← Chapters

ဂိုဏ်းတည်ထောင်ခြင်းအခမ်းအနား

Vol. 55 Ch. 811

ဂိုဏ်းတည်ထောင်ခြင်းအခမ်းအနား

Vol. 55 Ch. 811

ဟင်းလင်းပြင် မွမ်းမံခြင်းအဆင့် ကျင့်ကြံသူများအနေဖြင့် ခေါင်းဆောင်၅ဦးသည် ချောက်ကမ်းပါးပေါ်မှ ကောင်းစွာ ခုန်ချနိုင်မည်မှာ သေချာသည်။

အဆိုးဆုံးအနေဖြင့် အနည်းငယ် ပုံပျက်ပန်းပျက် ဆင်းသက်လာနိုင်ခြင်း ဖြစ်၏။

အဆုံးသတ်တွင် လူသားများသည် ကြောင်များ မဟုတ်ကြပေ။

ဤအချိန်တွင် သူတို့ ယူလာခဲ့သော မမြင်နိုင်သော အဆောင်လက်ဖွဲ့များသည် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

သူတို့ကို မည်သူမှ မမြင်နိုင်သရွေ့ ဆင်းသက်လာချိန်တွင် ပုံဆိုးပန်းဆိုး ဖြစ်နေလျှင်ပင် ရှက်စရာကောင်းမည် မဟုတ်ပေ။

သို့သော် ပြဿနာမှာ သတင်းထောက် အုပ်စုတစ်စုက ချောက်ကမ်းပါး အောက်ခြေတွင် စုရုံး၍ ရှိနေခြင်းပင်။

ဂိုဏ်းခေါင်းဆောင်စွန်းနှင့် အခြားခေါင်းဆောင်များက အလွန်တရာ ကြောက်လန့်သွားကြပြီး အသားအရည်များပင် ချက်ချင်း ဖြူဖျော့သွားကြသည်။

၎င်းတို့ကဲ့သို့ ကျင့်ကြံသူများ အတွက် အကြောက်ဆုံးအရာမှာ သတင်းထောက်များ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

သတင်းထောက်များသည် လူထုအာရုံစူးစိုက်မှုကို ဖမ်းစားနိုင်ရန်အတွက် ၎င်းတို့၏ ဆောင်းပါးများတွင် အချက်အလက်များကို မကြာခဏ ပေါက်ကရထည့်လေ့ ရှိသည်။

ယခုလို တစ်ဖက်လူက အသစ်တည်ထောင်ထားသော ဂိုဏ်း၏ ချောက်ကမ်းပါးပေါ်ကနေ သူတို့လူစု ခုန်ချသည်ကိုမြင်လျှင် ၎င်းတို့၏ ဆောင်းပါးများ၌ မည်မျှ စိတ်ကူးယဉ်၍ ပေါက်ကရရေးမည်ကို မသိနိုင်ပေ။

ဤသည်က လုံးဝ ရှော့ဖြစ်စရာသတင်း ဖြစ်လာနိုင်ပေသည်။

ဂိုဏ်းကြီး ၅ဂိုဏ်း၏ ခေါင်းဆောင်များက ဂိုဏ်းသစ် တည်ထောင်ခြင်း အခမ်းအနားတွင် ချောက်ကမ်းပါးပေါ်မှ ခုန်ချသွားသည်။

မုန်လာဥဘုရင်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်က အခြားခေါင်းဆောင် ၄ဦးကို ဦးဆောင်၍ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးဖွင့်ပွဲတွင် ဂုဏ်ပြုသည့်အနေဖြင့် ချောက်ကမ်းပါးပေါ်မှ ခုန်ချခြင်းအမှုကို လုပ်ဆောင်ခဲ့သည်။

ဂိုဏ်းခေါင်းဆောင်စွန်းက သတင်းထောက်များကို မြင်လိုက်သည်နှင့် ပေါက်ကရ သတင်းခေါင်းစီးများ စိတ်ထဲတွင် အများအပြား ပေါ်လာခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူတို့ ချောက်ကမ်းပါးပေါ်မှ ခုန်ချလိုက်သည့်မြင်ကွင်းက မြောက်ပိုင်းရင်ပြင်ကို သွားနေသည့် ဤသတင်းထောက်အဖွဲ့ကို လျင်မြန်စွာပင် ဖမ်းစားနိုင်ခဲ့သည်။

“ဟိုမှာကြည့်စမ်း.. တစ်စုံတစ်ယောက်က ချောက်ကမ်းပါး ပေါ်ကနေ ခုန်ချလာတယ်.. ကင်မရာမန်း ဘယ်မှာလဲ.. စက်ပစ္စည်းတွေ အသင့်ပြင်စမ်း.. ဒါက သတင်းခေါင်းစီးပဲ.. ဒါနဲ့ အခုန်သမားတွေက ဘယ်သူတွေလဲ”

“ရှေ့ဆုံးကလူက မုန်လာဥဘုရင်ဂိုဏ်းက ခေါင်းဆောင်းစွန်းဟန်ကျိမ်နဲ့ မတူဘူးလား”

“ချလပ်.. ချလပ်.. ချလပ်”

စက္ကန့်ပိုင်းလေး အတွင်းမှာပင် ကင်မရာမန်းက ချောက်ကမ်းပါး အောက်ခြေတွ်င တလက်လက် တောက်ပနေပြီ ဖြစ်သည်။

“ခေါင်းဆောင်စွန်း.. ဘာတွေဖြစ်နေတာလဲ”

ဂိုဏ်းခေါင်းဆောင်စွန်းနှင့် အတူ ပါဝင်လာသော ဂိုဏ်းခေါင်းဆောင်များက အံ့ဩနေကြသည်။

အရေးအပါဆုံး အချက်မှာ ဤဆိုးရွားသည့် သတင်းထောက်အချို့က အလျင်အမြန် ပြေးနိုင်ခြင်းပင်။

၎င်းတို့က အသံဖမ်းကိရိယာများကို အမြင့်သို့မြှောက်၍ ကိုင်ဆောင်ထားကာ ခန္ဓာကိုယ် နည်းစနစ်များကိုပင် တိုက်ရိုက် အသက်သွင်းလိုက်ကြသည်။

ကင်မရာမန်းနှစ်ဦး ဆိုလျှင် လျှပ်တပြက် ခြေလှမ်းကိုပင် အသုံးပြုခဲ့ကြသည်။

ခေါင်းဆောင်စွန်းက ရှောင်လွှဲ၍ မရတော့သည်ကို သဘောပေါက်လိုက်သည်။

သူက ဤသတင်းထောက်များသည် မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးမှ တမင် စီစဉ်ထားပုံတော့မရပေ။

အဘယ်ကြောင့်ဆိုသော် ဤသတင်းထောက်အဖွဲ့က မြောက်ပိုင်းရင်ပြင်သို့ သွားစဉ် သူတို့နှင့် ကြုံတွေ့ခဲသောကြောင့် ဖြစ်သည်။

ပါမောက္ခယန်း၏ စကားအရ ဂုဏ်ထူးဆောင်ဧည့်သည်များ၏ လမ်းကြောင်းသည် သာမန်ဧည့်သည်များနှင့် မတူပေ။

ဤသတင်းထောက်အုပ်စုကမူ သတင်းယူရန် အတွက် အထူးအခွင့်အရေးအချို့ကို ရရှိကာ VIPလမ်းကြောင်းကို ရွေးချယ်ခွင့်ရရှိထားခြင်း ဖြစ်သည်။

အဆုံးသတ်တွင် ဤအရာအားလုံးက တိုက်ဆိုင်မှုဟုပင် ဆို၍ရပေသည်။

ခေါင်းဆောင်စွန်းက သွားများကို အံတင်းတင်း ကြိတ်လိုက်သည်။

ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားများကို တတ်နိုင်သမျှ စုစည်းလိုက်ကာ လေထဲတွင် ခပ်မြန်မြန်ရှိစေရန် စီမံခဲ့သည်။

သူတို့က မမြင်နိုင်သော အဆောင်လက်ဖွဲ့များကို အသုံးပြုခဲ့သော်လည်း အကြောင်းတစ်ခုခုကြောင့် ထိုအဆောင်လက်ဖွဲ့များက အလုပ် မလုပ်တော့ပေ။

သူက ဝိညာဉ်စွမ်းအားများကို စုစည်းခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူ၏ စွမ်းအားများကို လုံးဝ မစုစည်းနိုင်တော့ပေ။

ကျန်ခေါင်းဆောင်များသည်လည်း အတူတူပင် ဖြစ်သည်။

“ခေါင်းဆောင်စွန်း”

ဤအရာက မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးမှ အစီအရင်၏ သက်ရောက်မှု ဖြစ်နိုင်သည်ဟု ခေါင်းဆောင်စွန်းက ချက်ချင်း မတွေးလိုက်မိပေ။

သူတို့၏ မမြင်နိုင်သော တာအိုလက်ဖွဲ့ ဤသို့ အစွမ်းကင်းမဲ့သွားသည်မှာ ဂိုဏ်း၏ အတားအဆီး အစီအရင်ကြောင့် ဖြစ်နိုင်ပေသည်။

ခေါင်းဆောင်စွန်းက မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ အတားအဆီး အစီအရင်က ဤမျှ အားကောင်းလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူတို့လို ဟင်းလင်းပြင် မွန်းမံခြင်းအဆင့် ကျင့်ကြံသူများပင် ဝိညာဉ်စွမ်းအင်ကို အသုံးမပြုရန် တားမြစ်ခံလိုက်ရသည်။

ထို့ကြောင့် ချောက်အောက်ခြေသို့ ဆင်းသက်လာသည့်အခိုက်တွင် ဂိုဏ်းခေါင်းဆောင်စွန်းသည် သက်ပြင်းသာ ချနိုင်တော့၏။

“ဘာမှမထိတ်လန့်ပါနဲ့.. သတင်းထောက်တွေနဲ့ အလိုက်အထိုက် ဖြေကြတာပေါ့”

“အခုငါတို့ ဘာဆက်လုပ်ကြမလဲ”

ကျန်ခေါင်းဆောင်၄ဦးက ငိုချင်စိတ်ပင် ပေါက်လာသည်။

“မင်းတို့တွေက ချောက်နက်ကြီးကို ဘယ်လို သပ်သပ်ရပ်ရပ်လေး ဆင်းရမလဲ ဆိုတာကိုပဲ အာရုံစိုက်စမ်းပါ”

“……….”

တစ်ချိန်တည်းမှာပင် ဧည့်လက်ဖက်ရည်ဆိုင်တွင် ရှိနေသည့် ဂိုဏ်းခေါင်းဆောင်များသည် တစ်စုံတစ်ရာ မှားယွင်းနေပြီဟု ခံစားလိုက်ရသည်။

ဤအချိန်လောက်ဆိုလျှင် ခေါင်းဆောင်စွန်းက ပြန်ရောက်သင့်နေပြီ ဖြစ်သည်။

ဂိုဏ်း၏ အကာအကွယ်အစီအရင်က ယခုအခါတွင်အသက်ဝင်နေပြီ ဖြစ်၍ ၎င်းတို့၏ ဝိညာဉ်စွမ်းအင်သာ ပုံမှန်အတိုင်း မလည်ပတ်နိုင်လျှင် ပြဿနာကြီး တက်နိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ ၎င်းတို့က ဟင်းလင်းပြင် မွမ်းမံခြင်းအဆင့် ကျင့်ကြံသူများဖြစ်၍ ထွက်ပြေးလျှင်ပင် ဤမျှလောက် နှေးမနေသင့်ပေ။

ယုတ္တိဗေဒအရ ပြောရလျှင် ပြန်ရောက်သင့်နေပြီ ဖြစ်သည်။

သို့သော် ယခုအချိန်ထိ အရိပ်အယောင်မျှပင် မတွေ့​ရချေ။

“ဂိုဏ်းခေါင်းဆောင်လု မင်းကိုကြည့်ရတာ သိပ်အဆင်မပြေသလိုပဲနော်”

ပါမောက္ခယန်က ပြုံး၍ မေးလိုက်သည်။

“အဘိုးကြီးစွန်းနဲ့ တခြားခေါင်းဆောင်တွေက ဘာလို့ခုထိပြန်မရာက်ကြသေးလဲ တွေးနေတာပါ”

ဂိုဏ်းခေါင်းဆောင်လုက ရှက်ရွံစွာပြုံး၍ ပြန်ဖြေလိုက်သည်။

“အစောပိုင်းကတော့ အပေါ့သွားဦးမယ်လို့ ငါ့ကိုပြောခဲ့ကြတယ်”

“အဖွဲ့လိုက် အိမ်သာသွားကြတာလား.. အဲလို လက်ချင်းချိတ်ပြီး အိမ်သာသွားရလောက်အောင် သူတို့က ကလေးတွေလည်းမဟုတ်ဘူးလေ”

“ဪ.. အဲဒီလိုမဟုတ်ပါဘူး.. ဒါက သူတို့ရဲ့ အထူးဝါသနာပါ.. သူတို့ကို လိင်တူချစ်သူတွေလိုမျိုး တစ်ချိန်လုံးတပူးပူးတတွဲတွဲ လုပ်မနေဖို့ ငါလည်း ပြောခဲ့ပါသေးတယ်”

“အပေါ့အပါး သွားချင်ရင် ဘာလို့ ငါ့ကိုမပြောရတာလဲ.. ဒီဧည့်လက်ဖက်ရည်ဆိုင်မှာ သန့်စင်ခန်း ရှိတယ်လေ”

“သူတို့က သဘာဝနဲ့ နီးစပ်ရတာကို ကြိုက်လို့ ဖြစ်မှာပါ”

“……….”

ထိုအချိန်တွင် ပါမောက္ခယန်က သူ့ဖုန်းကို ကြည့်လိုက်ပြီး သတင်းအချို့ကို ရရှိခဲ့သည်။

“ဂိုဏ်းခေါင်းဆောင်လု.. ခေါင်းဆောင်စွန်းနဲ့ တခြားခေါင်းဆောင်တွေက နည်းနည်း နောက်ကျနိုင်တယ်.. ဘာလို့လဲဆိုတော့ သတင်းထောက်အချို့က သူတို့ကို အင်တာဗျူးနေလို့ပဲ”

“သတင်းထောက်တွေလား”

“ဟုတ်တယ်.. ဂိုဏ်းတည်ထောင်ခြင်း အခမ်းအနားအတွက် ငါတို့ဂိုဏ်းခေါင်းဆောင်က အထူးဖိတ်ကြားထားတဲ့ နိုင်ငံပိုင် သတင်းထောက်တွေပါ”

ကျင့်ကြံခြင်း ပြည်သူ့ညနေခင်း သတင်းဌာန၊ ကျင့်ကြံခြင်းပြည်သူ့မနက်ခင်း သတင်းဌာန၊ ဟွာရှို့ကျင့်ကြံခြင်းသတင်းဌာန…

“အဲဒီသတင်းဌာနတွေ အားလုံး ဒီကိုရောက်နေကြတာလား”

ဂိုဏ်းခေါင်းဆောင်လုက ထိတ်လန့်စွာ ရေရွတ်လိုက်ပြီး အေးစက်သော ချွေးစေးများပင် ထွက်လာသည်။

ဤသတင်းထောက်များသာ သူတို့ကို ဖမ်းမိသွားလျှင် အခြေအနေက အဖက်ဆည်၍ ရနိုင်တော့မည် မဟုတ်ပေ။

“ဥက္ကဌယန်.. ငါတို့ကို မျက်နှာသာပေးလို့ ဖြစ်မလား.. ဒီသတင်းထောက်တွေရဲ့ အင်တာဗျူးတွေကို တားဆီးပေးပါ.. မင်းသာ ငါတို့ကို ကူညီမယ်ဆိုရင် ငါတို့ ကောင်းကင်အလင်းမဟာမိတ်အဖွဲ့ အမြဲအမှတ်ရနေမှာပါ”

အခြေအနေက မည်မျှပြင်းထန်သည်ကို ဂိုဏ်းခေါင်းဆောင်လုသဘောပေါက်ခဲ့သည်။

ဂိုဏ်းခေါင်းဆောင်စွန်းနဲ့ အခြားခေါင်းဆောင်များသည် ကောင်းကင်အလင်း မဟာမိတ်အဖွဲ့ကို ကိုယ်စားပြုထားခြင်း ဖြစ်သည်။

အကယ်၍သာ ၎င်းတို့ကို ဖမ်းမိသွားလျှင် ကောင်းကင်အလင်းမဟာမိတ်အဖွဲ့၏ ဂုဏ်သတင်းက ကျဆင်းသွားနိုင်ပေသည်။

ကောင်းကင်အလင်း မဟာမိတ်အဖွဲ့က ဤနှစ်များတစ်လျောက်လုံး ပြိုလဲသွားခြင်းမရှိဘဲ ရပ်တည်နိုင်ခဲ့ခြင်းမှာ စည်းလုံး ညီညွတ်သောကြောင့် ဖြစ်သည်။

အကယ်၍သာ ယနေ့ပြဿနာတက်သွားလျှင် ကောင်းကင်အလင်း မဟာမိတ်အဖွဲ့ဝင်များကြား သွေးကွဲမှုများ ဖြစ်လာမည်ဖြစ်ပြီး အနာဂတ်တွင် မည်သို့ ဖြစ်လာမည်ကိုပင် ပြောရန် ခက်ခဲသည်။

ထိုထက် ဂိုဏ်းခေါင်းဆောင်များ ပို၍ ထိတ်လန့်နေသည်မှာ တိုက်ဆိုင်မှုကြောင့် ဖြစ်သည်။

အကယ်၍ ဤအရာသာ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးမှ တမင်တကာ စီစဉ်ခဲ့ခြင်းဖြစ်လျှင် တစ်ဖက်သား၏ ဗျူဟာသည် လိမ္မာပါးနပ်လွန်းသည်ဟု ဆိုရမည်။

သာမန် လှုပ်ရှားမှု တစ်ခုကပင် သူတို့ကို အထိနာစေခဲ့သည် မဟုတ်ပါလော။

ဥက္ကဌယန်က သူ့နှုတ်ခမ်းမွှေးများကို ပွတ်သပ်လိုက်ပြီး ရယ်ရယ်မောမောဖြင့် ရင်းနှီးစွာ ပြောလိုက်သည်။

“ဒါက ငါတို့ဂိုဏ်းမှာ ဖြစ်ပျက်ခဲ့တာပါ.. ခေါင်းဆောင်လုနဲ့ ကောင်းကင်အလင်း မဟာမိတ်အဖွဲ့က ငါတို့ဂိုဏ်းရဲ့ အထူးဧည့်သည် ဖြစ်တဲ့အတွက် ဒီကိစ္စကို ငါတို့ဂိုဏ်းက ကျော်ပေးလိုက်ပါမယ်.. ဒါနဲ့ ဂိုဏ်းခေါင်းဆောင်လု.. မင်းဒီနေ့ပြောခဲ့တာကို မှတ်မိနေမယ်လို့ ထင်ပါတယ်”

“ကျေးဇူးတင်ပါတယ် ပါမောက္ခယန်”

ခေါင်းဆောင်လုက ဦးညွှတ်၍ ပြောလိုက်သည်။

သူတို့နှစ်ဦးစကားပြောနေစဉ်မှာပင် ကောင်းကင်ယံ၌ ကြီးမားသော အနက်ရောင် အရိပ်တစ်ခုက လေထုကို ပိတ်ဆို့ကာ မြောက်ဘက်ရင်ပြင်နှင့် လက်ဖက်ရည်ဆိုင် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ဧည့်လက်ဖက်ရည်ဆိုင် အတွင်းမှ ဂိုဏ်းခေါင်းဆောင်များက ထိတ်လန့်တကြား ဖြစ်သွားပြီး အပြင်သို့ ထွက်လာကြသည်။

ထို့နောက်တွင် ၎င်းတို့က ကောင်းကင်ယံ၌ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ သင်္ကေတကို ရိုက်နှိပ်ထားသည့် ကြီးမားလှသော အင်မော်တယ် စစ်သင်္ဘောတစ်စင်းကို တွေ့လိုက်ရသည်။

ခဏအကြာတွင် နတ်စစ်သည်များကဲ့သို့ ရာနှင့်ချီသော စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများသည် ကောင်းကင်ကနေ အနီရောင်တံခွန်များကို ဂုဏ်ပြုသောအနေဖြင့် ဝှေ့ယမ်းလိုက်ကြသည်။

ထို့နောက်တွင် အင်မော်တယ်စစ်သင်္ဘောက လေထဲတွင် စက်ဝိုင်းပုံသဏ္ဍာန် တစ်ပတ် ပတ်လိုက်ပြီး လေထဲမှာပင် ငြိမ်သက်စွာ တည်ရှိနေခဲ့သည်။

အပိုင်း(၈၁၁) ပြီး၏

All Chapters