ကပ်ဘေးဖြတ်ကျော် အင်မော်တယ်များ
Vol. 94 Ch. 1407
“ဒီနေရာမှာ တံငါသည်တစ်ယောက် ဘာကြောင့် ရှိနေရတာလဲ”
မိုယင်က ညင်သာစွာ သက်ပြင်းချလိုက်၏။
သူမ၏ ထင်မြင်ချက်အရ… မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ စွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် တံငါသည်တစ်ယောက်ကို မပြောနှင့်.. ဓမ္မဝိသေသ တာအိုအရှင်များပင်လျှင် အပိုင်းပိုင်း ပျက်စီးသွားပေလိမ့်မည်။
ထိုစဉ်မှာပင်.. လှေငယ်ပေါ်မှာ တံငါသည်သည် သူ၏မျက်နှာပေါ်မှ အစိမ်းရောင် မြက်ခမောက်ကို ဖယ်ရှားပြီး မုတ်ဆိတ်မွေး ဗရပျစ်နှင့် သာမန်မျက်နှာတစ်ခုကို ထွက်ပေါ်လာစေ၏။
တိမ်စိုင်များကြားရှိ ရွှေကျီးကန်း မျိုးနွယ်စုခေါင်းဆောင်သည် နောက်တစ်ဖန် တိုက်ခိုက်လိုက်၏။ မီးတောက်များဖြင့် လောင်ကျွမ်းနေသော ဧရာမ ရွှေရောင်လက်သည်းတစ်ဖက်သည် ဆင်းသက်လာပြီး ဆူဇီမိုကို ဖမ်းဆွဲလိုက်၏။
တံငါသည်၏ မျက်လုံးက ကောင်းကင်ထက်ကို မော့ကြည့်ပြီး ကြည်လင်နေ၏။ ရုတ်တရက် ပြုံးစစဖြင့် သူ၏ လက်တစ်ဖက်ကို မြှောက်လိုက်၏။
အစိမ်းရောင် မြက်ခမောက်သည် သူ၏လက်ထဲကနေ ပျံသန်းသွားပြီး အစိမ်းရောင် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွား၏။ ချက်ချင်းပင် ၎င်းသည် ဧရာမ ရွှေရောင်လက်သည်းရှေ့သို့ ရောက်ရှိလာပြီး ရှေ့သို့ ထိုးခွဲချလိုက်၏။
“ဗျစ်…”
နီရဲနေသော သွေးများက ပန်းထွက်လာပြီး ပြန့်ကြဲကျဆင်းသွား၏။
မိုယင်၏ သူငယ်အိမ်နှစ်ဖက်က တဆတ်ဆတ် လှုပ်သွားလေသည်။
လေထဲရှိ ဖျက်ဆီးအား မြင့်မားသော ရွှေရောင်လက်သည်းသည် သာမန် အစိမ်းရောင် မြက်ခမောက်ဖြင့် ဖြတ်တောက်ခြင်း ခံလိုက်ရသည်ကို သူမက ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။
အဲဒါက ဖြတ်တောက်ခံလိုက်ရလျှင်တောင် ဧရာမ လက်သည်းသည် မီးတောက်များဖြင့် လောင်ကျွမ်းနေဆဲဖြစ်ပြီး ပင်လယ်ထဲသို့ ပြုတ်ကျသွား၏။ အချိန်အတန်ကြာသည်အထိ.. ပင်လယ်ရေသည် ဒေါသူပုန်ထနေသော မီးတောက်များဖြင့် လောင်ကျွမ်းနေ၏။
“ဂီး..”
ကောင်းကင်ထက်မှ စူးစူးရှရှ အော်သံတစ်သံက ထွက်ပေါ်လာ၏။
ထိုအသံက အရမ်းကို စူးရှလွန်းပြီး မိုယင်သည် နာကျင်သော အမူအရာနှင့်အတူ သူမ၏ နားနှစ်ဖက်ကို လက်ဖြင့် အုပ်ကိုင်လိုက်ရ၏။
ကံကောင်းထောက်မစွာဖြင့် ထိုအသံသည် ထွက်ပေါ်လာပြီး မကြာမီ အလျင်အမြန် ပျောက်ကွယ်သွား၏။
ရွှေကျီးကန်းမျိုးနွယ်၏ မဟာယာနမျိုးနွယ်စုခေါင်းဆောင်က ထွက်ပြေးသွားခဲ့လေပြီ။
မိုယင်၏ မျက်လုံးက ပြူးကျယ်သွားပြီး သူမ၏ တုန်လှုပ်မှုကနေ ရုန်းထွက်မလာနိုင်ခဲ့ပေ။
သူမသည် အိပ်မက်မက်နေသည့်အလား ခံစားရ၏။
သို့သော်လည်း.. အစက သူမကို ဖိစီးနှိပ်စက်နေသည့် အန္တရာယ်အငွေ့အသက်က တကယ်ပင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
သူတို့က ကယ်တင်ခံလိုက်ရတာလား..။
သူမနှင့် သခင်လေးသည် ရွှေကျီးကန်း မျိုးနွယ်စုခေါင်းဆောင်၏ လိုက်လံဖမ်းဆီးမှုကနေ ရှင်သန်နိုင်ခဲ့တာလား…။
အဲဒီ တံငါသည်က ဘယ်သူပါလဲ…။
ရွှေကျီးကန်း မျိုးနွယ်စုခေါင်းဆောင်၏ ခြေတစ်ဖက်ကို အလွယ်တကူ လှီးဖြတ်နိုင်ရအောင် ဤတံငါသည်၏ ကျင့်ကြံမှုအဆင့်က ဘယ်လောက်တောင် ကြောက်စရာကောင်းနေပြီလဲ။
ထိုစဉ်မှာပင်.. ဆူဇီမိုသည် သူ၏ အစစ်အမှန်ပုံစံကနေ လူသားသွင်ပြင်သို့ ပြောင်းလဲလိုက်ပြီဖြစ်ပြီး မိုယင်နှင့်အတူ တံငါသည်၏ လှေငယ်ပေါ်သို့ ဆင်းသက်လိုက်၏။
သူ၏ တစ်ကိုယ်လုံးက ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ဤနေရာအရောက်၌ ခြေကုန်လက်ပန်းကျလုနီးပါး ဖြစ်နေလေပြီ။
သူ ဆင်းသက်လာသောအခါ.. သူ၏ ခန္ဓာကိုယ်ကို ဆက်လက်၍ မထိန်းချုပ်နိုင်တော့ဘဲ လှေငယ်ပေါ်သို့ ပြုတ်ကျလာခဲ့၏။
ပုံမှန်အခြေအနေမှာဆိုလျှင်.. ဆူဇီမို၏ ကိုယ်ကာယအရ လှေငယ်လေးကို မပြောနှင့်.. ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်ယာဉ်ပျံပင်လျှင် ပျက်စီးထိခိုက်သွားနိုင်လေသည်။
သို့သော်လည်း ဆူဇီမို ပြုတ်ကျလာတာတောင် လှေငယ်သည် တုတ်တုတ်မျှ လှုပ်မသွားခဲ့ပေ။ တကယ်ဆို.. လှေငယ်၏ အောက်ဘက်ရှိ ရေမျက်နှာပြင်တွင် မည်သည့် ဝဲဂယက်မှ ထွက်ပေါ်မလာခဲ့ပေ။
“ကျေးဇူးတင်ပါတယ် စီနီယာ”
ဆူဇီမိုက အလောတကြီး ပြောဆိုပြီး ထရပ်လိုက်၏။
တံငါသည်က ညင်သာစွာ ပြုံး၍ သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ ထူးဆန်းသော စွမ်းအားတစ်ခုသည် ဆူဇီမိုကို လွှမ်းခြုံသွားပြီး သူ့ ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုများက သိသိသာသာ လျော့ကျသွား၏။
ရွှေကျီးကန်း မျိုးနွယ်စုခေါင်းဆောင်၏ ဧရာမ လက်သည်းချက်ကြောင့် ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ကျန်ရစ်ခဲ့၏။
ထိုဒဏ်ရာများသည် လောင်ကျွမ်းတူးချစ်နေရုံသာမက.. အဲဒီမှာ နတ်ဘုရားစွမ်းအား အကြွင်းအကျန်များပင် ပါရှိလေသည်။ နဂါးဖီးနစ်၏ မျိုးဆက်သွေးနှင့်ပင်လျှင် ထိုဒဏ်ရာများကို ကုသဖို့အတွင် အချိန်အတော်ကြာ ယူရပေလိမ့်မည်။
သို့သော်လည်း တံငါသည်က သူ၏လက်ကို ဝှေ့ယမ်း၍ ဆူဇီမို၏ ဒဏ်ရာများမှ နတ်ဘုရားစွမ်းအား အကြွင်းအကျန်များကို ဖယ်ရှားပေးလိုက်၏။
နဂါးဖီးနစ်သွေးက တလိပ်လိပ် တက်လာပြီး သူ၏ဒဏ်ရာများက မြင်နိုင်သော နှုန်းထားဖြင့် သက်သာပျောက်ကင်းလာ၏။
တစ်ခဏအတွင်းမှာပင်… ဆူဇီမို၏ ဒဏ်ရာထက်ဝက်ကျော်က ပျောက်ကင်းသွားခဲ့လေပြီ။
“ကောင်လေး.. ငါတို့ တွေ့ကြပြန်ပြီ”
တံငါသည်က ဆူဇီမိုကို ပြုံးပြလိုက်၏။
မိုယင်သည် ရင်တစ်ချက်ထိတ်သွားပြီး မနေနိုင်ဘဲ မေးလိုက်၏။
“သခင်လေး.. ရှင်က ဒီစီနီယာနဲ့ သိတာလား”
“ကျုပ်တို့ တစ်ခါတွေ့ခဲ့ဖူးတယ်”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
တံငါသည်သည် ဆူဇီမို၏ ဆေဘာနည်းစနစ်ကို လမ်းညွှန်ပြသမှုပေးခဲ့သော ဟာမစ်ဆိုသည့်သူ ဖြစ်လေသည်။
ပင်လယ်ကမ်းစပ်မှာတုန်းက ဤစီနီယာ၏ ရုတ်တရက် ပေါ်ထွက်လာမှုသည် လျှို့ဝှက်ဆန်းကြယ်ပြီး အံ့မခန်းဖြစ်ခဲ့၏။ ထိုဟာမစ်သည် သေချာပေါက် အနှိုင်းမဲ့ ပညာရှင်တစ်ယောက်ဖြစ်မည်ဟု ဆူဇီမိုက ကောက်ချက်ချထားခဲ့၏။
သို့သော်လည်း ဟာမစ်၏ တိုက်ခိုက်ရည်ခွန်အားသည် ဤမျှအထိ ကြောက်စရာကောင်းပြီး ရွှေကျီးကန်း မျိုးနွယ်စုခေါင်းဆောင်၏ ခြေထောက်ကိုပင် လှုပ်ရှားကွက်တစ်ကွက်တည်းဖြင့် အလွယ်တကူ ဖြတ်တောက်နိုင်လိမ့်မည်ဟု ဆူဇီမိုက ထင်မှတ်မထားခဲ့ပေ။
ကမ္ဘာဦးမျိုးနွယ် ၉စုထဲမှ တစ်စုအနေဖြင့် ရွှေကျီးကန်းမျိုးနွယ်၏ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သည် လူသားမျိုးနွယ်မှ ဧကရာဇ်များနှင့် ယှဉ်နိုင်လေသည်။
အရင်တုန်းက မွေးနီတစ္ဆေသည် သူ၏ဒေါသကို မထိန်းနိုင်ဘဲ ဗုဒ္ဓကျောင်းတော်များ၏ ထိပ်သီးဂိုဏ်းကြီး နှစ်ဂိုဏ်းကို တိုက်ခိုက်ဖျက်ဆီးပစ်ခဲ့၏။ ဒါ့အပြင်.. သူသည် ဗုဒ္ဓကျောင်းတော်များ၏ ဧကရာဇ်တစ်ပါးနှင့် သေလုမျောပါး ဖြစ်သည်အထိ တိုက်ခိုက်ခဲ့လေသည်။
ကမ္ဘာဦးမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ တိုက်ခိုက်ရည်ခွန်အားက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ သိသာလေသည်။
သူက ရွှေကျီးကန်းမျိုးနွယ်၏ မျိုးနွယ်စုခေါင်းဆောင်ကိုပင် အလွယ်တကူ အနိုင်ယူနိုင်သည်ဆိုလျှင် ဖြစ်နိုင်တာ သူက …. ။
ဆူဇီမို၏ စိတ်ထဲသို့ အတွေးတစ်ချက် ဖျတ်ခနဲဝင်ရောက်လာပြီး သူသည် ထခုန်မိမတတ် တုန်လှုပ်သွား၏။ သူသည် တကယ်ပင် သိချင်စိတ် ပြင်းပြလာပြီး မနေနိုင်ဘဲ မေးလိုက်၏။
“စီနီယာ.. ခင်ဗျားက ကပ်ဘေးဖြတ်ကျော်အဆင့် ပညာရှင်တစ်ယောက်လား”
ပေါင်းစည်းခန္ဓာအဆင့်ပြီးနောက်.. မဟာယာနအဆင့် လာလေသည်။
မဟာယာနအဆင့်ပြီးနောက်.. ကပ်ဘေးဖြတ်ကျော်အဆင့် လာလေသည်။
ပေါင်းစည်းခန္ဓာပညာရှင်များကို စွမ်းအားကြီးပုဂ္ဂိုလ်များဟု ခေါ်ဆိုကြ၏။
မဟာယာနအဆင့် ပညာရှင်များကို မျိုးနွယ်စုခေါင်းဆောင်များဟု ခေါ်ဆိုကြ၏။
ကပ်ဘေးဖြတ်ကျော်အဆင့် ပညာရှင်များကို ဘယ်လိုဘွဲ့ပေးထားသလဲ ဆူဇီမို တကယ်ပင် မသိရှိပေ။
မိုယင်၏ မျက်လုံးကလည်း ပြူးကျယ်သွားပြီး သိချင်စိတ်ဖြင့် တံငါသည်၏ ပြန်ဖြေစကားကို နားစွင့်နေ၏။
ဆူဇီမို၏ မေးခွန်းကို ကြားပြီးနောက်.. ဟာမစ်က ဟက်ခနဲရယ်မော၍ ခေါင်းခါလိုက်၏။
“ကပ်ဘေးဖြတ်ကျော်အဆင့်မှာရှိတဲ့ ပညာရှင်တစ်ယောက်ကို မင်းက ဘယ်လိုလုပ်ပြီး တွေ့ခွင့်ရပါ့မလဲ”
ဟာမစ်က ရယ်မောလိုက်၏။
“ဟမ်”
“ဟင်.. အဲဒါက ဘာအဓိပ္ပာယ်လဲ”
ဆူဇီမိုက ခဏမျှ ကြောင်အ,မှင်တက်သွား၏။
ဟာမစ်က ရှင်းပြလေသည်။
“တကယ်တော့ စကားကို ကတ်သတ်ပြီး ပြောရရင် ကပ်ဘေးဖြတ်ကျော်ခြင်းဆိုတာ အဆင့်တစ်ခု မဟုတ်ဘူး… မဟာယာနအဆင့်ကို ရောက်ပြီးရင် လူတစ်ယောက်ရဲ့ ကျင့်ကြံမှုက ဆက်ပြီးတော့ တိုးတက်လာလိမ့်မယ်.. သူတို့က ပကတိမဟာယာနအဆင့်ထိ ကျင့်ကြံပြီးသွားရင် ကောင်းကင်ဘုံကပ်ဘေးတစ်ခုကို ခံစားမိလာနိုင်လိမ့်မယ်”
“သူတို့က ကောင်းကင်ဘုံကပ်ဘေးကနေ ရှင်သန်နိုင်ခဲ့မယ်ဆိုရင် သူတို့က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကနေ ထွက်ခွာပြီး အထက်ဘုံကို တက်လှမ်းသွားလိမ့်မယ်”
“ကပ်ဘေးဖြတ်ကျော်ရမယ့် အဆင့်ထိ ကျင့်ကြံနိုင်တဲ့သူက တကယ့်ကို အနည်းအကျဉ်းပဲ ရှိတယ်.. ကပ်ဘေးဖြတ်ကျော်ခြင်းဖြစ်စဉ်က ပိုပြီးတော့တောင် အန္တရာယ်များပြီး လူ ၁၀ယောက်မှာ တစ်ယောက်လောက်ပဲ ရှင်သန်နိုင်လိမ့်မယ်… ကျဆုံးသွားတဲ့လူတွေက သူတို့ရဲ့ ဝိညာဉ် ပျက်ပြယ်သွားပြီး ပြန်လည်ဝင်စားနိုင်မှာ မဟုတ်တော့ဘူး.. ဒါပေမဲ့လို့ အောင်မြင်သွားတဲ့သူတွေကလည်း အထက်ဘုံကို တက်လှမ်းသွားမှာဆိုတော့ မင်းက သူတို့နဲ့လည်း တွေ့ခွင့်ရမှာ မဟုတ်ဘူး”
ဆူဇီမိုက အတန်အသင့် နားလည်သဘောပေါက်သွား၏။
သူသည် ကပ်ဘေးဖြတ်ကျော်အဆင့်မှာ ရှိသည့် ပညာရှင်များကို တစ်ခါမှ မကြားဖူးခဲ့သည်မှာ အံ့ဩစရာ မရှိတော့ပေ။ လက်စသတ်တော့ ကပ်ဘေးဖြတ်ကျော်ခြင်းမှာ ရှင်သန်နိုင်ခဲ့သော သူများသည် အထက်ဘုံသို့ တက်လှမ်းသွားကြခြင်း ဖြစ်၏။
အထက်ဘုံဟူသော စကားကို ကြားရချိန်တွင် ဆူဇီမို၏ နှလုံးက ရုတ်တရက် မျှော်လင့်စောင့်စားမှုဖြင့် ပြည့်နှက်လာ၏။
သူသည် တျဲယွဲ့နှင့် ပိုမိုနီးကပ်လာပြီဟု ရုတ်တရက် ခံစားလာရ၏။
အစကတော့ သူတို့နှစ်ယောက်ကြား အကွာအဝေးက ဘယ်လိုမှ လက်လှမ်းမမီနိုင်ခဲ့ပေ။
သို့သော်လည်း သူ့ကျင့်ကြံမှု၏ ဤအဆင့်အရောက်၌ သူသည် အထက်ဘုံနှင့် ပတ်သက်သည့် ကိစ္စတချို့နှင့် စတင်ထိတွေ့လာနိုင်ခဲ့လေပြီ။
ဟာမစ်က ဆက်ပြောလိုက်၏။
“မဟာယာနအဆင့်မှာရှိတဲ့ သူတွေကို မျိုးနွယ်စုခေါင်းဆောင်တွေလို့ ခေါ်တယ်.. ကပ်ဘေးဖြတ်ကျော်ခြင်းမှာ အောင်မြင်သွားတဲ့ သူတွေကိုတော့ အင်မော်တယ်တွေလို့ ခေါ်ဆိုကြတယ်”
ဆူဇီမိုက ရင်ထဲမှာ လှုပ်ခတ်သွား၏။
အရင်တုန်းက တျဲယွဲ့သည်လည်း ဤကဲ့သို့ တူညီသော တစ်စုံတစ်ရာကို ပြောဆိုခဲ့ဖူးလေသည်။ သူမ ပြောခဲ့သည်မှာ ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၌ အင်မော်တယ်များ မရှိပေ။
ဆူဇီမိုသည် ခဏမျှ တွေးတောပြီးနောက် မေးလိုက်၏။
“စီနီယာ.. ခင်ဗျားက ဧကရာဇ်တစ်ပါးလား”
ဟာမစ်က ညင်သာစွာပြုံး၍ ငြင်းဆန်ခြင်း မရှိပေ။
ဆူဇီမိုက ထပ်မေးလိုက်၏။
“ဧကရာဇ်တစ်ပါးကကော ဘယ်အဆင့်မှာလဲ”
ဟာမစ်က ပြန်ဖြေလိုက်၏။
“ဧကရာဇ်တွေဆိုတာ တကယ်တော့ မဟာယာနအဆင့်ပါပဲ.. ဒါပေမဲ့လို့ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တွေကြားမှာ ခွန်အားကွာဟချက်ရှိတယ်.. ဧကရာဇ်တွေဆိုတာ အသန်မာဆုံး မျိုးနွယ်စုခေါင်းဆောင်တွေလို့ ဆိုနိုင်တယ်”
“မင်းက ဘိုးဘေးအဆင့်ကို ဝင်ရောက်လာတာနဲ့.. ဧကရာဇ်တွေနဲ့ သာမန်မျိုးနွယ်စုခေါင်းဆောင်တွေကြားက ကွာဟချက်ကို နားလည်လာနိုင်လိမ့်မယ်”
ဟာမစ်က ဆက်ပြောလိုက်၏။
“မျိုးနွယ်စုခေါင်းဆောင်တွေတင် မကဘူး… ဧကရာဇ်တွေကြားမှာလည်း ခွန်အားကွာဟချက် ရှိတယ်.. ကမ္ဘာဦးခေတ်တုန်းက လူသားမျိုးနွယ်မှာ ဧကရာဇ်တွေများစွာ ပေါ်ထွက်ခဲ့တယ်.. ဒါပေမဲ့လို့ ရှေးဟောင်းခေတ်တုန်းက ကမ္ဘာဦးမျိုးနွယ် ၉စုက မျိုးနွယ်စုခေါင်းဆောင်တွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့ လူသားဧကရာဇ် များများစားစား မရှိခဲ့ဘူး… ကမ္ဘာဦးမျိုးနွယ် ၉စုက ဧကရာဇ်တွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့သူက ပိုပြီးတော့တောင် နည်းပါးသေးတယ်”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
ယခုအချိန်ထိ ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့သော သူသိထားသည့် လူသားမျိုးနွယ်မှ ဧကရာဇ်များမှာ.. လူသားဧကရာဇ်၊ မိစ္ဆာဧကရာဇ် အမုန်း၊ ဗုဒ္ဓ ဧကရာဇ်နှင့် မိုးကြိုးဧကရာဇ်တို့သာ ဖြစ်ကြလေသည်။