ဗိုလ်ချုပ်ဆယ်ပါးရဲ့ ပေါက်ကရစိတ်ကူး
Vol. 55 Ch. 816
စည်းတံဆိပ်များ ချိတ်ဆက်၍ ဖန်တီးထားသော ဤနဂါးကြီးသည် အလွန်ပင် အံ့ဩဖွယ်ကောင်းသည်။
ကောင်းကင်ထက်တွင် မိုးကြိုးလျှပ်စီးများပင် ဖြစ်ပေါ်နေခဲ့သည်။
ဤမှော်နဂါးကြီးက ခေါက်ဆွဲခြောက် တာအိုဧကရာဇ် ရှေ့သို့အရောက်တွင် အမြီးကို လှပစွာဝှေ့ယမ်း၍ နောက်ပြန်လှည့်လိုက်ပြီး ခေါင်းဆောင်၁၂ယောက် ဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားခဲ့သည်။
“တန်ပြန်မှော်စွမ်းရည်လား”
“ဒါက ဘယ်လိုမှော်စွမ်းရည်ကြီးလဲ”
“ဒီလိုမှော်စွမ်းရည်မျိုးကို အရင်က တစ်ခါမှမမြင်ဖူးဘူး”
တန်ပြန်မှော်စွမ်းရည် အနည်းငယ်ရှိသော်လည်း အများစုမှာ တိုက်ခိုက်မှု၏ တစ်စိတ်တစ်ပိုင်းကိုသာ ပြန်လည်ပေးပို့နိုင်ခြင်း ဖြစ်သည်။
ဤကဲ့သို့ အပြည့်အဝ တန်ပြန်မှုမျိုးကိုမူ တစ်ခါမှ မတွေ့ဖူးကြပေ။
မှော်နဂါးကြီးက ဦးတည်ချက်ပြောင်းပြန် ဖြစ်သွားပြီး သူတို့ဆီသို့ ဦးတည်လာသည်ကို တွေ့လိုက်ရလျှင် ခေါင်းဆောင်၁၂ ယောက်က စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။
သူတို့အနေဖြင့် ဤတိုက်ခိုက်မှုကို အနိုင်ရရန် အခွင့်အလမ်း မရှိတော့ပေ။
မှော်နဂါးက စည်းတံဆိပ် ၁၂ခုကနေ ဖန်တီးထားခြင်း ဖြစ်သောကြောင့် သူတို့ မျှော်လင့်ထားသည်ထက်ပင် များစွာပို၍ အစွမ်းထက်နေသည်။
ယခု သူတို့ဘက်သို့ အင်အားအပြည့်ဖြင့် ပြန်လှည့်လာရာတွင် မည်သူမှတား၍ မရတော့ပေ။
သူတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ တတ်စွမ်းသမျှခုခံရန် ဖြစ်သည်။
ပူးပေါင်းတိုက်ခိုက်ခြင်းက ကနဦးတွင် ယုံကြည်စိတ်ချရဆုံးနည်းလမ်း ဖြစ်ခဲ့သော်လည်း သူတို့က မှားယွင်းတွက်ချက်ခဲ့ပုံ ရသည်။
သူတို့က ကိုယ်လည်ပင်းကိုယ် ကြိုးကွင်းပြန်စွပ်မိသလို ခံစားခဲ့ရ၏။
နဂါးက သူတို့ဘက်သို့ အရှိန်ဖြင့် ပျံသန်းလာသောကြောင့် ဂိုဏ်းခေါင်းဆောင် ၁၂ယောက်က တန်းစီ၍ရပ်ကာ ဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သည့် မှော်စွမ်းရည်မျိုးစုံကို ထုတ်ဖော်လိုက်ကြသည်။
“စွန့်လွှတ်စမ်း”
“စည်းတံဆိပ်ဖြုတ်သိမ်းမယ်”
“နေကြာအပ်စိုက်ကုထုံးဖယ်ရှားခြင်းနည်းပညာ”
“……….”
နောက်ဆုံး ရွတ်ဖတ်မှုအပြီးတွင် အဆုံးသတ်၌ မှော်နဂါးကြီးက ပြိုကျလာခဲ့သည်။
ထို့အတူ ဂိုဏ်းခေါင်းဆောင် ၁၂ယောက်ကလည်း လော့ခ်ချခံထားရသကဲ့သို့ မလှုပ်ရှားနိုင်တော့ပေ။
ပြိုင်ပွဲ၏ရလဒ်က ပေါ်ပေါက်သွားပြီ ဖြစ်သည်။
ခေါင်းဆောင်၁၂ယောက်က သူ့အတတ်သူ ပြန်စူးကာ ချုပ်နှောင်ခံလိုက်ရ၏။
ခေါက်ဆွဲခြောက် တာအိုဧကရာဇ်က မှော်အတတ်ကို အသုံးပြုရန်ပင် မလိုအပ်ဘဲ ခေါင်းဆောင်၁၂ယောက်ကို အနိုင်ရခဲ့သည်။
“သူတို့ရှုံးသွားခဲ့ပြီ”
“သနားစရာကောင်းလိုက်တာ”
“ဒီခေါင်းဆောင်တွေက အထူးဆုကိုရဖို့ ခြေတစ်လှမ်းပဲ လိုတော့တာလေ”
စင်မြင့်အောက်ရှိ သတင်းထောက်များက ဓာတ်ပုံများကိုအလုအယက် ရိုက်ယူနေကြ၍ အလင်းတန်းများ အဆက်မပြတ် တောက်ပနေကြသည်။
“မရိုက်ပါနဲ့.. ငါ့ကို ဓာတ်ပုံမရိုက်ပါနဲ့”
စင်မြင့်ပေါ်ရှိ ခေါက်ဆွဲခြောက်တာအိုဧကရာဇ်က ဂိုဏ်းခေါင်းဆောင်များ၏ စည်းတံဆိပ်များကို ဖယ်ရှားပေးလိုက်ပြီးနောက် ခေါင်းဆောင်များက မျက်နှာများကို လက်ဖြင့်အုပ်ကာ စင်မြင့်ပေါ်မှ ထွက်ခွာသွားကြသည်။
အများနှင့်တစ်ယောက် တိုက်ပွဲတွင် ရှုံးနိမ့်ခြင်းက အမှန်တကယ်ပင် သူတို့ကို အရှက်ရစေသည်။
လေထဲတွင် လွင့်မျောနေသော အင်မော်တယ် စစ်သင်္ဘောပေါ်ရှိ ဗိုလ်ချုပ်၁၀ဦးသည် ပြိုင်ပွဲကို တစ်ချိန်တည်းတွင် ကြည့်ရှုနေကြသည်။
ပကတိအင်မော်တယ်များ ဖြစ်ကြသည့် သူတို့က ဤမှော်နဂါး မည်မျှ အစွမ်းထက်သည်ကို ကောင်းစွာသိရှိသည်။
ဤမှော်နဂါးက အလွန်လျင်မြန်ပြီး အစွမ်းထက်သော ထိန်းချုပ်နိုင်စွမ်းလည်း ရှိ၏။
ထို့ပြင် စိတ်ဝိညာဉ် စည်းတံဆိပ်ခတ်ခြင်း အကျိုးသက်ရောက်မှုလည်း ရှိသေးသည်။
ပုံမှန်အခြေအနေတွင် နဂါးက သူ့ထံ ပြေးလာသောအခါတွင် ခေါက်ဆွဲခြောက် တာအိုဧကရာဇ်သည် ခံနိုင်ရည် မရှိသင့်သလို မှော်စွမ်းရည်များကိုလည်း မထုတ်ဖော်နိုင်သင့်ပေ။
“မင်းတို့ရော ဘယ်လိုထင်ကြလဲ”
ဗိုလ်ချုပ်ရီက လေထဲတွင် တင်ပျဥ်ခွေထိုင်နေခဲ့သည်။
သူက ထုံးစံအတိုင်းပင် လေပြင်းများ တိုက်ခတ်နေသည့်ကြားမှ အဖြူရောင် လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားသည်။
သူ၏မျက်လုံးက တည်ကြည်နေပြီး စူးရှသောလေထုကို ပေးစွမ်းနေသည်။
ဗိုလ်ချုပ်ရီက မှော်နဂါးရှေ့သို့ ပြေးတက်သွားသည့် အခိုက်အတန့်တွင် ထိုမှော်နဂါးကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။
သာမန် နည်းစနစ်တစ်ခုက ထိုမှော်နဂါး၏ ရွေ့လျားမှုကို လုံးဝ ကန့်သတ်နိုင်မည် မဟုတ်ပေ။
သူ၏ အကန့်အသတ်မဲ့ ဓားတာအိုကို အသုံးပြုလျှင်ပင် ၎င်းကို ဖြိုခွဲနိုင်ရုံမျှသာ ဖြစ်လိမ့်မည်။
ဆိုရလျှင် ထိုမှော်နဂါးကို တားမြစ်ရန်မှာ ပကတိအင်မော်တယ်များ အတွက်ပင် အချိန်ယူရမည် ဖြစ်၏။
သို့သော် ခေါက်ဆွဲခြောက် တာအိုဧကရာဇ်ကမူ ထိုမှော်နဂါးကို အံ့အားသင့်ဖွယ် မြင်ကွင်းအနေဖြင့် ခေါင်းဆောင် ၁၂ယောက်ထံ ပြန်ပို့နိုင်ခဲ့သည်။
“ငါတော့ ဒီခေါက်ဆွဲခြောက် တာအိုဧကရာဇ်နဲ့ ပတ်သက်ပြီး ဘာမှ ရေရေရာရာ မပြောနိုင်သေးပေမဲ့ သေချာတာတစ်ခုကတော့ ဒီခေါက်ဆွဲခြောက် တာအိုဧကရာဇ်မှာ ကောင်းကင်တာအိုရဲ့ အစွမ်းတွေ အမှန်တကယ် ရှိနေတာပဲ”
ဗိုလ်ချုပ်ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။
“ငါတို့ထင်ထားတဲ့အတိုင်းပဲ မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးက အဓိကအဖွဲ့ဝင်တွေက မရိုးရှင်းကြဘူး.. ဗုံးပစ်စီနီယာ အင်မော်တယ်က ဒီဝှက်ဖဲကို အချိန်အတော်ကြာ ဝှက်ထားခဲ့တာပဲ”
တကယ်တမ်းတွင် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးသို့ မရောက်ခင်၌ သူတို့အားလုံးသည် လင်းကျန်းရန် အပေါ်၌သာ အာရုံစိုက်နေခဲ့သည်။
အဆုံးသတ်တွင် ခေါက်ဆွဲခြောက် တာအိုဧကရာဇ်က ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ပေ။
ယခုအခါတွင် သူတို့တစ်ချိန်လုံး စုံစမ်းနေခဲ့သော လင်းကျန်းရန်သည် သူတို့၏နံဘေးတွင် မတ်တပ်ရပ်နေခဲ့သည်။
ထို့ပြင် ဤလင်းကျန်းရန်က သူတို့ ထင်မြင်ထားသလို အစွမ်းထက်ပုံလည်း မပေါ်ပေ။
သူတို့၏ အတွေးများက မှားနေပါသလော။
ဗိုလ်ချုပ်ရီက မေးစေ့ကိုလက်ဖြင့် ပွတ်သပ်လိုက်ရင်း လင်းကျန်းရန်ကို စိုက်ကြည့်လိုက်သည်။
လင်းကျန်းရန်က အလွန်ထူထဲသော မှော်ရတနာချပ်ဝတ်ကို အပြည့်အစုံ ဝတ်ဆင်ထားသည်။
ဦးခေါင်းတွင်လည်း သံမဏိခေါင်းစွပ်ကို စွပ်ထား၍ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရရန် နည်းလမ်းမရှိပေ။
ဗိုလ်ချုပ်၁၀ဦးက မယဉ်ကျေးရာကျမည် စိုးသောကြောင့် ပကတိအင်မော်တယ် မျက်လုံးကို အသုံးပြုရန် အလျင်မလိုခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ အစီအစဉ်နောက်ပိုင်းတွင် အင်မော်တယ် စစ်သင်္ဘောပေါ်မှ ဆင်းသက်သောအခါ၌ ဤဒဏ္ဍာရီလာ လင်းကျန်းရန်သည် သူ၏ခေါင်းဆောင်းကို ချွတ်မည် ဖြစ်သောကြောင့် သူတို့အနေဖြင့် အလျင်စလို ဖြစ်စရာ မလိုအပ်ပေ။
လင်းကျန်းယန်က ခေါက်ဆွဲခြောက်တာအိုဧကရာဇ် ဖြစ်သည်ဟု သူတို့၏ ယခင်က ထင်ကြေးပေးမှုများသည် ယခုအခါတွင် မှန်ကန်ပုံ မရတော့ပေ။
ထိုခဏတွင် ဗိုလ်ချုပ်၁၀ဦးသည် အချင်းချင်း စိတ်ချင်းဆက်သွယ်၍ ပြောဆိုနေခဲ့ကြသည်။
“နိုင်ငံခေါင်းဆောင်က ဒီမဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးကို အတော် လေးစားမှုရှိတယ်.. ဒါက ဝမ်စစ်ထူကြောင့် ဆိုလည်း မမှားဘူး.. တစ်ဖက်မှာလည်း နိုင်ငံခေါင်းဆောင်က မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ နောက်ကွယ်မှာရှိတဲ့စီနီယာကို ဆက်ဆံရေး တည်ဆောက်ဖို့ လုပ်ဆောင်နေတယ်.. ငါတို့ ဒီမှာရှိနေတာက မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ ဖိတ်ကြားမှုကို တုံ့ပြန်တာဖြစ်ပြီး စိတ်ရင်းနဲ့ ဒီစီနီယာကို လေးစားမှုပြသတာ ဖြစ်တယ်.. ဒီစီနီယာက အခုတစ်ကြိမ်ကောင်းကင်တာအို ကပ်ဘေးကနေ ငါတို့ ဟွာရှို့နိုင်ငံ လွတ်မြောက်နိုင်မလား ဆုံးဖြတ်ရာမှာ အရေးကြီးတဲ့အချက်တစ်ခု ဖြစ်လာလိမ့်မယ်”
ဆေးဘက်ဆိုင်ရာ သူတော်စင် လော့ချိုးဟွိုက်က ပြောလိုက်သည်။
”ဒါတွေအားလုံးက ဖုံးကွယ်ထားတာလို့ ငါခံစားမိနေတုန်းပဲ”
ဗိုလ်ချုပ်ကျန်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ဗိုလ်ချုပ်ကျန်းက ဘာလို့ဒီလိုသုံးသပ်ရတာလဲ”
“ငါတို့က မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့နောက်ကွယ်က စီနီယာကို တစ်ချိန်လုံးစုံစမ်းနေခဲ့တယ်.. ဒါပေမဲ့ ခေါက်ဆွဲခြောက်တာအိုဧကရာဇ်ပဲ ဖြစ်ဖြစ် လင်းကျန်းရန်ပဲဖြစ်ဖြစ် အားလုံးက ဖုံးကွယ်ထားတယ်ဆိုတဲ့ ခံစားချက်ကို ပြင်းပြင်းထန်ထန် ခံစားနေရတယ်.. မင်းတို့အနေနဲ့ ဒီဗုံးပစ်စီနီယာ အင်မော်တယ်က သံသယဝင်စရာ ကောင်းတယ်လို့ မထင်ဘူးလား”
“ဗိုလ်ချုပ်ကျန်း ဆိုလိုတာက”
“ငါဆိုလိုချင်တာက အရမ်းရှင်းပါတယ်”
ဗိုလ်ချုပ်ကျန်းက ခေါင်းငြိမ့်လိုက်သည်။
“သူက အရာအားလုံးရဲ့ နောက်ကွယ်မှာရှိနေတဲ့ စီနီယာပဲ.. ဒါပေမဲ့ သူက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်မှာပဲ ရှိနေသေးတယ်လေ.. ဒါက ကာဗာယူထားတာ ဖြစ်ရမယ်”
ဗိုလ်ချုပ်ကျန်းက သူ့အမြင်ကို ဆက်ပြောလိုက်သည်။
“လင်းကျန်းရန်နဲ့ ခေါက်ဆွဲခြောက် တာအိုဧကရာဇ်တို့က ငါတို့ကို လှည့်စားဖို့ လုပ်ထားတာ ဖြစ်နိုင်တယ်”
“စစ်ပွဲသူတော်စင်ရဲ့ ခွဲခြမ်းစိတ်ဖြာချက်က ဖြစ်နိုင်ချေရှိတယ်လို့ ငါတော့ထင်တယ်”
ပေါက်ကွဲခြင်းသူတော်စင်က ပြောလိုက်သည်။
“စဉ်းစားကြည့်လေ.. ဒီဗုံးပစ်စီနီယာအင်မော်တယ် ဆိုတဲ့လူက မကြာခဏ သေမင်းနဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းထွက်နေတဲ့လူ.. ဒီလိုလူက ဘာကြောင့် ခုချိန်ထိ ရှင်သန်နေရတာလဲ.. ရန်သူပေါင်းများစွာ ဝိုင်းဝိုင်းလည်နေတဲ့ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူက ဘာလို့ ဒဏ်ရာကင်းကင်းနဲ့ ရှိနေရတာလဲ.. ဒါ့အပြင် ကျိုးရီလည်း ရှိသေးတယ်”
“ကျိုးရီလား”
“မင်းတို့သေချာစဉ်းစားကြည့်စမ်း.. ကျိုးရီက လွန်ခဲ့တဲ့လအနည်းငယ်ကစပြီး တစ်ဟုန်ထိုး နာမည်ကျော်လာခဲ့တယ်.. သူက ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဖြစ်ပေမဲ့လည်း ဒဏ္ဍာရီလာ လူဆိုးတွေကို တစ်ယောက်ပြီး တစ်ယောက် ဖမ်းဆီးနိုင်ခဲ့တယ်.. ဒါကို ကြည့်လိုက်ရင် ကျိုးရီရဲ့ နောက်ကွယ်မှာ စီနီယာကြီး တစ်ယောက် ရှိနေတယ်ဆိုတာ သေချာတယ်.. အခု တစ်ကြိမ်မှာလည်း ကျိုးရီက ဗုံးပစ်စီနီယာရဲ့ ဖိတ်ကြားချက်ကို လက်ခံပြီး ကြီးကြပ်ရေးနဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ရာထူးကို လက်ခံရရှိခဲ့တယ်.. ဒါက ထူးဆန်းမနေဘူးလား”
“အင်း.. ပေါက်ကွဲခြင်းသူတော်စင်ရဲ့ ခွဲခြမ်းစိတ်ဖြာချက်ကလည်း အတော်လေး သင့်လျော်ပါတယ်”
ဗိုလ်ချုပ်၁၀ယောက်က ခေါင်းငြိမ့်လိုက်ကြသည်။
“အဲဒါဆိုရင်တော့ အရာအားလုံးက အဓိပ္ပါယ်ရှိသွားပြီ”
ဗိုလ်ချုပ်ရီက သက်ပြင်းချလိုက်သည်။
“ဒီဗုံးပစ်စီနီယာအင်မော်တယ်က နောက်ကွယ်က စီနီယာကြီးဖြစ်ပုံရတယ်”
“ဖြစ်နိုင်တယ်.. ဒါက သေချာသလောက်ရှိတယ်”
ဝမ်လင်းက လင်းကျန်းရန်၏ ကိုယ်ပွားမှတစ်ဆင့် အင်မော်တယ် စစ်သင်္ဘောပေါ်ရှိ ဗိုလ်ချုပ်၁၀ပါး၏ အတွေးများကို အလွယ်တကူ ဖတ်ရှုနိုင်ခဲ့သည်။
ဗိုလ်ချုပ်၁၀ပါးက ဤကဲ့သို့ ပေါက်ကရ တွေးလိမ့်မည်ဟု ဝမ်လင်း အမှန်တကယ် မမျှော်လင့်ထားခဲ့ပေ။
အပိုင်း(၈၁၆) ပြီး၏