သဲပန်းပုဂိုဏ်း၏ခေါင်းဆောင်
Vol. 55 Ch. 817
ပေါက်ကရ အတွေးများကို အုပ်စုလိုက် တွေးမိခဲ့ကြသောအချိန်တွင် ၎င်းတို့၏ ဦးနှောက်အခန်းများက ကျယ်သည်ထက် ကျယ်လာပြီး နောက်ဆုံးတွင် ဟာလာဟင်းလင်း ဖြစ်သွားသည် အထိ ဖြစ်လာတတ်သည်။
ဗိုလ်ချုပ်ဆယ်ယောက်က ထိုအရာက လက်တွေ့ သက်သေပြခဲ့၏။
မိနစ်အနည်းငယ် အကြာတွင် အင်မော်တယ် စစ်သင်္ဘောတွင် အသင့်စောင့်နေသော ဗိုလ်ချုပ်ကြီးဆယ်ဦးသည် စက်ခန်းထဲတွင်ရှိနေသည့် ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် စကားပြောဆိုခဲ့သည်။
“စီနီယာ အင်မော်တယ် ဘယ်တော့ စင်ပေါ်တက်မှာလဲ ဆိုတာ မေးလို့ရမလား”
ဗိုလ်ချုပ်ရီက တိုးတိုးလေး မေးလိုက်သည်။
ဤစာကားက အနည်းငယ်ထူးဆန်းနေပုံပေါက်သည်ဟု ခံစားမိသောကြောင့် ဗုံးပစ်စီနီယာအင်မော်တယ်က တခဏတာမျှ တုံ့ပြန်ရန် နှေးကွေးသွားသော်လည်း ပြန်ဖြေလိုက်သည်။
“ဗိုလ်ချုပ်ရီနဲ့ တခြားဗိုလ်ချုပ်တွေ ခဏစောင့်ပါဦး.. ပြိုင်ပွဲပြီးတာနဲ့ စင်ပေါ်တက်ပါ့မယ်.. အခုမှ သွေးပူပဲရှိသေးတယ်.. ဗိုလ်ချုပ်တို့ မထွက်လာခင် အခြေအနေ တည်ငြိမ်သွားအောင် သေချာလေး လုပ်ရဦးမယ်”
“စီနီယာအင်မော်တယ်က ယဉ်ကျေးလွန်းနေပါပြီ.. ငါတို့က မင်းရဲ့ အမိန့်အတိုင်း လိုက်နာမှာပါ"
ဗိုလ်ချုပ်ရီက ရယ်၍ ပြောလိုက်သည်။
“တကယ်တော့ ငါတို့ ဗိုလ်ချုပ်ဆယ်ယောက်ထဲက ထက်ဝက်ကျော်က အငြိမ်းစားယူထားပြီးသားပါ.. လက်ရှိဟွာရှို့ရဲ့ အဓိက ကိစ္စရပ်တွေကိုတော့ ပေါက်ကွဲခြင်း သူတော်စင် ဗိုလ်ချုပ်ပိုင်နဲ့ ဉာဏ်ပညာသူတော်စင် ဥက္ကဌချီတို့ကပဲ ကိုင်တွယ်ဆောင်ရွက်နေတာပါ.. ကျန်တဲ့သူတွေကတော့ နိုင်သလောက် ဝိုင်းကူကြတဲ့သဘောပါပဲ”
"ဟားဟား.. ဗိုလ်ချုပ်ရီက ကိုယ့်ကိုယ်ကိုယ် အရမ်းနှိမ့်ချနေတာပဲ"
ဗုံးပစ်စီနီယာအင်မော်တယ်က ပြောလိုက်သည်။
ဗိုလ်ချုပ်ရီ “ဘော့စ် စီနီယာအင်မော်တယ်.. ငါ့ကို ဗိုလ်ချုပ်ရီလို့ မခေါ်ပါနဲ့… အဖိုးကြီးရီလို့ပဲခေါ်ပါ.. ငါတို့က တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးပြီးသားပဲဟာ.. သူစိမ်းမဆန်စမ်းပါနဲ့
"အဖိုးကြီးရီလား.. အဲဒီလို ခေါ်ဖို့ သင့်တော်ပါ့မလား"
ဗုံးပစ်စီနီယာအင်မော်တယ်က မှင်တက်သွား၏။
ဗိုလ်ချုပ်ရီနှင့် ပတ်သက်၍ အနည်းငယ် ထူးဆန်းသည်ဟု သူ ခံစားမိသည်။
"ဒါက နည်းနည်း မလေးစားရာ ကျမနေဘူးလား"
“ဘာမှ မကျပါဘူး.. ဒါမှမဟုတ်ရင် ငါ့ကို ရီရီလေး ဒါမှမဟုတ် ရီလေးလို့ ခေါ်လည်းရတာပဲ”
ဗုံးပစ်စီနီယာအင်မော်တယ်က အေးစက်သော လေထုကို ရှုရှိုက်လိုက်မိသည်။
"ဒါဆို ငါ မင်းကို အစ်ကိုရီလို့ ခေါ်မယ်"
"အစ်ကိုရီလား.. အင်း ဒါလည်း ကောင်းပါတယ်"
ဗိုလ်ချုပ်ရီက သဘောကျသွားသည်။
သူက ဗုံးပစ်စီနီယာအင်မော်တယ်နှင့် ရင်းနှီးမှုရယူရန် ကြိုးစားနေသောကြောင့် အခေါ်အဝေါ်ကို ပထမဦးဆုံးပြောင်းလဲရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
သူ့ကို ဗိုလ်ချုပ်ရီလို့ ခေါ်တာက သူစိမ်းဆန်သည် မဟုတ်ပါလား။
ယခုလို အခေါ်အဝေါ်က ညီအကိုတွေ အချင်းချင်းကြား ခေါ်ဝေါ်သလို ဖြစ်သောကြောင့် ပိုမို ရင်းနှီးသွားသလို ခံစားရသည်။
“အခုကနေစပြီး စီနီယာအင်မော်တယ်.. ငါတို့ကို အပြင်လူ အဖြစ် မဆက်ဆံပါနဲ့.. ငါတို့ကို ညီအကိုတွေ အဖြစ်ဆက်ဆံတာက ငါတို့အတွက် ပိုအဆင်ပြေတယ်.. ဆေးသူတော်စင် လော့ချိုးဟွိုက်ကိုတော့ အမလော့လို့ ခေါ်ပေါ့"
"အမလော့လား.. "
"ခဏလေးနေပါဦး"
ထိုစကားကိုကြားမှ တစ်စုံတရာ မူမမှန်မှန်း ဗုံးပစ်စီနီယာအင်မော်တယ် နောက်ဆုံးတွင် သဘောပေါက်သွားသည်။
ဗိုလ်ချုပ်ရီက စီနီယာအင်မော်တယ်ဟု ခေါ်သည်ကို ယခုမှသူပြန်စဥ်းစားမိသည်။
[တစ်ခုခုတော့မှားနေပြီ.. ဘာတွေဖြစ်နေတာပါလိမ့်.. ဗိုလ်ချုပ်ဆယ်ယောက်က ဘာလို့ ငါကို ရုတ်တရက်ကြီး ရိုရိုသေသေ ဖြစ်လာရတာလဲ]
ဗုံးပစ်စီနီယာအင်မော်တယ်က သူ့ဦးခေါင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
သူ၏ ဦးနှောက်က တစ်စုံတစ်ရာ နှင့် အထုခံရပြီး ဆိုးရွားစွာ နာကျင်နေသကဲ့သို့ ခံစားရ၏။
“ဗိုလ်ချုပ်ရီ… မဟုတ်ဘူး အစ်ကိုရီ.. မင်းမှာ ငါ့ကို ပြောချင်တာများ ရှိလား"
ဗုံးပစ်စီနီယာအင်မော်တယ်က မေးလိုက်သည်။
ဗိုလ်ချုပ်ရီက ရယ်လိုက်ပြီး
"သီးသန့်တော့မရှိပါဘူး.. ငါတို့ ဒီထက် ပိုပြီး နီးနီးစပ်စပ်ရှိရမယ်လို့ တွေးမိတာလောက်ပါပဲ.. ဘာပဲဖြစ်ဖြစ် အခုချိန်မှာ ငါတို့ ဟွာရှို့မဟာမိတ်အဖွဲ့နဲ့ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးက ခမည်းခမက်တွေလို အထူးကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ရှိနေပါပြီ"
“အစ်ကိုရီ.. ဒီလို နှိုင်းယှဥ်မှုက…”
ဗုံးပစ်စီနီယာအင်မော်တယ်က ဗိုလ်ချုပ်ရီ၏ စကားလုံးများကိုကြားလျှင် အမှန်တကယ် မှင်တက်သွားမိသည်။
"ငါဆိုလိုတာက မဟာဗျူဟာလှည့်ဖြားမှုရုံးက လက်ထပ်တော့မဲ့ သတို့သမီးဖြစ်ပြီး ငါတို့ ဗိုလ်ချုပ်ဆယ်ဦးက သတို့သမီးရဲ့ ခန်းဝင်ပစ္စည်း အစေခံတွေ ဖြစ်တယ်”
ဗုံးပစ်စီနီယာအင်မော်တယ်“.......…”
ငွေရောင်လေး “......…”
ထွင်ထျန်းဟာ “…......."
တစ်ချိန်တည်းမှာပင် စင်မြင့်ပေါ်ရှိ စိန်ခေါ်ပွဲကလည်း ဇာတ်ရှိန်မြင့်လာခဲ့သည်။
မြေကမ္ဘာအဆင့် ဂိုဏ်းခေါင်းဆောင် ၁၂ ဦး ရှုံးနိမ့်ပြီးနောက်တွင် ကောင်းကင်အဆင့် ဂိုဏ်းခေါင်းဆောင် သုံးဦးသည် တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ရန် စင်ပေါ် တက်လာခဲ့ကြသည်။
သူတို့သည် အဆုံးသတ်တွင် ကောင်းကင်အဆင့် ဂိုဏ်းခေါင်းဆောင်များ ဖြစ်သည်ဟုသာ ပြောနိုင်သည်။
သို့သော် အမှန်တရားမှာ စင်မြင့်အောက်ရှိ သတင်းထောက် တော်တော်များများက ပြိုင်ပွဲကို ဓာတ်ပုံရိုက်ပြီး သတင်း ရေးနေကြဆဲ ဖြစ်သည့်အတွက် မြေကမ္ဘာအဆင့် ဂိုဏ်းခေါင်းဆောင် ၁၂ ဦးကို ရှုံးနိမ့်ပြီးနောက်တွင် အစပိုင်း၌ စိန်ခေါ်ရန် ရည်ရွယ်ခဲ့ကြသည့် ကောင်းကင်အဆင့် ဂိုဏ်းခေါင်းဆောင် အများအပြားသည် စိန်ခေါ်မှုအတွက် အဖွဲ့ဖွဲ့မည့် စိတ်ကူးကို စွန့်လွှတ်ခဲ့ကြသည်။
အကယ်၍ သူတို့သာ စင်ပေါ် တက်လာပြီး မြေကမ္ဘာအဆင့် ဂိုဏ်းခေါင်းဆောင် ဆယ့်နှစ်ဦး ကဲ့သို့ အဖွဲ့လိုက် ရှုံးနိမ့်သည့် သတင်း ထွက်လာလျှင် ရှက်ဖို့ကောင်းလိမ့်မည် မဟုတ်ပါလား။
ထို့ကြောင့် တစ်ယောက်ချင်း တိုက်သည်က ပို၍ ကောင်း၏။
ယင်းက ရှုံးနိမ့်ခဲ့လျှင်ပင် ဖွင့်ပွဲအခမ်းအနားအတွက် မျက်နှာမပျက်စေရန် အရှုံးပေးလိုက်သည်ဟု ဆင်ခြေပေး၍ ရပေသည်။
သို့သော် ကောင်းကင်အဆင့် ဂိုဏ်းခေါင်းဆောင် သုံးဦးတွင် တစ်ဦးမှ ကျေနပ်ဖွယ်ကောင်းသော ဖျော်ဖြေမှုများကို မပေးနိုင်ခဲ့ကြပေ။
ဆိုရလျှင် ဤခေါက်ဆွဲခြောက် တာအိုဧကရာဇ်သည် အတော်လေး အစွမ်းထက်နေသည်။
ငါးမိနစ်အတွင်းမှာပင် စိန်ခေါ်သူ သုံးဦးကို စင်ပေါ်ကနေ နှင်ချနိုင်ခဲ့သည်။
စင်အောက်မှ ပရိသတ်က သနားစရာ အော်ဟစ်သံ သုံးခုကိုသာ ကြားလိုက်ရသည်။
"အားယား"
“အားမလေး.. ကျွတ်ကျွတ်”
"နာတယ်.. နာလိုက်တာ"
သတင်းထောက်အားလုံး “…........”
နာကျင်ခြင်း၏ နောက်ဆုံးအော်ဟစ်သံသည် ကောင်းကင်အဆင့် ဆဋ္ဌမတန်းစားဂိုဏ်း ဖြစ်သည့် သဲပန်းပုဂိုဏ်း၏ ခေါင်းဆောင်ထံမှ ဖြစ်သည်။
သဲပန်းပုဂိုဏ်းသည် လွန်ခဲ့သည့် ၂နှစ်ခန့်က သဲနှင့်ကျောက်တုံး တည်ဆောက်မှုနည်းပညာကို အားကိုးပြီး နာမည်ရလာသောဂိုဏ်း ဖြစ်သည်။
ဤနည်းပညာကို အဆောက်အဦးများ ဆောက်လုပ်ရာတွင် အသုံးပြုနိုင်ရုံသာမက တိုက်ပွဲတွင်ပါ အသုံးပြုနိုင်သည်။
မြို့ပြအင်ဂျင်နီယာ တက္ကသိုလ်ဘွဲ့ရ အများအပြားသည် သဲပန်းပုဂိုဏ်းတွင် ပါဝင်ခဲ့ကြပြီး ဂိုဏ်းဝင် အများအပြားမှာ ထူးချွန်သော ဗိသုကာပညာရှင်များ ဖြစ်ကြသည်။
ဂိုဏ်းခေါင်းဆောင်မှာ ခေါင်းဆောင်နီ ဖြစ်သည်။ (အမည်အပြည့်အစုံ- နီအိုက်လော)
သဲပန်းပုဂိုဏ်း၏ သဘာဝအတိုင်း မည်သူ့ကိုမဆို မထီမဲ့မြင်ပြုနိုင်သည့် စွမ်းအားရှိ၏။
စင်ပေါ်တွင် ဂိုဏ်းခေါင်းဆောင်နီသည် သူ၏ အားအကိုးရဆုံး တိုက်ကွက်ဖြစ်သည့် သဲပန်းပုအသုဘ စွမ်းအားကို ချက်ခြင်း ထုတ်လွှတ်လိုက်သည်။
ကွင်းအတွင်းရှိ အုတ်ကျိုးအုတ်ပဲ့များသည် ချက်ချင်းပင် အမှုန့်ဖြစ်သွားပြီး နဂါးနှစ်ကောင်အဖြစ် ရုတ်တရက်ပေါင်းစည်းသွားကာ အဆုံးသတ်၌ ခေါက်ဆွဲခြောက် တာအိုဧကရာဇ်၏ ခြေကျင်းဝတ်များကို တင်းကျပ်စွာ ချည်နှောင်သွားခဲ့သည်။
ဤတိုက်ကွက်က မည်မျှပင် ကြောက်ဖို့ ကောင်းလိုက်သည့် တိုက်ကွက်နည်း။
သဲဖြင့် ပြုလုပ်ထားသော မြေဆီရောင်ရှိသည့် နဂါးများကြောင့် ခေါက်ဆွဲခြောက်တာအိုဧကရာဇ်က အောက်ပိုင်းကို လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
သဲထဲမှ အဆက်မပြတ် ပေါင်းစပ်နေသော ကြီးမားလှသည့် ဝိညာဉ်စွမ်းအား မော်လီကျူးများကို လူတိုင်းနီးပါး ခံစားနိုင်ခဲ့သည်။
“သဲပန်းပုအသုဘစွမ်းအား” နည်းစနစ်မှ ဖန်တီးထားသော မြေနဂါးများသည် ကမ္ဘာမြေကြီး၏ သွေးကြောများအတွင်းမှ ဝိညာဉ်ချီကို အမှန်တကယ် စုပ်ယူကာ အားကောင်းသော ဝိညာဉ်စွမ်းအား မော်လီကျူးများ အဖြစ်သို့ ကွဲသွားကြသည်။
ထို့ကြောင့် ဂိုဏ်းခေါင်းဆောင်နီက ဤတိုက်ကွက်အတွက် ဝိညာဉ်စွမ်းအင်ကို များများစားစား သုံးစွဲရန် မလိုအပ်ပေ။
သူက ဝိညာဥ်စွမ်းအားကို ကမ္ဘာမြေကြီး၏ သွေးကြောများမှ လုံး၀ ထုတ်ယူ၍ရသောကြောင့် ဖြစ်သည်။
"ဒီတိုက်ကွက်က ခေါက်ဆွဲခြောက် တာအိုဧကရာဇ်ရဲ့ ခြေထောက်တွေကို ချိနဲ့သွားအောင် လုပ်နိုင်စွမ်းရှိတယ်"
လုယိုမင်က စင်မြင့်အောက်ကနေ ခွဲခြမ်းစိတ်ဖြာခဲ့သည်။
သို့သော် သူက ဘာမှ အတိအကျ မပြောခဲ့ပေ။
အကြောင်းရင်းမှာ ခေါက်ဆွဲခြောက်တာအိုဧကရာဇ်၏ မျက်နှာတွင် ထိတ်လန့်သော အရိပ်အယောင်ကို မတွေ့သောကြောင့် ဖြစ်သည်။
နောက်ထပ် အခိုက်အတန့်တွင် ဂိုဏ်းခေါင်းဆောင်နီသည် သူ့လက်ကို နောက်သို့ ဟန်ပါပါပစ်ကာ ခေါက်ဆွဲခြောက် တာအိုဧကရာဇ်ကို စိုက်ကြည့်လိုက်သည်။
"ခေါက်ဆွဲခြောက် တာအို ဧကရာဇ်.. အခု မင်းမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်..
ကိုယ့်ဘာသာကိုယ် အရှုံးပေးရင် ဂုဏ်သိက္ခာရှိရှိ ကွင်းထဲက လွှတ်ပေးလိုက်မယ်.. မဟုတ်ရင်တော့ မင်းခြေထောက်တွေ ကျိုးသွားလိမ့်မယ်.. ဒါပေမယ့် စိတ်မပူပါနဲ့.. ငါ့ခွန်အားကို သေချာလေး ထိန်းချုပ်ထားမှာပါ.. ဒါမှနောက်ကျရင် ပြန်ဆက်လို့ရအောင်ပေါ့"
"ဟားဟား...ဂိုဏ်းခေါင်းဆောင်နီက ကိုယ့်ကိုယ်ကိုယ် အရမ်း ယုံကြည်မှုရှိပုံရတယ်"
ခေါက်ဆွဲခြောက် တာအိုဧကရာဇ်က ရယ်လိုက်သည်။
နောက်ထပ် အခိုက်အတန့်တွင် သူ့အမူအရာက ရုတ်တရက် လေးနက်သွား၏။
သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ရစ်ပတ်နေသော မြေနဂါးများကို ငေးကြည့်ရင်း “မင်းတို့ ငါ့ကို မထိနဲ့”ဟု ရေရွတ်လိုက်ရာ စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် မြေနဂါးများသည် မြေပြင်ထဲသို့ တိုက်ရိုက် ပြန်ဆုတ်သွားခဲ့သည်။
အပိုင်း(၈၁၇) ပြီး၏