← Chapters

ဝမ်လင်း၏ ကွဲပြားသောအကောင့်

Vol. 55 Ch. 814

ဝမ်လင်း၏ ကွဲပြားသောအကောင့်

Vol. 55 Ch. 814

အပန်းဖြေခန်းမဆောင်မှူး…

အထင်ကရဂိုဏ်းကြီးများ အားလုံးသည် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး ဖွင့်ပွဲခမ်းအနား မတိုင်မီတွင် ဂိုဏ်း၏ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးပြီးပြီ ဖြစ်သည်။

အပန်းဖြေခန်းမသည် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးမှ လူသိရှင်ကြား ထုတ်ပြန်ခဲ့သော အဓိကဌာန ၇ခုအနက်မှ တစ်ခုဖြစ်ကြောင်း လူတိုင်းက စုံစမ်းမှုအရ သိထားကြသည်။

ဤဌာန၏ အဓိကအခန်းကဏ္ဍမှာ ဂိုဏ်းအတွင်း သရေစာများရောင်းချရန် ဖြစ်သည်။

ရှင်းလင်းစွာပြောရလျှင် ထိုဌာန၏ လုပ်ငန်းဆောင်တာမှာ ကျောင်းများတွင် ရောင်းချသော မုန့်ဈေးတန်းများနှင့် အနည်းနှင့်အများ ဆင်တူ၏။

မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးက ဤဌာနကို အဘယ်ကြောင့် တည်ထောင်ထားသည်ကို လူအများကရှင်းရှင်းလင်းလင်း မသိကြပေ။

သူတို့သေချာပေါက် သိနိုင်သည့် တစ်ခုတည်းသောအရာမှာ ဤဌာနခေါင်းဆောင်၏ဘအထောက်အထားက မရိုးရှင်းဟူသောအချက် ဖြစ်သည်။

ခေါက်ဆွဲခြောက်တာအိုဧကရာဇ်..

ဤသည်မှာ ယနေ့ခေတ်တွင် မည်သူမှမကြားဖူးသော တာအိုအမည် ဖြစ်သည်။

တကယ်တမ်းတွင် သိုင်းပြိုင်ပွဲကို အဆိုပြုခဲ့သူမှာ ချိုက်လျန်ဖြစ်သည်။

ယနေ့က ဂိုဏ်းတည်ထောင်ခြင်း အခမ်းအနား ဖြစ်သောကြောင့် ဂိုဏ်းခေါင်းဆောင် အားလုံးက တစ်စုတစ်စည်းတည်း ရှိနေကြသည်။

ဤသည်က ခေါက်ဆွဲခြောက်တာအိုဧကရာဇ်၏ ပုံရိပ်ကိုဖန်တီးရန် အခွင့်ကောင်းတစ်ခုဖြစ်ပေသည်။

ယင်းမှာ လူတိုင်း၏ရှေ့တွင် ဂိုဏ်းအသစ်တစ်ခု အနေဖြင့် မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးအတွက်လည်း ဂုဏ်သိက္ခာကို တည်ဆောက်နိုင်မည် ဖြစ်သည်။

၎င်းသည် တာအိုအမည် လင်းကျန်းရန်ကို ဝမ်လင်း အသုံးပြုသောအခါတွင် ပြင်ပမှအာရုံကို ထိရောက်စွာ ဖယ်ရှားနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ယခုအချိန်တွင် ဝမ်လင်းက ကိုယ်ပွားတစ်ဝက်ကိုပေးပို့ခဲ့သော်လည်း ထိုကိုယ်ပွား၏ အရပ်အမောင်း အပါအဝင် ပုံသွင်းထားသည့် အသွင်အပြင် တစ်ခုလုံးသည် ဝမ်လင်း၏ ရုပ်သွင်နှင့် လုံးဝမတူပေ။

“အရင်က ညီနောင်လင်းကို အကူအညီတောင်းတိုင်း သူကလင်းကျန်းရန်ရဲ့ ပုံရိပ်ကို အမြဲသုံးလေ့ရှိတယ်.. သေသေချာချာ တွေးကြည့်ရင် ဒါက အဆင်ခြင်မဲ့ရာ ကျနေတယ်.. ညီနောင်လင်းက သိုသိုသိပ်သိပ် နေထိုင်ရတာကို နှစ်သက်သူ ဖြစ်တာကြောင့် ဒီလုပ်ဆောင်ချက်က လူအများကို အထင်မှားစေဖို့ပဲ ဖြစ်တယ်.. ရှင်းလင်းအောင် ပြောရရင် ဒါက ညီနောင်လင်းကို အကောင့်သစ်တစ်ခု ဖွင့်ဖို့ ကူညီပေးလိုက်တာပဲ”

ထွင်ထျန်းဟာ “……….”

ဤရှင်းလင်းချက်က အလွန်ပင် ရိုးရှင်းပြီး တည့်တိုးဆန်နေသည်။

“လူတော်တော်များများက ဆရာလေးလင်းကို တစ်ခါမှ မမြင်ဖူးပေမဲ့ ဒါကလည်း ခေါက်ဆွဲခြောက် တာအိုဧကရာဇ်ရဲ့ ပထမဆုံး အသွင်အပြင် ဖြစ်နေတယ်.. သူတို့နှစ်ယောက်က တစ်ယောက်ထဲပဲလို့ လူတွေက မတွေးမိနိုင်ဘူးလား”

“အဲဒီအတွက် စိတ်မပူပါနဲ့”

ဗုံးပစ်စီနီယာအင်မော်တယ်က စက်ခန်းအတွင်းရှိ ဖန်သားပြင်ကို ညွှန်ပြ၍ပြောလိုက်သည်။

“ငါဒီတာအိုအမည်လင်းကျန်းရန်ကို ဂိုဏ်းရဲ့ ဂုဏ်ထူးဆောင်အဖြစ် သတ်မှတ်ထားပြီးပြီ.. အစီအစဉ်ရဲ့ နောက်ပိုင်းကဏ္ဍမှာ သူက အင်မော်တယ်စစ်သင်္ဘောပေါ်က VIPတွေနဲ့ အတူ ပေါ်ထွက်လာမှာဖြစ်တယ်”

ငွေရောင်လေး “အဲဒါကလည်း ကိုယ်ပွားပဲလား”

ဗုံးပစ်စီနီယာအင်မော်တယ်က ခေါင်းခါယမ်းလိုက်သည်။

“မဟုတ်ဘူး.. အဲဒါက ညီနောင်ဝမ်မင် ပြုလုပ်ထားတဲ့ လူသားပုံစံတူ မှော်ရတနာပဲ.. သူ့ရဲ့ အသွင်အပြင်ကိုလည်း အပြောင်းအလဲတချို့ ပြုလုပ်ထားတဲ့အတွက် ညီနောင်လင်းနဲ့မတူဘူး.. အင်မော်တယ်စစ်သင်္ဘောပေါ်က လင်းကျန်းရန် ကတော့ အခုအချိန်မှာ သံချပ်ဝတ် စစ်သည်တော်တွေလို ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ဝတ်ဆင်ထားတယ်”

ငွေရောင်လေးနှင့်ထွင်ထျန်းဟာ “……….”

ထိုခဏတွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ခလုတ် တစ်ခုကိုနှိပ်၍ ပြောလိုက်သည်။

“အားလုံးအသင့်ပြင်ထားကြ.. ခေါက်ဆွဲခြောက်တာအိုဧကရာဇ် စင်ပေါ်တက်လာတော့မယ်”

ထိုမက်ဆေ့ချ်ကို လက်ခံရရှပြီးနောက်တွက် ဝမ်ဟန်သည်တစ်ဖက်သို့ လျှောက်သွားခဲ့သည်။

စင်မြင့်ပေါ်တွင် ယန္တရားသံများ ထွက်ပေါ်လာပြီးနောက် စင်မြင့်၏ အလယ်ဗဟိုမှာ ဖြည်းညင်းစွာ ကွဲထွက်သွားခဲ့သည်။

ထို့နောက်တွင် တိုက်ပွဲစင်မြင့်တစ်ခုက ဖြည်းညင်းစွာပေါ်ထွက်လာ၏။

ကွင်းတစ်ခုလုံးကို တိုက်ခိုက်မှုများအား ခံနိုင်ရည်ရှိစေရန်အတွက် အထူးဒီဇိုင်းထုတ်ထားသည်။

အကယ်၍ ပျက်စီးသွားလျှင်ပင် သူ့အလိုလို ပြန်လည်ကောင်းမွန်လာမည် ဖြစ်သည်။

ထိုခဏမှာပင် ထိုတိုက်ပွဲစင်မြင့်၏ အလယ်ဗဟို၌ ခေါက်ဆွဲခြောက် တာအိုဧကရာဇ်က မတ်မတ်ရပ်နေသည်ကို ပရိသတ်အားလုံးက မြင်လိုက်ရသည်။

“ဒါက ခေါက်ဆွဲခြောက်တာအို ဧကရာဇ်တဲ့လား”

အားလုံးက စင်မြင့်အလယ်ဗဟိုရှိ လူငယ်ကို ဝိုင်းကြည့်နေကြသည်။

ထိုခေါက်ဆွဲခြောက် တာအိုဧကရာဇ်က အလွန်ပိန်ပြီး အသားအရည် မျှတသည်ဟု မယူဆနိုင်သော်လည်း ကျန်းမာရေးနှင့်ညီညွတ်သည့် ဂျုံအရောင်မျိုး ဖြစ်နေသည်။

အရေးကြီးဆုံးအချက်မှာ ထိုလူ၏ မျက်နှာကို လူအချို့ကအနည်းငယ် ရင်းနှီးပုံရနေခြင်း ဖြစ်သည်။

အထူးသဖြင့် ထွင်ထျန်းဟာ ဖြစ်သည်။

သူက ထိုလူငယ်၏အသွင်အပြင်ကို မြင်လိုက်သည်နှင့် ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။

ဆရာလေးလင်းသည် ထိုလူ၏မျက်နှာကို ပုံသွင်းသောအခါ၌ တစ်စုံတစ်ဦး၏ ပုံသဏ္ဍာန်ကို အကိုးအကားအဖြစ် အသုံးပြုခဲ့သည်မှာ သေချာသည်။

သူက အလွန်ရင်းနှီးသလို ခံစားခဲ့ရ၏။

ထိုအချိန်တွင် ဗုံးပစ်စီနီယာအင်မော်တယ်က ပြုံး၍ ရှင်းပြလိုက်သည်။

“ညီနောင်လင်းရဲ့ ကိုယ်ပွားအသွင်အပြင်က စီနီယာဝမ်ရဲ့ ငယ်ငယ်တုန်းက ရုပ်ရည်နဲ့ အတူတူပဲလေ”

ထွင်ထျန်းဟာ ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။

ဤလူငယ်၏ အသွင်အပြင်က ဖေဖေဝမ် ငယ်စဉ်ကအသွင်အပြင် ဖြစ်သည်ဟု သူချက်ချင်း သိလိုက်သည်။

သူက ဤမျက်နှာကို မြင်ဖူးသည်ဟု ခံစားရသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

အကြောင်းအရင်းမှာ ဝမ်လင်း၏ စာကြည့်စားပွဲတွင် ဖေဖေဝမ် ငယ်စဉ်က ဓာတ်ပုံများ ရှိနေခြင်းကြောင့် ဖြစ်သည်။

ဖေဖေဝမ်၏ ဇာတိက ကျေးလက်မှ ဖြစ်သည်ကို ထွင်ထျန်းဟာ သတိရမိသည်။

မြို့သို့မရောက်မီ ဖေဖေဝမ်သည် ရွာတစ်ရွာတွင် နေထိုင်ခဲ့သည်။

ထိုစဉ်က ဖေဖေဝမ်သည် ချောမောသော လူငယ်တစ်ဦး အဖြစ် အနီးနားရှိ ရွာများအားလုံးတွင် လူသိများခဲ့သည်။

ဖေဖေဝမ်က ရုပ်ရည်ချောမောစွာ မွေးဖွားလာသူဖြစ်၍ ငယ်စဉ်ကတည်းကပင် အမျိုးသမီးများကြား ရေပန်းစားခဲ့သူ ဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ ဖေဖေဝမ်တွငိ အလွန်လှပသည့် ဖီးနစ်မျက်လုံးတစ်စုံ ရှိနေခြင်းပင်။

ဖေဖေဝမ်က အမြဲလိုလို မျက်မှန်တပ်လေ့ရှိသောကြောင့် ထိုလက္ခဏာက သိပ်မသိသာပေ။

သို့သော် ဤသည်ကပင် ဝမ်လင်းက သူ၏ သွေးရင်းသားရင်းမဟုတ်ကြောင်း ဖေဖေဝမ် ယခင်က သံသယ ဖြစ်ခဲ့ရသည့် အကြောင်းရင်း ဖြစ်သည်။

ဆိုရလျှင် မေမေဝမ်သည် အလွန်လှပသော မျက်ရစ်နှစ်ထပ် အပြင် မျက်လုံးရွဲကြီးများနှင့် အလွန်ကြည့်ကောင်းသည်။

ဖေဖေဝမ်တွင်မူ ဖီးနစ်မျက်လုံးတစ်စုံ ရှိသည်။

သို့သော် သူတို့နှစ်ယောက်မှ မွေးထုတ်လိုက်သော ရင်သွေးဖြစ်သူကမူ ခံစားချက်မဲ့ ငါးမသာ မျက်လုံးကဲ့သို့ အေးတိအေးစက် ဖြစ်နေခဲ့သည်။

ဖေဖေဝမ်က နောက်ပိုင်းမှသာ သူ၏ရင်သွေးမှန်း ယုံကြည်သွားခဲ့သည်။

သူ့သား ဝမ်လင်းက သူ့မိန်းမ၏ သားအိမ်ထဲတွင် အပြောင်းအလဲအချို့ ရှိခဲ့ပုံရသည်။

ဆရာလေးလင်းက ဖေဖေဝမ် ငယ်စဉ်ကပုံကို တုပ၍ ဖန်တီးလိမ့်မည်ဟု ထွင်ထျန်းဟာ လုံးဝမထင်ထားခဲ့ပေ။

ကစားပွဲက ပို၍စိတ်ဝင်စားစရာ ကောင်းလာပြီ ဖြစ်သည်။

“ဘယ်သူအရင်တက်မှာလဲ”

ခေါက်ဆွဲခြောက်တာအိုဧကရာဇ်က ပရိသတ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

သူ့အသံကမထင်မှတ်ဘဲ မြင့်မြတ်သူ တစ်ယောက်ကဲ့သို့ နူးညံ့သိမ်မွေ့မှု ရှိနေသည်။

ထွင်ထျန်းဟာ “ဘာလဲဟ ဒီအသံက အရမ်းနားထောင်လို့ကောင်းတာပဲ.. အသံကြားရရုံနဲ့တင် ကိုယ်ဝန်ရသွားနိုင်တယ်”

စင်စစ် ဤအသံက ဖေဖေဝမ်၏ အသံ ဖြစ်သည်။

တိကျစွာပြောရလျှင် ဖေဖေဝမ် ငယ်စဉ်ကအသံ ဖြစ်၏။

ဆိုရလျှင် ဤအသံသည် ထူးထူးခြားခြား နူးညံ့ပြီး ကြည်နူးစရာကောင်းသည်။

သို့သော် ဤအရာက အဓိကအချက် မဟုတ်ကြောင်း ထွင်ထျန်းဟာ လျင်မြန်စွာ သဘောပေါက်လိုက်သည်။

“ဒီကိုယ်ပွားက ဘာလို့ ဒီအသံမျိုး ဖြစ်နေရတာလဲ”

ထွင်ထျန်းဟာ အံ့ဩသွားခဲ့သည်။

“ဒီကိုယ်ပွားတစ်ဝက်က ညီနောင်လင်း အထူးပြုလုပ်ထားတဲ့အတွက် ပျောက်ကွယ်သွားမှာတော့ မဟုတ်ဘူး.. ဒါကြောင့်အသွင်အပြင်ရော အသံကိုပါ နှစ်ခုလုံး ပြောင်းလဲခဲ့တာပဲ.. ဒီကိုယ်ပွားရဲ့ အဓိကအချက်ကတော့ သူ့ဘာသာသူ တွေးတောနိုင်စွမ်းပဲ’

ဗုံးပစ်စီနီယာအင်မော်တယ် “ဟုတ်ပါတယ်.. ဒီကိုယ်ပွားကို ညီနောင်လင်းက အချိန်မရွေး ထိန်းချုပ်နိုင်တယ်”

သူ၏စကားကိုကြားပြီးနောက် ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့က အံ့ဩသွားကြသည်။

ကိုယ်ဘာသာကိုယ် တွေးတောတတ်ပြီး ပျောက်ကွယ်မသွားနိုင်တဲ့ ကိုယ်ပွားတစ်ယောက်..

နွီဝါးကိုယ်တိုင်ပင် ဤကဲ့သို့ လူသားတစ်ယောက်ကို လွယ်လွယ်ကူကူ ဖန်တီးနိုင်မည် မဟုတ်လောက်ပေ။

ဤအရာက ဝမ်လင်း တစ်ယောက်တည်းသာ လုပ်နိုင်မည်မှာ ထင်ရှား၏။

ကိုယ်ပွား၏ မျက်နှာကို ပုံသွင်းနိုင်သည်ကပင် အံ့ဩစရာ ဖြစ်နေပြီ ဖြစ်သော်လည်း ထိုကိုယ်ပွားကို မပြိုကွဲစေရန် ထိန်းသိမ်းကာ ဝိညာဉ် အသိဉာဏ်ကို ပေးစွမ်းခြင်းသည် သက်ရှိတစ်ခုကို ဖန်တီးလိုက်သကဲ့သို့ပင် ဖြစ်သည်။

ဝမ်လင်းကို ကိုယ်စားပြုသည့် ခေါက်ဆွဲခြောက်တာအိုဧကရာဇ်က စင်မြင့်ထက်မှ စိန်ခေါ်မှု ပြုလုပ်လိုက်ပြီးနောက် ပုံရိပ်တစ်ခုသည် စင်မြင့်ထက်သို့ ချက်ချင်းပင် ခုန်တက်သွားခဲ့သည်။

ထိုလူမှာ ခုန်ပျံကျော်လွှားဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည့် ဆာကာမိုတိုရှီဆာဘူရို ဖြစ်သည်။

ထိုလူကနေကျွန်းမှလာသည့် နိုင်ငံခြားသားတစ်ယောက်ဖြစ်သည်။

သို့ရာတွင် ထိုလူသည် ဟွာရှို့ယဉ်ကျေးမှုကို အလွန်နှစ်သက်သောကြောင့် ဟွာရှို့တွင် အခြေချခဲ့ပြီး ခုန်ပျံကျော်လွှားဂိုဏ်းကိုတည်ထောင်ကာ ခန္ဓာကိုယ်လှုပ်ရှားမှုများကို သင်ကြားပို့ချသည့်လုပ်ငန်းအား စတင်ခဲ့သည်။

ထိုခဏမှာပင် ဝမ်ဟန်က ပြိုင်ပွဲစည်းမျဉ်းများကို ကြေညာလိုက်သည်။

“ဂိုဏ်းခေါင်းဆောင်တို့.. ဒီတိုက်ပွဲအတွက် စည်းမျဉ်းကတော့ ခေါက်ဆွဲခြောက် တာအိုဧကရာဇ်ရဲ့ခန္ဓာကိုယ်ကို ထိနိုင်သရွေ့ တိုက်ပွဲကို အနိုင်ရမှာဖြစ်တယ်”

“သူ့ရဲ့ခန္ဓာကိုယ်ကို ထိရုံပဲလား”

“ဒီလောက်တောင်ပဲ ရိုးရှင်းတာလား”

“မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးက နည်းနည်းတော့မောက်မာလွန်းမနေဘူးလား.. ဂိုဏ်းခေါင်းဆောင်တွေက ငစနူတွေလည်း မဟုတ်ဘူးလေ”

တစ်စုံတစ်ယောက်က ရယ်မော၍ ပြောလိုက်သည်။

“ကျွန်တော်တို့က ဂိုဏ်းခေါင်းဆောင်တွေကို မလေးစားတာမဟုတ်ပါဘူး.. ကျွန်တော်တို့မှာအချိန်သိပ်မရှိဘူးလေ.. ဒါပြင်လုပ်စရာတွေ အများကြီးရှိနေသေးလို့ပါ”

ဝမ်ဟန်က ပြုံး၍ ပြောလိုက်သည်။

“နောက်တစ်ခုပြောချင်တာက ဒီပြိုင်ပွဲက တစ်ဦးချင်းပြိုင်ပွဲမဟုတ်ဘူး.. ဂိုဏ်းခေါင်းဆောင်တွေ အနေနဲ့ ခေါက်ဆွဲခြောက်တာအိုဧကရာဇ်ကို စိတ်ခေါ်ချင်သရွေ့ အတူတကွ ပူးပေါင်းပြီးတိုက်ခိုက်နိုင်ပါတယ်.. သေချာတဲ့ အချက်ကတော့ ခေါက်ဆွဲခြောက်တာအိုဧကရာဇ်ကို အရင်ဆုံး ထိတဲ့သူကိုပဲ အထူးဆုကိုပေးလို့ရမှာဖြစ်တယ်.. စိန်ခေါ်မှုအတွင်းမှာ ပြိုင်ပွဲစင်မြင့်ကထွက်သွားခဲ့ရင် အရှုံးလို့သတ်မှတ်မယ်”

ထိုစကားကိုကြားလျှင် ဂိုဏ်းခေါင်းဆောင် အများစုက ဒေါသအိုး ပေါက်ကွဲသွားကြပြီး စင်မြင့်ထက်သို့ အပြိုင်အဆိုင် ခုန်တက်သွားကြသည်။

“ငါက ဟင်းရည်ပြုတ်ဂိုဏ်းရဲ့ ခေါင်းဆောင်ပဲ.. မင်းရဲ့စိန်ခေါ်မှုကို လက်ခံတယ်”

“ငါက တို့ဟူးချိုဂိုဏ်းရဲ့ ခေါင်းဆောင်ပဲ.. ဒီစိန်ခေါ်မှုကို လက်ခံတယ်”

“ငါတို့ သုံးရက်နဲ့နှစ်ဖွဲ့ဂိုဏ်းကလည်း ဒီစိန်ခေါ်မှုကို လက်ခံတယ်”

အပိုင်း(၈၁၄) ပြီး၏

All Chapters