← Chapters

နဂါးဖီးနစ် မွေးဖွားပေါ်ထွက်လာခြင်း

Vol. 94 Ch. 1402

နဂါးဖီးနစ် မွေးဖွားပေါ်ထွက်လာခြင်း

Vol. 94 Ch. 1402

တကယ်တော့... တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးနှစ်ယောက် ရောက်ရှိလာခြင်းကို အာရုံခံမိလိုက်သည့်ခဏမှာပင် ဆူဇီမိုက ဆုံးဖြတ်ချက်တစ်ခုကို ချပြီးခဲ့လေပြီ။

သူသည် အထွတ်အမြတ်မီးတောင်ထဲသို့ ခုန်ချရပေတော့မည်။

သူ၏လက်ရှိကျင့်ကြံမှုအဆင့်အရ သူ၏မျိုးဆက်သွေးက ချိတ်ပိတ်မခံထားရလျှင်တောင် သူသည် ရွှေကျီးကန်းမျိုးနွယ်မှ တစ်ပိုင်း-မျိုးနွယ်စု ဘိုးဘေးနှစ်ယောက်ကို အနိုင်ရနိုင်မည် မဟုတ်ပေ။

တစ်နည်းအားဖြင့်ဆိုလျှင် သူသည် ရွှေကျီးကန်းမျိုးနွယ်မှ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်နှင့် ရင်ဆိုင်ရာမှာ အနိုင်ရဖို့အခွင့်အရေး လုံးဝမရှိပေ။

သို့သော်လည်း သူက အထွတ်အမြတ်မီးတောင်ထဲသို့ ခုန်ချလိုက်မည်ဆိုလျှင် အသက်ရှင်သန်ဖို့ အခွင့်အရေးတစ်ခုအတွက် တိုက်ခိုက်နိုင်ပေလိမ့်မည်။

အထွတ်အမြတ်မီးတောင်၏ လောင်ကျွမ်းပြာကျမှုစွမ်းအားအရ ၎င်းသည် ဂိတ်တံခါးရှစ်ပေါက် နဂါးသော့ခတ်ဝင်္ကပါ၏ စွမ်းအားကို ဘာမှမကျန်အောင် သေချာပေါက် လောင်ကျွမ်းပြာချပစ်မည်ဖြစ်ပြီး သူ၏မျိုးဆက်သွေးထဲကနေ ဖယ်ထုတ်ပေးနိုင်ပေလိမ့်မည်။

တကယ်တော့... အထွတ်အမြတ်မီးတောင်၏ ကြောက်စရာကောင်းမှုအရ သူ၏ခန္ဓာကိုယ် မျိုးဆက်သွေးနှင့် အရိုးများသည်လည်း အရည်ပျော်ကျသွားနိုင်ခြေရှိလေသည်။

သို့သော်လည်း ထိုကဲ့သို့အရည်ပျော်ကျခြင်းက အစစ်အမှန်နဂါးခန္ဓာအတွက် အခွင့်အလမ်းတစ်ခုလည်း ဖြစ်လာနိုင်ကောင်းလေသည်။

နဂါးအရိုးတောင်ကြားမှာတုန်းက နဂါးအကြီးအကဲများသည် နဂါးဖီးနစ်အကြောင်း သူ့ကိုပြောပြခဲ့ဖူးလေသည်။

အစစ်အမှန်နဂါးခန္ဓာသည် ပြီးပြည့်စုံသောနဂါးသွင်ပြင်သို့ မပြောင်းလဲနိုင်ရခြင်းအကြောင်းရင်းမှာ နတ်ဖီးနစ်အရိုး၏ တည်ရှိမှုနှင့် သူ၏မျိုးဆက်သွေးနှင့် ၎င်း၏မပေါင်းစည်းနိုင်မှုကြောင့် ဖြစ်လေသည်။ သို့သော်လည်း အထွတ်အမြတ်မီးတောင်၏ မီးတောက်များအကူအညီနှင့်ဆိုပါက သူသည် နတ်ဖီးနစ်အရိုးများကို သန့်စင်ပြီး သူ၏အစစ်အမှန်နဂါးခန္ဓာနှင့် ပေါင်းစည်းနိုင်ဖို့ အခွင့်အရေးတစ်ခုရှိလေသည်။

တကယ်တော့.. ထိုရွေးချယ်မှုက အန္တရာယ်များလွန်းလေသည်။

သူက အောင်မြင်သွားခဲ့မည်ဆိုလျှင် သူက ပြန်လည်မွေးဖွားလာပေလိမ့်မည်။

သို့သော်လည်း သူက ကျရှုံးသွားမည်ဆိုလျှင် သူ၏အစစ်အမှန်နဂါးခန္ဓာသည် အထွတ်အမြတ်မီးတောင်ထဲမှာ သေဆုံးရမည်ဖြစ်ပြီး သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်က အလောင်းပင်မကျန်အောင် ဖျက်ဆီးခံရမည်ဖြစ်၏။

လက်ရှိအခြေအနေအရ ဆူဇီမိုမှာ အခြားသောရွေးချယ်စရာလည်းမရှိတော့သည့်အတွက် သူက အဲ့ဒါကိုစမ်းကြည့်ရပေတော့မည်။

ပေါင်းစည်းခြင်း၏ အောင်မြင်မှုနှုန်း မြင့်တက်လာစေဖို့အတွက် ဆူဇီမိုသည် စတုရန်းကြေးမီးဖိုနှင့် နဂါးဝိညာဥ်ဆေဘာကိုပင် တောင်ထိပ်မှာပစ်ချကာ စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်၏ နတ်ဖီးနစ်အရိုးကို မရမကလုယူလာခဲ့၏။

သူ့လက်ထဲတွင်နတ်ဖီးနစ်အရိုးနှစ်ခုရရှိလာပြီးနောက် ဆူဇီမိုသည် အထွတ်အမြတ်မီးတောင်ထဲသို့ ခုန်ချခဲ့လေသည်။

သူထင်မှတ်ထားသည့်အတိုင်းပင် အထွတ်အမြတ်မီးတောင်၏ ချော်ရည်များသည် အလွန်တရာကြောက်စရာကောင်းပြီး အစစ်အမှန်နဂါးခန္ဓာ၏ မျိုးဆက်သွေးသည် အဲ့ဒါကို ခံနိုင်ရည်မရှိပေ။ သူတို့သည် သိပ်မကြာခင် အရည်ပျော်ကျသွား၏။

ထိုမျှသာမက သူ့ခန္ဓာကိုယ်ပေါ်ရှိ နတ်ဖီးနစ်အရိုးနှစ်ခုသည်လည်း အထွတ်အမြတ်မီးတောင်၏ ချော်ရည်များထဲတွင် စတင်၍ အရည်ပျော်လာခဲ့ပြီဖြစ်၏။

ပုံမှန်ကျင့်ကြံမှုမှာဆိုလျှင် နတ်ဖီးနစ်အရိုးများသည် အစစ်အမှန်နဂါးခန္ဓာ၏ မျိုးဆက်သွေးနှင့် ခန္ဓာကိုယ်နှင့် ပေါင်းစည်းနိုင်ဖို့ အင်မတန်ခက်ခဲလေသည်။

သို့သော်ယခုအခါ သူ၏အစစ်အမှန်နဂါးခန္ဓာနှင့် နတ်ဖီးနစ်အရိုးများသည် ချစ်ချစ်တောက်ပူလောင်သော ချော်ရည်များအဖြစ် တဖြည်းဖြည်း အသွင်ပြောင်းလဲသွားပြီး မျိုးဆက်သွေးနှစ်ခုက လျင်မြန်စွာပေါင်းစည်းလာခဲ့ပြီဖြစ်၏။

ဆူဇီမိုကို အထွတ်အမြတ်မီးတောင်ထဲရှိ ချော်ရည်ပူများ ဝါးမျိုသွားသည်ကို ရွှေကျီးကန်းတတိယမင်းသားနှင့် အခြားသူများက သူတို့မျက်လုံးနှင့် တပ်အပ်မြင်တွေ့ခဲ့ကြရ၏။ သို့သော်လည်း ချော်ရည်များ၏အောက်တွင် ဖြစ်ပျက်နေသည့် ထူးဆန်းသောမြင်ကွင်းကို သူတို့က မတွေ့မြင်နိုင်ပေ။

အလင်းလုံးသုံးလုံးသည် ဖြည်းဖြည်းချင်း လှည့်ပတ်နေပြီး သိပ်သည်းပြင်းထန်သော စွမ်းအားတစ်ခုကိုဖြာထုတ်ပေးကာ ချော်ရည်များ၏ အပူကနေပိုင်းခြားနိုင်မည့် အကာအရံအလင်းလွှာတစ်ခုကို ဖြစ်ပေါ်လာစေ၏။ အကာအရံအလင်းလွှာသည် သွေးနီရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်ကိုအလယ်မှာထားပြီး တင်းကျပ်စွာကာကွယ်ပေးထား၏။

သူ၏ သွေးနီရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်ကို မဖြစ်မနေကာကွယ်ပေးရပေမည်။

သူ၏သွေးနီရောင်ဆံပင် အမြုတေစိတ်ဝိညာဥ် ပြာအဖြစ်လောင်ကျွမ်းသွားမည်ဆိုလျှင် သူ၏ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးက မည်သို့ပင်ဆင့်ကဲပြောင်းလဲလာပါစေ အဲ့ဒါက သုံးစားမရနိုင်တော့ပေ။

သို့သော်လည်း အထွတ်အမြတ်မီးတောင်၏ချော်ရည်က အရမ်းကိုကြောက်စရာကောင်းလေသည်။

အလင်းလုံးသုံးလုံးကနေ ထုတ်ဖော်ထားသော စွမ်းအားသည် အဲ့ဒါကိုတောင့်ခံထားနိုင်ရုံမျှသာရှိ၏။

ထိုအခိုက်အတန့်တွင် သွေးနီရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်ဘေး၌ အစစ်အမှန်နဂါးခန္ဓာသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး နတ်ဖီးနစ်အရိုးနှစ်ခုကလည်း အရည်ပျော်သွားခဲ့ပြီဖြစ်၏။

မျိုးဆက်သွေးနှစ်ခုပေါင်းစည်းခြင်းသည် အသစ်စက်စက်မျိုးဆက်သွေးတစ်ခုကိုထွက်ပေါ်လာစေပြီး အထွတ်အမြတ်မီးတောင်ထဲရှိ ချော်ရည်ပူများ၏ သန့်စင်ပေးမှုမှတစ်ဆင့် ပို၍ပင်ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ဖြစ်ပေါ်လာစေ၏။

သွေးနီရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်သည် တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး သူ၏အမြုတေစိတ်ဝိညာဥ်၏စွမ်းအားက တလိပ်လိပ်တက်လာကာ ဓမ္မဝိသေသအဆင့်စွမ်းအား၏ အဟန့်အတားကိုချိုးဖြတ်သွားပြီး ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်လာ၏။

အစစ်အမှန်နဂါးခန္ဓာ၏ ပေါင်းစည်းမှုသည် ကောင်းကင်နှင့်မြေကြီးဓမ္မဝိသေသနှင့် ပေါင်းစည်းခြင်းမဟုတ်ပေ။

အဲ့ဒါသည် နဂါးနှင့်နတ်ဖီးနစ်၏ ပေါင်းစည်းခြင်းဖြစ်၏။

အငွေ့တထောင်းထောင်းထ​နေသော ချော်ရည်များကြားထဲမှာ အသစ်စက်စက်ခန္ဓာကိုယ်တစ်ခုကဖြစ်ပေါ်လာ၏။ အစကတော့ ၎င်းသည် ပုံကြမ်းတစ်ခုမျှသာဖြစ်၏။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းက ပို၍သိသာထင်ရှားလာခဲ့၏။

တစ်ယောက်ယောက်သည် ချော်ရည်အောက်မှာဖြစ်ပျက်နေသည့်အရာကို တွေ့မြင်နိုင်မည်ဆိုလျှင် ဤခန္ဓာကိုယ်သည် လူသားတစ်ယောက်၏ ခန္ဓာကိုယ်မဟုတ်သည်ကို တုန်လှုပ်ဖွယ်ရာ တွေ့ရှိရပေလိမ့်မည်။

. . . . .

“ငါအဲ့ဒါကိုမလုပ်နိုင်သေးပါလား”

ရွှေကျီးကန်းဒုတိယမင်းသားသည် သူ့မျက်လုံးကိုတစ်ဖန်ပြန်ဖွင့်ပြီး မုန်းတီးစွာဖြင့် ဆဲရေးလိုက်၏။ သူ၏မျက်နှာပေါ်တွင် စိတ်မရှည်နိုင်သည့် အရိပ်အယောင်များက ထွက်ပေါ်လာခဲ့လေပြီ။

“မင်းမရဘူးဆိုလည်း အဲ့ဒါကို ငါစမ်းကြည့်ပေးရမလား”

ရွှေကျီးကန်းတတိယမင်းသားက ဘေးကနေ အူမြူးအားရနေ၏။

“ဟွန့်...”

ရွှေကျီးကန်းဒုတိယမင်းသားက အေးစက်စွာဖြင့် ပြောလိုက်၏။

“ငါအဲ့ဒါကို မလုပ်နိုင်ဘူးဆိုတာ လက်မခံဘူး... ငါအဲ့ဒါကို တစ်ရက်နဲ့ မသန့်စင်နိုင်ဘူးဆိုရင် တစ်နှစ်ကြာအောင် သန့်စင်မယ်... တစ်နှစ်နဲ့ မရဘူးဆိုရင် ဆယ်နှစ်သန့်စင်မယ်”

အခြားတစ်ဘက်မှာတော့ ရွှေကျီးကန်းစတုတ္ထမင်းသားသည် နဂါးဝိညာဥ်ဆေဘာကို နောက်ဆုံးမှာဖိနှိမ်နိုင်သွားခဲ့လေပြီ။

အဲ့ဒီအချိန်တုန်းက သူသည် နတ်ဘုရားများ၏စွမ်းအားများကို အတင်းအကျပ်ထုတ်ဖော်အသုံးပြုခဲ့ရ၏။

“အဲ့ဒါအချိန်ကျပြီပဲ”

ရုတ်တရက် စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်က ပြောလိုက်၏။

“မိုယင်... နင်ကနောက်ဆုံးထွက်သက်ကို ရှုရှိုက်ပြီး နင့်သခင်လေးနောက်ကိုလိုက်ဖို့ အချိန်ကျပြီ”

“ဟင်းဟင်း”

မိုယင်ကပြုံးလိုက်၏။

“ကောင်းကင်ဘုံဖီးနစ်... နင်က ငါ့သခင်လေးကို အကောက်ကြံခဲ့တယ်... နင်လည်းအဆုံးသတ်ကောင်းမှာမဟုတ်ဘူး နင်က သေချာပေါက် တန်ပြန်ဒဏ်ခတ်မှုကို ခံစားရလိမ့်မယ်”

“တန်ပြန်ဒဏ်ခတ်မှု... ဟုတ်လား”

ကောင်းကင်ဘုံဖီးနစ်က ဟားတိုက်ရယ်မောလိုက်၏။

“ဟားဟားဟားဟား... အခု အထီးကျန်သိုင်းသခင်က သေပြီ... နတ်ဖီးနစ်ကျွန်းကိုပြန်ရောက်တာနဲ့ ငါက နတ်ဖီးနစ်ကျွန်းရဲ့ သခင်လေးဖြစ်လာမယ်... ငါက ဘယ်လိုတန်ပြန်ဒဏ်ခတ်မှုကိုကြောက်နေရဦးမှာလဲ”

“ပြောတာ သေချာလှချေလား”

ထိုစဥ်မှာပင် မီးတောင်၏အောက်ခြေကနေ အရင်းခံလာသည့်အလား ထူးဆန်းသောအသံတစ်သံက မီးတောင်နှုတ်ခမ်းဝကနေ ထွက်ပေါ်လာ၏။

“ဟမ်...”

လူတိုင်းသည် ကြောင်အ,မှင်တက်သွားပြီး အံ့ဩတုန်လှုပ်သွားကြ၏။

အထွတ်အမြတ်မီးတောင်၏အောက်ခြေမှာ ချော်ရည်များက ဆူပွက်နေ၏။ အဲ့ဒီမှာတစ်စုံတစ်ယောက်က ဘယ်လိုလုပ်ပြီးရှိနိုင်ပါ့မလဲ။

ချွင်... ချွင်.. ချွင်...

ထိုစဥ်မှာပင် အထွတ်အမြတ်မီးတောင်၏ အောက်ခြေကနေ သတ္တုချင်းရိုက်ခတ်သံများက ထွက်ပေါ်လာ၏။ ထက်ရှသောလက်နက်များသည် ကျောင်သားနံရံများကို ထိုးဖောက်နေသည့်အလားပင်။

စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး လည်ပြန်လှည့်ကြည့်ရင်း တံတွေးကို မျိုချလိုက်ရ၏။

“မ-မဖြစ်နိုင်တာ”

သူသည် ကြောင်တိကြောင်တောင် အမူအရာနှင့်အတူ ခေါင်းကိုထပ်တလဲလဲခါယမ်းလိုက်၏။

မိုယင်၏မျက်လုံးထဲသို့ တုန်လှုပ်မှုနှင့်ဝမ်းသားပျော်ရွှင်မှုတို့က ဝင်ရောက်လာ၏။

ထိုအသံသည် သူမသခင်လေး၏ အသံဖြစ်ပြီး မှားစရာအကြောင်မရှိသည်ကို သူမပြောနိုင်လေသည်။

သခင်လေးက မသေသေးပေ။

“မဖြစ်နိုင်တာ”

ရွှေကျီးကန်းဒုတိယမင်းသားက အေးစက်စွာနှာတစ်ချက်မှုတ်ပြီး အထွတ်အမြတ်မီးတောင်နှုတ်ခမ်းဝဆီသို့ လှစ်ခနဲပြေးထွက်သွား၏။

ရွှေကျီးကန်းတတိယမင်းသား ၊ စတုတ္ထမင်းသား ၊ ဂမ္ဘီရဆီးနှင်းနှင့် ပေါင်းစည်းခန္ဓာ ကောင်းကင်ဘုံဖီးနစ်တို့သည်လည်း တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလိုက်ကြ၏။

သူတို့သည် ချစ်ချစ်တောက်အပူလှိုင်းများကို ကြိတ်မှိတ်ခံစားပြီး အထွတ်အမြတ်မီးတောင်အောက်ခြေသို့ ငုံ့ကြည့်လိုက်ကြ၏။

အဲ့ဒီနောက်... သူတို့သည် သူတို့ဘဝတစ်လျှောက် ဘယ်တော့မှမမေ့ဖျောက်နိုင်မည့် မြင်ကွင်းကို တွေ့မြင်လိုက်ရ၏။

ပွက်ပွက်ဆူနေသော ချော်ရည်များထဲတွင် ဧရာမသတ္တဝါတစ်ကောင်သည် ဖြည်းဖြည်းချင်း တွားသွား၍တက်လာ၏။ ၎င်းသည် နဂါးတစ်ကောင်၏ဦးခေါင်းရှိပြီး နတ်ဖီးနစ်အမြီးတစ်ခုနှင့်အတူ လက်သည်းငါးဖက်လည်း ပါရှိလေသည်။

လက်သည်းတစ်ဖက်ချင်းစီသည် မနှိုင်းယှဥ်သာအောင် ထက်ရှ၍ အေးစက်စက်အလင်းဖြင့် တောက်ပနေ၏။

ထိုအခိုက်အတန့်တွင် ထိုသတ္တဝါသည် နံရံများကနေ အမှန်တကယ်ပင် တွယ်တက်လာ၏။ သူ၏ ဝမ်းဗိုက်အောက်ရှိ လက်သည်းများသည် အထွတ်အမြတ်မီးတောင်၏ ကျောက်သားနံရံများကိုထိုးစိုက်ပြီး အပေါက်များကို တစ်ခုပြီးတစ်ခုဖြစ်ပေါ်လာစေ၏။

ထိုသတ္တဝါ၏ကျောပေါ်တွင် နီရဲနေသော မီးခိုးလုံးများကဲ့သို့ ဧရာမတောင်ပံတစ်စုံရှိနေ၏။

ထိုသတ္တဝါထံမှ လောင်ကျွမ်းနေသော ချော်ရည်များက တစ်စက်စက်စီးကျနေသော်လည်း အဲ့ဒါက သူ့ကိုလုံးဝထိခိုက်စေခြင်း မရှိပေ။

ပို၍ပင်ကြောက်စရာကောင်းသည့်အရာမှာ ထိုသတ္တဝါကနေ ထုတ်ဖော်လိုက်သောအော်ရာသည် ရွှေကျီးကန်းမျိုးနွယ်၏ မင်းသားသုံးပါးကိုပင် တုန်လှုပ်ချောက်ချားသွားစေ၏။ အဲ့ဒါက မျိုးဆက်သွေးဖိနှိမ်မှုတစ်ခုဖြစ်၏။

ရွှေကျီးကန်းမျိုးနွယ်ပင်လျှင် ဤသတ္တဝါနှင့် ရင်ဆိုင်ရချိန်မှာ ဦးညွှတ်ရပေမည်။

“ဒါက...”

“အဲ့ဒါဘာကြီးလဲ”

လူတိုင်းသည် တုန်လှုပ်နေသောအမူအရာများနှင့်အတူ နေရာမှာပင် ကြောင်အ,မှင်တက်နေကြ၏။

“အဲ့-အဲ့ဒါက...”

ပေါင်းစည်းခန္ဓာ ကောင်းကင်ဘုံဖီးနစ်သည် တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား သူ၏လက်တစ်ဖက်ကို မြှောက်လိုက်၏။

သူ၏မျက်လုံးများက ကြောက်ရွံ့မှုများဖြင့်ပြည့်နှက်နေပြီး သူ၏နှုတ်ခမ်းက တစ်ဆတ်ဆတ်တုန်ယင်ကာ မည်သည့်စကားကိုမှ မပြောနိုင်ပေ။

“ဖြစ်နိုင်တာက...”

ရွှေကျီးကန်းဒုတိယမင်းသားသည် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားပြီး ရင်တစ်ချက် ထိတ်သွား၏။

ထို့နောက်ချက်ချင်းပင် ရွှေကျီးကန်းတတိယမင်းသား ၊ စတုတ္ထမင်းသား၏ မျက်နှာများက သွေးဆုတ်သွားပြီး သူတို့၏ခန္ဓာကိုယ်များက အနည်းငယ်တုန်ယင်လာကြ၏။

“နဂါး.. ဖီး-ဖီးနစ်”

ရွှေကျီးကန်းတတိယမင်းသားသည် နောက်ဆုံးမှာတော့ ထိုစကားကိုပြောလိုက်နိုင်၏။

ထိုစကားကိုပြောလိုက်သည့်အချိန်မှာပင် ရာသီဥတုကပြောင်းလဲသွားပြီး လောကတစ်ခုလုံးက ကြောက်ရွံ့မှုဖြင့် တုန်ခါသွားသည်ဟု ထင်ရ၏။

ကမ္ဘာဦးတဗူး သုံးမျိုးထဲမှ တစ်မျိုးဖြစ်သော နဂါးဖီးနစ်... မွေးဖွားပေါ်ထွက်လာလေပြီ။

All Chapters