← Chapters

မြောက်ပိုင်းဒေသ၏ မဟာသားရဲများ

Vol. 95 Ch. 1412

မြောက်ပိုင်းဒေသ၏ မဟာသားရဲများ

Vol. 95 Ch. 1412

အခြားသော ကျင့်ကြံသူများအတွက် မြောက်ပိုင်းပင်လယ် ရေခဲမြစ်များကို အလွန်တရာ အေးစက်ချမ်းစိမ့်နေသော နေရာတစ်ခုအဖြစ် သတ်မှတ်နိုင်လေသည်။

ယင်လေသည် အရိုးထိတိုင် အေးစက်၍ ချမ်းစိမ့်နေ၏။

ကျင့်ကြံမှုအဆင့်နိမ့်၍ အားနည်းသော မျိုးဆက်သွေးရှိသည့် ကျင့်ကြံသူများဆို ဤနေရာမှာ လုံးဝ နေနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သိုင်းတာအို ပင်မခန္ဓာအတွက် အဲဒါက ဘာမှ ပြောပလောက်စရာ မဟုတ်ပေ။

သိုင်းတာအို ပင်မခန္ဓာ၏ သွေးချီက သန်မာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဧရာမ မီးဖိုတစ်လုံးကဲ့သို့ ဖြစ်၏။ သိုင်းစိတ်ဝိညာဉ်မီးသည် ရူးသွပ်စွာ လောင်ကျွမ်းနေပြီး ယင်လေနှင့် အအေးဓာတ်သည် သူ့ထံသို့ မချဉ်းကပ်နိုင်ခင်မှာပင် ဘာမှမကျန်အောင် ပျက်ပြယ်သွားရ၏။

မသိလိုက် မသိဘာသာနှင့်ပင်.. သိုင်းတာအို ပင်မခန္ဓာသည် မြောက်ပိုင်းပင်လယ် ရေခဲမြစ်သို့ ရောက်ရှိနေခဲ့သည်မှာ လဝက်ကျော်သွားခဲ့လေပြီ။

သူက အလောတကြီး ရှိမနေပေ။

ထိုအစား သူသည် မြောက်ပိုင်းပင်လယ် ရေခဲမြစ်များရှိ ထူးခြားဆန်းကြယ်မှု တချို့ကို အာရုံခံဖို့အတွက် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ဖြန့်ကြက်ထား၏။

အေးစက်၍ ချမ်းစိမ့်နေသော ဤနေရာသည် အပေါ်ယံကြည့်လျှင်တော့ မည်သည့် အသက်ဓာတ်မှ မရှိသလိုပင်။

သို့သော်လည်း တစ်စုံတစ်ယောက်သည် သေချာစူးစမ်းဖော်ထုတ်မည်ဆိုလျှင် ရေခဲမြစ်များအတွင်း၌ သတ္တဝါအချို့ မွေးဖွားပေါ်ထွက်နေကြောင်း တွေ့မြင်ရပေလိမ့်မည်။

သိုင်းတာအို ပင်မခန္ဓာသည် မလှမ်းမကမ်းရှိ ရေခဲပြင်အက်ကွဲကြောင်းကြားထဲမှာ ရေခဲနှင်းပိုးတစ်ကောင် တိတ်တဆိတ် လဲလျောင်းနေသည်ကို ရှင်းလင်းစွာ ခံစားမိလိုက်၏။

ရေခဲပိုးကောင်က အလွန်တရာ အဖိုးတန်လေသည်။

သူ ထွေးထုတ်လိုက်သော ပိုးချည်မျှင်တွင် အလွန်တရာ အေးစက်သော ဓာတ်တစ်ခု ပါဝင်ပြီး အဲဒါက နတ်ဘုရားလက်နက်များထက် မနိမ့်ကျပေ။

လူတစ်ယောက်သည် အပင်ပန်းခံပြီး ရေခဲပိုးကောင်ကနေ ချပ်ဝတ်တန်ဆာတစ်ခု ပြုလုပ်မည်ဆိုလျှင် အဲဒါက သာလွန်အဆင့် ခုခံရေးဓမ္မလက်နက်တစ်ခု ဖြစ်လာပေလိမ့်မည်။

ဤပတ်ဝန်းကျင်သည် ထူးဆန်းသော သတ္တဝါအချို့ကို မွေးထုတ်ပေးနိုင်၏။

သိုင်းတာအို ပင်မခန္ဓာသည် သူတို့ကို ထိခိုက်စေခြင်း မရှိဘဲ ပြုံးရုံသာ ပြုံး၍ ရေခဲမြစ်ပြင်ပေါ်မှာ ဆက်လက်၍ လျှောက်လှမ်းနေ၏။

သူ၏ ခြေဖဝါးက ရေခဲပြင်ပေါ်သို့ ဆင်းသက်သောအခါ… ထူထဲသော ရေခဲပြင်အောက် သမုဒ္ဒရာအနက်ပိုင်းထဲတွင် သတ္တဝါအချို့ ရှင်သန်နေထိုင်ကြသည်ကို သူက အာရုံခံမိလိုက်၏။

ဤနေရာသည် ပေမင်နှင့် သိပ်မကွာဝေးတော့ပေ။

ပေမင်နှင့် နီးကပ်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ အအေးဓာတ်ကလည်း ပိုမိုသိပ်သည်းလာခဲ့၏။

ဤပင်လယ်မှာ ရှင်သန်နိုင်သော မည်သည့်သက်ရှိမဆို.. အနည်းဆုံး အရှင်သခင်တစ်ပါး ဖြစ်လေသည်။

သားရဲလောက၏ အရှင်သခင်တစ်ပါးသည် လူသားမျိုးနွယ်၏ ဓမ္မဝိသေသ တာအိုအရှင်များနှင့် ခွန်အားချင်း တူညီလေသည်။

ထိုအခိုက်အတန့်တွင် မြောက်ပိုင်းပင်လယ် မဟာသားရဲသုံးပါးသည် သိုင်းတာအို ပင်မခန္ဓာအောက် ရေခဲပြင်အောက်ဘက်ရှိ ပင်လယ်ရေထဲတွင် စုစည်းနေကြ၏။

မဟာသားရဲများသည် လူသားမျိုးနွယ်မှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် တူညီလေသည်။

မဟာသားရဲများ စုဝေးတတ်ကြသည်မှာ သိပ်တော့ မထူးဆန်းပေ။

သို့သော်လည်း မြောက်ပိုင်းပင်လယ် မဟာသားရဲသုံးပါး ပြောဆိုနေသည့် စကားများက သိုင်းတာအို ပင်မခန္ဓာကို မျက်မှောင်ကြုတ်သွားစေ၏။

“မြောက်ပိုင်းပင်လယ်ကို လူသားတစ်ယောက်က ဘာလို့ ရောက်လာတာလဲ”

“ငါလည်း မပြောတတ်ဘူး.. ကြည့်ရတာတော့ ဒီလူသားက ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်ကာစပဲ ရှိသေးတယ်… သူက ဒီနေရာထိ လျှောက်လှမ်းလာနိုင်တယ်ဆိုတော့ ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ သွေးချီလဲ”

“အဲဒါ အမှန်ပဲ… အဲ့လိုမျိုး အားကောင်းတဲ့ သွေးချီက ငါတို့အတွက် မဟာအားဆေးပဲ”

မဟာသားရဲ သုံးပါးက ပင်လယ်ရေ အနက်ပိုင်းထဲမှာ တိတ်တဆိတ် ဆွေးနွေးနေကြ၏။

“အား..”

မဟာသားရဲတစ်ပါးက အံ့အားတသင့် ရေရွတ်လိုက်၏။

“အဲဒီလူက သူ့ခြေလှမ်းကို ရပ်တန့်လိုက်ပြီ… သူက ငါတို့ပြောနေတာကို ကြားသွားတာများလား”

“အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”

နောက်ထပ် မဟာသားရဲတစ်ပါးက ခေါင်းခါလိုက်၏။

“ဒီနေရာက မြောက်ပိုင်းပင်လယ်ရဲ့ အပြင်ဘက်အစပ်နဲ့ မတူဘူး… ဒီနေရာမှာရှိတဲ့ ရေခဲပြင်က အနည်းဆုံး ပေတစ်ထောင်နီးပါးလောက် ထူတယ်.. ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်တောင် ဒီနေရာမှာ ငါတို့ပြောနေတဲ့ စကားသံကို ကြားနိုင်မှာ မဟုတ်ဘူး”

“နောက်ပြီး.. သူက ငါတို့ပြောမယ့် စကားကို ကြားမယ်ဆိုလို့ရှိရင် သူ့ရဲ့ အရင်ဆုံးတုံ့ပြန်မှုက တစ်ခါတည်း လှည့်ထွက်ပြေးတာ ဖြစ်ရမှာပေါ့”

“အဲဒါ အမှန်ပေါ့.. ဟားဟား”

မြောက်ပိုင်းပင်လယ်၏ မဟာသားရဲသုံးပါးက ပင်လယ်ရေအနက်ပိုင်းထဲမှာ စုဝေးနေကြပြီး သူတို့၏ အထက်တွင်ရှိသော သိုင်းတာအို ပင်မခန္ဓာကို မော့ကြည့်ကာ သူတို့၏ အစာကို မည်သို့မည်ပုံ ခွဲဝေယူရမလဲ ဆွေးနွေးနေကြ၏။

“ဒီလူသားက တော်တော်ပိန်ပါးတာပဲ.. သူက ငါတို့အတွက် သွားကြားတောင် ညပ်မှာမဟုတ်ဘူး”

ဧရာမ ရှေးဟောင်းကျားဝေလက ဗျစ်တောက် ဗျစ်တောက် ပြောဆိုလိုက်၏။

“သူက အရသာရှိတယ်ဆိုရင်တော့ မဆိုးပါဘူး”

နောက်ထပ် ရှေးဟောင်းနှင်းခဲငါးမန်းက ရယ်မောလိုက်၏။

“ကမြောက်ကခြောက် လူသားတစ်ယောက်က မင်းတို့ရဲ့ အစာအိမ်ကို ပြည့်စေဖို့ မျှော်လင့်နေသေးတာလား”

ထိုစဉ်မှာပင်.. ရေခဲပြင်အပေါ်၌ ရုတ်တရက်ဆန်သော လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာ၏။

ပင်လယ်ရေအနက်ပိုင်းထဲရှိ မဟာသားရဲသုံးပါးသည် မော့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။

ရေခဲပြင်ပေါ်ရှိ လူသားသည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ခြေဖဝါးအောက်ရှိ ရေခဲပြင်က အရည်ပျော်သွားပြီး နက်ရှိုင်းသော ခြေရာများကို ပေါ်ထွက်လာစေ၏။

သိပ်မကြာခင်.. ထိုလူသားသည် စက်ဝိုင်းသဏ္ဌာန် လှည့်ပတ်၍ လျှောက်လိုက်ပြီဖြစ်၏။ သူ၏ ခြေလှမ်းများကို ဆက်ကြည့်လိုက်မည်ဆိုလျှင် ထိုခြေရာများသည် သူတို့ရှိသည့် နေရာအထက်ကို ဝိုင်းပတ်လိုက်ခြင်းဖြစ်ကြောင်း မဟာသားရဲသုံးပါးက တုန်လှုပ်ဖွယ်ရာ တွေ့ရှိလိုက်ရ၏။

ဘာတွေဖြစ်နေတာပါလိမ့်…။

အဲဒါက သတိပေးနေတာလား…။

မြောက်ပိုင်းပင်လယ် မဟာသားရဲသုံးပါးသည် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့သည် မည်သည့် ကြောက်ရွံ့မှုကိုမှ မခံစားရဘဲ ဒေါသချောင်းချောင်းထွက်လာကြ၏။

သူတို့သည် မြောက်ပိုင်းပင်လယ်၏ မဟာသားရဲများဖြစ်ပြီး ဤနေရာကို စိတ်ရှိတိုင်း အုပ်စိုးခဲ့ကြလေသည်။ တားမြစ်နယ်မြေမှ သတ္တဝါအချို့ကလွဲလျှင် မြောက်ပိုင်းပင်လယ် အနက်ပိုင်းထဲမှာ တခြား ဘယ်သူကများ သူတို့ကို ခြိမ်းခြောက်ရဲခဲ့လို့လဲ။

ဒါ့အပြင်… ကျူးကျော်ဝင်ရောက်လာသူက လူသားတစ်ယောက် ဖြစ်နေ၏။

သည့်အပြင်.. သူက ဓမ္မဝိသေသအဆင့်မှာသာ ရှိနေ၏။

အဲ့ဒါက သတိပေးချက်တစ်ခု မဟုတ်တော့ပေ။

အဲ့ဒါက ရန်စစော်ကားခြင်းဖြစ်၏။

မဟာသားရဲသုံးပါးသည် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ပင်လယ်ရေအနက်ပိုင်းထဲကနေ ရုန်းကန်ထွက်လာကြ၏။

ဘန်း.. ဘန်း.. ဘန်း..

အဲဒီမှာ ကျယ်လောင်သော မြည်သံသုံးသံက ထွက်ပေါ်လာ၏။

မြောက်ပိုင်းပင်လယ် ရေခဲပြင်သည် ပေါက်ကွဲသွားပြီး ပုံရိပ်သုံးခုက စွမ်းအားကြီးမားသော အော်ရာများနှင့်အတူ ရေခဲအလွှာများကို ထိုးခွဲ၍ ပင်လယ်ရေအနက်ပိုင်းထဲကနေ ရေခဲပြင်ထက်သို့ ခုန်ထွက်လာကြ၏။

မြောက်ပိုင်းပင်လယ်၏ မဟာသားရဲသုံးပါးသည် လူပုံသဏ္ဌာန်သို့ ပြောင်းလဲလိုက်ကြပြီဖြစ်ပြီး လေထဲမှာ မတ်တတ်ရပ်လိုက်ကြ၏။

သူတို့၏ လူပုံသဏ္ဌာန်မှာပင်လျှင် မဟာသားရဲသုံးပါးသည် အင်အားကြီးမားသော စွမ်းပကားများကို ဖြာထုတ်ပေးနေကြ၏။ သူတို့၏ ခန္ဓာကိုယ်များသည် လောကနှင့် ပေါင်းစည်းထားပြီး ကိုင်လှုပ်၍ မရနိုင်တော့သည့်အလားပင်။

မြောက်ပိုင်းပင်လယ်၏ မဟာသားရဲသုံးပါးသည် သိုင်းတာအို ပင်မခန္ဓာကို အေးစက်၍ ခက်ထန်ကြမ်းကြုတ်သော အမူအရာများဖြင့် ဝိုင်းပတ်လိုက်ကြ၏။

သိုင်းတာအို ပင်မခန္ဓာက အမူအရာကင်းမဲ့နေပြီး လေထဲရှိ မဟာသားရဲသုံးပါးကို ကြည့်ကာ မှင်သေသေဖြင့် မေးလိုက်၏။

“မင်းတို့တွေ.. ငါသတိပေးထားတာကို မမြင်ဘူးလား”

“သတိပေးထားတာ ဟုတ်လား”

ရှေးဟောင်းနှင်းခဲငါးမန်းက လှောင်ရယ်လိုက်၏။

“မင်းလိုမျိုး ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်က ငါတို့ကို သတိပေးဖို့ အဆင့်မီတယ် ထင်လို့လား”

“မင်းလေသံကို နားထောင်ရတာ မင်းက ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းက တပည့်တစ်ယောက်ပဲ ဖြစ်ရမယ်”

ရှေးဟောင်းကျားဝေလက သွားဖြဲလိုက်၏။

မဟာသားရဲသုံးပါးသည် သူတို့၏ ဖိအားအောက်မှာပင် သိုင်းတာအို ပင်မခန္ဓာက တည်ငြိမ်၍ ဣန္ဒြေရလွန်းနေသည်ကို တွေ့မြင်သောအခါ ထိုသူသည် ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်း၏ ပြိုင်စံရှားတစ်ယောက် သို့မဟုတ် အရိုက်အရာဆက်ခံသူတစ်ယောက် သေချာပေါက် ဖြစ်မည်ဟု သူတို့က သိလိုက်ကြ၏။

ရှေးဟောင်းကျားဝေလက စကားလမ်းကြောင်းပြောင်းလိုက်၏။

“ဒါပေမဲ့လို့.. ဒီနေရာက ကျင့်ကြံရေးလောက မဟုတ်ဘူး.. ဒါက သားရဲနယ်မြေ ရှစ်ခွင်ထဲက မြောက်ပိုင်းပင်လယ်ပဲ… မင်းက ငါတို့ရဲ့ ပိုင်နက်မှာ ဒီလောက်ထိ မောက်မာနေတယ်ဆိုတော့ အသက်ရှင်ရတာ ပင်ပန်းနေလို့ပဲ ဖြစ်ရမယ်”

အခြားသော မဟာသားရဲ၏ အစစ်အမှန်ပုံစံသည် ရှေးဟောင်း ဧရာမ မြင်းခွာကဏန်းဖြစ်၏။

ဧရာမ မြင်းခွာကဏန်းကလည်း ရယ်မောလိုက်၏။

“မင်းက ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ တပည့်တစ်ယောက် ဆိုရင်တောင်.. ဒီနေရာမှာ မင်းသေသွားတာကို ဘယ်သူကမှ သိလိုက်မှာ မဟုတ်ဘူး”

“မင်းကို နောက်ခံပေးထားတဲ့ အဖွဲ့အစည်းက ဘယ်လောက်ပဲ သန်မာ သန်မာ… အဲဒါက ငါတို့လို မဟာသားရဲတွေကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး”

သိုင်းတာအို ပင်မခန္ဓာက ခေါင်းခါပြလိုက်၏။

“ငါ့ကို နောက်ခံပေးထားတဲ့ ဘယ်အဖွဲ့အစည်းမှ မရှိဘူး.. ငါက ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းက တပည့်တစ်ယောက်လည်း မဟုတ်ဘူး”

ခဏမျှ ရပ်တန့်ပြီးနောက် သူက ဆက်ပြောလိုက်၏။

“ဒါပေမဲ့လို့ မင်းတို့တွေ ငါ့ကို ရန်မစရင် ကောင်းလိမ့်မယ်.. ငါတစ်ယောက်တည်းကပဲ မင်းတို့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေပြီ”

“ဟင်”

သူတို့သည် မယုံကြည်နိုင်စရာကောင်းသော တစ်စုံတစ်ရာကို ကြားလိုက်ရသည့်အလား မြောက်ပိုင်းပင်လယ်၏ မဟာသားရဲသုံးပါးသည် ခဏမျှ ကြောင်အ,မှင်တက်သွားကြ၏။

“ဟားဟားဟားဟား”

ထို့နောက် ချက်ချင်းပင် မြောက်ပိုင်းပင်လယ်၏ မဟာသားရဲသုံးပါးက လှောင်ပြောင်သရော်လိုသော အမူအရာများဖြင့် ဟားတိုက်ရယ်မောလိုက်ကြ၏။

“ငါတို့ကို မျက်စိပွင့် နားပွင့် ဖြစ်သွားစေတာပဲ”

ရှေးဟောင်း နှင်းခဲငါးမန်းက သွားဖြဲလိုက်၏။

“ဒီဘက်ခေတ်မှာ အစောပိုင်း ဓမ္မဝိသေသအဆင့် လူသားကျင့်ကြံသူတစ်ယောက်ကတောင် ငါတို့ရဲ့ နယ်မြေထဲမှာ မဟာသားရဲတွေကို ခြိမ်းခြောက်ရဲနေပြီပဲ”

“မင်းက ငါတို့ကို ခြိမ်းခြောက်ရအောင် မင်းမှာ ဘာရှိလဲ ကြည့်ရသေးတာပေါ့”

ရှေးဟောင်းကျားဝေလက ဟိန်းဟောက်၍ အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး ဆူဇီမိုထံသို့ ပစ်ဝင်ချလိုက်၏။

ပေါင်းစည်းခန္ဓာအဖြစ် သူ၏ ခန္ဓာကိုယ်နှင့်ဆိုပါက တစ်ချက်ပစ်တိုက်လိုက်ရုံဖြင့် ဤဓမ္မဝိသေသ တာအိုအရှင်ကို အပိုင်းပိုင်းကြေမွသွားစေမည်ဟု သူက ယုံကြည်ထား၏။

သိုင်းတာအို ပင်မခန္ဓာ၏ အမူအရာက အေးစက်သွားပြီး သူ၏မျက်လုံးက ဝင်းလက်လာ၏။

သိုင်းစိတ်ဝိညာဉ်မီးက တောက်လောင်လာပြီး သူ၏ သွေးချီကို လှည့်ပတ်လိုက်၏။

ဝုန်းခနဲ မြည်သံနှင့်အတူ သူက နေရာကနေ ပျောက်ကွယ်သွားသည့်အလား ထင်ရပြီး အဲဒီနေရာမှာ ဧရာမ မီးဖိုတစ်လုံးသာလျှင် ကျန်ရစ်ခဲ့၏။

ထိုမီးဖို၏ အောက်ဘက်ရှိ ထူထဲသော ရေခဲပြင်က လျင်မြန်စွာ အရည်ပျော်ကျသွား၏။

ဗွမ်း… ဗွမ်း..

ချက်ချင်းပင် သမုဒ္ဒရာထဲရှိ ပင်လယ်ရေများက ကြောက်စရာကောင်းသော စွမ်းအားတစ်ခုနှင့်အတူ တွန်းကန်ထွက်ပေါ်လာ၏။

All Chapters