← Chapters

နဂါးမျိုးနွယ်သို့ ပြန်လည်ရောက်ရှိလာခြင်း

Vol. 94 Ch. 1408

နဂါးမျိုးနွယ်သို့ ပြန်လည်ရောက်ရှိလာခြင်း

Vol. 94 Ch. 1408

ဟာမစ်က ပြောလိုက်၏။

“အရင်တုန်းက လူသားမျိုးနွယ်မှာ အသန်မာဆုံး ဧကရာဇ်နှစ်ပါးပဲ ရှိခဲ့တယ်.. သူတို့က ထာဝရလူသား ဧကရာဇ်နဲ့ မိစ္ဆာဧကရာဇ် အမုန်းပဲ.. ဗုဒ္ဓဧကရာဇ်၊ မိုးကြိုးဧကရာဇ်၊ ဆေဘာဧကရာဇ်နဲ့ ဓားဧကရာဇ်တို့တောင် သူတို့ရဲ့ နောက်မှာပဲ ရပ်တည်နိုင်ခဲ့တယ်”

“ဒါပေမဲ့လို့.. မိစ္ဆာဧကရာဇ်အမုန်းရဲ့ အတွင်းစိတ်နတ်ဆိုးက အရမ်းကို သန်မာလာခဲ့တယ်… သူက တစ်လောကလုံးကို မုန်းတီးပြီး​ နောက်ဆုံးမှာ သူ့ကိုယ်သူပါ အဆုံးစီရင်သွားခဲ့တယ်.. အဲဒါက တကယ့်ကို နှမျောစရာပဲ.. ကမ္ဘာဦးမျိုးနွယ် ၉စုက ဧကရာဇ်တွေကို ဖိနှိမ်နိုင်ခဲ့တဲ့ ထာဝရလူသားဧကရာဇ်ကြောင့်သာ မဟုတ်ရင် လူသားမျိုးနွယ်က အဲဒီတိုက်ပွဲမှာ သေချာပေါက် အနိုင်ရခဲ့မှာ မဟုတ်ဘူး”

ရှေးဟောင်းခေတ် စစ်ပွဲအကြောင်း ပြောဆိုချိန်တွင် လှေငယ်လေးပေါ်ရှိ လေထုက ရုတ်တရက် တင်းကျပ်လေးလံလာခဲ့၏။

အခြေခံအုတ်မြစ်ကို ချခင်းပြီး သူတို့၏ အသက်သွေးနှင့် တိုက်ခိုက်ခဲ့ကြသော ရှေးဟောင်းခေတ်က ပညာရှင်များကြောင့်သာ မဟုတ်လျှင် လူသားမျိုးနွယ်၏ လက်ရှိဂုဏ်ကျက်သရေနှင့် စည်ပင်ထွန်းကားသော ကျင့်ကြံရေး ယဉ်ကျေးမှုသည် တည်ရှိနေလိမ့်မည် မဟုတ်ပေ။

“အဲဒီအကြောင်းကို နောက်မှ ဆက်ပြောကြတာပေါ့”

ဟာမစ်က လက်ကာပြ၍ ဆူဇီမိုကို ချိန်ဆကြည့်လိုက်၏။

“မတွေ့ရတဲ့ နှစ်နှစ် သုံးနှစ်အတွင်း မင်းက တော်တော်လေး ပြောင်းလဲသွားတာပဲ”

ဆူဇီမိုက ပြန်ဖြေလိုက်၏။

“အဲဒါတွေက ကံကြမ္မာ အခွင့်အလမ်းနဲ့ တိုက်ဆိုင်မှုတွေကြောင့်ပါပဲ”

“မင်းရဲ့ ကျင့်ကြံမှုအဆင့်ကတော့ နိမ့်ကျနေသေးတယ်”

ဟာမစ်က ခေါင်းခါပြလိုက်၏။

“နဂါးဖီးနစ်နဲ့ ဟို့.. မဟာတဗူးနှစ်မျိုး မွေးဖွားပေါ်ထွက်လာပြီဆိုတော့.. ဒီဘက်မျိုးဆက်မှာ ကမ္ဘာဦးမျိုးနွယ်က သေချာပေါက် အကြီးကြီး လှုပ်ရှားလာတော့မယ်”

“မင်းက တဗူးတစ်မျိုးဆိုပေမဲ့ မင်းရဲ့ ကျင့်ကြံမှုအဆင့်က ပေါင်းစည်းခန္ဓာအဆင့်မှာပဲ ရှိသေးတယ်… ကမ္ဘာဦးမျိုးနွယ်က ဧကရာဇ်တစ်ပါးကို မပြောနဲ့.. ကမ္ဘာဦးမျိုးနွယ်က မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်နဲ့ တွေ့ကြုံရရင်တောင် မင်းက ကူကယ်ရာမဲ့နေလိမ့်မယ်”

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး မေးလိုက်၏။

“စီနီယာ.. ကမ္ဘာဦးမျိုးနွယ်က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ကြီးမားတဲ့ တိုက်ပွဲတစ်ခု စတင်လာနိုင်တယ်လို့ ဆိုလိုတာလား”

“အဲဒါက ဖြစ်လာနိုင်တာ မဟုတ်ဘူး.. အဲဒါက သေချာပေါက် ဖြစ်လာမှာ”

ဟာမစ်က ညင်သာစွာ သက်ပြင်းချလိုက်၏။

“အစတုန်းကတော့ ဒီတိုက်ပွဲက နောက်နှစ်ပေါင်းအတော်ကြာမှ ဖြစ်ကောင်းဖြစ်လာလိမ့်မယ်… ဒါပေမဲ့ အခု တဗူးနှစ်မျိုး ပေါ်ထွက်လာပြီဆိုတော့ ကမ္ဘာဦးမျိုးနွယ်က ဒီတိုင်းဆက်နေနိုင်မှာ မဟုတ်တော့ဘူး”

“လူသားမျိုးနွယ်မှာ ရှည်လျားတဲ့ သမိုင်းကြောင်းနဲ့ ထိပ်သီးဂိုဏ်းကြီးတွေ အများကြီးရှိတာပဲ… ကျုပ်တို့ရဲ့ နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့တဲ့ အခြေခံအုတ်မြစ်နဲ့ဆိုရင် ကျုပ်တို့က ကမ္ဘာဦးမျိုးနွယ်တွေကို အနိုင်မယူနိုင်ဘူးလား”

ဆူဇီမိုက သူ၏ မျက်ခုံးနှစ်ဖက်ကို အနည်းငယ် တွန့်ကွေးလိုက်၏။

“အဲဒါက ပြောဖို့ခက်တယ်”

ဟာမစ်က ပြောလိုက်၏။

“လူသားမျိုးနွယ်မှာ ထာဝရလူသားဧကရာဇ်လို အနှိုင်းမဲ့ပါရမီရှင်တစ်ယောက် ပေါ်ထွက်မလာဘဲနဲ့ ကမ္ဘာဦးမျိုးနွယ်ကို ရင်ဆိုင်နိုင်ဖို့ မလွယ်ဘူး”

“ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို နောက်ဘယ်သူတွေဆက်ပြီး အုပ်စိုးနိုင်မလဲဆိုတာကတော့ မသေချာသေးဘူး”

ဟာမစ်က အဓိပ္ပာယ်ပါပါ ပြောလိုက်၏။

ခဏမျှ စဉ်းစားပြီးနောက် သူက ဆက်ပြောလိုက်၏။

“မင်းက နဂါးဖီးနစ်တဗူးပဲ… မင်းက နဂါးမျိုးနွယ်ကို ပြန်သွားမယ်ဆိုရင် သူတို့က မင်းကို သေချာပေါက် ကာကွယ်ပေးလိမ့်မယ်… မင်းက လူသားမျိုးနွယ်နဲ့ ပတ်သက်ဆက်နွယ်မှုတချို့ ရှိနေသေးတယ်ဆိုရင် အဲဒီတိုက်ပွဲ ဖြစ်ပေါ်လာတဲ့အခါ မင်းက နဂါးမျိုးနွယ်ကို လူသားမျိုးနွယ်နဲ့ ပူးပေါင်းစေပြီး ကမ္ဘာဦးမျိုးနွယ်တွေကို​ ဆန့်ကျင်တိုက်ခိုက်ပေးဖို့ ငါမျှော်လင့်မိတယ်”

“စီနီယာ.. မပူပါနဲ့”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

တကယ်တော့ ဟာမစ်၏ သတိပေးမှု မရှိလျှင်တောင် ဆူဇီမိုသည် ထိုကဲ့သို့သော တူညီသော ပြင်ဆင်မှု ပြုလုပ်ဖို့ ရည်ရွယ်ထား၏။

သိုင်းတာအို ပင်မခန္ဓာသည် ခွန်ဖန်းဥကို ပေမင်ပင်လယ်သို့ ပြန်လည်ပို့ဆောင်ပေးသည့် အကြောင်းရင်းမှာ အနာဂတ်တွင် ခွန်မျိုးနွယ်က လူသားမျိုးနွယ်ကို ကူညီပေးလာဖို့ သူက မျှော်လင့်ထားသောကြောင့် ဖြစ်၏။

“စီနီယာ… ရှေးဟောင်းခေတ်က လူသားဧကရာဇ်နဲ့ ယှဉ်ရင် ခင်ဗျားရဲ့ တိုက်ခိုက်ရည်ခွန်အားက ဘယ်လောက်ရှိလဲ”

ဆူဇီမိုက ထပ်၍ မေးလိုက်၏။

သူ၏ ထင်မြင်ချက်အရ ဟာမစ်သည် ရွှေကျီးကန်းမျိုးနွယ်၏ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို ဤကဲ့သို့ အလွယ်တကူ အနိုင်ယူနိုင်သည်ဆိုလျှင် သူ၏ တိုက်ခိုက်ရည်ခွန်အားသည် ဧကရာဇ်များကြားတွင် သေချာပေါက် ထိပ်တန်းအဆင့်မှာ ရှိပေလိမ့်မည်။

ဟာမစ်က ပြုံး၍ ခေါင်းခါပြလိုက်၏။

“ငါက ထာဝရလူသားဧကရာဇ်နဲ့ ယှဉ်နိုင်ဖို့ အဝေးကြီးလိုသေးတယ်”

“နဂါးဖီးနစ် မွေးဖွားပေါ်ထွက်လာတဲ့ သတင်းက သိပ်မကြာခင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ပျံ့နှံ့သွားလိမ့်မယ်… နတ်ဖီးနစ်ကျွန်းတစ်ခုလုံးကတောင် မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး… မင်းက နဂါးအရိုးတောင်ကြားကို ပြန်သွားရလိမ့်မယ်”

ဟာမစ်၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်သည့် အရိပ်အယောင်က ထင်ဟပ်လာ၏။

“ရွှေကျီးကန်းမျိုးနွယ်ရဲ့ လက်ရှိဧကရာဇ်က အရမ်းကို သန်မာတယ်.. သူက ကမ္ဘာဦးခေတ်တုန်းက ရွှေကျီးကန်း ဧကရာဇ်ထက်တောင် ပိုပြီးသန်မာသေးတယ်… နဂါးအရိုးတောင်ကြားကပဲ မင်းကို ကာကွယ်ပေးနိုင်လိမ့်မယ်”

“စီနီယာ.. ခင်ဗျားတောင်မှ သူ့ကို မနိုင်နိုင်ဘူးလား”

ဆူဇီမိုက မျက်မှောင်ကြုတ်၍ မေးလိုက်၏။

“အဲဒါ ပြောဖို့ခက်တယ်”

ဟာမစ်က ခေါင်းခါပြလိုက်၏။

“နောက်ပြီး ငါက ကောင်းကင်ဘုံကပ်ဘေးကို အာရုံခံစားမိနေပြီ.. ငါက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ သိပ်ကြာကြာနေဖြစ်မှာ မဟုတ်တော့ဘူး”

“ငါထွက်သွားမယ်ဆိုရင်.. နတ်ဖီးနစ်ကျွန်းမှာ ဘယ်ဧကရာဇ်မှ ကျန်ရှိမှာ မဟုတ်တော့ဘူး… နောက်ပိုင်းဖြစ်လာမယ့် အရာတွေအတွက် မင်းကိုပဲ အားကိုးရတော့မှာပဲ”

“စီနီယာ မပူပါနဲ့..”

ဆူဇီမိုက လေးနက်စွာ ပြောလိုက်၏။

“နတ်ဖီးနစ်ကျွန်းရဲ့ သခင်လေးအနေနဲ့.. ကျုပ်က ကျုပ်ရဲ့ အစွမ်းကုန်ရှိသမျှနဲ့ နတ်ဖီးနစ်ကျွန်းက သက်ရှိတွေ အားလုံးကို သေချာပေါက် ကာကွယ်ပေးပါ့မယ်”

“အင်း”

ဟာမစ်က ပြောလိုက်၏။

“ငါ ဒီနေရာမှာရှိတဲ့ လေဟာနယ်ကို ဆုတ်ဖြဲပြီး မင်းကို နဂါးအရိုးတောင်ကြားဆီ ပြန်ပို့ပေးမယ်… မင်းအနေနဲ့ လောလောဆယ် နတ်ဖီးနစ်ကျွန်းကို ပြန်လာစရာ မလိုသေးဘူး”

နဂါးဖီးနစ်၏ မွေးဖွာပေါ်ထွက်လာမှုက သေချာပေါက် ကြီးမားသည့် မုန်တိုင်းတစ်ခု ဖြစ်လာပေလိမ့်မည်။

ဆူဇီမိုသည် နဂါးအရိုးတောင်ကြားမှာ ပုန်းကွယ်နေမှသာလျှင် သူက ရှင်သန်နိုင်ပေလိမ့်မည်။

ဟာမစ်က သူ၏လက်ကို ဆန့်ထုတ်လိုက်၏။ လှုပ်ရှားမှု များစွာမရှိဘဲ သူသည် လေဟာနယ်ကို ညင်သာစွာ ဖမ်းဆွဲလိုက်၏။

သူ့ရှေ့ရှိ လေဟာနယ်သည် ရုတ်တရက် ပြိုကျသွားပြီး မကောင်းဆိုးဝါးဆန်ဆန် လေပြင်းများ တိုက်ခတ်နေသည့် နက်မှောင်နေသော လမ်းကြောင်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။

သာမန်ကာလျှံကာ လှုပ်ရှားမှုနှင့်အတူ အာကာသဥမင်တစ်ခုက ပေါ်ထွက်လာခဲ့လေပြီ။

အဲဒါသည် တည်နေရာရွှေ့ပြောင်းအဆောင်အကြီးကို အသက်သွင်းလိုက်ခြင်းနှင့် တူညီလေသည်။

ဧကရာဇ်တစ်ပါး၏ သာမန်ကာလျှံကာ လှုပ်ရှားမှုကပင် ဤမျှအထိ တုန်လှုပ်စရာကောင်းနေပြီဖြစ်၏။

ဆူဇီမိုသည် သူ၏မျက်လုံးကို အနည်းငယ် မှေးကျဉ်း​ပြီး တုန်လှုပ်နေပုံရ၏။

“သွားတော့”

ဟာမစ်က ခေါင်းညိတ်ပြလိုက်၏။

“သခင်လေး.. ကျွန်မလည်း ရှင်နဲ့ လိုက်ခဲ့မယ်”

မိုယင်က အလောတကြီး ပြောလိုက်၏။

ဆူဇီမိုက ခေါင်းခါပြလေသည်။

“ဟင့်အင်း.. အဲဒါက နဂါးအရိုးတောင်ကြားပဲ… လူသားတစ်ယောက်အနေနဲ့ မင်းက အဲဒီကို ဝင်ရောက်လို့မရဘူး.. ဘာမှမပူနဲ့.. ငါတို့ တစ်ခါပြန်တွေ့ဦးမှာပေါ့”

ထိုသို့ ပြောပြီးသည်နှင့် ဆူဇီမိုသည် အာကာသဥမင်ထဲသို့ ခုန်ဝင်လိုက်၏။

ဟာမစ်သည် သူ၏လက်ကို ရုတ်သိမ်းလိုက်ပြီး လေဟာနယ်က တဖြည်းဖြည်း ပြန်လည်ပိတ်ဆို့သွား၏။

“မင်းလည်း ပြန်သင့်ပြီ”

သူက မိုယင်ဘက်သို့ လက်ကို ဝှေ့ယမ်းလိုက်၏။ အဲဒီနောက် သူမ၏ ခန္ဓာကိုယ်သည် နတ်ဖီးနစ်ကျွန်း ရှိရာဘက်သို့ အထိန်းအကွပ်မဲ့စွာ ရွေ့လျားသွားပြီး တစ်ခဏအတွင်းမှာ​ ပျောက်ကွယ်သွား၏။

ဟာမစ်သည် ခပ်ယဲ့ယဲ့ အပြုံးတစ်ခုနှင့်အတူ တစ်ဖန်ပြန်လှဲချလိုက်ပြီး သူ၏မျက်လုံးထဲတွင် မကောင်းဆိုးဝါးဆန်ဆန် သွေးရောင်အလင်းတစ်ခု ဝင်ရောက်လာ၏။

သူသည် ဘေးတွင်ရှိသော အစိမ်းရောင် မြက်ခမောက်ကို ကောက်ယူကာ သူ၏မျက်နှာပေါ်ကို တင်လိုက်၏။

. . . . .

နဂါးအရိုးတောင်ကြားတွင်…

ရုတ်တရက်.. ကောင်းကင်ထက်မှာ ကြီးမားသော အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး ဆူဇီမို၏ ပုံရိပ်က ဆင်းသက်လာ၏။

ရင်းနှီးနေကျ ပတ်ဝန်းကျင်ကို ကြည့်ပြီး နဂါးမျိုးနွယ်၏ အော်ရာကို ခံစားမိသောအခါ ဆူဇီမိုသည် စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

ကံကောင်းစွာဖြင့် အမှားအယွင်း တစ်စုံတစ်ရာ ရှိမလာခဲ့ပေ။

“ဟာမစ်.. ဟာမစ်…”

ဆူဇီမိုက အတွေးနက်စွာဖြင့် တီးတိုးရေရွတ်လိုက်၏။

“အဲဒါ ဘယ်သူလဲဟေ့”

ဆူဇီမို၏ ဆင်းသက်လာမှုသည် သိပ်မကြာခင်.. ကင်းလှည့်နေသော နဂါးအချို့၏ အာရုံကို ဆွဲဆောင်မိသွား၏။

နဂါးများစွာက ပြေးချလာ၏။

“ခင်ဗျားက…”

“သခင်လေး”

နဂါးများသည် ဆူဇီမိုကို တွေ့မြင်သောအခါ ခဏမျှ ကြောင်အ,မှင်တက်သွားပြီးနောက်… အလျင်အမြန် တုံ့ပြန်ကာ အံ့အားတသင့် အော်ခေါ်လိုက်ကြ၏။

“သခင်လေး.. ခင်ဗျားက အသက်ရှင်နေသေးတာပဲ”

နဂါးများက အော်ဟစ်အားပေးလိုက်ကြ၏။

ကောင်းကင်နှင့်မြေကြီးတောင်ကြား တိုက်ပွဲမှာတုန်းက ဆူဇီမိုသည် နဂါးမျိုးနွယ်၏ သခင်လေးဖြစ်သည် ဆိုတာကို အပြင်လူများ မသိရှိသော်လည်း နဂါးများကတော့ အရာရာတိုင်းကို သိရှိထားလေသည်။

ဆူဇီမိုသည် လေဟာနယ်စီးကြောင်းထဲသို့ တွန်းပို့ခံလိုက်ရသည်ဟု ကြားရသောအခါ နဂါးများစွာသည် စိတ်ပျက်လက်ပျက် ဖြစ်သွားကြ၏။

လက်သည်းငါးဖက် နတ်နဂါး၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားသော လုံစန်းပင်လျှင် ဝမ်းသာပျော်ရွှင်မှုကို မခံစားရပေ။

ယေဘုယျအားဖြင့် ပြောရလျှင် ဆူဇီမို၏ သေဆုံးမှုနှင့် ဆိုပါက.. သူသည် နဂါးမျိုးနွယ်၏ သခင်လေးနေရာကို ချောချောမွေ့မွေ့ ဆက်ခံနိုင်ပေလိမ့်မည်။

သို့သော်လည်း သူ၏ ရင်ထဲတွင် ဆူဇီမို အသက်ရှင်ဖို့သာ ပိုမိုလိုလားလေသည်။

ထိုသို့ဖြင့် သူသည် ပြိုင်ဘက်ကောင်းတစ်ယောက် ရှိနေမည်ဖြစ်ပြီး သူ၏ ခွန်အားက အလျင်အမြန် တိုးပွားလာပေလိမ့်မည်။

လုံမိုက ပြန်လည်ရောက်ရှိလာခဲ့လေပြီ။

ထိုသတင်းသည် နဂါးအရိုးတောင်ကြားမှာ လျင်မြန်စွာ ပျံ့နှံ့သွား၏။

လုံရှီက ပြေးချလာ၏။

ကြမ်းကြုတ်ခက်ထန်သော စိတ်နေစရိုက်ရှိခဲ့ဖူးသည့် အာဏာရှင်နဂါးသည် ယခုအခါ မျက်ရည်များဖြင့် ငိုလိုက် ရယ်လိုက် ဖြစ်နေ၏။

ဆူဇီမိုသည် တစ်ကိုယ်တော်တိမ်စိုင်ကိုပင် တွေ့မြင်လိုက်ရ၏။

တစ်ကိုယ်တော်တိမ်စိုင်သည် မီးပဒေသာနဂါးမျိုးဆက်၏ သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူက ယခုအခါ မီးပဒေသာနဂါးမျိုးဆက်၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေသည်မှာ သိသာလေသည်။

တစ်ကိုယ်တော်တိမ်စိုင်၏ နဂါးမျိုးဆက်သွေးသည် ယခုအခါ အလွန်တရာ သန့်စင်နေပြီဖြစ်ကြောင်း ဆူဇီမိုက ရှင်းလင်းစွာ ခံစားမိလိုက်၏။

တစ်ကိုယ်တော်တိမ်စိုင်သည် ရေနဂါးမျိုးဆက်သွေးကနေ ရုန်းထွက်ပြီး အစစ်အမှန် နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲလာနိုင်ခဲ့လေပြီ။

“သခင်..”

တစ်ကိုယ်တော်တိမ်စိုင်သည် ဆူဇီမို၏ ရှေ့မှာ ဒူးထောက်ပြီး ဦးချလိုက်လေသည်။

“ကောင်းတယ်ကွာ.. ကောင်းတယ်..”

ဆူဇီမိုက ခေါင်းညိတ်၍ သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းကာ တစ်ကိုယ်တော်တိမ်စိုင်ကို ထူမပေးလိုက်၏။

တာအိုအမွေအနှစ်ကုန်းမြေမှာတုန်းက တစ်ကိုယ်တော်တိမ်စိုင်သည် သူ၏အသက်ကို စွန့်လွှတ်စတေးကာ ဆူဇီမိုကို ကယ်တင်ဖို့ ကြိုးစားခဲ့ဖူးလေသည်။ ယခု တစ်ကိုယ်တော်တိမ်စိုင်သည် အစစ်အမှန် နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲပြီး သူ၏ ကိုယ်ပိုင်အခွင့်အလမ်းကို ရှာဖွေတွေ့ရှိသွားသည့်အတွက် ဆူဇီမိုက ကျေနပ်နှစ်ခြိုက်မိသွားလေသည်။

“လုံမို.. မင်းမသေသေးတာ ကောင်းလိုက်တာကွာ.. ဟားဟားဟားဟား”

ထိုစဉ်မှာပင်.. လုံစန်း၏ နှစ်ထောင်းအားရရှိသော ရယ်သံက ထွက်ပေါ်လာ၏။

သူက ခြေလှမ်းကျဲကြီးဖြင့် လျှောက်လှမ်းလာပြီး အပြုံးတစ်ခုနှင့်အတူ ပြောလိုက်၏။

“မင်း ပြန်ရောက်လာတာနဲ့ အတော်ပဲ… ငါ မကြာသေးခင်ကမှ နောက်ထပ် ပင်ကိုနတ်ဘုရားစွမ်းအား တစ်ခုကို နားလည်ဆင်ခြင်နိုင်ထားတာ.. မင်း အဲဒါကို ခံစားရအောင် ငါတို့ ထပ်ပြီး တိုက်ခိုက်ကြတာပေါ့”

All Chapters