အန္တိမလူသတ်ဘုရင်
Vol. 55 Ch. 823
အန္တိမလူသတ်ဘုရင်..
အမှောင်နက်ဝေါ့တွင် မည်သူက ဤအမည်နှင့် ထိုက်တန်ပါသနည်း။
နာမည်ဆိုးဖြင့် ကျော်ကြားသည့် သရဲခေါင်းဓားပင် ထိုသူ၏ခြေထောက်ကို လျှာဖြင့်လျက်ရန် အဆင့်မမီသေးပေ။
ဟွာရှို့မဟာမိတ် အဖွဲ့အစည်းမှ တရားဝင် ထုတ်ပြန်သောအချက်အလက်များအရ သရဲခေါင်းဓားက သေဆုံးကြောင်း အတည်ပြုထားပြီး ဖြစ်သည်။
၎င်းက နေရာလွတ် ပင်လယ်သေထဲတွင် နစ်မြုပ်နေခဲ့၍ ဓားကိုယ်ထည်မှာ ပျက်စီးယိုယွင်းသွားပြီဖြစ်သည်။
သရဲခေါင်းဓား ကျင့်ကြံခဲ့သည့် နည်းစနစ်များကို ဥက္ကဌပိုင်က သိသည်။
သရဲခေါင်းဓားက သူကဲ့သို့ ပြောင်းပြန်ဝင်ရိုးစွန်းနည်းဖြင့် သူ့ကိုယ်သူ ရှင်ပြန်ထမြောက်ရန် မဖြစ်နိုင်ပေ။
"အဲဒီလူ ပြန်လည် ထွက်ပေါ်လာပြီလား"
လုံမင်၏မျက်လုံးများက တောက်ပလာသည်။
သူက ဘာကြောင့်မှန်း မသိသော်လည်း အန္တိမ လူသတ်ဘုရင်ဟူသည့် အမည်ကို ကြားသည်နှင် စိတ်မဝင်စားဘဲ မနေနိုင်တော့ချေ။
"ဟုတ်တယ်"
ဥက္ကဌပိုင်က ပြန်ဖြေလိုက်သည်။
သူ၏ ဂုဏ်ကျက်သရေမြင့်မားနေချိန်က ဆိုလျှင် အန္တိမလူသတ်ဘုရင်သည် အမှောင်အင်အားစု များစွာ၏ ယုံကြည်ကိုးစားခြင်းကို ခံခဲ့ရသူ ဖြစ်သည်။
ဤအမည်က အထိန်းအကွပ်မဲ့ ကြမ်းရမ်းသော သူ၏လုပ်ရပ်ကြောင့် တွင်ခဲ့ရခြင်း ဖြစ်၏။
ထိုအချိန်က ဗိုလ်ချုပ်ရီ၊ ဥက္ကဌချီ နှင့် ပေါက်ကွဲခြင်းသူတော်စင်တို့က အန္တိမ လူသတ်ဘုရင်ကို အရှင်လတ်လတ်ဖမ်းဆီး၍ ဟွာရှို့မဟာမိတ် ကောင်းကင်အကျဉ်းထောင် ထဲသို့ပို့ခဲ့ကြသည်။
ဟွာရှို့မဟာမိတ် ကောင်းကင်အကျဉ်းထောင်...
ဤသည်က စုန့်ဟိုင်ထောင်ထက်ပင် ပိုကြောက်စရာကောင်းသည့် ထောင်တစ်ခု ဖြစ်သည်။
အကျဉ်းထောင် တစ်ခုလုံးကို ဝိညာဉ်အချုပ်အနှောင် ကဲ့သို့ တူညီသောပစ္စည်းများဖြင့် အထူးတလည် ပြုလုပ်ထားသည်။
မိစ္ဆာအင်ပါယာကွာဖီတို့ လက်ရှိ စုန့်ဟိုင်ထောင်တွင် ရှိနေရသည့် အကြောင်းအရင်း နှစ်ခု ရှိသည်။
ပထမတစ်ချက်မှာ သူတို့က ရုံးတင်စစ်ဆေးရန် စောင့်ဆိုင်းနေကြသူများ ဖြစ်သည်။
နောက်တစ်ချက်မှာ သူတို့ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအပေါ် မူတည်၍ အပြစ်ပေးခြင်း လုပ်ငန်းစဉ်တွင် သူတို့ရရှိသည့် ကုသိုလ်ရမှတ်များကို ထည့်သွင်းစဉ်းစားကာ ပြစ်ဒဏ်များကို လျှော့ပေါ့ပေးရန် ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့ကို ဟွာရှို့မဟာမိတ်ကောင်းကင်အကျဉ်းထောင်တွင် မထားရှိရသေးခြင်း ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဟွာရှို့မဟာမိတ် အကျဉ်းထောင်ရှိ အကျဉ်းသား ၉၅%မှာ သေဒဏ်ကျ အကျဉ်းသားများ ဖြစ်နေကြသောကြောင့်ပင်။
တစ်ခုသိထားရမည်မှာ အန္တိမလူသတ်ဘုရင် မတိုင်မီ ဤနေရာ၌ အကျဉ်းကျခဲ့သည့် အမှောင်ရာဇဝတ်သားမှာ အင်မော်တယ်ရှဲဖီ ဖြစ်သည်။
“ဒီလူကို ဖိတ်ခေါ်ဖို့အတွက် တော်တော်လေး ကုန်ကျခဲ့ရတယ်.. ဒါပေမဲ့ အနည်းဆုံးတော့ ကုန်ကျစရိတ်နဲ့ ထိုက်တန်ပါတယ်လေ.. ဒီတစ်ခေါက် ငါတို့က စည်းပြင်ပတာအိုရဲ့ စွမ်းအားကို မထုတ်သုံးနိုင်ရင်တောင် ဒီအန္တိမ လူသတ်ဘုရင် ဖန်တီးမယ့် ပြဿနာကတော့ ပေါ့သေးသေး မဟုတ်ဘူး”
ဥက္ကဌပိုင်က ယုံကြည်စိတ်ချသော ရုပ်သွင်မျိုး ရှိနေခဲ့သည်။
တကယ်တမ်းတွင် အန္တိမ လူသတ်ဘုရင်သည် အင်မော်တယ်ရှဲဖီ ပြီးလျှင် ဟွာရှို့မဟာမိတ် ကောင်းကင်အကျဉ်းထောင်၌ အန္တရာယ်အရှိဆုံးသူ ဖြစ်သည်။
သို့သော် အန္တိမလူသတ်ဘုရင်တွင် အင်မော်တယ်ရှဲဖီထက် သာလွန်သော နောက်ထပ်မှတ်တမ်း တစ်ခု ရှိပါသေးသည်။
ယင်းမှာ ထိုထောင်မှ လွတ်မြောက်ဖူးသည့် တစ်ဦးတည်းသောသူ ဖြစ်နေခြင်းပင်။
ယခုအချိန်ထိ ဟွာရှို့မဟာမိတ် အဖွဲ့အစည်းက အန္တိမ လူသတ်ဘုရင်၏ ဦးခေါင်းအတွက် အင်မော်တယ်ရွှေ ငါးသန်းဆုငွေ ထုတ်ထားသော်လည်း မည်သူမှ ဖမ်းမမိသေးပေ။
ထိုအခိုက်အတန့်တွင် မြောက်ဘက်ရင်ပြင်၌ အမြှောက်များဖြင့် ကောင်းကင်သို့ ဆက်လက် ပစ်ခတ်နေခဲ့သည်။
မီးရှုးမီးပန်းများ၏ ထူးခြားသော ခံစားမှုကလည်း ပတ်ဝန်းကျင်လေထုကို လွှမ်းခြုံးထားသည်။
ထိုအချိန်တွင် လူတိုင်းသည် တရုတ်နှစ်သစ်ကူး ပွဲတော်ကို ဆင်နွှဲနေသလိုပင် ခံစားခဲ့ရသည်။
သို့သော် ထိုအချိန်မှာပင် လေထဲ၌ အားကောင်းသော လူသတ်အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။
ဝမ်လင်းက သူ၏ကိုယ်ပွားနှစ်ခု ဤနေရာတွင် ရှိနေသောကြောင့် ယခုရောက်ရှိလာသူမှာ အဆင့်လွန် ကျင့်ကြံသူမှန်း ချက်ချင်း သိလိုက်သည်။
ထိုလူ၏ လူသတ်အရှိန်အဝါ တစ်ခုတည်းကပင် ဗိုလ်ချုပ်၁၀ပါးကို ကျော်လွန်နေသည်ဟု ဝမ်လင်း ခံစာခဲ့ရသည်။
ဗိုလ်ချုပ်၁၀ပါးထဲတွင် အမှောင်သူတော်စင်သည် လုပ်ကြံသတ်ဖြတ်ခြင်းတွင် အော်ရာဖုံးကွယ်ခြင်း နည်းစနစ်များကို အထူးကျွမ်းကျင်သူ ဖြစ်သည်။
သို့သော် ယခုအချိန်၌ အမှောင်သူတော်စင်သည် ရင်ပြင်ရှိအန္တရာယ် အငွေ့အသက်ကို အာရုံခံစားမိပုံမရပေ။
ဤသည်မှာ အမှောင်ထဲတွင် ရှိနေသည့် ကြောက်မက်ဖွယ်ကောင်းသော အမည်မသိရန်သူ ဖြစ်သည်။
ဆိုရလျှင် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးကပင် ကြိုတင် မှန်းဆမထားနိုင်သည့် အန္တရာယ်တစ်ခု ရောက်လာတော့မည် ဖြစ်၏။
သို့ရာတွင် ဝမ်လင်းသည် လင်းကျန်းယန်နှင့် ခေါက်ဆွဲခြောက် တာအိုဧကရာဇ်တို့ကို ချက်ချင်း မလှုပ်ရှားစေခဲ့ပေ။
ထိုနှစ်ယောက်လုံးက သူ့ကိုယ်စား ပြင်ပလူများ၏ အာရုံကို ဆွဲဆောင်ရန် ဖန်တီးထားခြင်းဖြစ်၍ တစ်စုံတစ်ရာ ဖြစ်ပျက်၍မရပေ။
အကောင်းမွန်ဆုံး ဖြေရှင်းချက်မှာ ဤလျှို့ဝှက် ဒုက္ခပေးလာမည့်သူကို အနှောင့်အယှက်ပေးရန် ဖြစ်သည်။
ဝမ်လင်းက ထိုအကြောင်းကို တွေးနေစဉ်မှာပင် အမြှောက်များက ရပ်တန့်သွားပြီး ကောင်းကင်ပေါ်ရှိ တာအိုမီးရှူးမီးပန်းများကလည်း ပြီးဆုံးသွားခဲ့သည်။
ထိုခဏမှာပင် ကြောက်မက်ဖွယ်ရာ လူသတ်အရှိန်အဝါက လူအုပ်ထဲသို့ ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။
ဤသည်မှာ အားကောင်းသော ဖျက်ဆီးခြင်းအော်ရာ စွမ်းအင် ဖြစ်သည်။
ဆိုရလျှင် လူတစ်ဦး၏ သတ်ဖြတ်မှုအရှိန်အဝါသည် အားကောင်းမောင်းသန်သော စစ်တပ်၏ အင်အားကိုပင် အမှန်တကယ် ပြိုင်ဆိုင်နိုင်ပေသည်။
ထိုအော်ရာနှင့် ထိတွေ့မိသော သူများသည် သွေးပင်လယ်ကြီးထဲတွင် ထာဝရနစ်မျောနေသူတွေလို ခံစားခဲ့ရသည်။
ရင်ပြင်ရှိ ဂိုဏ်းခေါင်းဆောင်များသည် ဤဆိုးရွားလှသောအော်ရာကို ခုခံရင်း အကာအကွယ် အတားဆီးတစ်ခုကို ချက်ချင်းပင် လက်တွဲ၍ ဖန်တီးလိုက်ကြ၏။
“အဲဒါဘယ်သူများလဲ”
အခမ်းအနားကို တက်ရောက်လာသော သတင်းထောက်များနှင့် ဂိုဏ်းခေါင်းဆောင်များသည် ဤဆိုးရွားလှသော လူသတ် အရှိန်အဝါကို ကြောက်လန့်ကာ မွှေးညင်းများပင် ထောင်ထသွားကြသည်။
ဤလူသတ် အရှိန်အဝါက စည်ကားနေသော လူအုပ်ကြီးကို ဘေးနှစ်ဖက်သို့ ရှဲသွားစေပြီး လမ်းကြောင်းတစ်ခု ဖြစ်ပေါ်စေသည်။
ဂိုဏ်းခေါင်းဆောင်များက နောက်သို့ ဆုတ်လိုက်ရသော်လည်း မည်သူမှပေါ့ဆစွာ မလုပ်မိကြပေ။
ထိုအချိန်တွင် ဂိုဏ်းခေါင်းဆောင်တစ်ဦးသည် ရှေ့သို့ လှမ်းတက်ရန် ပြင်လိုက်သော်လည်း ပါမောက္ခယန်က သူ့လက်ကိုသေချာဆုပ်ကိုင်၍ ပြန်ဆွဲလိုက်သည်။
“မသွားနဲ့ ဂိုဏ်းခေါင်းဆောင်လု.. မင်းသေချင်နေတာလား”
ဤလူက မည်မျှစွမ်းအားကြီးသည်ကို ရင်ပြင်ရှိ လူတိုင်းက သိကြသည်။
ထိုအချိန်မှာပင် သူတို့က လူသတ်အရှိန်အဝါ၏ အရင်းအမြစ်ကို ရှင်းရှင်းလင်းလင်းပင် မြင်လိုက်ရသည်။
၎င်းမှာ မေးစေ့ပေါ်တွင် လက်သီးဆုပ် အရွယ်ခန့် အသားဖု ပေါက်နေသော အဘိုးအိုတစ်ဦး ဖြစ်သည်။
အဘိုးအို၏မျက်နှာ အသားအရည်က အလွန်ကြမ်းတမ်းပြီး မျက်လုံးများက အတွင်းသို့ နက်ရှိုင်းစွာ ချိုင့်ဝင်ကာ တစ္ဆေသရဲကဲ့သို့ ကြောက်မက်ဖွယ် အသွင်အပြင်ကို ပေးစွမ်းနေသည်။
ထိုအဘိုးအိုက သစ်သားခုံဖိနပ်ကို စီးထားပြီး ရှေ့သို့ လျှောက်လာခဲ့သည်။
“ဒီတာအိုဝတ်စုံက ဝတ်လို့မကောင်းဘူး.. စိတ်အနှောင့်အယှက်ဖြစ်စရာပဲ”
အဘိုးအိုက ဝတ်စုံကိုချွတ်လိုက်ရာ အထဲတွင် အဖြူရောင်အတွင်းခံ အင်္ကျီတစ်ထပ် ရှိနေသည်ကို အားလုံးက မြင်လိုက်ရသည်။
“ဒါက…”
ဂိုဏ်းခေါင်းဆောင်များက ထိုလူကို မြင်သောအခါတွင် ကြောက်ရွံသော အမူအရာများ မျက်နှာထက်တွင် ဖြစ်ပေါ်လာကြသည်။
“ဘယ်လိုလုပ် သူဖြစ်နေတာလဲ”
“တောင်းပန်ပါတယ်.. မင်းတို့ရဲ့ အပျော်တွေကို နှောင့်ယှက်သလိုဖြစ်သွားတယ်.. ငါဒီနေ့ ဒီကိုရောက်လာတာ လက်စားချေဖို့ပဲ.. ကျန်တဲ့သူတွေကို သတ်ဖို့ ငါစိတ်မဝင်စားဘူး”
ပြောပြောဆိုဆိုဖြင့် အဘိုးအိုက စင်မြင့်ထက်သို့ စွေ့ခနဲခုန်တက်လိုက်သည်။
“ဘာကြောင့်လဲဆိုတော့ ဒီတစ်ခေါက်မှာ ငါ့ရဲ့ ပြိုင်ဘက်တွေက အတော်လေး များနေတယ်.. ငါ့ရဲ့ခွန်အားကို အလဟဿ မကုန်ဆုံးအောင် ထိန်းသိမ်းဖို့လည်း လိုသေးတယ်လေ”
ထိုအချိန်တွင် ဗိုလ်ချုပ်ရီက ရှေ့ထွက်လာခဲ့သည်။
သူက လေထဲတွင် ပျံသန်းရင်း အဘိုးအိုကို ငုံ့ကြည့်ကာ ခနဲ့လိုက်သည်။
“ဘယ်သူများလဲ မှတ်တယ်.. ငါတို့ကိုယ်တိုင် ဖမ်းဆီးထားတဲ့ အန္တိမလူသတ်ဘုရင် ဖြစ်နေတာကိုး.. မင်းက ဒီနေရာထိ လာရဲတယ်ဆိုမှတော့ အဆင်သင့်ပြင်ထားပြီလို့ ငါထင်တယ်”
“နှစ်ပေါင်းများစွာကြာခဲ့ပြီ.. ဒါပေမဲ့ ဗိုလ်ချုပ်၁၀ပါးကတော့ ပြောင်းလဲသွားပုံမရဘူး.. ကံဆိုးစွာနဲ့ ငါက အသက်ရလာခဲ့ပြီ”
အန္တိမလူသတ်ဘုရင်က သက်ပြင်းချလိုက်သည်။
သူ၏မျက်နှာထက်တွင် လောကဓံ၏ အရိုက်အပုတ်ဒဏ်ကို ကြံ့ကြံ့ခံခဲ့သည့် အမူအရာများ ထင်ဟပ်နေသည်။
ဟွာရှို့မဟာမိတ် ကောင်းကင်အကျဉ်းထောင်သည် ကျင့်ကြံသူတိုင်းကို ဝိညာဉ်စွမ်းအားများ ချိတ်ပိတ်ထားပြီး အသုံးပြုခွင့် မပေးထားကြပေ။
သို့တိုင် အန္တိမလူသတ်ဘုရင်သည် ထိုထောင်မှ လွတ်မြောက်ခဲ့သည်။
ဗိုလ်ချုပ်ရီက ခနဲ့နေလျှင်ပင် ဤလူက လျှော့တွက်၍မရကြောင်း ဗိုလ်ချုပ်၁၀ပါးလုံး ကောင်းစွာသိသည်။
ဆိုရလျှင် အန္တိမ လူသတ်ဘုရင်က တစ်ဖက် အဖွဲ့အစည်း၏ ညွှန်ကြားချက်ကြောင့်သာ မဟုတ်ဘဲ သူ၏ ကိုယ်ပိုင်ဆန္ဒဖြင့်ပါ ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။
“အန္တိမလူသတ်ဘုရင်.. မင်းဒီနေ့ ငါတို့ မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးကို ဘာလို့လာရတာလဲ”
ဗုံးပစ်စီနီယာအင်မော်တယ်က မေးခွန်းထုတ်လိုက်သည်။
“မင်းက ဗုံးပစ်စီနီယာအင်မော်တယ်ဆိုတဲ့ လူလား”
အဘိုးအိုက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“မင်းက ငါထင်ထားတာထက် အများကြီး အားနည်းနေပုံပဲ.. ဒါပေမဲ့ စာအုပ်တစ်အုပ်ရဲ့ အကြောင်းအရာကို သူ့ရဲ့အဖုံးနဲ့ပဲဆုံးဖြတ်လို့ မရပါဘူး.. ထားပါ နောက်မှပဲ ငါမင်းကို ညင်ညင်သာသာလေး ပေးသေမယ်”
“လေလုံးထွားလှချည်လား.. အန္တိမလူသတ်ဘုရင်”
ဗုံးပစ်စီနီယာက အလွန်ပင် တည်ငြိမ်မှုရှိနေသည်။
အဘိုးအိုက နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်အထိ မဲ့ပြုံးပြုံးလိုက်သည်။
“ငါဒီကိုရောက်လာတာက တခြား အကြောင်းပြချက်မရှိဘူး.. ငါလူသတ်ချင်တယ်.. အထူးသဖြင့် ဗိုလ်ချုပ် ၁၀ယောက်လုံးကို သတ်ချင်တယ်”
အပိုင်း(၈၂၃) ပြီး၏