← Chapters

ရွှေကျီးကန်းမျိုးနွယ်စုခေါင်းဆောင်

Vol. 94 Ch. 1406

ရွှေကျီးကန်းမျိုးနွယ်စုခေါင်းဆောင်

Vol. 94 Ch. 1406

ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်လာပြီးနောက်.. ဆူဇီမို၏ အသိစိတ်ထဲတွင် အလင်းလုံး ၄လုံး ထွက်ပေါ်လာ၏။

ပထမဆုံး အလင်းလုံးတွင် နတ်ဘုရားစွမ်းအားတစ်ခုဖြစ်သော ပင်လယ်တည်ငြိမ်လိပ်၏ စိတ်ဝိညာဉ်လိပ်ဒိုင်းကာ ပါဝင်လေသည်။ အဲဒါသည် ခံစစ်အားအသန်ဆုံးဖြစ်ပြီး ဆူဇီမို ဓမ္မဝိသေသအဆင့်မှာ ရှိခဲ့စဉ်က တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်၏ တိုက်ခိုက်မှုကို ခုခံပေးနိုင်ခဲ့၏။

အထွတ်အမြတ်မီးတောင် အောက်ခြေမှာတုန်းက ဆူဇီမိုသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်သောအခါ.. သူ၏ စိတ်ထဲရှိ ဒုတိယအလင်းလုံးက ကြေမွသွားပြီး ဧရာမ ရွှေငှက်က ထွက်ပေါ်လာ၏။ ၎င်းသည် သူ၏ အသိစိတ်အထက်ကောင်းကင်မှာ ပြီးပြည့်စုံသော ပုံစံဖြင့် ပျံသန်းသွားလာနေလေသည်။

အဲဒါသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်၏ မဟာနတ်ဘုရားစွမ်းအား ၄ခုထဲမှ ဒုတိယမြောက်တစ်ခုဖြစ်၏။

ဤနတ်ဘုရားစွမ်းအားသည် ဧရာမ ရွှေငှက်ဘုရင်ထံမှ လာခြင်းဖြစ်၏။ သားရဲများကြားတွင် ဧရာမ ရွှေငှက်၏ အမြန်နှုန်းက အမြန်ဆုံးဖြစ်လေသည်။

အဲဒါကို ထုတ်ဖော်လိုက်သည်နှင့် ဆူဇီမို၏ ကျောဘက်တွင် ဧရာမ ရွှေရောင်တောင်ပံတစ်စုံက ထွက်ပေါ်လာပေလိမ့်မည်။

သူသည် တောင်ပံများကို ဖြန့်ကြက်ပြီး ကီလိုမီတာ ထောင်ချီအကွာအဝေးကို တစ်ခါတည်း ပျံသန်းနိုင်၏။

“သေစမ်းကွာ”

ကောင်းကင်ထက်ရှိ ဧရာမ မျက်လုံးက ဒေါသမီးဖြင့် ဝင်းဝင်းတောက်လာပြီး သူ၏အသံက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာ၏။ ထိုအသံက ပင်လယ်ပြင်တစ်ခွင်လုံး ပဲ့တင်ထပ်သွားစေ၏။ အနက်ရောင်တိမ်စိုင်များသည် တဝုန်းဝုန်းထ၍ ပုံရိပ်တစ်ခုက ဖြစ်ပေါ်လာ၏။

အဲဒါသည် အနက်ရောင်ဝတ်ရုံကို ခြုံထားသော အဘိုးအိုတစ်ယောက် ဖြစ်၏။ သူ၏ မုတ်ဆိတ်များက မီးခိုးဖြူရောင်ဖြစ်ပြီး သူ၏မျက်လုံးများက တစ်မူထူးခြားအောင် ကြီးမား၍ အနည်းငယ် ပြူထွက်နေ၏။ သူက အလွန်တရာ ကြောက်စရာကောင်းသည့်ပုံ ပေါ်နေ၏။

သူသည် ဖန်းလိုင်ကျွန်း၏ မျိုးနွယ်စုခေါင်းဆောင် မဟူရာတိမ်စိုင်ဖြစ်၏။

မျိုးနွယ်စုခေါင်းဆောင် မဟူရာတိမ်စိုင်၏ မျက်လုံးများက ဟိုဟိုဒီဒီ ကြည့်ရှုနေပြီး ဆူဇီမိုကို ရှာဖွေနေ၏။

သို့သော်လည်း ဆူဇီမိုသည် သူ၏ အဆုံးစွန် အလျင်အဟုန် နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြီးနောက် ကီလိုမီတာထောင်ချီ အကွာအဝေးထိ ပျံသန်းသွားခဲ့ပြီဖြစ်ပြီး မျိုးနွယ်စုခေါင်းဆောင် မဟူရာတိမ်စိုင်၏ မြင်ကွင်းကနေ ကျော်လွန်သွားခဲ့လေပြီ။

“အရှေ့ပင်လယ်ကနေ တောင်ပိုင်းပင်လယ်အထိ ကီလိုမီတာ သန်းချီကွာဝေးတယ်ဆိုတော့… မင်းက ငါ့လက်ကနေ မလွတ်မြောက်နိုင်စေရဘူး”

မျိုးနွယ်စုခေါင်းဆောင် မဟူရာတိမ်စိုင်သည် အေးစက်စွာ နှာတစ်ချက်မှုတ်၍ သူ၏ နှာရောင်က တောက်ပသွားပြီး သူ၏ ကြီးမားသော စိတ်ဝိညာဉ်အသိစိတ်ကို လှည့်ပတ်ကာ အရှေ့ပင်လယ်အထက်မှာ ဖြန့်ကြက်လိုက်၏။

မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ စိတ်ဝိညာဉ်အသိစိတ် ဖြန့်ကြက်နိုင်မှု အတိုင်းအတာသည် အနည်းဆုံး ကီလိုမီတာ ငါးသောင်းဖြစ်လေသည်။

ကီလိုမီတာ ငါးသောင်းအတွင်း မည်သည့် သက်ရှိ၏ လှုပ်ရှားမှုမဆို… မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ အသိစိတ်အာရုံကနေ မလွတ်မြောက်နိုင်ပေ။ ထိုကဲ့သို့သော အစွမ်းအစက အတော်လေး ကြောက်စရာကောင်းနေပြီဖြစ်၏။

မျိုးနွယ်စုခေါင်းဆောင် မဟူရာတိမ်စိုင်၏ စိတ်ဝိညာဉ်အသိစိတ်က ဆင်းသက်လာပြီး သိပ်မကြာခင် သူသည် ပင်လယ်ရေပြင်ထက်မှာ ပြေးလွှားနေသော ရွှေရောင်အလင်းစက်တစ်ခုကို ရှာတွေ့လိုက်၏။ အဲဒါက ဆူဇီမို ဖြစ်၏။

အချိန်တိုအတွင်းမှာပင်.. ဆူဇီမိုသည် ကီလိုမီတာ နှစ်သောင်းငါးထောင်ကျော်ကို ထွက်ပြေးလွတ်မြောက်သွားခဲ့လေပြီ။

“အထီးကျန်သိုင်းသခင်… မင်း မလွတ်စေရဘူး”

မျိုးနွယ်စုခေါင်းဆောင် မဟူရာတိမ်စိုင်က တီးတိုးရေရွတ်လိုက်၏။

သို့သော်လည်း ထိုအသံသည် ကီလိုမီတာ ထောင်ပေါင်းများစွာကို ဖြတ်သန်း၍ ဆူဇီမို၏ နားထဲသို့ ရှင်းလင်းစွာ ဝင်ရောက်လာ၏။ မျိုးနွယ်စုခေါင်းဆောင် မဟူရာတိမ်စိုင်က သူ၏ နားအနားကနေ ကပ်ပြောလိုက်သည့်အလားပင်။

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွား၏။

အဆုံးစွန် အလျင်အဟုန်တစ်ခုတည်းက မလုံလောက်ပေ။

ဆူဇီမို၏ ကျောပေါ်တွင် နဂါးဖီးနစ်တောင်ပံများက တစ်ပြိုင်နက်တည်း ခတ်လာ၏။

အစကတော့ ဆူဇီမို၏ ပုံရိပ်သည် ရွှေရောင်အလင်းတန်းတစ်ခုမျှသာ ဖြစ်၏။ သို့သော် ယခုအခါ ရွှေရောင်အလင်းတန်းပေါ်တွင် သွေးနီရောင်အရိပ်တစ်ခုပါ ထင်ဟပ်လာ၏။

ဆူဇီမို၏ အလျင်အဟုန်က တစ်ဖန်မြင့်တက်သွားလေသည်။

“ဟမ်”

မျိုးနွယ်စုခေါင်းဆောင် မဟူရာတိမ်စိုင်သည် သူ၏ အစွမ်းကုန်ဖြင့် ပြေးလွှားနေရင်း ဆူဇီမို၏ အလျင်အဟုန်က နောက်တစ်ဖန် မြင့်တက်သွားသည်ကို သူက ရုတ်တရက် သတိထားမိလိုက်၏။ သူတို့၏ အကွာအဝေးက ပို၍ပင် ကြီးမားလာ၏။

သိပ်မကြာခင်… ဆူဇီမို၏ ပုံရိပ်သည် သူ၏ စိတ်ဝိညာဉ်အသိစိတ် ဖြန့်ကြက်နိုင်မှု အတိုင်းအတာကနေ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် သူ၏ လိုက်လံဖမ်းဆီးမှုကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီဟု ဆိုလိုလေသည်။

မျိုးနွယ်စုခေါင်းဆောင် မဟူရာတိမ်စိုင်သည် မျက်စိပျက် မျက်နှာပျက်ဖြင့် သူ၏ခြေလှမ်းကို ရပ်တန့်လိုက်၏။

အထီးကျန်သိုင်းသခင်၏ အလျင်အဟုန်အရ သူသည် ဆက်လိုက်မည်ဆိုလျှင်တောင် သူ့ကို မီနိုင်တော့မည် မဟုတ်ဘဲ အချည်းနှီးသာ ဖြစ်ရပေတော့မည်။

“ငါက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကိုတောင်မှ မိအောင် မဖမ်းနိုင်ဘူးလား”

မျိုးနွယ်စုခေါင်းဆောင် မဟူရာတိမ်စိုင်သည် စိတ်ထဲမှာ အတော်လေး မကျေမချမ်းဖြစ်သွား၏။

ထိုစဉ်မှာပင် သူ၏ အမူအရာက ပြောင်းလဲသွား၏။ သူသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ကြောက်ရွံ့မှု တစ်စွန်းတစ်စနှင့်အတူ အပေါ်သို့ အလိုလိုမော့ကြည့်လိုက်၏။

အဲဒီနောက် သူက လှောင်ရယ်လိုက်လေသည်။

“အထီးကျန်သိုင်းသခင်.. မင်း လုံးဝ မလွတ်မြောက်စေရဘူး”

ပင်လယ်ရေမျက်နှာပြင်ထက်တွင် ဆူဇီမိုသည် စိတ်ကို​ လျှော့ချရဲခြင်း မရှိဘဲ တစ်ချိန်လုံး ပြေးလွှားနေ၏။

သူ၏ နောက်ဘက်တွင် ဧရာမမျက်လုံးနှင့် မျိုးနွယ်စုခေါင်းဆောင်က ပြတ်၍ ကျန်ခဲ့လေပြီ။ သို့သော်လည်း ဘာကြောင့်ရယ်မသိ.. သူ့ရင်ထဲရှိ အန္တရာယ်အငွေ့အသက်က ပျောက်ကွယ်မသွားသေးပေ။

သိပ်မကြာခင်.. ဆူဇီမို၏ စိတ်ထဲသို့ သတိပေးချက်တစ်ခု ဝင်ရောက်လာ၏။

ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ဆင်းသက်လာခဲ့လေပြီ။

ထိုဖိအားသည် စောစောက ဧရာမမျက်လုံးနှင့် မျိုးနွယ်စုခေါင်းဆောင်ထက်ပင် ပို၍ သန်မာနေ၏။

နောက်ထပ် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ရောက်ရှိလာခဲ့လေပြီ။

ဆူဇီမိုက တိတ်တဆိတ် တုန်လှုပ်သွားရ၏။

သူသည် သူ၏ အဆုံးစွန် အလျင်အဟုန် နတ်ဘုရားစွမ်းအားနှင့် နတ်ဖီးနစ်တောင်ပံများကို ထုတ်ဖော်ထားသော်လည်း ဤမဟာယာနမျိုးနွယ်စုခေါင်းဆောင်သည် သူ့ကို လိုက်မီလာဆဲဖြစ်၏။ ဤမျိုးနွယ်စုခေါင်းဆောင်က သူ့ထက်ပို၍ မြန်ဆန်သည်ဟု ဆိုလိုလေသည်။ သူထင်တာ မမှားဘူးဆိုလျှင် ယခု လိုက်လာသူသည် ရွှေကျီးကန်းမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ဖြစ်ရပေမည်။ ရွှေကျီးကန်းမျိုးနွယ်ကသာလျှင် ဤကဲ့သို့သော အလျင်အဟုန်ကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

ထို့နောက် ချက်ချင်းပင် ချစ်ချစ်တောက် ပူလောင်သော အော်ရာတစ်ခုက ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး ဆူဇီမိုကို လွှမ်းခြုံလိုက်၏။ အဲဒါက ရောက်မလာခင်မှာပင် ပတ်ဝန်းကျင်ရှိ လေဟာနယ်မှာ အက်ကွဲကြောင်းများက ထွက်ပေါ်လာ၏။

ဆူဇီမိုက မော့မကြည့်ပေ။

သူ့မှာ ထိုသို့လုပ်ဖို့ စွမ်းအင် မကျန်ရှိတော့ပေ။ သူလုပ်စရာရှိသည်မှာ သူ၏ မျိုးဆက်သွေးကို ရူးသွပ်စွာ အသက်သွင်းပြီး အဆုံးစွန် အလျင်အဟုန်ကို ထုတ်ဖော်ကာ သူ၏ နဂါးဖီးနစ်တောင်ပံများကို ခတ်၍ ဘေးဘက်သို့ ရှောင်တိမ်းလိုက်ခြင်း ဖြစ်၏။

ရှဲ…

ဆူဇီမို ရှောင်တိမ်းလိုက်သည့် အချိန်မှာပင်.. ဧရာမ ရွှေရောင်လက်သည်းတစ်ဖက်သည် သူ၏ဘေးသို့ ဆင်းသက်လာခဲ့၏။ ထိုလက်သည်းက အေးစက်စက်အလင်းနှင့်အတူ ထက်ရှ၍ တောက်ပနေပြီး လေဟာနယ်ကို ချေမွဖျက်ဆီးပစ်လိုက်၏။

ဆူဇီမိုသည် ကြန့်ကြာရဲခြင်း မရှိဘဲ ဆက်လက်ထွက်ပြေးလိုက်၏။

သူ၏ကျောပေါ်တွင် မိုယင်က မျက်လုံးပြူး မျက်ဆံပြူးဖြင့် မော့ကြည့်လိုက်၏။

မိုးကောင်းကင်ထက်တွင် တောင်ပံများ တဖျပ်ဖျပ်ခတ်နေသည့် ပုံရိပ်တစ်ခုကို ဝိုးတဝါး မြင်လိုက်ရ၏။ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းဖျော့ဖျော့နှင့်အတူ ရှေ့သို့ ပြေးတက်လာလေသည်။

ရုတ်တရက်ဆိုသလို..

တိမ်စိုင်များက လွင့်ပြယ်သွားပြီး ဧရာမ ရွှေရောင်လက်သည်းတစ်ဖက်က ဆင်းသက်လာကာ အံ့မခန်း အလျင်အဟုန်နှင့်အတူ သူတို့ရှိရာသို့ ကုတ်ဆွဲချလိုက်၏။

မိုယင်သည် အဲဒါကို ရှင်းလင်းစွာ မြင်နေရသော်လည်း လုံးဝ မတုံ့ပြန်နိုင်ပေ။

ဆူဇီမိုက မော့မကြည့်ပေ။ သို့သော်လည်း သူသည် အန္တရာယ်ကို ကြိုတင်ခံစားမိသည့်အလား သူ၏ ခန္ဓာကိုယ်ကို တွန့်လိမ်၍ အခြားတစ်ဖက်သို့ ရှောင်တိမ်းလိုက်၏။

ရှဲ…

ဧရာမ လက်သည်းက ဆူဇီမို၏ နဂါးဖီးနစ်ခန္ဓာကိုယ်ဘေးကနေ ပွတ်ကာသီကာ ကပ်ထွက်သွား၏။

ဧရာမ လက်သည်းက တိမ်စိုင်များထဲသို့ ပြန်ရုတ်သိမ်းပြီး ပျောက်ကွယ်သွား၏။

ထိုအခါမှသာလျှင် မိုယင်က တုံ့ပြန်နိုင်၏။

ရုတ်တရက်ဆိုသလို…

ဧရာမ လက်သည်းသည် နောက်တစ်ဖန် ဆန့်တန်းထွက်ပေါ်လာပြီး ပို၍ပင် မြန်ဆန်သော အလျင်အဟုန်ဖြင့် ဆူဇီမိုရှိရာသို့ ဖမ်းဆွဲလိုက်၏။

ဆူဇီမိုက နောက်တစ်ဖန် ရှောင်တိမ်းလိုက်၏။

ဗျစ်…

ဒီတစ်ကြိမ်မှာတော့ သူသည် မဆိုစလောက် နှေးကွေးသွားပြီး ဧရာမ လက်သည်း၏ လက်ထိပ်ဖျားသည် သူ့ကို ကုတ်ဆွဲချလိုက်၏။ ချက်ချင်းပင် ရှည်လျားသော ဒဏ်ရာတစ်ခုက သူ၏ တောင်ပံများပေါ်မှာ ထွက်ပေါ်လာပြီး သွေးများက တစက်စက် စီးကျလာ၏။

သွေးနီရောင် ငှက်မွေးတောင်များစွာသည် ကျွတ်ထွက်၍ အရှေ့ပင်လယ်ထဲသို့ ပြုတ်ကျသွား၏။

ဆူဇီမိုသည် မည်သည့်စကားမှ ပြောဆိုခြင်း မရှိဘဲ သူ၏ တောင်ပံများကို ခတ်၍ ဆက်လက်ပြေးလွှားနေ၏။

“သခင်လေး.. ကျွန်မကို ထားခဲ့ပြီး ကိုယ့်ဘာသာကိုယ် လွတ်အောင် ပြေးတော့”

မိုယင်သည် ထိုသည်ကို မြင်သောအခါ စိုးရိမ်ပူပန်လာပြီး အော်ပြောလိုက်လေသည်။

ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေပြီး သူ၏ အစွမ်းကုန်ရှိသမျှနှင့် ပြေးလွှားနေဆဲ ဖြစ်၏။

“ဟီးဟီး”

မိုးကောင်းကင်ထက်မှ လှောင်ပြောင်လိုက်သော ရယ်မောသံက ထွက်ပေါ်လာ၏။

တိမ်စိုင်များကြားရှိ ရွှေကျီးကန်း မျိုးနွယ်စုခေါင်းဆောင်သည် မကြာမကြာဆိုသလို ဆူဇီမိုကို လိုက်လံကုတ်ဆွဲပြီး ဆော့ကစားနေပုံရ၏။

ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်တွင် နောက်ထပ် ဒဏ်ရာများစွာက ထွက်ပေါ်လာ၏။

သူ၏ စွမ်းအားကြီးမားသော ပြန်လည်ကုသနိုင်စွမ်းနှင့်ပင်လျှင် ဆူဇီမိုသည် ဒဏ်ရာများကနေ လုံးဝ ကောင်းမွန်မလာခဲ့ပေ။

ဆူဇီမို၏ သက်လုံအားကလည်း တဖြည်းဖြည်း အားနည်းလာ၏။

တကယ်ဆို.. သူ၏ ခေါင်းထဲမှာ မူးဝေထုံထိုင်းလာပြီး သူ၏ အမြင်အာရုံက ဝေဝါးလာခဲ့လေပြီ။

ရုတ်တရက်ဆိုသလို…

သူ၏ ရှေ့တည့်တည့်တွင် သေးငယ်သော လှေငယ်တစ်စင်းက အလျားလိုက် လွင့်မျောလာ၏။

ကြီးမားသော သမုဒ္ဒရာနှင့် ယှဉ်လျှင် ဤလှေငယ်သည် ရေစက်တစ်ပေါက်မျှသာ ဖြစ်ပြီး ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်ရှိ ကြေးခွံတစ်ခုနှင့်ပင် မယှဉ်နိုင်ပေ။

သို့သော်လည်း ဆူဇီမိုသည် လှေငယ်ကို တွေ့မြင်သောအခါ စိတ်အားမာန်တက်ကြွသွား၏။

လှေငယ်ပေါ်တွင် လူတစ်ယောက်က ပျင်းတိပျင်းတွဲ ပုံစံဖြင့် လဲလျောင်းနေ၏။ သူသည် အကြမ်းထည် ရက်လုပ်ထားသော အစိမ်းရောင် မိုးကာအင်္ကျီကို ဝတ်ဆင်ထားပြီး အစိမ်းရောင် မြက်ခမောက်တစ်လုံးကို ဆောင်းကာ သူ၏ ဘေးတွင် ငါးဖမ်းပိုက်ကွန်တစ်ခုကို ဖြန့်ချထား၏။

ထိုသူသည် လှေငယ်ကို ပင်လယ်ထဲမှာ ဦးတည်ရာမဲ့စွာ လွင့်မျောစေပြီး ဘာကိုမှ ဂရုမစိုက်ဘဲ အလွန်တရာ စိတ်လက်ပေါ့ပါးသည့်ပုံပေါ်နေ၏။

All Chapters