ခန္ဓာကိုယ်အပိုင်စီးခြင်း
Vol. 55 Ch. 825
အန္တိမလူသတ်ဘုရင်က ဗိုလ်ချုပ်ရီ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားလိုက်သည်။
သို့သော် ဤမြင်ကွင်းကို လူတိုင်းက သတိမထားမိခဲ့ပေ။
“မဖြစ်နိုင်ဘူး”
စစ်ပွဲသူတော်စင် ဗိုလ်ချုပ်ကျန်းက ခေါင်းခါယမ်းလိုက်သည်။
“ဓားသူတော်စင်က အကန့်အသတ်မဲ့ ဓားတာအိုကို ကျင့်ကြံလာတာ နှစ်ပေါင်းများစွာရှိပြီ.. သူ့ရဲ့ဓားနှလုံးသားက ပြတ်သားတယ်.. ဘယ်အရာကမှ သူ့ကို ထိန်းချုပ်ဖို့ မလွယ်ကူဘူး”
ဗိုလ်ချုပ်ကျန်းက သူ့မျက်စိရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေသည်။
ဗိုလ်ချုပ်၁၀ဦးတွင် ဓားသူတော်စင်ကို နားအလည်ဆုံးမှာ မည်သူလဲဟု မေးလျှင် ဗိုလ်ချုပ်ကျန်းဟုသာ ဖြေရမည်ဖြစ်သည်။
ပြိုင်ဘက်တစ်ဦးအနေဖြင့် ဗိုလ်ချုပ်ကျန်းက ဗိုလ်ချုပ်ရီအကြောင်းကို သူ့ကိုယ်သူထက်ပင် ပိုသိသည်ဟု ခံစားရသည်။
အကန့်အသတ်မဲ့ ဓားတာအိုကို ကျင့်ကြံရန်မှာ အလွန်ပင်ခက်ခဲ့သည်။
သင်က အနည်းငယ်မျှ အာရုံမစိုက်နိုင်သည်နှင့် ကျင့်ကြံ၍ရမည် မဟုတ်ပေ။
ထို့ပြင် အကြံစည်ဆိုးများ ရှိနေလျှင်လည်း အောင်မြင်မည်မဟုတ်ချေ။
ဆိုရလျှင် ထိုအချိန်က အကန့်အသတ်မဲ့ဓားတာအိုကို အောင်မြင်စွာ ကျင့်ကြံနိုင်ရန်အတွက် ဗိုလ်ချုပ်ရီသည် အခက်အခဲ များစွာကို ခံစားခဲ့ရသည်။
သာမန်လူတစ်ယောက် မစွမ်းဆောင်နိုင်သည့် အခက်အခဲများကို ခံနိုင်ရည်ရှိခြင်းကပင် သူ့ကို ကြီးကျယ်ခမ်းနားသောဗိုလ်ချုပ်တစ်ပါး ဖြစ်လာစေခဲ့သည်။
“စစ်ပွဲသူတော်စင် အမှန်တရားက မင်းမျက်စိရှေ့မှာပဲ.. မင်း မယုံနိုင်ဖြစ်နေလည်း ဘာမှအသုံးမဝင်ဘူး”
ထိုစကားကိုကြားလျှင် ပေါက်ကွဲခြင်းသူတော်စင်က မျက်မှောင်ကြုတ်သွားသည်။
“ဒီအန္တိမလူသတ်ဘုရင်ရဲ့ လှုပ်ရှားမှုက အနည်းငယ် ထူးဆန်းတယ်.. သူနဲ့တိုက်ခိုက်တဲ့အခါ အနားကို အရမ်းမကပ်မိအောင် ဂရုစိုက်ပါ.. အဝေးကနေ တိုက်ခိုက်တာမျိုးကိုပဲ ပြုလုပ်သင့်တယ်.. ညီမလော့ ဒီအန္တိမလူသတ်ဘုရင် အသုံးပြုနေတဲ့ မှော်အစွမ်းကို မင်းသိလား”
ဗိုလ်ချုပ်ကျန်းက လေးနက်သောအမူအရာဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ဤအခြေအနေကိုကြည့်လျှင် အန္တိမလူသတ်ဘုရင်က ရိုးရှင်းသောသူ မဟုတ်ကြောင်း သက်သေပြနေပေသည်။
“အန္တိမလူသတ်ဘုရင်.. ဒီမှာရှိနေတဲ့ ဂိုဏ်းခေါင်းဆောင်တွေနဲ့ မီဒီယာတွေရှေ့မှာ ငါတို့တစ်ဦးချင်းစီကို အရှက်ခွဲဖို့ ဒီနေ့ကို တမင်တကာ ရွေးချယ်ခဲ့တာ မဟုတ်လား”
“ဟုတ်တယ်.. ဒီနေ့ကို ငါစောင့်နေတာကြာပြီ”
အန္တိမလူသတ်ဘုရင်၏ အသံက ဗိုလ်ချုပ်ရီ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။
“မင်းတို့အားလုံး တစ်ယောက်ချင်း အရှက်ကွဲအောင် ငါလုပ်ပြမယ်”
ထိုခဏတွင် ဥက္ကဌချီက အန္တိမလူသတ်ဘုရင်ကို ပြောလိုက်သည်။
“မင်းအဘိုးကြီးရီကို တစ်ခုခုလုပ်လိုက်တာနဲ့ ငါက ဦးနှောက်တွက်ဆခြင်းနည်းလမ်းကို အသုံးပြုပြီး ဒီမှာရှိနေတဲ့လူတွေပေါ်မှာ အသုံးပြုပစ်မယ်.. လက်ရှိမှာ သူတို့မြင်နေရတာက အဘိုးကြီးရီရဲ့ လက်ချက်နဲ့ မင်းက သွေးအန်တဲ့အထိ ရိုက်နှက်ခံထားရတယ် ဆိုတာပဲ.. ငါက ဦးနှောက်တွက်ဆခြင်းနည်းလမ်းကို အသုံးပြုပြီး ဒီမြင်ကွင်းကို သူတို့ရဲ့ အာရုံထဲမှာ အဆက်မပြတ် ပြသနေအောင် ပြုလုပ်မယ်”
ဗုံးပစ်စီနီယာအင်မော်တယ် “……….”
ဝမ်လင်း “……….”
ဥက္ကဌချီ၏ ခြိမ်းခြောက် စကားကြောင့် အန္တိမလူသတ်ဘုရင်က မျက်မှောင်ကြုတ်သွားသည်။
“ဉာဏ်ပညာသူတော်စင်က မျှော်လင့်ထားတဲ့အတိုင်းပါပဲလား.. မင်းလည်း ငါ့ကို ကောင်းကင်အကျဉ်းထောင်ထဲမှာ ချုပ်နှောင်တဲ့အချိန်က ပါဝင်ခဲ့တယ်”
ထိုစကားကိုပြောပြီးနောက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
“ဒါပေမဲ့ အဲဒါတွေက လက်ရှိအချိန်မှာ အရေးမပါတော့ပါဘူးလေ.. ဉာဏ်ပညာသူတော်စင် လူတစ်ယောက်က သေဆုံးသွားပြီဆိုရင် မင်းရဲ့ ဦးနှောက်တွက်ဆခြင်း နည်းလမ်းကလည်း အလုပ်ဖြစ်မယ်လို့ ငါမထင်ဘူး.. ဒါကြောင့် ဒီနေ့မှာ ဘယ်သူ့ကိုမှ ငါက လွတ်မြောက်ခွင့်ပေးမှာ မဟုတ်ဘူး.. မင်းတို့အားလုံး သေကြရလိမ့်မယ်.. ဒါပေမဲ့ မင်းတို့ မလှုပ်ရှားခင် ငါသတိပေးပါရစေ”
ထိုစားကိုကြားလျှင် ဗိုလ်ချုပ်၁၀ပါး၏ မျက်နှာများက အေးခဲသွားသည်။
“ငါက အခုဗိုလ်ချုပ်ရီရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားတယ်.. ငါ့ကို မင်းတို့တိုက်ခိုက်တာက ဗိုလ်ချုပ်ရီကို တိုက်ခိုက်တာနဲ့ အတူတူပဲ”
“အန္တိမလူသတ်ဘုရင် မင်းက ရွံစရာကောင်းလွန်တယ်”
စစ်ပွဲသူတော်စင်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
“အနိုင်ရဖို့က အဓိကပဲ.. ငါလည်း ဘာမှမတတ်နိုင်ဘူး”
အန္တိမလူသတ်ဘုရင်က ရယ်မော၍ ပြောလိုက်သည်။
စစ်ပွဲသူတော်စင်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။
သူ၏အမူအရာကို ကြည့်ရသည်မှာ ဒေါသအလွန်အမင်း ထွက်နေပုံရသည်။
“ဗိုလ်ချုပ်ရီက မင်းရဲ့ ထောင်ချောက်ထဲကို ကျသွားခဲ့ရင်တောင် ငါတို့ ဗိုလ်ချုပ်၁၀ယောက်ကို မင်းအနိုင်ရဖို့ လွယ်မှာမဟုတ်ဘူး.. ငါတို့တွေက ဟွာရှို့ရဲ့ ထိပ်တန်း ကျင့်ကြံသူတွေပဲ”
“ထိပ်တန်းကျင့်ကြံသူတွေတဲ့လား”
အန္တိမလူသတ်ဘုရင်က ရယ်မော၍ ခပ်ထေ့ထေ့ ပြောလိုက်သည်။
“ငါက ထိပ်တန်းကျင့်ကြံသူတွေကိုမှ အမှန်အကန် အနိုင်ယူချင်တာလေ”
စကားမဆုံးမီမှာပင် သူက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူ့ရှေ့ရှိလေထုက ချက်ချင်းပင် တုန်ခါသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဗိုလ်ချုပ်ရီ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော အန္တိမလူသတ်ဘုရင်သည် ဗိုလ်ချုပ်ကျန်းနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
“ဒါက ဘယ်လိုမှော်စွမ်းရည်မျိုးလဲ”
ဗုံးပစ်စီနီယာ အင်မော်တယ်က လေထုကို စိုက်ကြည့်နေခဲ့သည်။
စင်စစ် ထိုလှုပ်ရှားမှုသည် မူလစိတ်ဝိညာဉ်နယ်ပယ်ပင်ဖြစ်သည်။
အဆုံးသတ်တွင် အန္တိမလူသတ်ဘုရင်သည် ဗိုလ်ချုပ်ရီ၏ ခန္ဓာကိုယ်ကို အပိုင်စီးရုံသာမက ဗိုလ်ချုပ်ရီ၏ မှော်အတတ်များကိုပါ အမှန်တကယ် အသုံးချနိုင်ခဲ့သည်။
“ညီနောင်လင်း ငါတို့ ဘာဆက်လုပ်သင့်လဲ”
ဗုံးပစ်စီနီယာအင်မော်တယ်က သူဘေးတစ်ဖက်တစ်ချက်ရှိ လင်းကျန်းရန်နှင့် ခေါက်ဆွဲခြောက် တာအိုဧကရာဇ်တို့ကို စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။
ဤအန္တိမလူသတ်ဘုရင်က လူထူးဆန်း ဖြစ်သည်။
ဝမ်လင်းမှလွဲ၍ လက်ရှိအချိန်တွင် အခြေအနေကို ထိန်းချုပ်ရန် အခြားမည်သူ့ကိုမှ ဗုံးပစ်စီနီယာအင်မော်တယ် မစဉ်းစားနိုင်တော့ပေ။
တကယ်တမ်းတွင် ဝမ်လင်းက အန္တိမလူသတ်ဘုရင် အသုံးပြုခဲ့သည့် မှော်နည်းစနစ် အကြောင်းကို သိထားပြီးသားဖြစ်သည်။
ဤနည်းစနစ်က လူတစ်ဦး၏ ခန္ဓာကိုယ်ကို အပိုင်စီးရာတွင် အသုံးပြုသည့် သာမန်မှော်နည်းစနစ်မျိုး မဟုတ်ပေ။
အန္တိမလူသတ်ဘုရင် အသုံးပြုနေသည့် နည်းစနစ်မှာ အဆုံးသတ်ထိုးနှက်ခြင်းဟု ခေါ်သော ခန္ဓာကိုယ် ပိုင်ဆိုင်သည့် မှော်စွမ်းရည်ကို အခြေခံထားသော ပိုမိုအားကောင်းပြီး ထူးခြားသည့် မှော်နည်းစနစ်မျိုး ဖြစ်သည်။
ဗိုလ်ချုပ်ရီက ရန်သူ့လက်ထဲသို့ ကျရောက်သွားရသည့်အကြောင်းရင်းမှာ အန္တိမလူသတ်ဘုရင်၏ ကြောက်စရာကောင်းသော တိုက်ခိုက်မှုကြောင့်ဘမဟုတ်ဘဲ အဆုံးသတ်ထိုးနှက်ချက်နှင့် ရင်ဆိုင်ခဲ့ရေသောကြောင့် ဖြစ်သည်။
ဤနည်းစနစ်က သေခါနီးအချိန်မှသာ ထုတ်သုံး၍ရသောနည်းစနစ်မျိုး ဖြစ်သည်။
ဤနည်းစနစ်ကို အသုံးပြုမည့်သူသည် သေခါနီး အချိန်တွင် တစ်ဖက်လူ၏ နောက်ဆုံးထိုးနှက်ချက်ကို တောင့်ခံထားနိုင်သရွေ့ တစ်ဖက်လူ၏ ဝိညာဉ်ကို ထိန်းချုပ်ပြီး အဆုံးသတ်၌ ခန္ဓာကိုယ်ကိုပါ ထိန်းချုပ်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် အားလုံးကိုခြုံငုံ၍ပြောရလျှင် ဤအဆုံးသတ်ထိုးနှက်ချက်သည် ခန္ဓာကိုယ် အပိုင်စီးခြင်း နည်းစနစ်၏ အဆင့်မြင့်ဗားရှင်းတစ်ခု ဖြစ်သည်။
ဤမှော်စွမ်းရည်က မှော်အတတ်၏ သေးငယ်သော အပိုင်းအစတစ်ခုနှင့် သက်ဆိုင်သောကြောင့် လူများစုက မသိကြပေ။
ဝမ်လင်း၏ ခန္ဓာကိုယ်အပိုင်စီးသည့် နည်းစနစ်ကမူ ထိုမျှလောက် မရှုပ်ထွေးပေ။
ထို့ကြောင့် နောက်ထပ် အခိုက်အတန့်တွင် ဝမ်လင်းသည်ခေါက်ဆွဲခြောက် တာအိုဧကရာဇ်ကို ဗုံးပစ်စီနီယာအင်မော်တယ်၏ ပုခုံးပေါ်၌ လက်တင်စေခဲ့သည်။
သူ၏ဝိညာဉ်ကို ကိုယ်ပွားမှတဆင့် ဗုံးပစ်စီနီယာ အင်မော်တယ်၏ ခန္ဓာကိုယ်ကို အပိုင်စီးရန်မှာ ခက်ခဲသော နည်းလမ်းမဟုတ်ပေ။
သူက ကျောင်းတက်နေသော်လည်း ဤနေ့သည် ဂိုဏ်းတည်ထောင်ခြင်း အခမ်းအနားနေ့ ဖြစ်သည်။
ခေါက်ဆွဲခြောက်ပွဲရုံ၏ ခေါင်းဆောင်အနေဖြင့် သူ၏ဂိုဏ်းအား တစ်စုံတစ်ယောက်ကို စော်ကားခွင့်ပြုမည် မဟုတ်ပေ။
အဲမှားလို့၊ အပန်းဖြေခန်းမ၏ ခေါင်းဆောင်အနေဖြင့် သူက စော်ကားခွင့်ပြုမည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ တိုက်ပွဲကိုဖြေရှင်းရန်မှာ သူ့အတွက် နှစ်မိနစ်သာ အချိန်ရမည် ဖြစ်သည်။
စက္ကန့်အနည်းငယ်အကြာမှာပင် သူ၏ဝိညာဉ်သည် ဗုံးပစ်စီနီယာအင်မော်တယ်၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားပြီဖြစ်သည်။
တစ်ခဏအတွင်း ဗုံးပစ်စီနီယာအင်မော်တယ်၏ အော်ရာက သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
ခန္ဓာကိုယ်ကို အပိုင်စီးခံရသည့်ခံစားချက်က အံ့ဩစရာကောင်းသည့် အတွေ့အကြုံတစ်ခုပင်။
ဗုံးပစ်စီနီယာအင်မော်တယ်သည် ခန္ဓာကိုယ် အပိုင်စီးခံရသည့် နောက်ဆုံးအကြိမ်ကို ပြန်လည်သတိရမိသည်။
ထိုအချိန်က သခင်ကျင့်ခယ်သည် သူ၏ခန္ဓာကိုယ်ကိုအပိုင်စီး၍ မိစ္ဆာဓားနတ်ဘုရားနှင့် တိုက်ခိုက်ခဲ့သည်။
ယခုလည်း သူ၏ခန္ဓာကိုယ်ကို အပိုင်စီးသူမှာ သူ၏ အရင်းနှီးဆုံးညီနောင်ဖြစ်သည့် လင်းကျန်းရန် ဖြစ်နေသည်။
ထို့ကြောင့် ဗုံးပစ်စီနီယာအင်မော်တယ်က ခန္ဓာကိုယ် အပိုင်စီးခံရသည်ကို ကောင်းချီးပေးခံရ သကဲ့သို့ ပျော်ရွှင်နေခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ်၏ ပြောင်းလဲသွားသောအသွင်အပြင်ကို သတိပြုမိသောအခါတွင် ဗိုလ်ချုပ်၁၀ယောက်သည် အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။
အရာရာတိုင်းက သူတို့ သံသယရှိနေသကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။
ဤမဟာသေမင်း တမန်စီနီယာသည် အမှန်တကယ်ပင် လျှို့ဝှက် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့သည်။
“ငါပြန်လာခဲ့မယ်”
ဗုံးပစ်စီနီယာအင်မော်တယ်၏ ခန္ဓာကိုယ်ကို အပိုင်စီးထားသည့် ဝမ်လင်းက ပြောလိုက်သည်။
သူက ဗုံးပစ်စီနီယာအင်မော်တယ်၏ ခန္ဓာကိုယ်ကို အပိုင်စီးထား၍ အသံက ဗုံးပစ်စီနီယာအင်မော်တယ်၏ အသံ ဖြစ်နေခဲ့သည်။
လူတိုင်း၏ စူးစမ်းသောအကြည့်များ အောက်မှာပင် မိမိကိုယ်ကို သေသပ်စွာ ဖုံးကွယ်ထားသည့် မဟာသေမင်းတမန် စီနီယာသည် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သူတို့ရှေ့ရှိ အာကာပြင်ကို တိုက်ရိုက်ဆုတ်ဖြဲပြီး ဗိုလ်ချုပ်ရီ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးနောက် အန္တိမလူသတ်ဘုရင် ထုတ်ဖော်ခဲ့သည့် မူလစိတ်ဝိညာဉ် နယ်ပယ် ထဲသို့ ဝင်သွားခဲ့သည်။
ထိုအချိန်တွင် မူလစိတ်ဝိညာဉ်နယ်ပယ် အတွင်း ဗိုလ်ချုပ်ကျန်းသည် ပြင်းထန်သော တိုက်ပွဲတစ်ခု၌ ပိတ်လှောင်ခံထားရသည်။
ကံကောင်းထောက်မစွာဖြင့် အချိန်မနှောင်းသေးပေ။
အပိုင်း(၈၂၅) ပြီး၏