တစ်စုံတစ်ဦး လဲကျချိန်တွင် ရိုက်နှက်သည်ကကောင်းမွန်သော အကျင့်တစ်ခုဖြစ်သည်။
Vol. 55 Ch. 824
ဤသည်က ခက်ခဲသောပြိုင်ဘက် ဖြစ်သည်။
တိုက်ပွဲအင်အား တစ်ခုတည်းအရဆိုလျှင် ဤလူနှင့် မိစ္ဆာဓားနတ်ဘုရားသည် တန်းတူ ဖြစ်လောက်သည်ဟု ဝမ်လင်း ခန့်မှန်းခဲ့သည်။
သူက အခင်းဖြစ်ပွားရာ နေရာတွင် ရှိမနေသောကြောင့် လက်ရှိအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် အနည်းငယ် ခက်ခဲနေခဲ့သည်။
လင်းကျန်းရန်နှင့် ခေါက်ဆွဲခြောက် တာအိုဧကရာဇ်တို့က သူ၏ကိုယ်ပွားများ ဖြစ်သော်လည်း တစ်ဦးချင်း တိုက်ခိုက်ရေးစွမ်းရည်အရ ကိုယ်ပွားများ၏ တိုက်ခိုက်နိုင်စွမ်းသည် အကန့်အသတ် ရှိသည်။
ထိုကိုယ်ပွားများသည် လူအများ၏ အာရုံကို လှည့်စားရန်ဖန်တီးထားခြင်း ဖြစ်သည်။
ထို့ကြောင့် ဝမ်လင်းက ထိုကိုယ်ပွားနှစ်ခုကို ရူးသွပ်စွာ အသုံးပြုလိမ့်မည် မဟုတ်ပေ။
သို့မဟုတ်လျှင် သူကြံစည်ထားသမျှ အားလုံးသည် အချီးနှီးဖြစ်သွားပေလိမ့်မည်။
ယခုအခါတွင် ဗိုလ်ချုပ်၁၀ဦးသည် ဗုံးပစ်စီနီယာအင်မော်တယ်ကို နောက်ကွယ်မှ စီနီယာကြီးဟု ထင်မြင်နေခဲ့သည်။
ဝမ်လင်းက ထိုအချက်ကို ကောင်းစွာ အသုံးချနိုင်မည်ဟု ထင်ခဲ့သည်။
ထို့ကြောင့် ယနေ့တိုက်ပွဲတွင် အဓိက ဇာတ်ဆောင်နေရာမှ သရုပ်ဆောင်ရမည်မှာ သူ မဟုတ်သလို ကိုယ်ပွားနှစ်ဦးလည်းမဟုတ်ပေ။
ဝမ်လင်းက အခင်းဖြစ်ပွားရာနေရာရှိ အခြေအနေများကို ကိုယ်ပွားနှစ်ဦးမှ တဆင့် ပိုင်းခြားသုံးသပ်နေချိန်တွင် လေထုသည် လုံးဝ အေးခဲသွားခဲသည်။
ပြင်းထန်သော လူသတ်အရှိန်အဝါများက လေထဲတွင်ပျံ့နှံ့သွားခဲ့သည်။
ထိုအရှိန်အဝါများက အေးစက်လွန်း၍ ဗုံးပစ်စီနီယာအင်မော်တယ်သည် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။
ထိုခဏတွင် နှင်းခဲအလွှာတစ်ခုက မြေပြင်ပေါ်တွင် စတင်ဖြစ်ပေါ်လာသည်ကို သူသတိပြုမိလိုက်သည်။
“မင်းတို့တစ်ယောက်မှ ငါ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး”
အန္တိမလူသတ်ဘုရင်က သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ဖြင့် ခနဲ့လိုက်သည်။
“အဲဒီအချိန်တုန်းက မင်းတို့တွေ ငါ့ကို ဟွာရှို့မဟာတမိတ်ကောင်းကင်အကျဉ်းထောင်မှာ ပိတ်လှောင်ထားခဲ့ကြတယ်.. ငါ့ကို ချက်ချင်းမသတ်လိုက်တာက မင်းတို့ရဲ့ အကြီးမားဆုံးအမှားပဲ.. ဝိညာဉ်စွမ်းအား ချုပ်နှောင်ခြင်း ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အကျဉ်းခန်း တစ်ခုတောင်မှ ငါ့ကို မထိန်းသိမ်းနိုင်ခဲ့ဘူး.. မင်းတို့တွေက ငါ့ကို ဘာများလုပ်နိုင်မှာမို့လို့လဲ”
ကောင်းကင်အဆင့် ဂိုဏ်းခေါင်းဆောင်များက ဤအခြေအနေနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားမိခဲ့ကြသည်။
“အန္တိမလူသတ်ဘုရင်ရဲ့ ပင်ကိုယ်စရိုက်အရ ဆိုရင် သူက ခြွင်းချက်မရှိ လူတိုင်းကို သတ်ပစ်မှာပဲ.. ဒါပေမဲ့ သူ့ရဲ့ ဒီတစ်ခေါက် ပန်းတိုင်ကတော့ အရမ်းကို ထင်သာမြင်သာ ရှိနေတယ်”
လုယိုမင်၏ စိတ်ပျက်အားလျော့သော အသံက ထွက်ပေါ်လာသည်။
“အန္တိမလူသတ်ဘုရင်က ငါတို့် ခေါင်းဆောင်တွေနဲ့ သတင်းထောက်တွေ တစ်စုတစ်ဝေးထဲ ရှိနေတဲ့အချိန်ကို သေချာရွေးချယ်ခဲ့တာပဲ.. ဗိုလ်ချုပ်၁၀ယောက် ဒီနေရာကို လူကိုယ်တိုင် လာရောက်မယ်ဆိုတာ သူအစောကတည်းက သိနေပုံရတယ်”
ပါမောက္ခယန်က သက်ပြင်းချလိုက်သည်။
ဗိုလ်ချုပ်၁၀ပါး အနေဖြင့် ဤတိုက်ပွဲကို လုံးဝပေါ့ဆ၍မဖြစ်ပေ။
အန္တိမလူသတ်ဘုရင်သည် ဗိုလ်ချုပ်၁၀ပါးကို ရင်ဆိုင်ရန်အတွက် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး ဖွင့်ပွဲအခမ်းအနားကို တမင် ရွေးချယ်ခဲ့ပုံရသည်။
ယခုအချိန်တွင် ဂိုဏ်းခေါင်းဆောင်များနှင့် ကျင့်ကြံခြင်းအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များ၏ ၇၀%သည် ဩဇာအကြီးမားဆုံး သတင်းထောက်များနှင့်အတူ မြောက်ဘက်ရင်ပြင်တွင် စုဝေးနေခဲ့ကြသည်။
အန္တိမလူသတ်ဘုရင်က လူအများရှေ့တွင် ကြီးကြီးမားမားတစ်ခုခုကို လုပ်ပြချင်ပုံရသည်။
အခမ်းအနားကို အနှောင့်အယှက်ပေးခြင်း ကဲ့သို့ သာမန်အနှောင့်အယှက် ပေးခြင်းမျိုး ဟုတ်ပုံမရပေ။
သူ၏ပန်းတိုင်မှာ ဗိုလ်ချုပ်၁၀ပါးကို လူအများရှေ့တွင် အရှက်ခွဲရန် ဖြစ်သည်။
သီအိုရီအရ သူ၏ပန်းတိုင် အတွက် လုပ်ရမည်မှာ ဗိုလ်ချုပ်၁၀ပါးကို တစ်ပါးချင်း စိန်ခေါ်၍ ရှုံးနိမ့်အောင်လုပ်ရန် ဖြစ်သည်။
ယခုအခါတွင် အန္တိမလူသတ်ဘုရင်သည် ဗိုလ်ချုပ်၁၀ ပါးကိုရင်ဆိုင်ရန် ယုံကြည်မှုအပြည့် ရှိနေသည်။
“အန္တိမလူသတ်ဘုရင်.. မင်းက နှစ်ပေါင်းများစွာ ဟွာရှို့နိုင်ငံသူနိုင်ငံသားတွေ ကြားမှာ ထိတ်လန့်မှုတွေနဲ့ စိုးရိမ်စရာတွေကို ဖန်တီးနေခဲ့တယ်.. ဒီနေ့တော့ ဒီလူကြီးက မင်းကို ဒီကမ္ဘာကနေ အပြီးတိုင် ဖယ်ရှားပစ်မယ်”
ပြောပြောဆိုဆိုနှင့်ပင် ဗိုလ်ချုပ်ရီက ရှေ့တိုးလာခဲ့သည်။
ထိုခဏမှာပင် သူက မူလစိတ်ဝိညာဉ်နယ်ပယ်ကို တိုက်ရိုက်ဖွင့်ကာ လူသတ်ဘုရင်ကို ထည့်သွင်းလိုက်သည်။
ယုတ္တိဗေဒအရ တိုက်ပွဲတစ်ခုတွင် မူလစိတ်ဝိညာဉ် နယ်ပယ်ကို အသုံးပြုသောအခါ၌ ပထမဦးဆုံး အသက်သွင်းပြီး ရန်သူကိုဆွဲသွင်းသည့်ဘက်သည် အသားစီးရမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မူလစိတ်ဝိညာဉ် နယ်ပယ်သည် ၎င်း၏ ဖန်တီးရှင်ကိုသာ စွမ်းအားရှိစေမည် ဖြစ်သောကြောင့်ပင်။
သို့သော် ဗိုလ်ချုပ်ရီ၏လုပ်ရပ်ကို တွေ့သောအခါ ကျန်ဗိုလ်ချုပ်များ၏ မျက်နှာထက်တွင် လေးနက်သော အမူအရာများ ရှိနေခဲ့သည်။
“အဘိုးကြီးရီက အတော် စိတ်မြန်တာပဲ”
စစ်ပွဲသူတော်စင် ဗိုလ်ချုပ်ကျန်းက လေးနက်သောအမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
သူတို့၏ ကနဦးအစီအစဉ်မှာ အန္တိမလူသတ်ဘုရင်ကို အခြားဗိုလ်ချုပ်များနှင့် လက်တွဲ နှိမ်နင်းရန် ဖြစ်သည်။
သို့ရာတွင် ဗိုလ်ချုပ်ရီသည် တစ်ဦးချင်းတိုက်ပွဲအဖြစ် ပြောင်းလဲခဲ့သည်။
“အဘိုးကြီးရီရဲ့ အတွေ့အကြုံနဲ့ အရည်အချင်းကြောင့်တစ်စုံတစ်ခု ဖြစ်ရင်တောင် ဒီလူရဲ့ ထောင်ချောက်ထဲ ကျမသွားလောက်ပါဘူး.. လောလောဆယ်တော့ အခြေအနေကိုစောင့်ကြည့်ရအောင်.. အဘိုးကြီးရီ အဆင်ပြေလောက်မှာပါ”
ဆေးသူတော်စင် လော့ချိုးဟွိုက်က ပြောကြားလိုက်သည်။
ဗိုလ်ချုပ်ရီနှင့် အန္တိမလူသတ်ဘုရင်က မူလစိတ်ဝိညာဉ်နယ်ပယ် အတွင်း၌ တိုက်ပွဲဝင်နေသောကြောင့် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မည်သူမှ မသိနိုင်ကြပေ။
သို့သော် အံ့အားသင့်ဖွယ်ပင် တိုက်ပွဲက မမျှော်လင့်ဘဲ လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။
၃မိနစ်ခန့် အကြာတွင် ဗိုလ်ချုပ်ရီနှင့် အန္တိမလူသတ်ဘုရင်က ပြန်လည် ပေါ်ထွက်လာသည်။
အန္တိမလူသတ်ဘုရင်က မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး ပါးစပ်ထဲမှသွေးများ အန်ထုတ်နေခဲ့သည်။
သူ၏ရင်ဘတ်တွင် လက်သီးဆုပ်အရွယ်ခန့်ရှိ သွေးထွက်သံယို အပေါက်ကြီးတစ်ခု ရှိနေခဲ့သည်။
သူ၏အတွင်းခံ အဖြူရောင်အင်္ကျီမှာလည်း သွေးများ ရွှဲရွှဲစိုနေပြီး သစ်သားခုံဖိနပ်ကလည်း သွေးများဖြင့် စိုရွှဲနေသည်။
“ဟားဟား.. ဒီလောက်ပဲလား”
ထိုခဏတွင် ဗိုလ်ချုပ်ရီသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လက်ထဲမှအလင်းရောင်က ချက်ချင်းပင် ပြန့်ကျဲသွားခဲ့သည်။
ဗိုလ်ချုပ်ရီက ဓားကိုဆုပ်ကိုင်ထားခြင်း မရှိသော်လည်း လက်ဝါး၏ အလယ်တွင် ဓာတ်ငွေ့နှင့်တူသော အရာတစ်ခု ရှိနေခဲ့သည်။
ထိုအရာက မျက်စိဖြင့် မမြင်နိုင်သော်လည်း အေးစက်သောဝိညာဉ်ရေးဖိအားကို ထုတ်လွှတ်နေခဲ့၏။
“ဓားလက်ဝါးနဲ့ အကန့်အသတ်မဲ့ဓားတာအို”
ဥက္ကဌချီက မျက်ခုံးပင့်လိုက်သည်။
သူက စိတ်ထဲကနေ ကြိတ်၍သက်ပြင်းချလိုက်သည်။
အန္တိမလူသတ်ဘုရင်က တကယ်ကို သန်မာသည်ဟု ဆိုရမည်။
ဆိုရလျှင် အန္တိမလူသတ်ဘုရင်သည် ဓားသူတော်စင်ကို တိုက်ပွဲ စတင်သည်နှင့် ပြိုင်ဘက်ကင်းနည်းစနစ်များ တစ်ပြိုင်နက် အသုံးပြုရန် တွန်းအားပေးနိုင်ခဲ့သည်။
ဓားလက်ဝါးသည် ဗိုလ်ချုပ်ရီကို ကျော်ကြားစေခဲ့သော နည်းစနစ်ဖြစ်သည်။
ထို့အတူ အကန့်အသတ်မဲ့ဓားတာအိုသည်လည်း ဗိုလ်ချုပ်ရီ၏ ဂုဏ်သတင်းကို ပိုမိုခိုင်မာလာစေသည့် နည်းစနစ် ဖြစ်၏။
ထိုနည်းစနစ်နှစ်ခုကို ပေါင်းစပ်၍ အသုံးပြုခြင်းသည် ဆန်းသစ်သောတီထွင်မှုတစ်ခု ဖြစ်သည်။
“ငါ့ရဲ့အကန့်အသတ်မဲ့ဓားချီက မင်းရဲ့ သွေးကြောတွေကိုပိတ်ဆို့ပြီး မင်းရဲ့ ဝိညာဉ်ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်ပြီ.. မင်းအနေနဲ့ သက်ဆိုးရှည်နိုင်မှာ မဟုတ်တော့ဘူး”
ဗိုလ်ချုပ်ရီက မြေပြင်ပေါ်တွင် ဒူးထောက်ကာ သွေးများအန်ထုတ်နေသော အန္တိမလူသတ်ဘုရင်ကို စိုက်ကြည့်နေခဲ့သည်။
“နှမျောဖို့ကောင်းလိုက်တာ.. ဒီအန္တိမလူသတ်ဘုရင် ဆိုတဲ့လူက အစွမ်းထက်ပေမဲ့ လမ်းမှားကိုပဲ ထပ်တလဲလဲ လျှောက်ခဲ့တယ်”
စစ်ပွဲသူတော်စင်က ခေါင်းခါယမ်းလိုက်သည်။
အန္တိမလူသတ်ဘုရင် အနေဖြင့် ထိုဒဏ်ရာမှ ရှင်သန်ရန်မှာ အမှန်တကယ်ပင် ခက်ခဲပေလိမ့်မည်။
သို့သော် ဗိုလ်ချုပ်ရီက သူ့ကိုနေရာမှာပင် သတ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။
လူသတ်ဘုရင်အဆင့်ရှိ ရာဇဝတ်ကောင်များသည် အဖမ်းခံရန် ငြင်းဆိုခဲ့လျှင် ဟွာရှို့နိုင်ငံ၏ စည်းမျဉ်းဥပဒေအရ အခင်းဖြစ်ပွားရာနေရာမှာပင် သတ်ပစ်နိုင်ပေသည်။
ထိုထက်ပို၍ ပြောရလျှင် အန္တိမလူသတ်ဘုရင်၏ သွင်ပြင်သည် ဤနေရာ၌ စုရုံးရောက်ရှိနေသော လူ့အသက်ပေါင်းများစွာကို ခြိမ်းခြောက်မှုကြီး ဖြစ်နေခဲ့သည်။
ထို့ကြောင့်ပင် အန္တိမလူသတ်ဘုရင်ကို ချက်ချင်းသတ်ပစ်ရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။
စက္ကန့်အနည်းငယ် အကြာတွင် အန္တိမလူသတ်ဘုရင်သည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
သူ၏တစ်ကိုယ်လုံးက သွေးများယိုစီးနေသည်။
အကန့်အသတ်မဲ့ဓားချီက သူ၏တစ်ကိုယ်လုံးကို စိမ့်ဝင်ကာ သွေးကြောများကို ထိုးဖောက်၍ ခန္ဓာကိုယ် တစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့သည်။
ဆိုရလျှင် ဗိုလ်ချုပ်ရီသည် အန္တိမလူသတ်ဘုရင်ကို မျက်စိတစ်မှိတ်အတွင်း ဖယ်ရှားပစ်ခဲ့ခြင်း ဖြစ်သည်။
ထိုခဏတွင် အခင်းဖြစ်ပွားရာရှိ မရေမတွက်နိုင်သောလူများသည် အေးစက်သော လေထုကို ရှူရှိုက်မိလိုက်ကြသည်။
ဓားသူတော်စင်မှာ မျှော်လင့်ထားသည့် အတိုင်းပင် အစွမ်းထက်သည်ဟုသာ ပြောနိုင်တော့သည်။
“ငါသူ့ကို နောက်တစ်ကြိမ် ထပ်ရိုက်လိုက်ဦးမယ်”
ဗိုလ်ချုပ်ရီက မြေပြင်ပေါ်တွင် လဲကျနေသော အန္တိမလူသတ်ဘုရင်၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်ရင်း ပြောလိုက်သည်။
အထူးသဖြင့် အန္တရာယ်များသော ရန်သူနှင့် ရင်ဆိုင်ရသောအခါတွင် သေချာအောင် လုပ်ဆောင်ခြင်းသည် ကောင်းသောအကျင့်တစ်ခု ဖြစ်သည်။
ဗိုလ်ချုပ်ရီက အငြိမ်းစားယူသင့်သည်မှာ ကြာပြီဖြစ်သော်လည်း အရင်ကလို သတိရှိနေဆဲ ဖြစ်သည်။
ဗိုလ်ချုပ်ရီက အန္တိမလူသတ်ဘုရင်နားသို့ ချဉ်းကပ်၍ ထပ်မံတိုက်ခိုက်ရန်အသင့် ဖြစ်နေခဲ့သည်။
ထိုခဏမှာပင် အန္တိမ လူသတ်ဘုရင်၏ ခန္ဓာကိုယ်သည် အနက်ရောင်ချီ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဗိုလ်ချုပ်ရီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
“အဘိုးကြီးရီ…”
စက္ကန့်ပိုင်းအတွင်းမှာပင် ဗိုလ်ချုပ်ရီ၏ မျက်လုံးများက မည်းမှောင်သွားပြီး ခန္ဓာကိုယ်က လေထဲတွင် လွင့်မျောသွားခဲ့သည်။
ဗိုလ်ချုပ်၁၀ပါး၏ အံ့အားသင့်နေသော အကြည့်အောက်မှာပင် လူသတ်ဘုရင်၏ အသံသည် ဗိုလ်ချုပ်ရီ၏ ပါးစပ်ကနေ ထွက်ပေါ်လာသည်။
“ငါပြောခဲ့သားပဲ.. မင်းတို့ဘယ်သူမှ ငါ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး.. ရီကျန့်ချွမ်က ငါ့ကို အထင်သေးပြီး အလျင်စလို ပြုမူခဲ့တယ်.. အဆုံးသတ်မှာတော့ ငါက သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ထားလိုက်ပြီ”
အပိုင်း(၈၂၄) ပြီး၏