← Chapters

အမှောင်နက်ဝေါ့ခ်က နံပါတ်၁

Vol. 55 Ch. 822

အမှောင်နက်ဝေါ့ခ်က နံပါတ်၁

Vol. 55 Ch. 822

ဂိုဏ်းတည်ထောင်ခြင်း အခမ်းအနားက အထွတ်အထိပ် အခြေအနေသို့ ရောက်လာခဲ့သည်။

မြောက်ဘက်ရင်ပြင်ရှိ ဗုံးပစ်စီနီယာ အင်မော်တယ်၏ မိန့်ခွန်းအပြီးတွင် ဂိုဏ်းဝင်များက သေနတ် ၁၁၈လက်ဖြင့် ဂုဏ်ပြုပစ်ဖောက်လိုက်သည်။

၁၁၈သည် ကောင်းကင်တာအို အတွက် ကံကောင်းစေသောဂဏန်း ဖြစ်သည်။

ဗုံးပစ်စီနီယာအင်မော်တယ်က ဂိုဏ်းတည်ထောင်ခြင်းအခမ်းအနား မစမီတွင် အခါတော်ပေးရန် အတွက် ရှေ့ဖြစ်ဟော နတ်သခင်ကို အထူးတောင်းဆိုခဲ့သည်။

ဆိုရလျှင် ရှေ့ဖြစ်ဟော နတ်သခင်သည် ဘယ်တုန်းကမှ မမှားခဲ့ဖူးပေ။

နောက်ဆုံးအကြိမ်က ဗုံးပစ်စီနီယာ အင်မော်တယ်၏ သေလုနီးပါး အခြေအနေကိုလည်း အတိအကျ ဟောပြောနိုင်ခဲ့သည်။

ဝမ်လင်း သူ့ကိုပေးခဲ့သည့် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း လက်စွပ်ကြောင့်သာ မဟုတ်လျှင် ဗုံးပစ်စီနီယာ အင်မော်တယ် အနေဖြင့် အရိုးပင် ကျန်ရှိလိမ့်မည်မဟုတ်ပေ။

သူ့ဝိညာဉ်က လုံးဝ ကြေမွသွားလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် ရှေ့ဖြစ်ဟော နတ်သခင်၏ နိမိတ်အဟောက ဘယ်တုန်းကမှ အမှားအယွင်းမရှိခဲ့ပေ။

ဝမ်လင်းကြောင့်သာလျှင် နိမိတ်က ပြောင်းလဲသွားခဲ့ခြင်း ဖြစ်၏။

အဆုံးသတ်တွင် ဝမ်လင်းသည် ကောင်းကင်တာအို၏ ဝှိုက်လစ်စာရင်းဝင် ဖောက်သည်တစ်ဦး ဖြစ်ပြီး ကောင်းကင်တာအိုကပင် ချစ်ခင်ခြင်းကိုခံရသူ ဖြစ်သည်။

ထိုကဲ့သို့သော လူမျိုးက ဝင်ပါလာသည့်နောက် သူ၏ နိမိတ်အဟောက မည်ကဲ့သို့ မှန်ကန်နိုင်ပါတော့မည်နည်း။

ထို့ကြောင့် မိစ္ဆာဓားနတ်ဘုရားနှင့် အဖြစ်အပျက်ပြီးနောက်တွင် ဗုံးပစ်စီနီယာအင်မော်တယ် အသက်ရှင်နေသေးကြောင်း သိရသောအခါ၌ ရှေ့ဖြစ်ဟော နတ်သခင်သည် သူ၏ နိမိတ်ဟောစွမ်းရည်က ကောင်းမွန်စွာ အလုပ်မလုပ်တော့ကြောင်း သိရှိကာ အချိန်တော်ကြာသည်အထိ အထီးကျန်နေခဲ့သည်။

ယခုတော့ ရှေ့ဖြစ်ဟောနတ်သခင်သည် ဗုံးပစ်စီနီယာကို ဂုဏ်ပြုရန်အတွက် ဗေဒင်ဟောပေးခဲ့ပြီ ဖြစ်သည်။

ဆိုရလျှင် သူသည်လည်း မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ နိမိတ်ဟော အဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့သည်။

ဂိုဏ်းတည်ထောင်ခြင်း အခမ်းအနားက အမှန်တကယ်ပင်အရေးပါသည်ဟု ဆိုနိုင်သည်။

ဂိုဏ်းကြီးများနှင့် မီဒီယာများ အားလုံးက ဂုဏ်ပြုစကားများဆိုခဲ့ကြပြီး မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးနှင့်ပတ်သက်သည့် သတင်းများက အွန်လိုင်းတွင် တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။

အထူးသဖြင့် ဗိုလ်ချုပ်၁၀ပါး ထွက်ပေါ်လာပြီးနောက်တွင် အလင်းအင်အားစု ဂိုဏ်းများအားလုံး၏ အမြင်သည် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ကြသည်။

နာမည်ကျော် ထမင်းကြော် ဆရာကြီးတစ်ယောက်၏ စကားတစ်ခွန်း ရှိသည်။

“အနံ့အရသာနဲ့ ပြည့်စုံနေမှတော့ ဘယ်သူမဆို မကြိုက်ဘဲ နေမှာမဟုတ်ဘူး”

ထိုသတင်းကြောင့် အင်မော်တယ် လက်ဝါးသစ်ပင်ဂိုဏ်း၏ သဘောထားကလည်း သိသိသာသာသာပင် ပြောင်းလဲသွားခဲ့သည်။

အင်မော်တယ်လက်ဝါးသစ်ပင်ဂိုဏ်းသည် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ VIPဖိတ်ကြားမှုကို လက်ခံရရှိခဲ့သည်။

အဆုံးသတ်တွင် အင်မော်တယ် လက်ဝါးသစ်ပင်ဂိုဏ်းသည် လက်ရှိ၌ တစ်ခုတည်းသော ကောင်းကင်အဆင့် ပထမတန်းစားဂိုဏ်းကြီး ဖြစ်သည်။

သူတို့က ယခုမှ စတင်တည်ထောင်သည့် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးနှင့် ပတ်သက်၍ သဘောထားကို ချမှတ်ထားပြီ ဖြစ်သည်။

ဆိုရလျှင် ကောင်းကင်အဆင့် ပထမတန်းစားဂိုဏ်းကြီး ဖြစ်သည့် သူတို့သည် တတိယတန်းစား ဂိုဏ်းတစ်ခု၏ စတင်တည်ထောင်သည့်ပွဲကို အဘယ်ကြောင့် တက်ရောက်ရန် လိုပါမည်နည်း။

မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးက ယခုမှစတင် တည်ထောင်သည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပြီး ဂိုဏ်းကိစ္စတော်တော်များများကိုလည်း ကိုင်တွယ်ရသေးပုံမရပေ။

ထို့ကြောင့် အင်မော်တယ် လက်ဝါးသစ်ပင်ဂိုဏ်း၏ ကနဦးသဘောထားမှာ လစ်လျူရှုခြင်းပင် ဖြစ်သည်။

သို့သော် အခြားဂိုဏ်းခေါင်းဆောင်များ ကဲ့သို့ပင် အင်မော်တယ် လက်ဝါးသစ်ပင်ဂိုဏ်း၏ ခေါင်းဆောင်သည်လည်း မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ နောက်ကွယ်တွင် ဗိုလ်ချူပ်၁၀ပါး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထို့ကြောင့် ဤသတင်းကို ရရှိပြီးနောက်တွင် အင်မော်တယ် လက်ဝါးသစ်ပင်ဂိုဏ်း တစ်ခုလုံးသည် အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။

ဂိုဏ်း၏ လက်ရှိခေါင်းဆောင်မှာ စွန်းကျိုးလင်း ဖြစ်ပြီး ၎င်းကို ဟွာကောရေတံခွန်လုပ်ငန်းစုမှာ ငှားရမ်းထားခြင်းဖြစ်သည်။

ကုမ္ပဏီအများအပြားရှိ ပရော်ဖက်ရှင်နယ် မန်နေဂျာများ ကဲ့သို့ပင် စွန်းကျိုးလင်းသည် ဂိုဏ်း၏ ပုံမှန်လုပ်ငန်းစဉ် လည်ပတ်မှုများကို တာဝန်ယူရခြင်း ဖြစ်သည်။

တကယ်တမ်းတွင် စွန်းကျိုးလင်းသည် ဟွာကောရေတံခွန် လုပ်ငန်းစု ပိုင်ရှင် စွန်းမိသားစုနှင့် ဘာမှ ပတ်သက်မှုမရှိပေ။

ထိုအချိန်က သဘောတူညီချက်ကို လက်မှတ်ရေးထိုးရာတွင် စွန်းမျိုးရိုး အမည်ကို အသုံးပြုရမည်ဟု စာချုပ်တွင် ပါဝင်ခဲ့သည်။

ထို့ကြောင့် ကျိုးလင်းက သူ၏ မူရင်းအမည်ရှေ့တွင် စွန်းအမည်ကို ထပ်ထည့်လိုက်ခြင်း ဖြစ်၏။

ကျိုးလင်းသည် သူ၏အမည်ရင်း ဖြစ်သည်။

သို့သော် ဤကျိုးသည် ကျိုးရီ၏ ကျိုးမိသားစုနှင့် လုံးဝမသက်ဆိုင်ပေ။

မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ ဖိတ်ကြားမှုကို လျစ်လျူရှုရန် ဆုံးဖြတ်ခဲ့ခြင်းမှာ စွန်းကျိုးလင်း၏ ဆုံးဖြတ်ချက်ပင် ဖြစ်သည်။

ထို့ကြောင့် ဗိုလ်ချုပ်၁၀ပါး ပေါ်ထွက်လာသည် ဆိုသောသတင်းကို ကြားရသောအခါ စွန်းကျိုးလင်းက ထိတ်လန့်သွားခဲ့ခြင်းပင်။

ဤသည်က ဆုံးဖြတ်ချက်ချရာတွင် အမှားအယွင်း တစ်ခုကို သိသာထင်ရှားစွာ ပြုလုပ်မိလိုက်ခြင်း ဖြစ်သည်။

နောက်ကွယ်တွင် ဗိုလ်ချုပ်၁၀ပါး ရှိနေသည့် ဂိုဏ်းတစ်ဂိုဏ်းကို စော်ကားရန် သူတို့အနေဖြင့် မည်သို့ တတ်နိုင်ပါမည်နည်း။

အင်မော်တယ် လက်ဝါးသစ်ပင်ဂိုဏ်း၏ အစည်းအဝေးခန်းထဲတွင် စွန်းကျိုးလင်းသည် စိတ်လှုပ်ရှားစွာဖြင့် ရှိနေခဲ့သည်။

ထိုအချိန်မှာပင် သူ၏ အတွင်းရေးမှူးက တံခါးခေါက်၍ ဝင်လာခဲ့သည်။

စွန်းကျိုးလင်း “ဂုဏ်ပြုလွှာ ပို့ခဲ့ပြီးပြီလား”

အတွင်းရေးမှူးက သူ၏လက်ပတ်နာရီကို ကြည့်လိုက်သည်။

“ဂုဏ်ပြုလွှာတွေကို ကျွန်တော်တို့ အင်မော်တယ်လက်ဝါးသစ်ပင်ဂိုဏ်းရဲ့ Weibo နဲ့ WeChat တရားဝင် အကောင့်တွေမှာ ကြေညာပြီးပါပြီ.. ကျွန်တော်တို့နဲ့ သက်ဆိုင်တဲ့ မီဒီယာပလက်ဖောင်းတွေမှာလည်း ဂုဏ်ပြုစာတွေ ထုတ်ပြန်ပြီးပါပြီ”

“တော်သေးတယ်”

စွန်းကျိုးလင်းက အလွန်စိတ်သက်သာရာ ရသွားသောအမူအရာဖြင့် သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။

အကယ်၍ သူသာဤကိစ္စကို ကောင်းစွာ မကိုင်တွယ်နိုင်ခဲ့လျှင် ဟွာကော ရေတံခွန် လုပ်ငန်းစုမှ အဆင့်မြင့် အရာရှိများသည် သူ့ကို အရေးယူမည် ဖြစ်သည်။

ထိုသို့ဖြစ်လာလျှင် သူ့အနေဖြင့် လုံးဝ ရှင်းပြခွင့်ပင်ရတော့မည် မဟုတ်ပေ။

အင်မော်တယ် လက်ဝါးသစ်ပင်ဂိုဏ်းသည် ကောင်းကင်အဆင့်ပထမတန်းစားဂိုဏ်း ဖြစ်သည်။

သူ၏မှားယွင်းသော ဆုံးဖြတ်ချက်တစ်ခုတည်းဖြင့် ယနေ့ရရှိနေသည့် အောင်မြင်မှုအားလုံးကို ဖျက်ဆီးပစ်မိလျှင် သူ့ကိုယ်သူ သတ်သေလျှင်တောင် ဤအပြစ်ကို ဖြေဖျောက်ရန်အတွက် မဖြစ်နိုင်ပေ။

“လက်ဆောင်တွေရော ပို့ပြီးပြီလား”

စွန်းကျိုးလင်းက အခမ်းအနားသို့ တက်ရောက်ရန် ငြင်းဆန်ခဲ့သည်ကိုတွေးကာ အနည်းငယ်စိုးရိမ်နေခဲ့သည်။

အနည်းဆုံးတော့ သူ့အနေဖြင့် ဒုခေါင်းဆောင် အဆင့်လောက်ကို အခြေအနေသိရရန် စေလွှတ်သင့်ပေသည်။

“ကျွန်တော် အမြန်ချောပို့နဲ့ ပို့ခိုင်းလိုက်ပါတယ်. ပါမောက္ခယန်ဆီကလည်း လက်ဆောင်ကို လက်ခံရရှိပြီလို့ အကြောင်းပြန်လာပါပြီ.. ဒါ့အပြင် အခမ်းအနားကို ဂိုဏ်းခေါင်းဆောင် ရောက်မလာတဲ့ အတွက် ဝမ်နည်းတယ်လို့လည်း ပြောဆိုခဲ့တယ်.. ဒါကြောင့် ကျွန်တော်က ဂိုဏ်းခေါင်းဆောင် ညွှန်ကြားထားတဲ့ အတိုင်း ဂိုဏ်းခေါင်းဆောင်ရဲ့ ခြေထောက်မှာ ဒဏ်ရာရနေလို့ ဆိုပြီး ဆင်ခြေပေးခဲ့လိုက်တယ်.. ကျွန်တော့်မှာလည်း တခြား ရွေးချယ်စရာ မရှိတော့ဘူးလေ”

“ငါနားလည်ပါတယ်.. တော်သေးတာပေါ့.. ငါတို့အကြောင်းပြချက်ကို ကြိုတင်ရှာထားခဲ့လို့”

အတွင်းရေးမှူးက ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့…”

“ဒါပေမဲ့ ဘာဖြစ်လဲ”

“ဒါပေမဲ့ မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးက ထပ်ပြောသေးတယ်.. သူတို့က ဂိုဏ်းခေါင်းဆောင်နဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကနေ အပြန်အလှန် ဆွေးနွေးကြမယ်လို့ ပြောဆိုခဲ့တယ်.. အဲဒါမှ ဗိုလ်ချုပ်၁၀ပါးက ဂိုဏ်းခေါင်းဆောင်ရဲ့ ဒဏ်ရာ အခြေအနေကို စုံစမ်းမေးမြန်းနိုင်မှာတဲ့လေ”

“……….”

ထိုစကားကြောင့် စွန်းကျိုးလင်း ထိတ်လန့်သွားခဲ့သည်။

ဗိုလ်ချုပ်၁၀ပါးက သူ့အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ မေးမြန်းမည် မဟုတ်ပါလော။

စွန်းကျိုးလင်းက ချက်ချင်းပင် အံကြိတ်ကာ သိုလှောင်အိတ်ထဲမှ တင်းပုတစ်လက်ကို ထုတ်ယူ၍ အတွင်းရေးမှူးထံ ပေးအပ်လိုက်သည်။

“ဂိုဏ်းခေါင်းဆောင် ဒါက”

“ဟုတ်တယ်.. မင်းထင်တဲ့အတိုင်းပဲ.. ဒီကိစ္စက လုံးဝ ပေါ်ပေါက်သွားလို့မရဘူး”

စွန်းကျိုးလင်းက မြေပြင်ပေါ်တွင်ထိုင်ကာ သူ့ခြေထောက်များကို ညွှန်ပြလိုက်သည်။

“အခုချက်ချင်း မင်းငါ့ခြေထောက်တွေ အားလုံးကို ရိုက်ချိုးလိုက်တော့”

အတွင်းရေးမှူး “အားလုံးလား”

“ဟုတ်တယ်.. အလယ်က တစ်ခုအပါအဝင်ပေါ့”

အတွင်းအရေးမှူက အံ့ဩသွားခဲ့သည်။

“ခေါင်းဆောင်.. အဲဒီလောက်ထိ လိုအပ်လို့လား.. ဒါက နည်းနည်းများမနေဘူးလား”

စွန်းကျိုးလင်း “ငါတို့ဒီလုပ်ရပ်ကို စလုပ်မိကတည်းက ငါတို့မှာရွေးချယ်စရာ မရှိတော့ဘူး.. ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ကျင့်ကြံခြင်းနယ်ပယ်အဆင့်ကြောင့် အလယ်က တစ်ခုကို ခန္ဓာကိုယ်နဲ့ပြန်လည် ချိတ်ဆက်နိုင်ပါတယ်.. မင်းအနေနဲ့ သပ်သပ်ရပ်ရပ်ပြုလုပ်ဖို့ပဲ လိုအပ်တယ်.. အပိုင်းပိုင်း မကွဲထွက်သွားသရွေ့ အဆင်ပြေပါတယ်”

“ဒါပေမဲ့ အလယ်ကဟာက နည်းနည်းလောက်တော့ တိုသွားနိုင်တယ်နော် ခေါင်းဆောင်”

“ဒါက အရေးမကြီးပါဘူး.. တစ်လက်မ နှစ်လက်မလောက်တိုသွားလည်း ဘာမှမဖြစ်ဘူး”

“……….”

အင်မော်တယ် လက်ဝါးသစ်ပင်ဂိုဏ်းက ရှင်သန်ရန်အတွက် အပတ်တကုတ် ကြိုးစားနေသောအချိန်တွင် ညဦးစီးမှူးအဖွဲ့၏ ဥက္ကဌပိုင်ကလည်း နောက်ဆုံးသတင်းကို ရရှိခဲ့သည်။

ထိုသတင်းမှာ လုံမင်ထံမှ ဖြစ်သည်။

“အရှင်ပိုင်.. မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးက လုယိုမင်တို့ အဖွဲ့ချထားတဲ့ တစ်ဆင့်ပို့ ခရစ်စတယ်တွေ အားလုံးကို ဖယ်ရှားပစ်လိုက်ပြီ.. ဒါ့အပြင် လုယိုမင်နဲ့ တခြားသောဂိုဏ်းခေါင်းဆောင်တွေကလည်း လက်ရှိအချိန်ကစပြီး မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးကို မဆန့်ကျင်တော့ဘူးလို့ တရားဝင် ရှင်းလင်းပြောကြားခဲ့တယ်”

“ကိစ္စမရှိပါဘူးလေ”

ဥက္ကဌပိုင်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“ဒီလိုဖြစ်မယ်ဆိုတာ ငါတွက်ချက်ပြီးသားပါ.. ပြောရရင် ဒီတစ်ဆင့်ပို့ ခရစ်စတယ်နဲ့ ပတ်သက်တဲ့အရာတွေက ငါတို့ရဲ့အဓိကလုပ်ငန်းစဉ်ကို ဖုံးကွယ်ဖို့အတွက်ပဲ.. တကယ်တော့ အမှောင်နက်ဝေါ့ခ်ရဲ့ နံပါတ်တစ် လူသတ်သမားကို ငါတာဝန်ပေးထားပြီးပြီ.. အခုဆိုရင် သူက အခမ်းအနားထဲကိုတောင် ရောက်နေခဲ့ပြီ”

“အမှောင်နက်ဝေါ့ခ်ရဲ့ နံပါတ်တစ်.. ဟုတ်လား”

လုံမင်က လူတစ်ယောက်အကြောင်း တွေးမိလိုက်သည်။

“သူများ ဖြစ်နေမလား”

“ဟုတ်တယ်.. အဲဒီလူက တစ်ချိန်တုန်းက ကမ္ဘာကို တုန်လှုပ်စေခဲ့တဲ့ အန္တိမလူသတ်ဘုရင်ပဲ”

အပိုင်း(၈၂၂) ပြီး၏

All Chapters