← Chapters

မွေးနီတစ္ဆေ ဒဏ်ရာရရှိလာခြင်း

Vol. 94 Ch. 1409

မွေးနီတစ္ဆေ ဒဏ်ရာရရှိလာခြင်း

Vol. 94 Ch. 1409

“အို…”

ဆူဇီမိုက လုံစန်းကို လှည့်ကြည့်ပြီး ခေါင်းညိတ်လိုက်၏။

“မဆိုးဘူး.. မင်းက ပေါင်းစည်းခန္ဓာအဆင့်ကို ဝင်ရောက်သွားပြီပဲ”

လုံစန်းသည် ပကတိ ဓမ္မဝိသေသအဆင့်မှာ နှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့၏။

သူသည် ဆူဇီမိုနှင့် တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ရသော်လည်း သူ၏ တိုက်ခိုက်လိုသော စိတ်ဝိညာဉ်က ပိုမိုတောက်လောင်လာခဲ့၏။

ဒါ့အပြင် သူသည် ထိုတိုက်ပွဲကနေ အကျိုးအမြတ်ကြီးမားစွာ ရရှိခဲ့၏။ သူသည် တံခါးပိတ်ကျင့်ကြံသွားခဲ့ပြီး မကြာခင် သူ၏ ကျင့်ကြံမှုအဆင့်က တိုးတက်လာကာ ပေါင်းစည်းခန္ဓာအဆင့်သို့ တစ်ခါတည်း ချိုးဖျက်ဝင်ရောက်သွားခဲ့၏။

သူသည် ဓမ္မဝိသေသအဆင့်မှာ ရှိခဲ့စဉ်က လုံစန်းသည် ပင်ကိုနတ်ဘုရားစွမ်းအားနှစ်ခုကို နားလည်ဆင်ခြင်နိုင်ခဲ့၏။

ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်ပြီးနောက် သူသည် နောက်ထပ် ပင်ကိုနတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်နိုင်ကာ သူ၏ တိုက်ခိုက်ရည်ခွန်အားက ဆပွားများစွာ တိုးလာခဲ့၏။ ထို့ကြောင့်ပင် သူသည် ဆူဇီမိုကို တွေ့မြင်သောအခါ စိတ်လှုပ်ရှားတက်ကြွလာပြီး နောက်တစ်ဖန် တိုက်ခိုက်လိုခြင်းဖြစ်၏။

“လုံစန်း.. အဲဒါ နင် ဘာလုပ်နေတာလဲ”

လုံရှီက သူမ၏ မျက်ခုံးကို ပင့်ပြီး လုံစန်းကို​ စိုက်ကြည့်ကာ စိမ်းသက်သော အမူအရာဖြင့် ပြောလိုက်၏။

“ငါတို့ရဲ့ သခင်လေးက ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်လာတာဖြင့် မကြာသေးဘူး… ဒါပေမဲ့ နင်ကတော့ ပေါင်းစည်းခန္ဓာအဆင့်မှာ ရောက်နေပြီ.. အဲဒါက ဘယ်လိုတိုက်ခိုက်မှာလဲ.. အဲဒါက လုံးဝ မမျှတဘူး”

“ဟားဟား”

လုံစန်းက ဟားတိုက်ရယ်မော၍ ကျီစယ်လိုက်၏။

“ငါတို့ကဖြင့် မတိုက်ခိုက်ရသေးဘူး… နင့်ရဲ့ နှလုံးသားက နာကျင်နေပြီလား.. ငါတို့သာ တကယ်တမ်း တိုက်ခိုက်ကြမယ်ဆိုရင် နင်တို့နှစ်ယောက် ပူးပေါင်းလို့ မရဘူးနော်”

“အဲဒါ နင့်အလုပ်မဟုတ်ဘူး”

လုံရှီက သူမ၏ လက်သီးကို မြှောက်ပြလိုက်၏။

“ထားလိုက်ပါတော့”

လုံစန်းက ပြုံးလိုက်၏။

“သခင်လေး.. ခင်ဗျား​ ပေါင်းစည်းခန္ဓာအဆင့်ကို ဝင်ရောက်ပြီးမှပဲ ကျုပ်တို့ တစ်ခါထပ်ပြီး တိုက်ခိုက်ကြတာပေါ့… နဂါးမျိုးနွယ်မှာ ခင်ဗျားတစ်ယောက်ပဲ ကျုပ်ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ ထိုက်တန်တယ်”

“ပေါင်းစည်းခန္ဓာအဆင့်လား”

ဆူဇီမိုက ညင်သာစွာ ပြုံးလိုက်၏။

“ငါ အခုရောက်နေပြီလေ”

“ဟမ်”

လုံစန်းက ကြောင်အ,မှင်တက်သွား၏။

နဂါးများသည်လည်း သူတို့ နားကြားမှားသွားသည်ဟု ထင်မိပြီး မယုံကြည်နိုင်စွာဖြင့် ဆူဇီမိုကို မျက်လုံးပြူး မျက်ဆံပြူးဖြင့် ကြည့်လိုက်ကြ၏။

သခင်လေးသည် ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ခဲ့သည်မှာ နှစ်ဘယ်လောက်များများ ကြာသေးလို့လဲ။

နဂါးများသည် ရှည်လျားသော ဘဝသက်တမ်း ရှိကြ၏။ သူတို့ ဖြတ်သန်းခဲ့သော ဤနှစ်များသည် နဂါးများ၏ မျက်စိထဲမှာ တဒင်္ဂမျှသာ ဖြစ်၏။

ဆူဇီမိုသည် စကားများစွာ ပြောဆိုခြင်း မရှိဘဲ ပေါင်းစည်းခန္ဓာအဆင့်၏ စွမ်းအားကို ဖြည်းဖြည်းချင်း ထုတ်ဖော်ပြသလိုက်၏။

နဂါးများက တုန်လှုပ်သွားကြ၏။

တကယ်ပင် ဟုတ်နေ၏။

လုံစန်းသည်လည်း ကျေနပ်နှစ်ခြိုက်သွားပြီး သူ၏ မျက်လုံးက ဝင်းလက်သွား၏။

“ကောင်းတယ်ကွာ.. ကောင်းတယ်.. အဲဒါ အကောင်းဆုံးပဲ.. အဲဒီတော့ ငါတို့က နဂါးသွေးတိုက်ပွဲမြေကို တစ်ခါထပ်သွားပြီး တိုက်ခိုက်ကြတာပေါ့”

“မင်းက ငါ့ပြိုင်ဘက် မဟုတ်တော့ဘူး”

“ဘာလို့လဲ”

လုံစန်းက မနှစ်မျို့ဟန်ဖြင့် သူ၏ အမူအရာက သုန်မှုန်ခက်ထန်သွား၏။

“မင်းက ငါ့ကို အထင်သေးနေတာလား”

ဘာပဲပြောပြော.. သူသည် နဂါးမျိုးနွယ်၏ အမြင့်မြတ်ဆုံး လက်သည်းငါးဖက် မျိုးဆက်သွေးကို ပိုင်ဆိုင်ထား၏။ သူ့မှာ နက်ရှိုင်းသော မာန်မာနတစ်ခု ရှိလေသည်။ သူသည် အရင်တုန်းက ဆူဇီမိုကို တကယ်ပင် ရှုံးနိမ့်ခဲ့​ပြီး သူ၏ အရှုံးကိုလည်း လက်ခံခဲ့၏။

သို့သော်လည်း သူက အဲဒါကို ဘယ်တုန်းကမှ ထုတ်ဖော်ဝန်ခံခဲ့ခြင်း မရှိပေ။ တစ်နေ့မှာတော့ သူသည် ဆူဇီမိုကို ပြောင်ပြောင်တင်းတင်း အနိုင်ယူနိုင်မည်ဟု ယုံကြည်ထား၏။

သူသည် လက်သည်းငါးဖက် နတ်နဂါး၏ ဂုဏ်သိက္ခာကို ပြန်လည်ရယူရပေမည်။

ဆူဇီမိုသည် သူ၏ ခေါင်းကို ခါပြီး ထပ်မံ၍ ရှင်းပြမနေတော့ပေ။ ထိုအစား.. သူ၏ မျိုးဆက်သွေးကို လှည့်ပတ်ပြီး သူ၏ အရိုးများကို တဖျောက်ဖျောက်မြည်စေကာ အလွန်တရာ ကြောက်စရာကောင်းသည့် အော်ရာတစ်ခုကို သူ၏ ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်ပေါ်လာစေ၏။

“ဂါး..”

သူသည် ခေါင်းကိုမော့၍ ဟိန်းဟောက်လိုက်၏။

ထိုဟိန်းဟောက်သံသည် နဂါးဟိန်းသံသက်သက်သာ မဟုတ်ပေ။ ထိုအစား ထိုအသံတွင် ရှင်းလင်းသော ဖီးနစ်အော်သံကပါ ပါဝင်နေ၏။

အဲဒီနောက်.. ချက်ချင်းပင် ဆူဇီမို၏ လက်နှစ်ဖက်သည် ကြောက်စရာကောင်းသော လက်သည်းတစ်စုံအဖြစ် ပြောင်းလဲသွား၏။ ရုတ်တရက်.. သူ၏နောက်ကျောကနေ ဧရာမ တောင်ပံတစ်စုံကလည်း ဖြန့်ကြက်ထွက်ပေါ်လာ၏။ ငှက်မွေးတစ်တောင်ချင်းစီသည် နီရဲ၍ အလျှံညီးညီး တောက်လောင်နေသော မီးတောက်များကဲ့သို့ ကြည်လင်နေ၏။

သူသည် နဂါးဖီးနစ်အဖြစ်သို့ လုံးလုံး အသွင်ပြောင်းလဲလိုက်ခြင်း မဟုတ်ပေ။

ထိုသို့ဆိုလျှင်တောင် သူ ဖြာထုတ်ပေးလိုက်သော တဗူးအော်ရာသည် နဂါးများ၏ အမူအရာကို ပြောင်းလဲသွားစေပြီး သူတို့၏ စိတ်နှလုံးကို ချောက်ချားသွားစေ၏။

နဂါးများ အားလုံးသည် တုန်လှုပ်ချောက်ချားသွားသော အမူအရာများနှင့်အတူ မြေပြင်ပေါ်မှာ ဒူးထောက်ကျသွား၏။

လုံစန်းပင်လျှင် တဗူးအော်ရာနှင့် ရင်ဆိုင်ရချိန်မှာ သူ၏ ခေါင်းကို ငုံ့ထားရ၏။

ထိုအခိုက်အတန့်တွင် လက်သည်းငါးဖက် နတ်နဂါး၏ မျိုးဆက်သွေးက အပြတ်အသတ် ဖိနှိမ်ခံလိုက်ရ၏။

မလှမ်းမကမ်းတွင် အစက လေထဲမှာ ပျံသန်းနေကြသော နဂါးအကြီးအကဲအချို့ ရှိကြလေသည်။ သို့သော်လည်း ထိုအော်ရာ ဆင်းသက်လာပြီးနောက် သူတို့သည် တုန်လှုပ်သွားပြီး ကြောင်တိကြောင်တောင် အမူအရာများနှင့်အတူ လေထဲကနေ အလောတကြီး ဆင်းသက်လိုက်ရ၏။

ဘန်း.. ဘန်း… ဘန်း…

နဂါးအရိုးတောင်ကြားမှာ စွမ်းအားကြီးမားသော အော်ရာများသည် တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။

အစက တံခါးပိတ်ကျင့်ကြံနေကြသော နဂါးမျိုးနွယ်မှ မဟာအကြီးအကဲအချို့သည် တဗူးအော်ရာကြောင့် ထိတ်လန့်သွားပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြ၏။

“နဂါးဖီးနစ်တဗူး”

အပြာရောင်နဂါး မဟာအကြီးအကဲက မျက်လုံးပြူး မျက်ဆံပြူးဖြင့် အံ့အားတသင့် ရေရွလိုက်၏။

“အဲဒါကို သူ လုပ်နိုင်ခဲ့ပြီပဲ”

မီးပဒေသာနဂါး မဟာအကြီးအကဲကလည်း စိတ်လှုပ်ရှားစွာဖြင့် ရယ်မောလိုက်၏။

နဂါးများ အားလုံးသည် ‘နဂါးဖီးနစ်တဗူး’ဟူသော စကားကို ကြားရချိန်မှာ တုန်လှုပ်သွားကြ၏။

လုံစန်းသည် လေထဲမှ ထိုပုံရိပ်ကို မော့ကြည့်ပြီး ကူကယ်ရာမဲ့မှုကို ခံစားလာရ၏။

ကမ္ဘာဦးတဗူး…

သူ၏ မျိုးဆက်သွေးသည် တုန်လှုပ်စရာကောင်းပြီး သူက အလွန်ပါရမီပါကာ ဝှက်ဖဲများစွာ သူ့မှာရှိသော်လည်း ယခုအချိန်ထိ သူ၏ အစွမ်းအစသည် တဗူးများကို စိန်မခေါ်နိုင်သေးပေ။

သူသည် ခါးသက်စွာ ရယ်မော၍ သူ၏ခေါင်းကို ခါယမ်းလိုက်၏။

အစကတော့ သူ့မှာ ယုံကြည်မှုအပြည့် ရှိနေပြီး ဆူဇီမိုနှင့် တစ်ဖန်တိုက်ခိုက်ဖို့အတွက် မျှော်လင့်နေမိ၏။

နှစ်အနည်းငယ် ကြာပြီးနောက်.. ယခု သူတို့နှစ်ယောက်ကြား ကွာဟချက်က ပို၍ပင် ကြီးမားသွားခဲ့လေပြီ။

“လုံမို…”

မီးပဒေသာနဂါး မဟာအကြီးအကဲ၏ အသံက ထွက်ပေါ်လာ၏။

“တစ်စုံတစ်ယောက်နဲ့ တွေ့ဖို့ ငါ့နောက်က လိုက်ခဲ့”

ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီးနောက် ဆူဇီမို၏ အကြည့်သည် လုံစန်းဆီသို့ ရောက်ရှိသွား၏။ သူက ခေါင်းညိတ်ပြပြီး သူ၏ လူသားသွင်ပြင်သို့ ပြောင်းလဲကာ မီးပဒေသာနဂါး မဟာအကြီးအကဲနှင့်အတူ ထွက်ခွာသွား၏။

သိပ်မကြာမီ.. သူတို့နှစ်ယောက်သည် ဧရာမ လိုဏ်ဂူတစ်လုံးရှေ့သို့ ရောက်ရှိလာခဲ့၏။

ထိုလိုဏ်ဂူသည် အလွန်တရာ စူးရှသော ဆေးနံ့များဖြင့် ဟောင်ထွက်နေ၏။

လိုဏ်ဂူသည် အလွန်တရာ ကျယ်ဝန်းပြီး အထဲမှာ လူတစ်ယောက်သာလျှင် ရှိလေသည်။ သူ၏ သွေးနီရောင်ဆံပင်များက မီးတောက်များကဲ့သို့ တောက်ပနေပြီး ကြမ်းတမ်းသော ရုပ်ရည်သွင်ပြင် ရှိလေသည်။ တောက်လောင်နေသော အကြည့်နှင့်အတူ သူ့ထံမှ အလွန်တရာ အားကောင်းသော စွမ်းအားတစ်ခု ဖြာထွက်နေ၏။

“မွေးနီတစ္ဆေ”

ဆူဇီမိုက ခဏမျှ ကြောင်အ,မှင်တက်သွား၏။

“မင်းက နဂါးဖီးနစ်အဖြစ် အသွင်ပြောင်းလဲနိုင်သွားပြီလား”

မွေးနီတစ္ဆေက ဆူဇီမိုကို ကြည့်ပြီး မေးလိုက်၏။

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။

“မွေးနီတစ္ဆေ.. ခင်ဗျား ဒဏ်ရာရထားတာလား”

“အင်း.. ဟုတ်တယ်”

မွေးနီတစ္ဆေက ခေါင်းညိတ်ပြလိုက်ပြီး သူ၏ အမူအရာက အနည်းငယ် ပျက်ယွင်းနေ၏။

“ခင်ဗျား ဒဏ်ရာတွေကို ကုသဖို့အတွက် ဘာလို့ ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းကို မသွားတာလဲ”

ဆူဇီမိုက တစ်ဖန်ထပ်၍ မေးလိုက်၏။

မီးပဒေသာနဂါး မဟာအကြီးအကဲက ရှင်းပြလိုက်လေသည်။

“ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းက ပျက်စီးသွားတဲ့ အသားတွေကို ပြန်ဖြည့်ပေးနိုင်တယ် ဆိုပေမဲ့… အဲဒါက ဘိုးဘေးအဆင့် ပညာရှင်တွေအပေါ်မှာတော့ အကျိုးသက်ရောက်မှု မရှိသလောက်ပဲ”

“ခင်ဗျားကို ဘယ်သူ ထိခိုက်အောင် လုပ်ခဲ့တာလဲ”

ဆူဇီမိုက မျက်မှောင်ကြုတ်၍ မေးလိုက်လေသည်။

မွေးနီတစ္ဆေ၏ တိုက်ခိုက်ရည်ခွန်အားက အရမ်းကို သန်မာနေခဲ့ပြီဖြစ်၏။

အရင်တုန်းက သူသည် ဗုဒ္ဓကျောင်းတော်များ၏ ဓမ္မဧကရာဇ်တစ်ပါးနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး ထိပ်သီးဂိုဏ်းကြီး နှစ်ဂိုဏ်းကို တစ်ယောက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်ခဲ့၏။

သို့သော် ယခုအခါမှာတော့ မွေးနီတစ္ဆေက ဒဏ်ရာရရှိလာခဲ့၏။

မွေးနီတစ္ဆေက လေးနက်သော အသံဖြင့် ပြောလိုက်၏။

“အဲဒီနေ့က နဂါးသင်္ချိုင်းတောင်ကြားကနေ ထွက်လာပြီးတဲ့နောက်.. ငါက နဂါးအရိုးတောင်ကြားကို ပြန်မလာခဲ့ဘဲ တခြားတစ်နေရာကို သွားခဲ့တယ်”

ခဏမျှ ရပ်တန့်ပြီးနောက်.. ဆူဇီမိုက တစ်စုံတစ်ရာကို ရုတ်တရက် တွေးမိသွားကာ လွှတ်ခနဲ ပြောလိုက်၏။

“သားရဲတစ်ထောင်တောင်ကြား”

“ဟုတ်တယ်.. အဲဒီနေရာပဲ”

မွေးနီတစ္ဆေက ခေါင်းညိတ်လိုက်၏။

“သားရဲတစ်ထောင်တောင်ကြားက နှစ်တစ်ထောင်သွေးပင်လယ်မှာ သွေးရောင်မျက်နှာ ပေါ်ထွက်လာခဲ့ဖူးတယ်လို့ မင်းပြောခဲ့ဖူးတယ်လေ.. အဲဒါကြောင့် ငါက အဲဒီကို သွားရှာခဲ့တယ်”

ဟိုအရင်တုန်းက.. နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ သွေးရောင်မျက်နှာက ပုန်းကွယ်နေခဲ့၏။

တျဲယွဲ့ ရောက်ရှိလာခြင်းကြောင့်သာ မဟုတ်လျှင် ကိုယ်တော်ယွမ်ပေနှင့် မွေးနီတစ္ဆေပင်လျှင် သွေးရောင်မျက်နှာ၏ တည်ရှိမှုကို သတိထားမိလိမ့်မည် မဟုတ်ပေ။

သွေးရောင်မျက်နှာသည် မဟာချွမ်အင်ပါယာ ဖျက်ဆီးခံရခြင်း၏ နောက်ကွယ်မှ အစစ်အမှန် လက်သည်တရားခံ ဖြစ်ဖို့ များလေသည်။

မွေးနီတစ္ဆေ၏ ကလေး သေဆုံးမှုသည်လည်း ထိုသွေးရောင်မျက်နှာနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေနိုင်၏။

မွေးနီတစ္ဆေ၏ စိတ်နေစရိုက်အရ သူသည် သွေးရောင်မျက်နှာ၏ သတင်းကို ရရှိပြီးနောက် အဲဒါကို သေချာပေါက် လက်လွတ်ခံလိမ့်မည် မဟုတ်ပေ။

“ခင်ဗျား သူ့ကို မြင်ခဲ့လား”

ဆူဇီမိုက မျက်မှောင်ကြုတ်၍ မေးလိုက်၏။

“ဟင့်အင်း”

မွေးနီတစ္ဆေက သုန်မှုန်နေသော အမူအရာဖြင့် ခေါင်းခါပြလိုက်၏။

“ငါက နှစ်တစ်ထောင်သွေးပင်လယ်အောက်မှာ ဘာရှိလဲဆိုတာကို မတွေ့ခင်မှာဘဲ ငါက အဲဒီထဲမှာ ဒဏ်ရာရရှိပြီးတော့ သေလုမတတ် ဖြစ်ခဲ့ရတယ်”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

နှစ်တစ်ထောင်သွေးပင်လယ်က သူတွေးထင်ထားသည်ထက်ပင် များစွာပို၍ ကြောက်စရာကောင်းနေ၏။

မီးပဒေသာနဂါး မဟာအကြီးအကဲက လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ဇီမို.. အဲဒီ သွေးပင်လယ်က အရမ်းကို ကြောက်စရာကောင်းတယ်… မင်းက မဟာယာနအဆင့်ကို မရောက်ရှိသရွေ့ အဲဒီကို မသွားရဘူး”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

All Chapters