှတော့.. ငါက မင်းအတွက် လက်ဆောင်ကြီးကြီး ပြင်ဆင်ပေးထားရတာပေါ့”

“အသက်သွင်းမယ်”

ရွှေကျီးကန်း တတိယမင်းသားက ခြေတစ်ချက်ဆောင့်ပြီး အော်ဟစ်လိုက်၏။

ထိုသို့ သူပြောလိုက်သည့် ခဏမှာပင်.. ပန်းရှုခင်းမဏ္ဍပ်တစ်ခုလုံး၏ ဘေးပတ်ဝန်းကျင်သည် ပြိုးပြိုးပြက်ပြက် အလင်းများဖြင့် တောက်ပလာခဲ့၏။ ၎င်းသည် အချုပ်အနှောင်များကဲ့သို့ ဆူဇီမိုထံ ရစ်ခွေလာသော အလွန်တရာ ထူးဆန်းသည့် စွမ်းအားတစ်ခုကို ထွက်ပေါ်လာစေ၏။

သူတို့သည် ပန်းရှုခင်းမဏ္ဍပ်၏ ဘေးပတ်လည်တွင် ဝင်္ကပါတစ်ခုကို ကြိုတင်ခင်းကျင်းထားပြီး ဆူဇီမို ဝင်ရောက်လာဖို့အတွက် စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်၏။

ထူးဆန်းသော အရာမှာ.. ဝင်္ကပါ၏ စွမ်းအားသည် ဆူဇီမိုအပေါ်သာလျှင် သက်ရောက်မှု ရှိပြီး မိုယင်က အဲဒါကို လုံးဝ မခံစားရခြင်း ဖြစ်၏။

ရုတ်တရက် ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

သူ၏ မျိုးဆက်သွေးသည် ဝင်္ကပါအတွင်းရှိ ထူးဆန်းသော စွမ်းအားဖြင့် ဖိနှိမ်ခံထားရသည်ကို သူက သတိထားမိလိုက်၏။

သူ၏ အမြုတေစိတ်ဝိညာဉ်ပင်လျှင် ချမ်းသာရာ မရပေ။

“ဒီဝင်္ကပါက ကမ္ဘာဦးခေတ်ရဲ့ အထက်ဘုံကနေ ဆင်းသက်လာခဲ့တဲ့ အစီအရင် ဝင်္ကပါတစ်ခုပဲ.. အဲဒါကို ဂိတ်တံခါးရှစ်ထပ် နဂါးသော့ခတ်ဝင်္ကပါလို့ ခေါ်ပြီးတော့ အထူးသဖြင့် နဂါးမျိုးနွယ်ကို ပစ်မှတ်ထားတာပဲ”

ရွှေကျီးကန်း တတိယမင်းသားက ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်.. အဲဒါ ဘယ်လိုနေလဲ.. မင်းရဲ့ မျိုးဆက်သွေးနဲ့ အမြုတေစိတ်ဝိညာဉ်က ချုပ်နှောင်ခံလိုက်ရပြီး အသက်သွင်းလို့ မရနိုင်တော့ဘူးလို့ မခံစားရဘူးလား”

“မင်းရဲ့ ဓမ္မပညာရပ်တွေ… လျှို့ဝှက်အတတ်တွေ.. နတ်ဘုရားစွမ်းအားတွေနဲ့ မျိုးဆက်သွေးတွေ အားလုံး သွားပြီပဲ… အခုချိန်မှာ မင်းက ဒုက္ခိတတစ်ပိုင်း ဖြစ်သွားပြီ”

သုန်မှုန်နေသော အမူအရာနှင့်ပင် မိုယင်က ဆူဇီမို၏ ရှေ့ကနေ တင်းကျပ်စွာ ပိတ်ရပ်လိုက်၏။

ဆူဇီမိုက ငြိမ်သက်နေဆဲ​ ဖြစ်၏။

“ဟားဟားဟားဟား”

ထိုသည်ကို မြင်သောအခါ.. ရွှေကျီးကန်း တတိယမင်းသားက ပို၍ပင် အူမြူးအားရလာ၏။ သူက အခြေအနေကို လုံးဝ ထိန်းချုပ်လာနိုင်သောအခါ ကျယ်လောင်စွာ အော်ဟစ်ရယ်မောမိလိုက်၏။

“အထီးကျန်သိုင်းသခင်… ဝင်္ကပါကို ချေဖျက်ဖို့ စဉ်းစားမနေနဲ့”

ရွှေကျီးကန်း တတိယမင်းသားက ဆက်ပြောလိုက်၏။

“ဒီနေရာမှာ ရှိတဲ့ အထွတ်အမြတ်မီးတောင်ရဲ့ ချော်ရည်စွမ်းအားကြောင့် ငါတို့က ဝင်္ကပါကို ဒီနေရာမှာ ခင်းကျင်းဖို့ ရွေးချယ်ခဲ့တာပဲ.. မင်းရဲ့ ခွန်အားနဲ့ဆို ဒီဝင်္ကပါကို မင်းက ဘယ်လိုမှ ချေဖျက်နိုင်မှာ မဟုတ်ဘူး”

“ဒါပေါ့.. မင်းက အစီအရင်ဝင်္ကပါပညာမှာလည်း အတော်လေး ကျွမ်းကျင်တယ်ဆိုတာ ငါကြားထားတယ်.. ကံဆိုးစွာနဲ့ပဲ ဝင်္ကပါကို ချေဖျက်ဖို့အတွက် အချိန်နဲ့ အခွင့်အရေး.. မင်းကို ငါပေးမှာ မဟုတ်တော့ဘူး”

“ရွှေကျီးကန်း တတိယမင်းသား.. မင်းက တော်တော်နုံအတာပဲ”

ဆူဇီမိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“မင်းတို့တွေနဲ့ ဒီဂိတ်တံခါးရှစ်ထပ် နဂါးသော့ခတ်ဝင်္ကပါက ငါ့ကိုသတ်ဖြတ်ဖို့ လုံလောက်မှာ မဟုတ်ဘူးလို့ ငါပြောခဲ့ပြီးပြီပဲ”

သူ့စကားမဆုံးသေးခင်မှာပင်.. ဆူဇီမို၏ မျက်လုံးထဲကနေ အလျှံညီးညီး မီးတောက်နှစ်ခုက ရုန်းကန်ထွက်ပေါ်လာပြီး ရွှေကျီးကန်း တတိယမင်းသား ရှိရာသို့ နီရဲနေသော နတ်ဘုရားဆန်ဆန် အလင်းနှင့်အတူ ပစ်လွင့်သွား၏။

မီးပဒေသာမျက်လုံး…

“ဟမ့်”

ရွှေကျီးကန်း တတိယမင်းသားသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး သူ၏ရယ်သံက ယတိပြတ် ရပ်တန့်သွား၏။

ဝှစ်..

သူသည် သူ၏ အစစ်အမှန်ပုံစံသို့ ချက်ချင်းပင် ပြောင်းလဲပြီး ရွှေရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ အဝေးသို့ ပြေးထွက်လိုက်၏။

ဖောက်…

ရွှေရောင်အလင်းက လေထဲမှာ ရပ်တန့်သွား၏။

ထို့နောက် ချက်ချင်းပင်.. စူးစူးဝါးဝါး အော်သံတစ်သံက ထွက်ပေါ်လာ၏။

ရွှေကျီးကန်း တတိယမင်းသား၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာ၏။ သူ၏ ရွှေရောင်တောင်ပံတစ်ဖက်သည် မီးပဒေသာမျက်လုံး၏ ထိုးဖောက်ခြင်း ခံရ​ပြီး လောင်ကျွမ်းသွားလေပြီ။

ရွှေကျီးကန်းမျိုးနွယ်သည် ကမ္ဘာဦးမျိုးနွယ် ၉စုကြားမှာ လှုပ်ရှားမှုအမြန်ဆုံးဖြစ်သည်ဟု ဆိုကြလေသည်။

သူ၏ တတိယမြောက် ခြေထောက်က ဖြတ်တောက်ခြင်း ခံလိုက်ရပြီးနောက်.. ရွှေကျီးကန်း တတိယမင်းသား၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာ လျော့ကျသွားသော်လည်း သူ၏ လှုပ်ရှားမှု နည်းစနစ်အပေါ် သက်ရောက်စေခြင်း မရှိခဲ့ပေ။

ထိုသို့ဆိုလျှင်တောင်.. စက္ခုနည်းစနစ်များသည် လျှပ်တပြက် ကျရောက်လာနိုင်ပြီး အဲ့ဒါက ရွှေကျီးကန်း တတိယမင်းသား၏ တောင်ပံတစ်ဖက်ကို ထိုးဖောက်သွားခဲ့၏။

သူက တုံ့ပြန်မှု အနည်းငယ် နှေးကွေးသွားခဲ့လျှင် သူက ယခုချိန်မှာ အလောင်းတစ်လောင်း ဖြစ်နေလောက်လေပြီ။

ဆူဇီမိုက စိတ်ထဲမှာ နှမျောမိသွား၏။

သူ၏ တိုက်ခိုက်မှုသည် ရွှေကျီးကန်း တတိယမင်းသားကို တစ်ခါတည်း သတ်ဖြတ်ဖို့ ရည်ရွယ်ခဲ့လေသည်။

တကယ်တော့.. ဤစက္ခုနည်းစနစ်သည် လုံးဝ အလဟဿ ဖြစ်ခဲ့သည်တော့ မဟုတ်ပေ။

ရွှေကျီးကန်း တတိယမင်းသားကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည့်အပြင်.. ရွှေကျီးကန်း တတိယမင်းသား၏ နောက်ဘက်ရှိ ဖန်းလိုင်ကျွန်း၏ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကလည်း သတ်ဖြတ်ခြင်း ခံခဲ့ရ၏။

ဆူဇီမို၏ တိုက်ခိုက်မှုသည် ဆိုင်းမဆင့် ဗုံမဆင့် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။

စက္ခုနည်းစနစ်များက လျှပ်တပြက် ကျရောက်နိုင်ပြီး အရမ်းကို မြန်ဆန်လေသည်။

ရွှေကျီးကန်း တတိယမင်းသားက တုံ့ပြန်၍ အရင်ဆုံး ထွက်ပြေးနိုင်ခဲ့သော်လည်း သူ့နောက်ဘက်ရှိ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကတော့ အငိုက်မိသွားခဲ့၏။

သူ ကြောင်အ,မှင်တက်နေစဉ်မှာပင်.. သူ၏ နှာရောင်က မီးပဒေသာမျက်လုံး၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီ ဖြစ်၏။

စွမ်းအားကြီးပုဂ္ဂိုလ်၏ ဦးခေါင်းသည် ကြီးမားသော အပေါက်တစ်ပေါက်အဖြစ် လောင်ကျွမ်းသွားခဲ့ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကပါ ချမ်းသာရာ မရခဲ့ပေ။

“အဲဒါ ဘယ်လိုဖြစ်နိုင်ပါ့မလဲ”

ဂမ္ဘီရဆီးနှင်းက မျက်မှောင် အနည်းငယ်ကြုတ်၍ စိတ်ထဲမှ မအီမသာ ခံစားလာရ၏။

“အားလုံးပဲ.. ဘာမှမကြောက်ကြနဲ့”

ရွှေကျီးကန်း တတိယမင်းသားက အော်ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်ရဲ့ စက္ခုနည်းစနစ်က သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်ကို အသုံးပြုစရာ မလိုဘဲနဲ့ အသက်သွင်းလို့ ရတယ်.. သူ အဲဒါကို ထုတ်ဖော်ပြီးရင် သူ့မှာ ဘာဝှက်ဖဲမှ မကျန်တော့ဘူး”

“ဟုတ်ပါ့မလား”

ဆူဇီမိုက ရယ်မော၍ သူ၏ သိုလှောင်အိတ်ကို ပုတ်ကာ အေးစက်၍ လွှမ်းမိုးခြယ်လှယ်နိုင်သော အော်ရာနှင့်အတူ ဆေဘာရှည်တစ်လက်ကို ဆွဲထုတ်လိုက်၏။

ဓားသွားသည် ထွင်းဖောက်မတတ် ကြည်လင်နေပြီး အထဲတွင်ရှိသော နဂါးအရိုးကိုပါ တွေ့မြင်နိုင်လေသည်။

နဂါးဝိညာဉ်ဆေဘာ..

ဆူဇီမိုသည် နဂါးဝိညာဉ်ဆေဘာကို ကိုင်ဆွဲပြီး ရှေ့သို့ ခုတ်ပိုင်းချလိုက်၏။

ရွှစ်…

ဆေဘာချီအလွှာများက ပေါက်ကွဲထွက်ပေါ်လာပြီး အရှိန်အဟုန် ပြင်းထန်သော လှိုင်းလုံးတစ်လုံးကို​ ဖြစ်ပေါ်စေကာ ရွှေကျီးကန်း တတိယမင်းသားနှင့် အခြားသူများဆီသို့ ဝါးမျိုဖို့ ဝင်ရောက်လာ၏။

နဂါးချီက ဆေဘာ၏ ပတ်လည်မှာ ရစ်ခွေနေပြီး နတ်နဂါးတစ်ကောင်က ဖြစ်ပေါ်လာ၏။ ၎င်းသည် အကန့်အသတ်မဲ့သော စွမ်းပကားတစ်ခုနှင့်အတူ ဒေါသူပုန်ထနေသော ဒီရေလှိုင်းများကြားမှာ ကူးခတ်ပြီး လူတိုင်းဆီသို့ ပြေးဝင်သွား၏။

“အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ”

ရွှေကျီးကန်း တတိယမင်းသားနှင့် အခြားသူများက တုန်လှုပ်သွားကြ၏။

ထိုခုတ်ချက်သည် ဤကဲ့သို့ စွမ်းအားကြီးမားသည့် စိတ်ဆန္ဒတစ်ခုကို ထုတ်ဖော်နိုင်ခြင်းမှာ ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်က လုံးဝ ချုပ်နှောင်ခြင်း မခံရဟု ဆိုလိုခြင်း မဟုတ်ပါလား….။

All Chapters