← Chapters

ထိုးချက်တစ်ချက်

Vol. 95 Ch. 1413

ထိုးချက်တစ်ချက်

Vol. 95 Ch. 1413

ပေတစ်ထောင်နီးပါးထူသော ရေခဲပြင်သည် တစ်ခဏအတွင်း အရည်ပျော်ကျသွားပြီး ပင်လယ်ရေများက တွန်းကန်ထွက်ပေါ်လာ၏။

ထိုမီးဖို၏အပူချိန်က ဘယ်လောက်တောင်မြင့်မားသလဲ သိသာလေသည်။

ရှေးဟောင်းကျားဝေလသည် ရှေ့သို့ချည်းကပ်လာခါစဖြစ်ပြီး တလိပ်လိပ်တိုးဝင်လာသော အပူလှိုင်းများကို ခံစားမိကာ သူ၏အမွေးအမှင်များက ချက်ချင်းပင်လောင်ကျွမ်းသွား၏။

ရှေးဟောင်းကျားဝေလသည် ဧရာမမီးဖိုတစ်လုံးရှေ့သို့ ရောက်ရှိနေသည့်အလား ခံစားလိုက်ရ၏။ သူသည် ရှေ့ဆက်တိုးမည်ဆိုလျှင် မီးဖိုထဲသို့ခုန်ချပြီး သူ့ကိုယ်သူလောင်ကျွမ်းစေသည်နှင့် တူနေပေလိမ့်မည်။

ရှေးဟောင်းကျားဝေလသည် သူ၏ခြေလှမ်းကို အလောတကြီးရပ်တန့်လိုက်၏။ ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာက တိုက်ခိုက်လိုက်ပြီဖြစ်၏။ မည်သည့်အပိုလှု​ပ်ရှားမှုမှမရှိဘဲ သူသည် ရှေးဟောင်းကျားဝေလဆီသို့ ရိုးရှင်းသောထိုးချက်တစ်ချက် ပစ်သွင်းလိုက်၏။

သူ၏သွေးချီက တလိပ်လိပ်ထွက်ပေါ်လာပြီး ဆူနာမီသံက ထွက်ပေါ်လာ၏။

ဆူနာမီသွေး...

မြောက်ပိုင်းဒေသ၏ မဟာသားရဲသုံးပါးက တုန်လှုပ်သွားကြ၏။

သူတို့သည် မဟာသားရဲများအဖြစ် ကျင့်ကြံထားသော်လည်း သူတို့၏သွေးက ဆူနာမီသွေးအဆင့်သို့ မရောက်ရှိသေးပေ။ ထိုအခိုက်အတန့်တွင် သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်ကနေ ထုတ်ဖော်လိုက်သော သွေးချီသည် ရှေးဟောင်းကျားဝေလကို နစ်မြုပ်လုနီးပါးဖြစ်သွားစေ၏။

ရှေးဟောင်းကျားဝေလသည် မွန်းကျပ်ဖွယ်ရာခံစားလိုက်ရပြီး သူ၏အစစ်အမှန်ပုံစံကိုပင် ဆင့်မခေါ်နိုင်တော့ပေ။ သူလုပ်စရာရှိသည်မှာ သူ၏လက်နှစ်ဖက်ကို ပင့်မြှောက်ပြီး အစွမ်းကုန်ရှိသမျှဖြင့် ခုခံလိုက်ရခြင်းဖြစ်၏။

တစ်ချိန်တည်းမှာပင် ရှေးဟောင်းကျားဝေလသည် သူ၏အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး ပင်မခန္ဓာ၏ တိုက်ခိုက်မှုကို ခုခံကာ သူ၏အစစ်အမှန်ခန္ဓာသို့ ဆက်လက်ပြောင်းလဲဖို့ ပြင်ဆင်လိုက်၏။

ဘန်း...

သိုင်းတာအိုပင်မခန္ဓာက ရှေးဟောင်းကျားဝေလ၏ လက်နှစ်ဖက်ကို ပြင်းထန်စွာ ပစ်ထိုးချလိုက်၏။

ဂျွတ်...

အဲ့ဒီနောက် အရိုးများကျိုးပဲ့သံက ထွက်ပေါ်လာ၏ ။

ရှေးဟောင်းကျားဝေလ၏ တုတ်ခိုင်သောလက်နှစ်ဖက်သည် သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးချက်ကြောင့် သွင်သွင်ကျိုးသွားခဲ့ပြီဖြစ်၏။ ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ ထိုထိုးချက်၏စွမ်းအားသည် သမုဒ္ဒရာတစ်စင်းကဲ့သို့ တလိပ်လိပ်တက်လာပြီး မီးကဲ့သို့ ပြင်းထန်ကြမ်းကြုတ်နေခြင်းဖြစ်၏။

ရှေးဟောင်းကျားဝေလ၏ လက်နှစ်ဖက်ကို ချိုးပြီးတာတောင် ၎င်းကအားနည်းမည့် အရိပ်လက္ခဏာ ပြသမလာခဲ့ပေ။

ရှေးဟောင်းကျားဝေလသည် သူ၏အစစ်အမှန်ပုံစံသို့ တစ်ဝက်သာလျှင် ပြောင်းလဲရသေးလေသည်။

ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးနှစ်ဖက်က သူ့ပေါ်သို့ ပြင်းထန်စွာကျဆင်းလာပြီး ကြောက်စရာကောင်းသော စွမ်းအားတစ်ခုသည် သူ၏ခန္ဓာကိုယ်ထဲသို့ ချက်ချင်းပင် တလိပ်လိပ်ဝင်ရောက်ကာ မဟာသားရဲ၏ ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်များအားလုံးကို ချေမွဖျက်ဆီးပစ်လိုက်၏။

သူ၏ကိုယ်တွင်းအင်္ဂါများက ကြေမွသွားပြီး သူ၏အရိုးအများစုက ကျိုးပဲ့ကုန်လေသည်။

ဘုန်း...

ရှေးဟောင်းနှင်းခဲငါးမန်းနှင့် ရှေးဟောင်းဧရာမမြင်းခွာကဏန်း၏ ရှေ့မှောက်မှာပင် ရှေးဟောင်းကျားဝေလသည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် ကြွေမွပျက်စီးပြီးနောက် သူ၏အစစ်အမှန်ပုံစံသို့ပင် အပြည့်အဝမပြောင်းလဲနိုင်ခဲ့ပေ။

သူ၏အမြုတေစိတ်ဝိညာဥ်က ထွက်ပြေးလိုက်သည့်အခိုက်အတန့်မှာပင် ၎င်းသည် သိုင်းတာအိုပင်မခန္ဓာ၏ သိပ်သည်းပြင်းထန်သော လက်သီးစိတ်ဆန္ဒကြောင့် ကြေမွပျက်စီးသွားပြီး နေရာမှာပင် သေဆုံးသွား၏။

သေလေပြီ...

နှစ်ပေါင်းတစ်သောင်းကျော်ကြာအောင် ကျင့်ကြံလာခဲ့သော မြောက်ပိုင်းပင်လယ်၏ မဟာသားရဲတစ်ပါးသည် ထိုးချက်တစ်ချက်ဖြင့် ကြေမွပျက်စီးကာ သေဆုံးသွားလေပြီ။

အစကတော့... တခြားသောမဟာသားရဲနှစ်ပါးသည် တိုက်ခိုက်ဖို့စိတ်ကူးမရှိဘဲ ဘေးကနေ စောင့်ကြည့်ချင်ရုံသာဖြစ်၏။

သို့သော်လည်း ထိုအခိုက်အတန့်တွင် သူတို့နှစ်ယောက်က လုံးဝကြောင်အ,မှင်တက်နေကြ၏။

အဲ့ဒါက ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်ရဲ့ စွမ်းအားလား။

အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ။

ရှေးဟောင်းကျားဝေလသည် သူ၏အစစ်အမှန်ပုံစံသို့ မပြောင်းလဲလိုက်ရဘဲ သေဆုံးသွားရသည့် အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းမှာ သူ၏ပြိုင်ဘက်အပေါ် အထင်သေးမိသောကြောင့်ဖြစ်၏။

ထိုသို့ဆိုလျှင်တောင် မဟာသားရဲနှစ်ပါး ပူးပေါင်းတိုက်ခိုက်ကြမည်ဆိုလျှင်တောင် သူတို့သည် ရှေးဟောင်းကျားဝေလ၏ ခန္ဓာကိုယ်ကို ထိုးချက်တစ်ချက်တည်းဖြင့် ချေမွဖျက်ဆီးပစ်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာသည် ရေကဲ့သို့ ကြည်လင်နေဆဲ မျက်လုံးများ ၊ မှင်သေသေအမူအရာနှင့်အတူ သူတို့ဘက်သို့ လှည့်ကြည့်လိုက်၏။

ဤဓမ္မဝိသေသတာအိုအရှင်အနေဖြင့် မဟာသားရဲတစ်ပါးကို သတ်ဖြတ်ရခြင်းသည် အရမ်းကိုရိုးစင်းသော လုပ်ရိုးလုပ်စဥ်တစ်ခုကဲ့သို့ပင်။

သိုင်းတာအိုပင်မခန္ဓာက ပို၍တည်ငြိမ်လေလေ မဟာသားရဲနှစ်ပါးက ပို၍ မအီမသာခံစားလာရလေလေဖြစ်၏။

သူတို့နှစ်ယောက်သည် သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်အောက်တွင် ခေါင်းမွေးများထောင်ထလာ၏။

“ဂါး...”

“ဝေါင်း”

မဟာသားရဲနှစ်ပါးသည် ဆက်လက်၍ မစဥ်းစားရဲတော့ပဲ သူတို့၏ အစစ်အမှန်ပုံစံသို့ ချက်ချင်းပင် ပြောင်းလဲလိုက်ကြ၏။

လေထဲတွင် ဧရာမငါးမန်း မဟာသားရဲတစ်ကောင်က လွင့်ပျံထွက်ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်သည် ပေတစ်ထောင်ကျော်ရှည်လျားပြီး သူ၏သွားတစ်ချောင်းချင်းစီက နတ်ဘုရားလက်နက်တစ်ခုကဲ့သို့ အေးစက်စက်အလင်းနှင့်အတူ တောက်ပနေပြီး အလွန်တရာအေးစက်ခက်ထန်သော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

အခြားသော ရှေးဟောင်းဧရာမမြင်းခွာကဏန်းတစ်ကောင်ကလည်း ပေါ်ထွက်လာ၏။ ၎င်းသည် ရှည်လျားသောအမြီးတစ်ချောင်းနှင့်အတူ ဧရာမလိပ်ခွံတစ်ခုနှင့် တူနေ၏။

ကျောခွံ၏ အောက်ဘက်တွင် ရှည်လျား၍ ထက်ရှသော ခြေထောက်များက တစ်ချောင်းပြီးတစ်ချောင်း ကြီးထွားပေါ်ထွက်လာ၏။ သူသည် သူ၏ပါးစပ်ကို ဖွင့်ဟလိုက်သောအခါ သိပ်သည်းပြင်းထန်သော သွေးညှီအနံ့က လေထဲမှာ ဟောင်ထွက်လာ၏။

မဟာသားရဲနှစ်ပါးနှင့်နှိုင်းယှဥ်လျှင် သိုင်းတာအိုပင်မခန္ဓာသည် အစက်အပြောက်တစ်ခုကဲ့သို့ သေးငယ်နေ၏။

သို့သော်လည်း အော်ရာချင်းယှဥ်လျှင် မဟာသားရဲနှစ်ပါးက လုံးဝအရေးနိမ့်နေ၏။

သိုင်းတာအိုပင်မခန္ဓာသည် တည်ငြိမ်သောအမူအရာနှင့်အတူ မဟာသားရဲနှစ်ပါးထံသို့လျှောက်လှမ်းလာလေသည်။ ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များ၏ ဖိအားနှင့် သိပ်သည်းပြင်းထန်သော သားရဲချီများသည် သူ့ထံသို့ လုံးဝချည်းကပ်မလာနိုင်ခဲ့ပေ။

သူ၏ ခန္ဓာကိုယ်က သက်ရှိအားလုံးကို အရည်ဖျော်ပစ်နိုင်သည့် ဧရာမမီးဖိုတစ်လုံးကဲ့သို့ဖြစ်နေ၏။

ဖိအားနှင့် သားရဲချီများသည် သူ့ထံသို့ ချည်းကပ်လာသည့် ခဏမှာပင် ဘာမှမကျန်အောင် သန့်စင်ခံလိုက်ရ၏။

မဟာသားရဲနှစ်ပါး၏ မျက်လုံးအနက်ပိုင်းထဲတွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်ထိတ်လန့်မှုအရိပ်အယောင်များက ထင်ဟပ်လာ၏။

သူတို့သည် သူတို့၏အစစ်အမှန်ပုံစံသို့ ပြောင်းလဲပြီးနောက် ဤဓမ္မဝိသေသတာအိုအရှင်သည် မည်သို့ပင်ဆိုစေ စိုးရိမ်ထိတ်လန့်သွားမည်ဟု တွေးထင်ခဲ့ကြ၏။ ထိုအချိန်ကျလျှင် သူတို့သည် ဟိတ်ဟန်တချို့ထုတ်ပြီး ထွက်ခွာသွားကြမည်ဖြစ်၏။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် သူတို့ရှိရာသို့ အကြောက်အလန့်ကင်းမဲ့စွာ ဆက်လက်လျှောက်လှမ်းလာမည်ဟု ထင်မှတ်မထားကြပေ။

သူက သူတို့ကိုပါ လွှတ်ပေးဖို့စိတ်ကူးမရှိသည်မှာ သိသာနေ၏။

“သွားကြရအောင်”

မဟာသားရဲနှစ်ပါးသည် အကြည့်ချင်းဖလှယ်ပြီးနောက် ပင်လယ်ရေအနက်ပိုင်းထဲသို့ တစ်ပြိုင်နက်တည်း ခုန်ဆင်းလိုက်ကြ၏။

ဘာပဲပြောပြော သူတို့သည် ပင်လယ်ရေအနက်ပိုင်းထဲမှာနေထိုင်သော သားရဲတောကောင်များဖြစ်ကြ၏။ သူတို့သည် ပေါင်းစည်းခန္ဓာအဆင့်သို့ ကျင့်ကြံထားပြီး ကုန်းပေါ်တွင် မသက်မသာ မခံစားရသော်လည်း သူတို့၏ တိုက်ခိုက်ရည်ခွန်အားသည် ပင်လယ်ရေအနက်ပိုင်းထဲမှာဆိုလျှင် အမြင့်ဆုံးအထိထုတ်ဖော်နိုင်၏။

ဒါ့အပြင် သူတို့က အနိုင်မရလျှင်တောင် ကုန်းမြေပေါ်မှာထက် ​ပင်လယ်ရေအနက်ပိုင်းထဲမှာဆိုရင် ပို၍မြန်ဆန်စွာ လှုပ်ရှားနိုင်ပြီး သေချာပေါက် ထွက်ပြေးလွတ်မြောက်နိုင်မည်ဖြစ်၏။

“ဟမ့်...”

သိုင်းတာအိုပင်မခန္ဓာက လှောင်ပြောင်သရော်လိုသောအမူအရာတစ်ခုရှိလာပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“မင်းတို့အနေနဲ့ အခုမှထွက်ပြေးမယ်ဆိုရင် နောက်ကျသွားပြီ”

သူသည် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုမှတော့ သိုင်းတာအိုပင်မခန္ဓာသည် သနားညှာတာမှုကို ပြသလိမ့်မည် မဟုတ်ပေ။

ဤအဆင့်ပညာရှင်များကို လွှတ်ပေးလိုက်မည်ဆိုလျှင် သူတို့သည် သေချာပေါက် အနာဂတ်ပြဿနာတစ်ခု ဖြစ်လာနိုင်၏။

သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က လှစ်ခနဲလှုပ်ရှားသွားပြီး နေရာကနေ ချက်ချင်းပျောက်ကွယ်သွား၏။ သူသည် လေဟာနယ်များကို ဖြတ်ကျော်ပြီး အရမ်းကိုမြန်ဆန်စွာ လှုပ်ရှားလိုက်လေသည်။

ဗွမ်း... ဗွမ်း...

မဟာသားရဲနှစ်ပါးသည် ပင်လယ်ထဲသို့ ထိုးဆင်းသွားပြီး သူတို့၏ကြီးမားသောခန္ဓာကိုယ်များက ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ လှိုင်းလုံးကြီးများကိုဖြစ်ပေါ်စေပြီး သိုင်းတာအိုပင်မခန္ဓာထံသို့ ပစ်ဝင်လာကြ၏။

သို့သော်လည်း ထိုလှိုင်းလုံးများသည် ကြောက်စရာကောင်း၍ သိပ်သည်းပြင်းထန်သောစွမ်းအားကို ထုတ်ဖော်နိုင်သော်လည်း သူတို့သည် ဆူဇီမိုထံသို့ မချည်းကပ်နိုင်ခင်မှာပင် အခိုးအငွေ့များအဖြစ် အငွေ့ပျံသွားခဲ့လေပြီ။

ရေငွေ့များက တလိပ်လိပ်ထိုးတက်လာပြီး ရေခဲပြင်ပေါ်မှာ မြူခိုးများက လွှမ်းခြုံသွား၏။ တစ်ချက်ကြည့်လိုက်ရုံနှင့် အဲ့ဒါက သုခဘုံတစ်ခုနှင့် ဆင်တူနေ၏။ သို့သော်လည်း ထိုရေခိုးရေငွေ့များကြားတွင် ကြောက်စရာကောင်းသော သတ်ဖြတ်လိုစိတ်တစ်ခုက ရှိနေ၏။

ဝှစ်...

အနက်ရောင်အရိပ်တစ်ခုသည် အလွန်တရာထက်ရှသော အော်ရာတစ်ခုနှင့်အတူ လေထုကို ထိုးခွဲလာခဲ့၏။ ၎င်းသည် အရိုးထိတိုင် ချမ်းစိမ့်နိုင်သော အေးစက်စက်အလင်းဖြင့် တောက်ပနေပြီး သိုင်းတာအိုပင်မခန္ဓာ၏ နှာရောင်ရှိရာသို့ ချက်ချင်းပင်ရောက်ရှိလာ၏။

အဲ့ဒါက မည်သည့်အမှားအယွင်းမှ မရှိဘဲ အလွန်တရာတိကျနေ၏။

ထိုတိုက်ခိုက်မှုက သိုင်းတာအိုပင်မခန္ဓာ၏ နှာရောင်ကို ရိုက်ခတ်မိမည်ဆိုလျှင် သူ၏ အမြုတေစိတ်ဝိညာဥ်သည် ထွက်ပြေးဖို့ပင် အခွင့်အရေးရလိမ့်မည် မဟုတ်ပေ။

အဲ့ဒါသည် ရှေးဟောင်းဧရာမမြင်းခွာကဏန်း၏ အမြီးဖြစ်လေသည်။

ရှေးဟောင်းဧရာမမြင်းခွာကဏန်းသည် ပင်လယ်ရေအနက်ပိုင်းထဲသို့ လှည့်ထွက်ပြေးသွားသည်ဟု ထင်ရသော်လည်း သူသည် ထူပိန်းလာသော ရေခိုးရေငွေ့များကို အသုံးချကာ သေစေနိုင်သော သတ်ဖြတ်ခြင်းလှုပ်ရှားကွက်တစ်ခုကို ထုတ်ဖော်လိုက်ခြင်းဖြစ်၏။ သူက သိုင်းတာအိုပင်မခန္ဓာကို နေရာမှာပင် သတ်ဖြတ်ချင်လေသည်။

“ဘာမဟုတ်တဲ့ လှည့်ကွက်လေးနဲ့များ”

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ ခပ်ယဲ့ယဲ့ပြုံးလိုက်၏။ ဖျတ်ခနဲဆို သူက ရုတ်တရက်တိုက်ခိုက်လိုက်ပြီး ဝင်ရောက်လာသော ဧရာမမြင်းခွာကဏန်းအမြီးကို တင်းကျပ်စွာ ဖမ်းဆုပ်လိုက်၏။

ဝှစ်... ဝှစ်... ဝှစ်...

အစက ချောမွေ့နေသော အမြီးထံမှ ထက်ရှသောစူးချွန်များက ရုတ်တရက်ထွက်ပေါ်လာ၏။ သူတို့က သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးကို ထိုးဖောက်ချင်နေပုံရ၏။

ဤပြောင်းလဲမှုသည် အရမ်းကိုရုတ်တရက်ဆန်လွန်း၏။

ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာသည် ဧရာမမြင်းခွာကဏန်း၏အမြီးကို ခိုင်မာစွာဆုပ်ကိုင်ထားပြီး ရှောင်ဖို့အတွက် လုံးဝအချိန်မရှိတော့ပေ။

အဲ့ဒါက ဧရာမမြင်းခွာကဏန်း၏ သတ်ဖြတ်ခြင်းလှုပ်ရှားကွက်တစ်ကွက်ဖြစ်၏။

ထိုနည်းလမ်းများနှင့်အတူ သူ၏အမြီးအောက်မှာသေဆုံးခဲ့ရသော သားရဲတောကောင်များက မရေတွက်နိုင်တော့ပေ။

ဓမ္မဝိသေသတာအိုအရှင်၏လက်ဖဝါးက စူးချွန်များ၏ ထိုးဖောက်ခံလိုက်ရသည်နှင့် ဧရာမမြင်းခွာကဏန်း၏ အမြီးရှည်သည် အလွန်တရာအားပြင်းသော အဆိပ်တစ်ခုကို ထုတ်ဖော်လိုက်မည်ဖြစ်၏။

ဤဓမ္မဝိသေသတာအိုအရှင်၏ သွေးချီသည် သန်မာပြီး သူကနေရာမှာပင် သေဆုံးမသွားလျှင်တောင် သူသည် သေချာပေါက်သက်ရောက်ခြင်းခံရပြီး သူ၏ခွန်အားကလည်း အားလျော့သွားပေလိမ့်မည်။

ထိုအခါ ၎င်း၏အမြီးရှည်သည် ဤလူ၏နှာရောင်ကိုထိုးစိုက်ပြီး ထိုသူ၏အမြုတေစိတ်ဝိညာဥ်ကို ထိုးဖောက်ဖျက်ဆီးနိုင်မည်ဖြစ်၏။

ရှေးဟောင်းဧရာမမြင်းခွာကဏန်းက အကြီးကြီးကြံခဲ့လေသည်။ သို့သော်လည်း သူ၏အကြံက အစကတည်းက မှားယွင်းနေခဲ့လေသည်။

ဆူးချွန်များသည် သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ကို လုံးဝထိုးဖောက်နိုင်ခြင်းမရှိပေ။

All Chapters