← Chapters

မျက်စိကျိန်းလောက်အောင် တောက်ပသော

Vol. 55 Ch. 815

မျက်စိကျိန်းလောက်အောင် တောက်ပသော

Vol. 55 Ch. 815

ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့သည် စင်ပေါ်သို့ ခုန်တက်သွားကြသော ဂိုဏ်းခေါင်းဆောင်များကို စက်ခန်းထဲရှိ ဖန်သားပြင်မှကြည့်ရင်း လေးလေးနက်နက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဤအရာက မူမမှန်ပေ။

အဘယ်ကြောင့်ဆိုသော် ထိုဂိုဏ်းများ၏ အမည်များသည် အနည်းငယ်မျှပင် သင့်လျော်ပုံမရသောကြောင့် ဖြစ်သည်။

အနည်းငယ် လေးနက်ပုံရသည့် ခုန်ပျံကျော်လွှားဂိုဏ်း ဟူသည့်အမည်က လွဲလျှင် ကျန်ဂိုဏ်းများ၏ အမည်များသည် ဟာသဝတ္ထုထဲမှ အမည်များလို ဖြစ်နေသည်။

ဟင်းရည်ပြုတ်ဂိုဏ်းနှင့် တို့ဟူးချိုဂိုဏ်းတို့၏ အမည်များမှာ လက်ခံနိုင်ပါသေးသည်။

အကြောင်းအရင်းမှာ အစားအသောက် သမားများသည် သူတို့၏ ကိုယ်ပိုင်ဂိုဏ်းများကို ထူထောင်ကာ သူတို့ နှစ်သက်သည့် အစားအသောက်အမည်များ ပေးခြင်းမှာ ယနေ့ခေတ်တွင် မထူးခြားတော့သောကြောင့် ဖြစ်သ်ည။

တို့ဟူးချိုဂိုဏ်းအပြင် တို့ဟူးငံဂိုဏ်းနှင့် တို့ဟူးအစပ်ဂိုဏ်း ဟူ၍လည်း ရှိပါသေးသည်။

ဤအဖွဲ့၃ဖွဲ့သည် နှစ်ပေါင်းများစွာ ပြိုင်ဆိုင်ခဲ့ကြသော အဖွဲ့များ ဖြစ်သည်။

ထိုကဲ့သို့သော ဂိုဏ်းများသည် ယနေ့ခေတ်တွင် ဂိုဏ်းသားများကို စုဆောင်းရန်နှင့် အပြန်အလှန်ရှုပ်ချရန် အတွက်သာ ထူထောင်ထားကြသည်။

ယခုအခါတွင် အဓိကကျသော မေးခွန်းသို့ ရောက်ရှိလာပြီဖြစ်သည်။

သုံးရက်နဲ့နှစ်ဖွဲ့ ဟူသည့်အမည်က မည်သည့်အဓိပ္ပါယ်နည်း။

တာဝန်မဲ့သည့် စာရေးဆရာက ပေါက်ကရ အမည်ပေးပြီး စာဖတ်သူများကို လှောင်ပြောင်နေပါသလော။

ငွေရောင်လေး “ဒီသုံးရက်နဲ့နှစ်ဖွဲ့ဆိုတဲ့ ဂိုဏ်းရဲ့အမည်က ဘယ်လိုကြီးလဲ”

“ညီနောင်ငွေရောင်လေးက ဒီဂိုဏ်းအကြောင်းကို သိချင်တာလား.. ဟုတ်တယ်.. သူတို့ရဲ့ ဂိုဏ်းနာမည်က အရမ်းထူးဆန်းတယ်.. ဒါပေမဲ့ သူတို့ဂိုဏ်းကို လျှော့တွက်လို့မရဘူး.. သူတို့က မြေကမ္ဘာအဆင့် ဒုတိယတန်းစားဂိုဏ်းပဲ.. ဒါပေမဲ့ ဂိုဏ်းခေါင်းဆောင် ကိုယ်တိုင်က စင်ပေါ်တက်သွားတာကိုတော့ ငါနည်းနည်း အံ့ဩမိတယ်.. ဘာဖြစ်လို့လဲဆိုတော့ အဲဒီဂိုဏ်းက တိုက်ခိုက်ဖို့အတွက် စကားလုံးတွေကိုပဲ အသုံးပြုလေ့ရှိတာကြောင့်ပဲ”

“စကားလုံးတွေနဲ့ တိုက်ခိုက်တယ် ဟုတ်လား”

“တကယ်တော့ ဒီဂိုဏ်းရဲ့ မူလအမည်က သုံးရက်ဂိုဏ်းလို့ ခေါ်တယ်.. ဒီဂိုဏ်းက ကျင့်ကြံခြင်းလောကရဲ့ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းတွေကို မှတ်တမ်းတင်ပြီး ဝတ္ထုအဖြစ်အွန်လိုင်းကနေ ထုတ်ဝေရာက ဝင်ငွေရရှိလာတယ်.. သူတို့ဂိုဏ်းဝင်အများစုက အရည်အချင်းရှိတဲ့ စာရေးဆရာတွေပဲ.. ဂိုဏ်းရဲ့စာချုပ်မှာ လက်မှတ်ရေးထိုးလိုက်တာနဲ့ သူတို့ကအခကြေးငွေရ ဝတ္ထုဆရာတွေ ဖြစ်လာတယ်.. သူတို့ဂိုဏ်းအမည်က ဝတ္ထုရေးသားတဲ့ အရှိန်အဟုန်ကို ရည်ညွှန်းတာဖြစ်တယ်.. သူတို့အမြန်ဆုံး ဝတ္ထုရေးတဲ့ မှတ်တမ်းက ၃ရက်ဖြစ်တယ်.. သူတို့ရဲ့ ဂိုဏ်းဝင်တပည့်တစ်ဦးက ၃ရက်အတွင်း ဝတ္ထုတစ်ပုဒ် ရေးနိုင်ခဲ့တဲ့အတွက် စာပေဆုကိုတောင် ရရှိခဲ့တယ်”

ဗုံးပစ်စီနီယာအင်မော်တယ်က ရယ်မော၍ ပြောလိုက်သည်။

“ဒါပေမဲ့ အခုချိန်မှာတော့ သူတို့ရဲ့ အကြီးမားဆုံးရန်သူက စီနီယာဝမ်ပဲ.. နောက်ဆုံးအကြိမ်က လစဉ်မဲပေးပွဲမှာ ဒီ၃ရက်ဂိုဏ်းက နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့ပေမဲ့ အဆုံးသတ်မှာတော့ စီနီယာဝမ်ရဲ့ ဆုံးမခြင်းကို ခံလိုက်ရတယ်”

“ဒါဆို သူတို့ဂိုဏ်းရဲ့ အခုနာမည်က ဘယ်လိုဖြစ်သွားတာလဲ”

“လက်ရှိနာမည်နဲ့ ပတ်သက်ပြီး ပြောရရင်တော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက စီနီယာဝမ်ကြောင့် ဒေါသထွက်ပြီး ကျင့်ကြံခြင်းနက်ဝေါ့ခ်ကနေ ထွက်သွားတဲ့ ဂုရုစာရေးဆရာ ကျူးကဲကနေ စရမှပဲ.. အဲဒီအချိန်က ဝမ်စစ်ထူရဲ့ ရောင်းအားကြောင့် ကျူးကဲက မနာလိုဖြစ်ပြီး ဒေါသအကြီးအကျယ် ထွက်ခဲ့တယ်.. ကျင့်ကြံခြင်းနက်ဝေါ့ကနေ ထွက်ခွာပြီးနောက်မှာ ကျူးကဲက အမှီအသစ် တစ်ခုကို ရှာဖွေခဲ့တယ်.. သုံးရက်ဂိုဏ်းရဲ့ဂိုဏ်းခေါင်းဆောင်က ကျူးကဲကို သူတို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့ပြီး ရှယ်ရာတွေအပြင် လက်ထောက် ဂိုဏ်းခေါင်းဆောင်ရာထူးကိုပါ ကမ်းလှမ်းခဲ့တယ်”

“အဲဒီနောက်မှာရော ဘာဆက်ဖြစ်သေးလဲ”

“ကျူးကဲက ဂိုဏ်းထဲကို ဝင်ပြီးတာနဲ့ ဂိုဏ်းအပြင်ဘက်ကို ထွက်ပြီး ဝတ္ထုကုန်ကြမ်းကို ရှာဖွေဖို့အတွက် အဆက်မပြတ်တောင်းဆိုခဲ့တယ်.. ဒါက ကီးဘုတ်နဲ့လက် အဆက်မပြတ်စေဘဲ စာရိုက်ရမယ်ဆိုတဲ့ ဂိုဏ်းရဲ့ မူလရည်ရွယ်ချက်နဲ့ မကိုက်ညီခဲ့ဘူး.. ဒါကြောင့် သိပ်မကြာခင်မှာပဲ ဂိုဏ်းခေါင်းဆောင်နဲ့ လက်ထောက် ဂိုဏ်းခေါင်းဆောင်တို့ကြားမှာ ပဋိပက္ခတွေ တိုးလာခဲ့တယ်”

“……….”

“သူတို့နှစ်ယောက်က ရန်ဖြစ်ခဲ့ကြပေမဲ့ ဘယ်တော့မှ ဂိုဏ်းခွဲဖို့ မဆုံးဖြတ်ခဲ့ကြဘူး.. ဘာလို့လဲဆိုတော့ အဲလိုဂိုဏ်းကို ခွဲလိုက်မယ်ဆိုရင် သုံးရက်ဂိုဏ်းက မြေကမ္ဘာအဆင့်ကနေ အနက်ရောင် ဒါမှမဟုတ် အဝါရောင်အဆင့်ထိ ကျဆင်းသွားမှာ ဖြစ်လို့ပဲ.. ဒါကြောင့် ကျူးကဲ ဂိုဏ်းကိုဝင်ပြီနောက်ပိုင်းမှာ ဝတ္ထုကုန်ကြမ်း ရှာဖွေရေးအဖွဲ့နဲ့ ကီးဘုတ်အရှိန်မြှင့် ရိုက်နှိပ်ရေးအဖွဲ့ဆိုပြီး နှစ်ဖွဲ့ကွဲသွားခဲ့တယ်.. အဆုံးသတ်မှာတော့ သူတို့ဂိုဏ်းရဲ့ နာမည်ကို သုံးရက်နဲ့နှစ်ဖွဲ့ ဆိုပြီး ပြောင်းလိုက်ရတဲ့အထိပဲ”

ငွေရောင်လေးနဲ့ထွင်ထျန်းဟာ “……….”

ထိုအချိန်တွင် တိုက်ပွဲစင်မြင့်ထက်၌ လူအများအပြား ရှိနေခဲ့သည်။

အကြောင်းအရင်းမှာ ဂိုဏ်းခေါင်းဆောင် တစ်ဒါဇင်ခန့်က စင်မြင့်ပေါ် တက်လာသောကြောင့် ဖြစ်သည်။

ဤဂိုဏ်းခေါင်းဆောင် အများစုသည် မြေကမ္ဘာအဆင့်နှင့် အနက်ရောင်အဆင့် ဂိုဏ်းများ၏ ခေါင်းဆောင်များ ဖြစ်ကြသည်။

လုယိုမင်ကဲ့သို့ ကောင်းကင်အဆင့် ဂိုဏ်းခေါင်းဆောင်အချို့ကမူ စင်မြင့်ပေါ်သို့ မတက်ကြပေ။

ရိုးသားစွာဝန်ခံရလျှင် အထူးဆုက အလွန်ဆွဲဆောင်မှုရှိသော ပထမတန်းစား သူတော်စင် မှော်ရတနာ ဖြစ်ခဲ့လျှင်ပင် လုယိုမင်က လုံးဝ မလှုပ်ရှားဝံ့ပေ။

ထိုထက်ပိုပြီး ပြောရလျှင် ခေါက်ဆွဲခြောက်တာအိုဧကရာဇ်၏ အစွမ်းသတ္တိက လုံးဝမရိုးရှင်းဟု လုယိုမင် ရိပ်စားမိသောကြောင့် ဖြစ်၏။

လက်တလော၌ စင်မြင့်ပေါ်တွင် လူအတော်များများ ရှိနေပြီဖြစ်သောကြောင့် အစပိုင်းတွင် စင်မြင့်ပေါ်တက်ရန် ရည်ရွယ်ထားသည့် ဂိုဏ်းခေါင်းဆောင်အချို့သည် နုတ်ထွက်ရန်ဆုံးဖြတ်ခဲ့ကြသည်။

သူတို့က နောက်တစ်ကြိမ် ထပ်မံ တက်လှမ်းရန် အခွင့်အရေးရှိမှသာလျှင် စင်မြင့်ပေါ်သို့တက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ခေါက်ဆွဲခြောက်တာအိုဧကရာဇ် အနေဖြင့် စင်ပေါ်တွင် အများနှင့်တစ်ယောက် တိုက်ခိုက်ရမည်မှာ လွယ်ကူလိမ့်မည်ဟု သူတို့မထင်ချေ။

အကယ်၍သာ ဒါဇင်နှင့်ချီသော ဂိုဏ်းခေါင်းဆောင်များက လူတစ်ဦးကို ဆုံးရှုံးခဲ့သည်ဆိုလျှင် မည်မျှပင် ရှက်စရာ ကောင်းလိမ့်ပါမည်နည်း။

“ခေါင်းဆောင်တို့.. ငါတို့အားလုံး လက်တွဲပြီး သူ့ကို ပြင်းထန်တဲ့ အစီအရင်နဲ့ ပိတ်ဆို့လိုက်ရအောင်.. သူ့ရဲ့ ခန္ဓာကိုယ်ကို ပထမဆုံး ထိတဲ့သူက အထူးဆုရဲ့ ပိုင်ရှင်ပဲ.. ဘယ်လိုသဘောရလဲ”

ခုန်ပျံကျော်လွှား ဂိုဏ်းခေါင်းဆောင် ဆာကာမိုတိုရှီဇာဘူရိုက အကြံပြုလိုက်သည်။

“ငါသဘောတူတယ်”

“ဒါက ငါ့အတွက်လည်း အဆင်ပြေတယ်”

“ဒါပေမဲ့ အစီအရင်ထဲမှာ သူပိတ်မိပြီးလို့ သူ့ကို တိုက်ခိုက်တဲ့အခါကျရင် အားလုံးက တူညီတဲ့ စမှတ်လိုင်းပေါ်မှာ ရှိနေရမှာဖြစ်တယ်.. ဒါမှပဲ အားလုံးအတွက် တရားမျှတလိမ့်မယ်”

တစ်ခဏမျှ စဉ်းစားပြီးနောက်တွင် ဂိုဏ်းခေါင်းဆောင်အားလုံးက ခေါင်းညိတ်၍ သဘောတူလိုက်သည်။

ပြိုင်ပွဲကို ကြည့်ရှုနေသည့် လုယိုမင်ကလည်း ခေါင်းညိတ်လိုက်သည်။

ထိုအကြံက အလွန် ကောင်းမွန်သောအကြံ ဖြစ်သည်။

တစ်ဖက်လူက မည်မျှအားကောင်းသည်ကို အတိအကျမသိရသေးသည့်အခြေအနေတွင် သူတို့က လက်တွဲပြီး တစ်ဖက်လူကို တိုက်ခိုက်သည်မှာ စိတ်ကူးကောင်းတစ်ခု ဖြစ်သည်။

အောင်မြင်မလား မအောင်မြင်မလား ဆိုသည်ကိုတော့ စောင့်ကြည့်ရပေမည်။

ဤပြိုင်ပွဲတွင် လူအရေအတွက်ကို ကန့်သတ်ထားခြင်း မရှိသောကြောင့် မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးကို ကိုယ်စားပြုနေသည့် ခေါက်ဆွဲခြောက် တာအိုဧကရာဇ်

သည် အများနှင့် တစ်ယောက် တိုက်ပွဲဝင်ရန် ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။

“အားလုံးအသင့်ပြင်ထားကြ.. စတော့”

ခုန်ပျံကျော်လွှားဂိုဏ်း၏ ခေါင်းဆောင် ဆာကာမိုတိုရှီဇာဘူရိုက ထိုအချိန်မှာပင် အမိန့်ပေးလိုက်သည်။

မြေကမ္ဘာအဆင့် ဂိုဏ်းခေါင်းဆောင်၁၂ဦးက ၎င်းတို့ ကိုယ်တိုင် စည်းခတ်ထားသော မှော်စည်းတံဆိပ်များကို အသီးသီး ပစ်လွှတ်လိုက်ကြသည်။

ထိုစည်းတံဆိပ်များက ရောင်စုံအလင်းတန်းများ တောက်ပစွာဖြင့် ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။

ဤမြေကမ္ဘာအဆင့် ဂိုဏ်းခေါင်းဆောင်အားလုံးက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်တွင် ရှိသောကြောင့် လက်ဟန်များ ပြုလုပ်ရာတွင် အလွန်လျင်မြန်ကြသည်။

တာအိုစည်းတံဆိပ်၁၂ခုကို ပေါင်းစပ်လိုက်သည်နှင့် တစ်စက္ကန့်ခွဲ အတွင်းမှာပင် ပြင်းထန်သော ဖိအားတစ်ခုသည် ကောင်းကင်ပေါ်သို့ ကျရောက်စေပြီး လူတိုင်းကို တုန်လှုပ်စေခဲ့သည်။

စည်းတံဆိပ်၁၂ခု…

ပြိုင်ပွဲကိုစောင့်ကြည့်နေသော ကောင်းကင်အလင်း မဟာမိတ်အဖွဲ့မှ ခေါင်းဆောင်များသည် ထိုစည်းတံဆိပ်၁၂ခု၏ ဖိအားကြောင့် တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။

ဟင်းလင်းပြင်မွမ်းမံခြင်းအဆင့် ကျင့်ကြံသူအနေဖြင့် သူတို့က ဤဖိအားကို သဘာဝအတိုင်း တွန်းလှန်နိုင်လိမ့်မည် ဖြစ်သော်လည်း လွယ်ကူမည်တော့ မဟုတ်ပေ။

“ဝုန်း”

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်ခဲ့သည်။

ထိုအခိုက်အတန့်မှာပင် အမျိုးအစားတူသော မှော်စည်းတံဆိပ်များသည် တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားပြီး ပိုမိုကြီးမားသော စွမ်းအားများကို မမျှော်လင့်ဘဲ ထုတ်ပေးခဲ့သည်။

စည်းတံဆိပ်များ၏ ပေါင်းစပ်စွမ်းအားက ကောင်းကင်ပေါ်သို့ပျံ့လွင့်လာသည်နှင့်အမျှ ချက်ချင်းပင် ဧရာမနဂါးကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုခဏတွင် စင်မြင့်အောက်ရှိ လူတစ်ယောက်သည် တုန်လှုပ်ခြောက်ခြားစွာဖြင့် အော်ဟစ်လိုက်သည်။

“၆၇ဟ”

ထိုစကားကြောင့်လူတော်တော်များများက သူတို့ဝတ်ထားသည့်လက်ပတ်မှ နံပါတ်များကို ကြည့်လိုက်ကြသည်။

တကယ်ပင် ၆၇ ဖြစ်နေခဲ့သည်။

ယနေ့ခေတ်ကျင့်ကြံသူများ ဝတ်ဆင်သည့် အားကစားလက်ပတ်များသည် တိုက်ပွဲ၏ခွန်အားကို ကြိုတင်ခန့်မှန်းနိုင်သည့် လုပ်ဆောင်ချက်တစ်ခု ပါရှိပြီး တိုက်ခိုက်မှုတစ်ခု၏ ပျက်စီးစေနိုင်သော အကျိုးသက်ရောက်မှုကို လျင်မြန်စွာခွဲခြမ်းစိတ်ဖြာနိုင်သည့်အပြင် မှော်စွမ်းရည် အမျိုးအစားအားလုံးကို ၁မှ ၁၀၀ကြား အဆင့် သတ်မှတ်နိုင်သည်။

လက်ပတ်တွင် ၆၇ဟု ပြနေခြင်းသည် အဆင့်၆ မှော်စည်းတံဆိပ်တစ်ခု၏ စံချိန်စံညွှန်း အပြည့်ရှိပြီး အဆင့်၇နှင့် နီးကပ်နေသည်ဟုပင် ဆိုနိုင်ပေသည်။

စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ၏ မှော်စည်းတံဆိပ်က အလွန် အစွမ်းထက်ကြသည်။

သို့ရာတွင် သူ့ဆီသို့ ပျံသန်းလာသော အစီအရင်နဂါးနှင့် ပတ်သက်၍ ခေါက်ဆွဲခြောက် တာအိုဧကရာဇ်က လုံးဝ စိတ်ရှုပ်သွားပုံမပေါ်ပေ။

ခေါက်ဆွဲခြောက် တာအိုဧကရာဇ် “ဟားဟားဟား.. မျှော်လင့်ထားတဲ့အတိုင်း ခေါင်းဆောင်တွေက တကယ်ကိုသန်မာတာပဲ.. ဂိုဏ်းခေါင်းဆောင် ၁၂ယောက်က မှော်စည်းတံဆိပ်၁၂ခုကို ပေါင်းစည်းနိုင်ခဲ့တာ တကယ်ကို အံ့ဩစရာပဲ”

ထိုအချိန်တွင် သူ၏ တောက်ပသော အနက်ရောင်မျက်လုံးက သူ့ဆီသို့ တဖြည်းဖြည်း နီးကပ်လာသော မျက်စိကျိန်းလောက်သော အလင်းရောင်များအား လေးနက်စွာ ကြည့်လိုက်သည်။

လူတိုင်းက သူ့လှုပ်ရှားမှုကို အာရုံစိုက်နေကြသည်။

ဤတုံ့ပြန်မှုအရ မှော်ဂါထာတစ်ခုခု ရွတ်ဆိုတော့မည်ဟု သူတို့ထင်ခဲ့သည်။

သို့သော် ခေါက်ဆွဲခြောက်တာအိုဧကရာဇ်က ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကို Xပုံသဏ္ဍာန် ယှက်လိုက်သည်ကိုသာ သူတို့မြင်လိုက်ရသည်။

လူတိုင်း “……….”

အပိုင်း(၈၁၅) ပြီး၏

All Chapters