← Chapters

နတ်ဖီးနစ်မျိုးဆက်သွေး

Vol. 94 Ch. 1398

နတ်ဖီးနစ်မျိုးဆက်သွေး

Vol. 94 Ch. 1398

ဆူဇီမို၏ မျိုးဆက်သွေးသည် ချိပ်ပိတ်ခံထားရပြီး သူ၏ အနီးကပ်တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာ လျော့ကျသွား၏။ ချက်ချင်းပင် သူသည် စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်နှင့် အခြားနှစ်ယောက်ဖြင့် ဖိနှိမ်ခြင်း ခံလိုက်ရ၏။

သို့သော်လည်း သူ၏ မျိုးဆက်သွေးကို အသုံးမပြုနိုင်လျှင်တောင် ဆူဇီမိုသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံထားသော သူ၏ ခန္ဓာကိုယ်နှင့် သူ၏ အာရုံခံသတိစိတ်နှင့်အတူ မရှုံးနိမ့်ရအောင် ထိန်းထားနိုင်ဆဲ ဖြစ်၏။

“အဲ့တော့ မင်းမှာရှိတာ ဒါအကုန်ပဲပေါ့လေ.. ကောင်းကင်ဘုံဖီးနစ်”

အကြိတ်အနယ် တိုက်ခိုက်နေရသော်လည်း ဆူဇီမိုသည် လှောင်ပြောင်သရော်နိုင်နေဆဲဖြစ်၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ အမူအရာက အေးစက်လာပြီး ခက်ထန်စွာဖြင့် ပြောဆိုလိုက်၏။

“အထီးကျန်သိုင်းသခင်… မင်းက သေချင်နေပြီဆိုမှတော့ ငါ့ရဲ့ ခွန်အားအစစ်အမှန် မင်းကို ပြပေးမယ်”

“ဂီး..”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ ကိုယ်တွင်းရှိ ​သွေးချီသည် တလိပ်လိပ်တက်လာပြီး ကောင်းကင်ထက်သို့ မာန်သွင်းအော်ဟစ်လိုက်၏။

သူ၏ ဟိန်းဟောက်သံသည် သတ္တုများကို ထိုးဖောက်သွားပြီး ကျောက်တုံးများကို အက်ကွဲသွားစေ၏။ အဲဒါသည် ဖီးနစ်တစ်ကောင်၏ အော်သံနှင့်တူပြီး အကန့်အသတ်မဲ့သော စွမ်းပကားတစ်ခု ပါဝင်နေ၏။

တဖြည်းဖြည်းနှင့်.. မီးတောက်များဖြင့် လောင်ကျွမ်းနေသော နတ်ငှက်တစ်ကောင်သည် သူ၏နောက်မှာ ပေါ်ထွက်လာ၏။ ၎င်းက ခံ့ညားသော အမူအရာနှင့်အတူ သူ၏တောင်ပံများကို တဖျပ်ဖျပ်ခတ်ပြီး အေးစက်စက် အကြည့်တစ်ခု ရှိနေ၏။ ၎င်းသည် လောကသို့ ဆင်းသက်လာသော နတ်ဘုရားသက်ရှိတစ်ပါးနှင့် ဆင်တူနေ၏။

နတ်ငှက်သည် သွေးနီရောင်ဖြစ်ပြီး မီးတောက်များဖြင့် လောင်ကျွမ်းနေ၏။ မည်သည့်အရောင်မှ ရောစပ်ခြင်း မရှိဘဲ ၎င်းက အလွန်တရာ ခံ့ညားထည်ဝါနေ၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် လေထဲမှာ မတ်တတ်ရပ်ပြီး သူ့နောက်ဘက်ရှိ နတ်ငှက်၏ အရောင်အဝါအောက်တွင် သည်းမခံနိုင်အောင် မောက်မာနေသည်ဟု ထင်ရ၏။

“မျိုးဆက်သွေးနယ်မြေလား”

ထိုသည်ကို တွေ့မြင်သောအခါ မိုယင်သည် တုန်လှုပ်သွားပြီး အံ့အားတသင့် ရေရွတ်လိုက်၏။

ဆူဇီမိုက သူ၏မျက်လုံးနှစ်ဖက်ကို အနည်းငယ် မှေးကျဉ်းလိုက်သော်လည်း အံ့အားသင့်မှုများစွာကို မပြသပေ။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ နောက်ဘက်တွင် ပေါ်ထွက်လာသော မျိုးဆက်သွေးနယ်မြေသည် သူ့စိတ်ထဲရှိ ခန့်မှန်းချက်တစ်ခုကို ထပ်မံ၍ အတည်ပြုပေးလိုက်၏။

“အထီးကျန်သိုင်းသခင်.. ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ မျိုးဆက်သွေးက နတ်ဖီးနစ်သွေးပဲ.. အဲဒါက မင်းထက် သေချာပေါက် အားမနည်းဘူး”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က ဖြည်းဖြည်းချင်း ပြောလိုက်၏။

“မင်း ငါ့ကို အရင်တုန်းက နိုင်ခဲ့တယ်ဆိုတာ.. ပညာရှင်တစ်ယောက်က မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲပေးပြီး မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဖီးနစ်အရိုးကို တိုက်ရိုက်ထည့်သွင်းပေးခဲ့လို့ပဲ.. မဟုတ်ရင် မင်းက ငါ့ထက် နိမ့်ကျတယ်… မင်းက ငါ့အရင် နဂါးဝိညာဉ်ဆေဘာကို ကိုင်စွဲနိုင်ခဲ့မှာ မဟုတ်ဘူး”

ထင်မှတ်ထားသည့်အတိုင်းပင်။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ မျိုးဆက်သွေးသည် တကယ်ပင် နတ်ဖီးနစ်သွေး ဖြစ်နေ၏။

တကယ်တော့ စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ် ဟူသော တာအိုဘွဲ့ကပင် သတင်းအချက်အလက် အချို့ကို ပြသနေခဲ့ပြီဖြစ်၏။

ဒါ့အပြင်.. သူ့ခန္ဓာကိုယ်ထဲရှိ သွေးတစ်ဝက်သည် လူသားမျိုးနွယ်မှ မဟုတ်ကြောင်း သူသည် ဆူဇီမိုကို တစ်ခါပြောခဲ့ဖူး၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က ပြောလိုက်၏။

“နဂါးဝိညာဉ်ခန်းမမှာတုန်းက ငါက နတ်ဖီးနစ်အရိုးနဲ့ ပေါင်းစည်းဖို့အတွက် နတ်ဖီးနစ်ရဲ့ အမြုတေသွေးကို ထုတ်ဖော်ခဲ့တယ်.. ငါသာ အောင်မြင်ခဲ့မယ်ဆိုရင် ငါက တဗူးမျိုးနွယ်နဲ့ ယှဉ်နိုင်တဲ့ ဖုန့်ဟွမ်မျိုးဆက်သွေး အဖြစ် အသွင်ပြောင်းလဲနိုင်ခဲ့လောက်ပြီ။”

ရုတ်တရက်.. ဆူဇီမိုက တစ်စုံတစ်ရာကို နားလည်သွား၏။

ကမ္ဘာဦးခေတ်တုန်းက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ အဓိက တဗူး သုံးမျိုးရှိခဲ့၏။

သို့သော်လည်း တကယ်တမ်းမှာတော့ တဗူးမျိုးနွယ်သည် နဂါးဖီးနစ်၊ ခွန်ဖန်းနှင့် ဟို့တို့သာလျှင် မကပေ။ ဖန့်ဟွမ်ကိုလည်း တဗူးအဖြစ် သတ်မှတ်နိုင်သော်လည်း သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ တစ်ခါမှ ပေါ်ထွက်မလာခဲ့ဖူးပေ။

ဖီးနစ် အထီးနှင့်အမ များစွာရှိသော်လည်း ဖုန့်ဟွမ်တစ်ကောင် မွေးဖွားပေါ်ထွက်လာဖို့က တကယ့်ကို ရှားရှားပါးပါး ဖြစ်လေသည်။

(ဖုန့်ဟွမ်သည် ဖီးနစ်အထီးနှင့် အမ၏ သွေးကို တိုက်ရိုက်ပေါင်းစည်းပြီး ဗီဇပြောင်းသတ္တဝါတစ်မျိုး ဖြစ်ပေါ်လာခြင်းကို ဆိုလို၏။)

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် သူ့မျက်လုံးထဲရှိ မုန်းတီးမှု တစ်စွန်းတစ်စနှင့်အတူ သူ၏ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။

“ကံဆိုးစွာနဲ့ပဲ.. ငါက ကျရှုံးခဲ့သေးတယ်”

ဆူဇီမို၏ နတ်ဖီးနစ်အရိုးသည် သူ၏ခန္ဓာကိုယ်ထဲမှာ ပေါင်းစည်းနေခဲ့ပြီဖြစ်၏။ ထိုသို့ဆိုလျှင်တောင် သူသည် နဂါးဖီးနစ်မျိုးဆက်သွေးအဖြစ် အသွင်မပြောင်းလဲနိုင်သေးပေ။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ နတ်ဖီးနစ်အရိုးသည် အရိုးအစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်၏။ မျိုးဆက်သွေးနှစ်ခုက ဆင်တူသည်ဆိုရုံမျှနှင့် ဖုန့်ဟွမ်မျိုးဆက်သွေးကို ရရှိလာဖို့ ကြိုးပမ်းလိုခြင်းသည် တကယ့်ကို ရယ်စရာကောင်းလေသည်။

“ဒါပေမဲ့လို့.. အထီးကျန်သိုင်းသခင်.. မင်းက ဒီနေ့ အေးအေးချမ်းချမ်းနဲ့ သေရစေမယ်”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က ပြောလိုက်၏။

“ငါက မင်းရဲ့ နတ်ဖီးနစ်အရိုးကို သေချာပေါက် အလဟဿ လုပ်မပစ်ပါဘူး.. နတ်ဖီးနစ်အရိုးနှစ်ခုနဲ့ဆိုရင် ငါ့ရဲ့ အသွင်ပြောင်းလဲခြင်းက အောင်မြင်ဖို့ အခွင့်များသွားပြီ”

“မင်း သူနဲ့ အချိန်ဖြုန်းမနေနဲ့တော့”

ဂမ္ဘီရဆီးနှင်းက လှုံ့ဆော်လိုက်၏။

“မထင်မှတ်တာတွေ မဖြစ်အောင် သူ့ကို တတ်နိုင်သမျှ မြန်​မြန်ဆန်ဆန် သတ်ရမယ်”

“သတ်..”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် မာန်သွင်းအော်ဟစ်လိုက်ပြီး သူ၏နောက်ဘက်ရှိ နတ်ဖီးနစ်ကလည်း လေထဲသို့ ပျံတက်ကာ ဒေါသူပုန်ထနေသော မီးတောက်များနှင့်အတူ ဆူဇီမိုထံသို့ ထိုးဆင်းလာ၏။

တစ်ချိန်တည်းမှာပင်.. စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်နှင့် အခြားနှစ်ယောက်သည် ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုများနှင့်အတူ ဆူဇီမိုထံသို့ ပြေးဝင်လာပြီး တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။

တခြားအချိန်မှာသာဆိုလျှင်.. ဆူဇီမိုသည် သူ၏မျိုးဆက်သွေးကို အသက်သွင်း​ပြီး မျိုးဆက်သွေးနယ်မြေတစ်ခုကို ဖန်တီးခြင်းဖြင့် နတ်ဖီးနစ်နယ်မြေကို ဆန့်ကျင်တိုက်ခိုက်နိုင်ပေလိမ့်မည်။ သို့သော် ယခုအခါ သူ၏မျိုးဆက်သွေးက ချိပ်ပိတ်ခံထားရပြီး သူ၏ မျိုးဆက်သွေးနယ်မြေကိုလည်း အသုံးမပြုနိုင်ပေ။

ဆူဇီမိုသည် ဝင်ရောက်လာသော လူသုံးယောက်ကို ကြည့်ရင်း တည်ငြိမ်သော အမူအရာတစ်ခု ရှိနေ၏။ သူသည် လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး သူ့ရှေ့တွင် လက်နှစ်ဖက်ကို လှုပ်ယမ်းကာ သူ၏ လက်ဖဝါးအောက်ကနေ မီးခိုးရောင်မြူခိုးများကို ဖြန့်ကြက်ထွက်ပေါ်လာစေ၏။

ထိုမီးခိုးရောင်မြူခိုးများသည် ထူးဆန်းသော ဓမ္မစွမ်းအား အတက်အကျတစ်ခုကို ဖြစ်ပေါ်စေပြီး ကြီးမားသော ရွှံ့ညွန်တောတစ်ခုကဲ့သို့ သူတို့သုံးယောက်ကို လွှမ်းခြုံလာ၏။

ကျတ်တီးမြေ…

ယခုအချိန်တွင် ကျတ်တီးမြေ၏ အလယ်ဗဟိုမှာ ဘဝသက်တမ်း လျော့ကျနှုန်းသည် အသက်တစ်ရှိုက်စာမှာ နှစ်တစ်ထောင်နှုန်းဖြစ်၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်နှင့် ဂမ္ဘီရဆီးနှင်း နှစ်ယောက်စလုံးသည် လူငယ်များဖြစ်ကြပြီး နှစ်ပေါင်းထောင်ချီ ကျင့်ကြံပြီးနောက် ပေါင်းစည်းခန္ဓာအဆင့်သို့ ရောက်ရှိလာခဲ့ကြ၏။

သူတို့သည် အသက်ရှင်ဖို့အတွက် ဘဝသက်တမ်း နှစ်တစ်သောင်းကျော် ကျန်ရှိသေးလေသည်။

သို့သော်လည်း နှစ်နှစ်သောင်း ဘဝသက်တမ်းရှိသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကို မပြောနှင့်.. မဟာယာနမျိုးနွယ်စုခေါင်းဆောင်များပင်လျှင် သူတို့၏ ဘဝသက်တမ်းကို အလဟဿ မလျော့ကျစေလိုပေ။

ဒါ့အပြင် အဲဒါက အသက်တစ်ရှိုက်စာမှာ နှစ်တစ်သောင်းဖြစ်၏။

ထိုအရှိန်အဟုန်သည် အရမ်းကို မြန်ဆန်ပြီး မည်သူကမှ အဲဒါကို ခံနိုင်ရည်မရှိပေ။

“အဲဒါက ဟိုဓမ္မပညာရပ်ပဲ”

ရွှေကျီးကန်း တတိယမင်းသား၏ သူငယ်အိမ်က တင်းကျပ်သွား၏။ သူသည် ဆူဇီမို၏ လက်ဖဝါးကနေ တလိပ်လိပ် ထွက်ပေါ်လာသော မီးခိုးရောင်မြူခိုးများကို တွေ့မြင်သည့်အခါ သူက ချက်ချင်းပင် တုံ့ပြန်၍ အနောက်သို့ လှည့်ထွက်ပြေးလိုက်၏။

ဘာပဲပြောပြော.. သူသည် ကောင်းကင်နှင့်မြေကြီးတောင်ကြားမှာ ကျတ်တီးမြေ၏ စွမ်းပကားကို ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးလေသည်။ အဲဒါကြောင့် သူသည် အဲဒါအတွက် ကြိုတင်ပြင်ဆင်ထားပြီး တစ်စုံတစ်ရာ လွဲမှားနေသည်ကို ခံစားမိသည်နှင့် လှည့်ထွက်ပြေးလေသည်။

သို့သော်လည်း စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်နှင့် ဂမ္ဘီရဆီးနှင်းသည် ကျတ်တီးမြေ၏ စွမ်းအားကို တွေ့မြင်ဖူးခဲ့ခြင်း မရှိပေ။

မီးခိုးရောင် လှိုင်းဂယက်များ ဖြန့်ကြက်ထွက်ပေါ်လာ​ပြီး သူတို့ နှစ်ယောက်ကို လွှမ်းခြုံလိုက်သည့်အခါ သူတို့သည် တုန်လှုပ်သွားပြီး ကြောင်အ,မှင်တက်သည့် အမူအရာများ ဖြစ်ပေါ်လာ၏။

“ဘဝသက်တမ်း.. ငါ့ရဲ့ ဘဝသက်တမ်း…”

ဂမ္ဘီရဆီးနှင်းက အံ့အားတသင့် ရေရွတ်လိုက်၏။

သူသည် ဖန်းလိုင်ကျွန်း၏ သခင်လေးအဖြစ် မြင့်မြတ်သော ဂုဏ်အဆင့်အတန်းရှိပြီး အတွေ့အကြုံနှင့် အသိသညာ ကြွယ်ဝသော်လည်း ဤကဲ့သို့ ရုတ်တရက်ဆန်သော အခြေအနေတစ်ခုသို့ ရောက်ရှိလာသောအခါ သူက အနည်းငယ် မှင်တက်သွားခဲ့၏။

သူ၏ ဘဝသက်တမ်းက အလွန်တရာ လျင်မြန်စွာ လျော့ကျလာနေ၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည်လည်း တုန်လှုပ်သွား၏။

သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ သူ၏ မျိုးဆက်သွေးနှင့် အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး ကျတ်တီးမြေကို ဆန့်ကျင်တိုက်ခိုက်နိုင်မည့် ဓမ္မစွမ်းအားများကို စုဖွဲ့ဖို့ဖြစ်၏။

သို့သော်လည်း ထိုဓမ္မစွမ်းအားသည် အရမ်းကို စီးပိုးခြယ်လှယ်မှု ရှိပြီး နတ်ဖီးနစ်သွေးကို သူ၏ခန္ဓာကိုယ်ထဲ လှည့်ပတ်စီးဆင်းစေမည် ဆိုလျှင်တောင် အဲဒါကို​ ခုခံနိုင်မည် မဟုတ်ကြောင်း နားလည်သွား၏။

တစ်ချိန်တည်းမှာပင်.. နတ်ဖီးနစ်နယ်မြေသည် ဆူဇီမို၏ ရှေ့သို့ ဆင်းသက်လာခဲ့ပြီဖြစ်၏။

ကျတ်တီးမြေ၏ စွမ်းအားက နတ်ဖီးနစ်နယ်မြေအပေါ် သက်ရောက်စေခြင်း မရှိပေ။

“ဟမ့်”

ဆူဇီမိုက အေးစက်စွာ နှာတစ်ချက်မှုတ်၍ သူ၏ ညာဘက်လက်ကို ဆန့်ကာ နတ်ဖီးနစ်နယ်မြေကို ဖမ်းဆွဲလိုက်၏။

ဘုန်း..

နတ်ဖီးနစ်နယ်မြေက ဆူဇီမို၏ ညာဘက်လက်ဖြင့် ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်သွားပြီး ကျယ်လောင်သော မြည်သံကို ထွက်ပေါ်စေကာ မီးတောက်များက လေထဲမှာ တလိပ်လိပ်တက်လာ၏။

ဆူဇီမို၏ မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်သွား၏။

သူ၏ လက်တစ်ဖက်စလုံးသည် နတ်ဖီးနစ်နယ်မြေကြောင့် ကွဲထွက်သွား၏။

သူ့လက်ထဲရှိ နတ်ဖီးနစ်အရိုးကြောင့်သာ မဟုတ်လျှင် သူ၏ လက်တစ်ဖက်လုံးက စုတ်ပြတ်သတ်သွားပေလိမ့်မည်။

သူ၏ မျိုးဆက်သွေးက ချိပ်ပိတ်ခံထားရသော်လည်း နတ်ဖီးနစ်အရိုး၏ တည်ရှိမှုသည် နတ်ဖီးနစ်နယ်မြေ၏ စွမ်းအားအများစုကို ပိတ်ဆို့တားဆီးပေးခဲ့၏။

“သူက သေမသွားဘူးလား”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ သူငယ်အိမ်နှစ်ဖက်က​ အနည်းငယ် တင်းကျပ်သွားပြီး သူက ကျတ်တီးမြေ၏ သက်ရောက်မှု ဧရိယာကနေ ရုန်းထွက်နေ၏။

ထိုစဉ်မှာပင်.. ဆူဇီမိုက မီးတောက်များကြားကနေ ထိုးထွက်လာ၏။ သူသည် ကျတ်တီးမြေ၏ မီးခိုးရောင် ဝဲဂယက်များအပေါ် တက်လှမ်းပြီး စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ် ရှေ့သို့ ချက်ချင်းပင် ရောက်ရှိလာ၏။

ကျတ်တီးမြေ၏ သက်ရောက်မှု ဧရိယာတွင် အခြားသော ကျင့်ကြံသူများသည် လှုပ်ရှားမှုများ နှေးကွေးသွားပေလိမ့်မည်။

သို့သော်လည်း အဲဒါက ဆူဇီမိုအပေါ်မှာတော့ သက်ရောက်မှု မရှိပေ။

“မင်းက ထွက်ခွာချင်သေးတာလား”

အေးစက်စက် အမူအရာနှင့်အတူ ဆူဇီမိုက စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ ဦးခေါင်းကို ရုတ်တရက် ဖမ်းဆွဲလိုက်၏။

“သွား”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က သူ၏ သိုလှောင်အိတ်ကို ပုတ်ပြီး နီရဲနေသော အရိုးပိုင်းတစ်ခုကို ဆွဲထုတ်ကာ ထိုအထဲသို့ ဓမ္မစွမ်းအားများကို ထိုးသွင်းလိုက်၏။

အရိုးပိုင်းသည် နတ်ဘုရားဆန်ဆန် အလင်းတစ်ခုနှင့်အတူ တောက်ပလာပြီး ဆူဇီမိုထံသို့ တိုးဝင်သွား၏။

အဲဒါက စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ နတ်ဖီးနစ်အရိုး ဖြစ်၏။

“ကောင်းပြီလေ”

ဆူဇီမို၏ အကြည့်က သိပ်သည်းကျစ်လစ်လာ၏။

“ငါကလည်း အဲဒါကို စောင့်နေတာပဲ”

All Chapters